Subscribe to our RSS Feed
Showing posts with label မိုးလေဝသ သတင်း. Show all posts
Showing posts with label မိုးလေဝသ သတင်း. Show all posts

ညောင်တုန်း နောက်ဆုံးအခြေအနေ

From : .. MOI

သဘာဝဘေးအန္တရာယ် ကျရောက်ရန် စိုးရိမ်ရသော လိမ္မော်ရောင်အဆင့် အဖြစ် သတ်မှတ်ထားရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမှာ ယနေ့ ည (၈)နာရီအချိန် တိုင်းထွာချက်များအရ စိုးရိမ်ရေအမှတ်ဖြစ်သော ၂၅.၇ ပေသို့ ရောက်ရှိလျက် ရှိပြီး မြို့နယ်အတွင်း အောက်ပါ ရပ်ကွက် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်-

(က) ရပ်ကွက်(၁)၊ ရွှေတောင်တန်းဓမ္မာရုံ၊
(ခ) ရပ်ကွက်(၂)၊ သွန်းဘုရားကြီး၊
(ဂ) ရပ်ကွက်(၃)၊ ပုလောစာသင်တိုက်၊
(ဃ) ရပ်ကွက်(၃)၊ အထက(၂) အပေါ်ထပ် (ဆေးရုံလူနာများအတွက်)၊
(င) ရပ်ကွက်(၄)၊ ဈေးဓမ္မာရုံ၊
(စ) ရပ်ကွက်(၅)၊ ဝေဋ္ဌုဝန်သာသနာ့ဗိမာန်၊
(ဆ) ရပ်ကွက်(၆)၊ မန္တလေးကျောင်းတိုက်၊
(ဇ) ရပ်ကွက်(၇)၊ ရွှေဟင်္သာတောရ၊
(ဈ) ရပ်ကွက်(၈)၊ အထက (၁) အပေါ်ထပ်၊
(ည) ရပ်ကွက်(၉)၊ နိဂြောဓာရုံ/ ပေါက်အင်းကျောင်းတိုက်၊
(ဋ) ရပ်ကွက်(၁၀)၊ သဲအင်းဂူဝိပဿနာ။

အဆိုပါ ကယ်ဆယ်ရေးစခန်းများသို့ မှော်ဘီတပ်နယ်ဗိုလ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းကိုကို ဦးစီးသော အင်အား (၅၀၀)ခန့် ရောက်ရှိလျက်ရှိပြီး စားသောက်ရိက္ခာများနှင့် ဆေးဝါးများလည်း ပါရှိကြောင်း သိရသည်။ ထို့အပြင် ညောင်တုန်းမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ အင်အား များသာမက မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှ အင်အား (၂၀)ခန့်ပါ မြို့နယ်ကယ်ဆယ်ရေး စခန်းများတွင် တာဝန်ချထား ကြောင်းလည်း သတင်းရရှိသည်။


.. https://www.facebook.com/MyanmarExpress

သဖန်းဆိပ်ရေလှောင်တမံ နောက်ဆုံးအခြေအနေ

From : .. MOI


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇွန်၊ ဇူလိုင်လများအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ရာ သဖန်းဆိပ်ရေလှောင်တမံမှာ သတ်မှတ်ရေလှောင်ပမာဏ ကျော်လွန်သဖြင့် ရေပိုလွှဲများမှ ရေထုတ်လွှတ်ခြင်း၊ ရေကျော်ခြင်းများဖြစ်ပေါ်ခဲ့သည့်အပြင် ပတ်ဝန်းကျင်ဒေသများတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါအခြေအနေကို ဇူလိုင်၂၂ ဂင် ကောင်းကင်ဓါတ်ပုံမှတ်တမ်းများအရလည်းကောင်း၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ဆည်မြောင်းဦးစီးဌာနတို့၏ မှတ်တမ်းများအရလည်းကောင်း နှိုင်းယှဉ်သိရှိရပြီး ယခုအခါ သဖန်းဆိပ်ရေလှောင်တမံမှ ရေသိုလှောင်မှုပမာဏနှင့် ရေအမှတ်ကျဆင်းမှုအခြေအနေကို ဇယားဂရပ်တို့ဖြင့် ဖော်ပြထားရှိသည်။


