Subscribe to our RSS Feed

မြစ်ဝကျွန်းပေါ်ဒေသ ရေကြီးရေလျှံဖွယ်ရှိ


ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းနှင့် မြစ်အ ထက်ပိုင်းမှရေများ တိုးဝင်လာနိုင်ခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ရေကြီးရေလျှံမည့် အန္တရာယ်ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။ သြဂုတ်လ ၃ ရက်နေ့မှ စတင်၍ မုတ်သုံလေ အားကောင်းနိုင်သည့်အတွက် ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် မိုးသက်လေပြင်း ကျရောက် ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း၊ ထို့ပြင် တောင်ဘက်ခြမ်းဒေသမှ ရေများ တိုးဝင်လာမှုကြောင့်လည်း မြစ်ဝ ကျွန်းပေါ်ဒေသတွင် ရေကြီးမှုအန္တရာယ် ရှိနေကြောင်း ၎င်းက ပြောဆိုသည်။ “အထက်ပိုင်းက ရေတွေ ဆင်းလာနေ ပြီ ဖြစ်တဲ့အတွက် သတိထားရတော့မှာပါ” ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။ လက်ရှိ ဧရာဝတီတိုင်းဒေသကြီး တွင် ငဝန်မြစ်ရေနှင့် ဧရာဝတီမြစ်ရေမှာ သြဂုတ်လ ၁ ရက်နေ့မှစ၍ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေခြင်းကြောင့် ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ လေးမျက်နှာ၊ အင်္ဂပူနှင့် ဇလွန်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။ “မိုးကတော့ မရွာတော့ဘူး။ ဒါပေမဲ့ ငဝန်မြစ်ရေ တက်လာပြီး ရွာတွေ ထဲ ရေက တော်တော်ကို ကြီးနေတယ်။ သဲအိတ်တွေ စုဆောင်းထားတာကလွဲရင် ဘာမှတော့ ကြိုတင်ပြင်ဆင်မှုတွေ မရှိသေးဘူး” ဟု အင်္ဂပူမြို့နယ် ကျွဲသောင်ရွာ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်နှင့် သံလွင်မြစ်တို့တွင် မြစ်ရေမှာ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှု များ ဖြစ်ပေါ်နေရာ ယင်းမြစ်ရေသည် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများကို ရောက်ရှိလာနိုင်သည့်အတွက် စိုးရိမ် ဖွယ် အခြေအနေရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ဒေသခံများက ပြောကြားသည်။ “အခုတောင် ငဝန်မြစ်နဲ့ ဧရာဝ တီမြစ်ရေ တက်တာကြောင့် ရွာခုနစ်ရွာလောက် ရေမြုပ်နေတယ်။ ကွမ်းခြံတွေလည်း ရေထဲ အကုန်ပါသွားပြီ။ ရေ က နောက်ထပ်နှစ်ပေလောက် တက်မယ်ဆိုရင်တော့ အထက်ပိုင်းဒေသတွေလို ရေဘေးအန္တရာယ် ကြုံလာနိုင် တယ်” ဟု ညောင်တုန်းမြို့နယ် ရွှေဟင်္သာကျွန်း အောက်စုကျေးရွာမှ ရေကြီးနစ်မြုပ်မှုကြောင့် ကွမ်းခြံစိုက်ခင်း ဧက ၁၀ ဧကကျော် ဆုံးရှုံးခဲ့ရသူ ဦးစိုးက ပြောဆိုသည်။ မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသ များနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ငါးပေမှ ခုနစ်ပေခန့် ရှိနိုင်ပြီး ကိုကိုးကျွန်း အနီးဝန်းကျင်တွင် လှိုင်းအမြင့် ရှစ်ပေမှ ၁၀ ပေခန့် ရှိနိုင်ကြောင်း ဦးထွန်းလွင်က ခန့်မှန်းထားသည်။ ဧရာဝတီမြစ်ရေသည် ပခုက္ကူ မြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့၊ ချင်းတွင်းမြစ်ရေ သည် မုံရွာမြို့၊ ကလေးဝမြို့နှင့် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တို့တွင် စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနေ ပြီး နောက်သုံးရက်အတွင်း ယင်းမြို့အသီးသီး၏ စိုးရိမ်ရေမှတ် အထက်သို့ ဆက်လက် တက်လာနိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မြစ်ရေ သတိပေးချက် ထုတ်ပြန်ထားသည်။ မွန်-တနင်္သာရီ ကမ်းရိုး တန်းဒေသများတွင် သြဂုတ်လ ၁၀ ရက်နေ့အထိ မုတ်သုံလေ အားကောင်းနိုင်ပြီး ကျန်ဒေသများတွင် အားအသင့်အ တင့်ရှိမည် ဖြစ်၍ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၊ အရှေ့ပိုင်းဒေသနှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ဒေသများ၌ မိုးကြီး မည် ဖြစ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ ရခိုင်ပြည်နယ်တွင်လည်း မုန်တိုင်းအရှိန်နှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ ပြီး ရေဘေးကြောင့် သေဆုံးသူ အရေအတွက်နှင့် ရေဘေးဒုက္ခသည် အရေအတွက်မှာ တိုးလာကာ သောက် သုံးရေနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ပြင် မိုးကြီးခြင်းနှင့် မြစ်ရေ မြင့်တက်လာခြင်းကြောင့် ရေဖုံးလွှမ်းမှု အန္တရာယ် ဆက်လက်မြင့်မားနေသည့် မြို့များမှာ ရန်ကုန်၊ ပဲခူး၊ ညောင်ဦး၊ သာယာဝတီ၊ စစ်တွေ၊ ဟင်္သာတ၊ ပုသိမ်၊ မအူပင်၊ သထုံနှင့် ကျောက်ဖြူမြို့တို့ ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။ ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် မြင့်တက် လာခြင်းကြောင့် ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေပြီး မြစ်ဝကျွန်းပေါ်ဒေသရှိ ဆန်စက်များ၊ ဂိုဒေါင်များ၊ အသင်းသူ အသင်းသားများသည် စပါး၊ ဆန်များ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းကလည်း သတိပေးချက် ထုတ်ပြန် ထားသည်ဟု ၂၀၁၅ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။


.. https://www.facebook.com/MyanmarExpress
 

1 comments:


ကယ်ဆယ်ရေးပစ္စည်းတွေ မှတ်လို့
ကျနော် ကူသယ်ပါ့မယ် ပြောလိုက်တာ

မဟုတ်ဘူး
ဒါက အမေစု ထိုင်ဖို့ ကော်ဇော တဲ့။

..ကျုပ်.. ရှက်ထှာ ဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်