.. https://www.facebook.com/MyanmarExpress

ရန်ကုန်တိုင်း ရေကြီးမည့် အခြေအနေ

From : ..MRTV 4


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆည်တွေနဲ့ ရေလှောင်ကန်တွေကြောင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်နိုင်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးစိုးမြင့်၊ ဆည်မြောင်းနဲ့ မြို့တော်စည်ပင်မှ တာဝန်ရှိသူတွေက သြဂုတ် (၃)ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်ဥက်္ကဋ္ဌလာ၊ လှည်းကူးအပါအ၀င် ငမိုးရိပ် ချောင်းအနီး မြို့နယ်တွေမှာ ရေ၀င်ရောက်မှုတွေရှိနေပေမယ့် ဒါဟာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ချောင်းရေတက်မှုကြောင့်ဖြစ်ပြီး ငမိုးရိပ်ရလှောင်တမံရေပိုလွှဲ ရေလွှတ်မှုကြာင့် မဟုတ်ဘူးလို့ သိရပါတယ်။ အားလုံးကြံ့ခိုင်မှုရှိပြီး ပြည်သူတွေစိုးရိမ်နေတဲ့ ငမိုးရပ်ရေလှောင်တမံ အနေနဲ့လည်း ဒီကနေ့ သြဂုတ်လ (၄)ရက်နေ့အထိ ကန်ရေပြည့်ဖို့ ၁.၂ လက်မလိုသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် လှော်ကားရေလှောင်ကန်နဲ့ ဂျိုးဖြူရေလှောင်ကန်တွေဟာလည်း လက်ရှိအချိန်အထိ ကန်ရေမပြည့်သေးပဲ တကယ်လို့ အဆိုပါကန်တွေ၊ ကန်ရေပြည့်ပြီး ရေလျှံပါကလည်း ပတ်ဝန်းကျင် ရပ်ကွက်တွေကို မထိခိုက်နိုင်အောင် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဧရာဝတီမြစ်အနီးမှာရှိတဲ့ တိုက်ကြီးမြို့နယ်အတွင်းက အဖျောက်မြို့ဟာ ရန်ကုန်တိုင်းရဲ့ ရေကြီးမှုအန်္တရာယ်အမြင့်မားဆုံးနေရာအဖြစ်ရှိနေပြီး မြစ်ကမ်းနံဘေး တာဟောင်း နိမ့်ဆင်းမှုကြောင့် ရေမ၀င်ရောက်နိုင်အောင် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေကြားစိုးရိမ်မှုတွေရှိနေတဲ့ အင်လျားကန်ဘောင်နဲ့ ကန်တော်ကြီးတို့ ဟာလည်း ကြံ့ခိုင်မှုအပြည့်ရှိပြီး ရေလျှံမှုမဖြစ်နိုင်ဘူးလို့ ရန်ကုန်စည်ပင်က တာဝန်ရှိသူတွေက ပြောပါတယ်။

.. https://www.facebook.com/MyanmarExpress
 

မြစ်ဝကျွန်းပေါ်ဒေသ ရေကြီးရေလျှံဖွယ်ရှိ


ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းနှင့် မြစ်အ ထက်ပိုင်းမှရေများ တိုးဝင်လာနိုင်ခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ရေကြီးရေလျှံမည့် အန္တရာယ်ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။ သြဂုတ်လ ၃ ရက်နေ့မှ စတင်၍ မုတ်သုံလေ အားကောင်းနိုင်သည့်အတွက် ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် မိုးသက်လေပြင်း ကျရောက် ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း၊ ထို့ပြင် တောင်ဘက်ခြမ်းဒေသမှ ရေများ တိုးဝင်လာမှုကြောင့်လည်း မြစ်ဝ ကျွန်းပေါ်ဒေသတွင် ရေကြီးမှုအန္တရာယ် ရှိနေကြောင်း ၎င်းက ပြောဆိုသည်။ “အထက်ပိုင်းက ရေတွေ ဆင်းလာနေ ပြီ ဖြစ်တဲ့အတွက် သတိထားရတော့မှာပါ” ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။ လက်ရှိ ဧရာဝတီတိုင်းဒေသကြီး တွင် ငဝန်မြစ်ရေနှင့် ဧရာဝတီမြစ်ရေမှာ သြဂုတ်လ ၁ ရက်နေ့မှစ၍ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေခြင်းကြောင့် ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ လေးမျက်နှာ၊ အင်္ဂပူနှင့် ဇလွန်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။ “မိုးကတော့ မရွာတော့ဘူး။ ဒါပေမဲ့ ငဝန်မြစ်ရေ တက်လာပြီး ရွာတွေ ထဲ ရေက တော်တော်ကို ကြီးနေတယ်။ သဲအိတ်တွေ စုဆောင်းထားတာကလွဲရင် ဘာမှတော့ ကြိုတင်ပြင်ဆင်မှုတွေ မရှိသေးဘူး” ဟု အင်္ဂပူမြို့နယ် ကျွဲသောင်ရွာ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်နှင့် သံလွင်မြစ်တို့တွင် မြစ်ရေမှာ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှု များ ဖြစ်ပေါ်နေရာ ယင်းမြစ်ရေသည် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများကို ရောက်ရှိလာနိုင်သည့်အတွက် စိုးရိမ် ဖွယ် အခြေအနေရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ဒေသခံများက ပြောကြားသည်။ “အခုတောင် ငဝန်မြစ်နဲ့ ဧရာဝ တီမြစ်ရေ တက်တာကြောင့် ရွာခုနစ်ရွာလောက် ရေမြုပ်နေတယ်။ ကွမ်းခြံတွေလည်း ရေထဲ အကုန်ပါသွားပြီ။ ရေ က နောက်ထပ်နှစ်ပေလောက် တက်မယ်ဆိုရင်တော့ အထက်ပိုင်းဒေသတွေလို ရေဘေးအန္တရာယ် ကြုံလာနိုင် တယ်” ဟု ညောင်တုန်းမြို့နယ် ရွှေဟင်္သာကျွန်း အောက်စုကျေးရွာမှ ရေကြီးနစ်မြုပ်မှုကြောင့် ကွမ်းခြံစိုက်ခင်း ဧက ၁၀ ဧကကျော် ဆုံးရှုံးခဲ့ရသူ ဦးစိုးက ပြောဆိုသည်။ မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသ များနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ငါးပေမှ ခုနစ်ပေခန့် ရှိနိုင်ပြီး ကိုကိုးကျွန်း အနီးဝန်းကျင်တွင် လှိုင်းအမြင့် ရှစ်ပေမှ ၁၀ ပေခန့် ရှိနိုင်ကြောင်း ဦးထွန်းလွင်က ခန့်မှန်းထားသည်။ ဧရာဝတီမြစ်ရေသည် ပခုက္ကူ မြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့၊ ချင်းတွင်းမြစ်ရေ သည် မုံရွာမြို့၊ ကလေးဝမြို့နှင့် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တို့တွင် စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနေ ပြီး နောက်သုံးရက်အတွင်း ယင်းမြို့အသီးသီး၏ စိုးရိမ်ရေမှတ် အထက်သို့ ဆက်လက် တက်လာနိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မြစ်ရေ သတိပေးချက် ထုတ်ပြန်ထားသည်။ မွန်-တနင်္သာရီ ကမ်းရိုး တန်းဒေသများတွင် သြဂုတ်လ ၁၀ ရက်နေ့အထိ မုတ်သုံလေ အားကောင်းနိုင်ပြီး ကျန်ဒေသများတွင် အားအသင့်အ တင့်ရှိမည် ဖြစ်၍ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၊ အရှေ့ပိုင်းဒေသနှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ဒေသများ၌ မိုးကြီး မည် ဖြစ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ ရခိုင်ပြည်နယ်တွင်လည်း မုန်တိုင်းအရှိန်နှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ ပြီး ရေဘေးကြောင့် သေဆုံးသူ အရေအတွက်နှင့် ရေဘေးဒုက္ခသည် အရေအတွက်မှာ တိုးလာကာ သောက် သုံးရေနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ပြင် မိုးကြီးခြင်းနှင့် မြစ်ရေ မြင့်တက်လာခြင်းကြောင့် ရေဖုံးလွှမ်းမှု အန္တရာယ် ဆက်လက်မြင့်မားနေသည့် မြို့များမှာ ရန်ကုန်၊ ပဲခူး၊ ညောင်ဦး၊ သာယာဝတီ၊ စစ်တွေ၊ ဟင်္သာတ၊ ပုသိမ်၊ မအူပင်၊ သထုံနှင့် ကျောက်ဖြူမြို့တို့ ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။ ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် မြင့်တက် လာခြင်းကြောင့် ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေပြီး မြစ်ဝကျွန်းပေါ်ဒေသရှိ ဆန်စက်များ၊ ဂိုဒေါင်များ၊ အသင်းသူ အသင်းသားများသည် စပါး၊ ဆန်များ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းကလည်း သတိပေးချက် ထုတ်ပြန် ထားသည်ဟု ၂၀၁၅ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။


.. https://www.facebook.com/MyanmarExpress
 

ညောင်တုန်းမြို့ စိုးရိမ်ရေမှတ်ကျော်၊ တာကျိုးပေါက်မှာ စိုးရိမ်

From : ..VOA

ဧရာဝတီတိုင်းအတွင်းက ညောင်တုန်းမြို့ကို လိမ္မော်ရောင်သတိပေးချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာတော့ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေပြီး အန္တရယ်ရေမှတ်ကိုလည်း ကျော်လွန်နေပြီဖြစ်တာကြောင့် တားရိုးကျိုးပေါက်မှာကိုစိုးရိမ်ပြီး တပ်အင်အား ၃ ရင်းနဲ့အတူ မြို့ခံတွေကပါ စောင့်ကြည့်နေကြပါတယ်။ ဒီအခြေအနေတွေကို VOA သတင်းထောက် မအေးအေးမာကသတင်းပို့ထားပါတယ်။

အင်္ဂါနေ့ကတော့ ရေဘေးဒဏ်ခံစားနေရတဲ့ဧရာဝတီတိုင်း၊ မြန်အောင်၊ ဟင်္သာတ၊ အင်္ဂပူ၊ ညောင် တုန်းမြို့တွေမှာ စိုးရိမ်ရေမှတ်တွေ ကျော်လွန်နေတာကြောင့် ဒေသခံတွေက မြို့ကို သတိနဲ့ ကြိုတင်ပြင်ဆင်မူတွေလုပ်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာပဲ ရေတက်လာတဲ့ အခြေအနေကို ဒေသခံတဦးဖြစ်တဲ့ကိုလှထွန်းက အခုလိုပြောပါတယ်။

“အခုဟာက ကျနော်တို့ ၂၅.၇ ဗျာ။ စိုးရိမ်ရေအမှတ်ထက် ၃ ပေ မြင့်သွားပြီ ခင်ဗျာ။ ပျမ်းမျှ တာအမြင့်က ၂၆ ခွဲ ၂၇ လောက်တော့ရှိတာပေါ့။ ဟုတ်ကဲ့၊ စိုးရိမ်ရေအမှတ်ထက် ကျော်တယ်။ အန္တရာယ်ရေအမှတ်ထက်လည်း ကျော်နေပါတယ်။”

အခုလို စိုးရိမ်ရေမှတ်ရောက်နေပေမဲ့ တာရိုးကို ရေကျော်ဖို့က ၂ ပေအမြင့်လောက် ကျန်နေသေးပြီး ညဦးပိုင်းအထိတော့ တပ်မတော်အင်အား ၃ ရင်းနဲ့ အတူဒေသခံတွေအားလုံးစောင့်ကြည့်မူတွေလုပ်နေတယ်လို့ ဒေသခံကိုမျိုးသက်ကပြောပါတယ်။

“ရေကတော့ တက်နေတယ်ခင်ဗျာ။ ရေလျှံတဲ့နေရာတွေတော့ရှိတယ်။ သို့သော် ကျနော်တို့က အဲဒီရေလျှံတဲ့နေရာတွေကို အားလုံး တပ်မတော်က တပ်ရင်း ၃ ရင်းနဲ့ပဲ ရောက်လာပြီးတော့ ကျနော်တို့ကို ဝိုင်းပြီးကူညီပေးကြတယ်။ တပ်မတော်သားတွေရော၊ ရဲတွေရော၊ နောက်တခါ မြို့ခံပြည်သူလူထု၊ နိုင်ငံရေးပါတီက လူငယ်တွေ နောက် မြို့နယ်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်၊ နောက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ကြီးကြပ်ပြီးတော့ အခုအချိန်ထိကိုပဲ အားလုံးတားထား နိုင်ပါသေးတယ်။ ညပိုင်းထိ စောင့်ကြည့်နေတာခင်ဗျာ။ လူတွေကို ကင်းတွေ အကုန်ချပြီးတော့ အဲဒီပုဂ္ဂိုလ်တွေအားကုန်လုံးစောင့်ကြည့်နေကြပါတယ်။ အချိန်နဲ့တပြေးညီ။”

အင်္ဂါနေ့ကတော့ ညောင်တုန်းမြို့ကို လိမ္မော်ရောင်အဆင့်ရှိတဲ့ အရေးပေါ်အခြေအနေသတ်မှတ်ပြီး မနက်ပိုင်းကစပြီး ရေဝင်နေရာတွေက ဒေသခံတွေကို ရေလွတ်ရာကယ်ဆယ်ရေးစခန်း ၁ဝ ခုဖွင့်ပြီး ကြိုတင်ပြင်ဆင်မူတွေလုပ်ထားတယ်လို့ဆိုပါတယ်။

“လိမ္မော်ရောင်အဆင့်သတ်မှတ်ပြီးတော့ ဆေးရုံက လူနာတွေ၊ နောက်ပြီးတော့ သွားရလာရခက်တဲ့ သက်ကြီးရွယ်အိုတွေ ၊နောက် ကလေးတွေ၊ အဲဒါတွေကိုတော့ မနက် ကျနော်တို့ ဆယ်နာရီ-ဆယ့်တစ်နာရီလောက်ကတည်းက စပြီးတော့ ကျနော်တို့ ရေလွတ်ရာ နေရာတွေကို ရွှေ့ပေးထားပါတယ်။ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားပါတယ်။ ဟုတ်ကဲ့ပါ။ အခုလောလောဆယ်ကတော့ ကယ်ဆယ်ရေး စခန်းအနေနဲ့ တရပ်ကွက်ကိုတခု မြို့နယ် ၁ဝ ရပ်ကွက်ရှိတဲ့အတွက် ၁ဝ ခုဖွင့်ထားပါတယ်ခင်ဗျာ။”

စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည် စတဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲက ၁၂ ခုမှာ သဘာဝ ဘေးဒဏ်တွေ ခံစားနေရပါတယ်။ ရက်ပေါင်း၂ဝ ခန့် ကြာတဲ့အထိ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အစိုးရက ထိထိရောက်ရောက် မလုပ်နိုင်သေးဘူးလို့ ဝေဖန်မူတွေလည်း ရှိနေတာပါ။ အင်္ဂါနေ့မှာတော့ အစိုးရက နိုင်ငံတကာအကူညီပေးဖို့ တရားဝင် စတင် ပြောကြား လာပါတယ်။ အင်္ဂါနေ့မှာတော့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ လိမ္မော်ရောင်အဆင့် သတိပေးချက်ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ အာဏာပိုင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး ကြိုတင်ပြင်ဆင်မူတွေလုပ်ခဲ့တာဖြစ်ပါတယ်ရှင်

.. https://www.facebook.com/MyanmarExpress
 

ရေကြီးခြင်းနှင့်အတူ သတိပြုစရာအန္တရာယ်များ

From : ..MOI

မြန်မာနိုင်ငံတစ်ဝန်း ယခုနှစ် ဇွန်လလယ်နှင့် ဇူလိုင်လဆန်းပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာ နိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် အသီးသီးတို့တွင် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ခရီးသွားလာရေး လမ်းကြောင်းများတွင် အဓိကကျသောလမ်းတံတားများပျက်စီးခြင်းတို့ကို နေ့စဉ် ကြုံတွေ့နေကြရပေသည်။ အချို့ဒေသရှိ ဆည်တာတမံများ ရေကြီး ရေလျှံခြင်းကြောင့်လည်း တောင်သူ လယ်သမားများ စိုက်ပျိုးထားရှိသော လယ်မြေများနစ်မြုပ် ပျက်စီးခြင်း၊ ကျေးရွာအချို့ ရေနစ်မြုပ်မှု ဖြစ်နေ၍ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို နေရာအနှံ့ ဆောင်ရွက်နေကြရသည်ကို နေ့စဉ်ထုတ် သတင်းစာများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ဖော်ပြနေသဖြင့် တွေ့ မြင်နေရပေသည်။

ရေကြီးနစ်မြုပ်၍ ဒုက္ခခံစားနေကြရသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ရွာများ အခြေအနေကို နေ့စဉ်ထုတ် နိုင်ငံပိုင် သတင်းစာများမှ နေ့စဉ်ဖော်ပြနေသဖြင့် ထပ်မံ၍ အသေးစိတ် မဖော်ပြလိုသော်လည်း ရေကြီး ရေလျှံခြင်းနှင့်အတူ ထပ်၍လိုက်ပါလာသည့် အခြားသော ဘေးအန္တရာယ်တို့ကိုလည်း အထူးသတိထားကြဖို့လို ပေသည်။ ရေကြီးနစ်မြုပ်နေသော ကျေးရွာများတွင် နေထိုင်ကြသူများအဖို့ ရက်ရှည်လများ ရေနစ်မြုပ်နေခြင်း ကြောင့် မိမိတို့နေအိမ် အနီးရှိ သစ်ပင်ကြီးငယ်တို့၏ အောက်ခြေ တွယ်ကုတ်ထားသော အမြစ်များ မြေပွလာပြီး အမြစ်များ ကျွတ်ထွက် လဲပြိုကျလာနိုင်သည့် ဘေးအန္တရာယ်များကိုလည်း သတိထားကြရမည်ဖြစ်သည်။ ထို့ အပြင် ရေကြီးခြင်းနှင့်အတူ မျောပါလာနိုင်သော မြွေဆိုးများသည်လည်း နေစရာမရှိတော့သဖြင့် မိမိတို့ အိမ်တွင်းသို့ ဝင်ရောက်ခိုအောင်းကာ အဖုံးမရှိသောရေအိုး၊ ဆန်အိုး၊ သေတ္တာများအကြားတွင် နေတတ်သဖြင့် အဆိုပါ ဆန်အိုး၊ ရေအိုးနှင့် သေတ္တာများအကြား ခြောက်လှန့်ပြီး ဓာတ်မီးများဖြင့် ထိုးကြည့်ပြီးမှ ကိုင်တွယ်ကြရန်လည်း သတိထားကြရမည့် အန္တရာယ်များပင်ဖြစ်သည်။

စာရေးသူ၏ ကိုယ်တွေ့တစ်ခု ပြောပြရလျှင် ဧရာဝတီ တိုင်းဒေသကြီးတွင် နေထိုင်ခဲ့စဉ်က စာရေးသူတို့၏ ကျေးရွာတစ်ခုလုံး ရေကြီးနစ်မြုပ်နေစဉ် အိမ်ပေါ်ဆင့် ရေမမြုပ်တစ်မြုပ်ဖြစ်နေသဖြင့် ဆင့်ထိုး၍အိပ်ကြရာ မည်သည့်အချိန်က အိမ်ထဲရောက်နေသည်မသိသော မြွေပွေးတစ်ကောင်က ပက်လက်လန် အိပ်နေသည့် ဦးလေး ဖြစ်သူ၏ ရင်ဘတ်ပေါ်မှ လျှော၍ ဆင်းသွားခဲ့သည့် ဖြစ်စဉ်ကို ဦးလေးက မှန်အိမ် အလင်းရောင် ဖျော့ဖျော့မှ မြင်တွေ့လိုက်ရပြီးနောက် မိမိပေါ်မှမြွေ ကျော်လွန်သွားပြီးမှထ၍ ရိုက်သတ်လိုက်သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပါသည်။ ဦးလေးက သတ္တိရှိ၍ မိမိရင်ဘတ်ပေါ် မြွေကျော်ဖြတ်နေစဉ်ကပင် ''အေးခနဲ'' ခံစားလိုက်ရသည်ကို သိပြီး မျက်လုံးဖွင့်ကြည့်ကာ မြွေမှန်းသိ၍ အသက်အောင့်ထားပြီး ငြိမ်နေခဲ့ခြင်းကြောင့် ဦးလေး အသက်မသေဘဲ မြွေကိုသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ မြွေတက်လာသည်ကို ကြောက်လန့်ပြီး ထလိုက်ပါက ဦးလေးအား မြွေကိုက်လိုက်မည်မှာမလွဲပေ။ ဤဖြစ်စဉ်မျိုးက ရှားသလောက် လူတိုင်းလည်း ဤလိုစိတ်ကူးမျိုး ရှိကြမည် မဟုတ်သကဲ့သို့ ဤသို့သော မမျှော်လင့်ဘဲ ကြုံတွေ့လာနိုင်သည့် အန္တရာယ်များကို သတိထားကြဖို့ လိုပေသည်။

အထူးသဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြစ်ကမ်းနံဘေးနှင့် တာတမံများအနီးနေထိုင်ကြသူများ အနေဖြင့်လည်း အထူးသတိထား နေထိုင်ကြဖို့ လိုပေသည်။ မိမိတို့နေထိုင်ရာ အနီးရှိ တာတမံများ ကြံ့ခိုင်မှု ရှိမရှိ၊ ထူးပေါက်များ၊ ကြွက်တွင်းပေါက်များမှ ရေစီးကြောင်းများ စိမ့်ထွက်လာခြင်းများ၊ ရေလှိုင်းပုတ်ခတ်မှုကြောင့် တာတမံများ ပြိုလာခြင်း၊ ကျိုးလာခြင်းမရှိစေရန် သဲအိတ်၊ ကျောက်စရစ်များ၊ ဝါးများ၊ မျောတိုင်များ၊ ဂုန်နီအိတ်များကို ကြိုတင် စုဆောင်းထားရှိခြင်း၊ တာတမံများ၏ မိုင်တိုင်အလိုက် (သို့မဟုတ်) ရပ်ကွက် အလိုက် ၊ ကျေးရွာ အုပ်စုအလိုက် မြို့နယ်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ရေဘေး ကာကွယ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် သွားကြမှသာ ရေဘေး အန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်ကြမည် ဖြစ်သည်။ သို့မဟုတ်ပါက တာတမံကြီးများကျိုးပေါက်သွားလျှင် တာတမံအနီး နေထိုင်ကြသော လူနေအိမ်များ အိမ်တိုင်ပါကျွတ်၍ ရေစီးနောက်မျော ပါသွားနိုင်သည့် ဘေးအန္တရာယ်များကို ကြုံတွေ့ကြရမည့်အပြင် လယ်မြေဧက များစွာလည်း ဆုံးရှုံးကြရမည့် အခြေအနေကို ရင်ဆိုင်ကြရမည် ဖြစ်သည်။

သို့ပါ၍ ရေကြီးရေလျှံခြင်းများ တွေ့ကြုံခံစားနေရသော ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင် ရေဘေးအန္တရာယ်များကို အမျိုးသား သဘာဝဘေးကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီမှ ကယ်ဆယ်ရေးနှင့် ပြန်လည်ေ နရာချ ထားရေး ကိစ္စများကို အလေးထား ဆောင်ရွက် ပေးနေသကဲ့သို့ ပြည်သူများ အနေဖြင့်လည်း စာရေးသူအထက်က ဖော်ပြခဲ့သည့် ရေကြီးခြင်းနှင့်အတူကပ်၍ လိုက်ပါလာတတ်သည့် ဘေးအန္တရာယ်များကိုလည်း အထူး သတိထားကြရန် လိုအပ်ကြောင်း စေတနာထား သတိပေးရေးသား လိုက်ရပါတော့သည်။

.. https://www.facebook.com/MyanmarExpress
 

လိမ္မော်ရောင်အဆင့်ရှိမုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးဖြတ်ကျော်ဝင်ရောက်နိုင် မုန်တိုင်းဒဏ်ကြောင့် တိုင်းဒေသကြီး/ပြည်နယ်အချို့ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း ဖြစ်ပေါ်နိုင်

From : .. MOI


ယနေ့မြန်မာစံတော်ချိန် ၁၁နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည် အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၏ အနောက်-အနောက်တောင်ဘက်မိုင် ၄ဝခန့်၊ စစ်တကောင်းမြို့၏ တောင်-အနောက်တောင်ဘက်မိုင် ၇ဝခန့်၊ မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်မြောက်ဘက် ၆၅မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက်မိုင် ၁၁ဝ ခန့်အကွာ
ပင်လယ်ပြင်ကိုဗဟိုပြုနေသည်။

မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေ ဒေသသို့ဦးတည်၍ မြန်မာနိုင်ငံရခိုင်ကမ်းရိုး
တန်းမြောက်ပိုင်းစွန်းဒေသ အနီးမှ ရွေ့လျားနေသည့်အခြေအနေဖြစ်သည်။

မုန်တိုင်းငယ်၏အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် ၄၅မိုင်နှုန်း ဖြစ်သည်။

မုန်တိုင်းငယ်သည် ယနေ့မွန်းတည့်မှ နောက် ၃၆နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။

ကမ်းခြေသို့ဖြတ်ကျော်စဉ် မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅ဝမှ မိုင် ၆ဝ အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် ၄၅မိုင်မှ မိုင် ၅ဝ အထိ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅မိုင်မှ မိုင် ၅ဝ အထိ တိုက်ခတ်နိုင်သည်။

မုန်တိုင်းငယ်ကမ်းခြေသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ မောင်တောခရိုင်ကမ်းခြေဒေသတွင် ရှစ်ပေ မှ ၁ဝ ပေအထိနှင့် စစ်တွေ ခရိုင် ကမ်းခြေဒေသတွင် ခြောက်ပေမှ ရှစ်ပေအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသ
ကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း
ရွာပြီး ဒေသအလိုက်မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးသတိပြုရန် နှိုးဆော်ထားကြောင်း သိရသည်။

.. https://www.facebook.com/MyanmarExpress