Subscribe to our RSS Feed

မဲ ရလဒ်

ယခုနှစ် နိုင်ငံရေး ရာသီတွင် အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရသည့် ဒေါင်းပုံ အစား တခြား ဘယ် တိရစ္ဆာန် ကို ထပ်မံ ချိတ်ဆွဲ ကိုးကွယ် သင့်ကြောင်းကို ဒေါ်လာစား အတိုက်အခံများ သာမက ကိုယ့်ထမင်းကိုယ်စား အတိုက်အခံများ ဆီကပါ အကြံရယူခဲ့ရာ ၁၉၃ ဦးတွင် ၁၁၂ ဦးက လင်းတ ကို မဲပေးခဲ့ပြီး ၅၈% ဖြင့် ကြွက်၊ ခွေး၊ ကျီးကန်း၊ ကြမ်းပိုးနှင့် ဖားတို့အား အပျက်အသက် အနိုင်ယူ အောင်ပွဲခံနိုင်ခဲ့ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။







အပြောအဆို တတ်စေလို




Myanmar Express

ထူးဆန်းသော အတိုက်အခံများ

ဓာတ်ပုံရိုက်ပွဲ

အကြောင်းပြချက် တစ်ခုခု ရှိတာနဲ့ ဓာတ်ပုံရိုက်ထွက်တတ်တဲ့ ပြည်ပရောက် ဒေါ်လာစား အတိုက်အခံတို့အတွက် ၂၀၁၀ ကတော့ တော်တော် အဆင်ပြေပါတယ်။ ဖက်ရှင်စတိုင်မျိုးဆုံနဲ့ ဓာတ်ပုံတွေ ရိုက်နိုင်ခဲ့ကြပါတယ်။ အကြောင်းပြချက်ကတော့ ကိုယ့်လူမျိုးတူ အနုပညာရှင်တွေ ကိုယ်ရှိတဲ့ နိုင်ငံက ကိုယ့်လူမျိုးသူငယ်ချင်းတွေကို လာရောက်ဖျော်ဖြေချိန်မှာ ပါလာတဲ့ အနုပညာရှင်အချို့ကို ကန့်ကွက်တယ်ဆိုတဲ့ ပေါကြောင်ကြောင် လုပ်ရက်တွေကြောင့်ပါပဲ။

အနုပညာရှင်ဆိုတာလဲ ပြည်သူထဲက ပြည်သူပါပဲ... ဘာအတွက်ကြောင့် မြန်မာလူမျိုးအချင်းချင်း သွေးကွဲအောင် လုပ်နေကြမှာလဲ ??



အမေရိကန်ပြည်သည် ဒို့ပြည်၊ အမေရိကန် အလံသည် ဒို့အလံ




ကိုယ့်မြန်မာလူမျိုးအချင်းချင်းကိုတော့ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆိုင်းဘုတ်တွေ ကိုင်ကြပြီး အမေရိကန်အလံကို ထမီကြီးနဲ့ ဂုဏ်ယူဝင့်ကြွားလွှင့်ထူထားတာတော့ ယူအက်စ်ရောက် မျိုးချစ်အတိုက်အခံသူရဲကောင်းတွေပါပဲ။



ပြည်သူ့ဆန် စားပြန်ပြီ


ပြည်သူ့ဆန် စားတယ်ဆိုတာ ဘာကိုပြောတာလဲ? မြန်မာလူမျိုးအားလုံး ပြည်သူ့ဆန် စားခဲ့ကြဖူးတဲ့လူတွေချည်းပဲ။ ဒါပေမယ့် အနုပညာသမားတွေလည်း သူတို့အနုပညာနဲ့ သူတို့အရည်အချင်းနဲ့ သူတို့ဇွဲလုံ့လတွေကို ကံဇာတာနဲ့ ပေါင်းပြီး ရင်းနှီး အောင်မြင်လာရတဲ့ သူတွေပါပဲ.. သူဌေးဖြစ် ခွေးဖြစ် လုပ်ပြီး ခွေးဖြစ်သွားတဲ့ အနုပညာရှင်တွေလည်း တပြုံကြီးရှိပါတယ်။ ဒီလို အောင်မြင်လာတယ်၊ နာမည်တစ်ခု ရလာတယ်ဆိုတာကလည်း ရင်းနှီးမြုပ်နှံမှုတွေ ပေးဆပ်မှုတွေ ပြီးမှ ရလာကြတဲ့ သူတွေချည်းပါ။ ငှက်ပြောသီးစားရင်တောင် အခွံတော့ နွှာရတာပဲ။ ဘာပဲလုပ်လုပ် ထိုက်တန်တဲ့ ပေးဆပ်မှုရှိတယ်။ ကံနဲ့ လုံ့လ အပေါ်မှာ မူတည်ပြီး နာမည် ဆိုတာရလာတာ။ ဒါကို ပြည်သူ့ဆန်စားတယ် ပြည်သူ့ဆန်စားတယ် ဆိုပြီး အော်နေတာ တော့ ဘယ်လို နာလပြိန်းတုံး အတွေးတွေကြောင့်မှန်း စဉ်းစားလို့ကို မရတော့ဘူး။

အနုပညာရှင်တွေက ထိုက်တန်တဲ့ ဖျော်ဖြေမှုကို ပေးမှ ပြည်သူတွေက တန်ရာတန်ကြေးပေးကြတယ်။ ဒါကို ပြည်သူ့ဆန် စားတယ်ဆိုရင် ဈေးသည်တွေ၊ ကုန်သည်တွေ၊ taxi သမားတွေ၊ ဆိုက်ကားသမားတွေ အားလုံးကရော ပြည်သူ့ဆန်စားတဲ့ သူတွေချည်းပဲလား?? စဉ်းစားကြပါအုံး...။ သူတို့လဲ ပြည်သူတွေက ပိုက်ဆံပေးမှ၊ ဝယ်ကြမှ၊ စီးကြမှ ပိုက်ဆံရတာ မဟုတ်ဘူးလား??။ ဒါဆို ဆိုဒ်ကားသမားတစ်ယောက် အဲ့ဒီနိုင်ငံကို ရောက်လာရင်ရော ပြည်သူ့ဆန်စားတဲ့ ဆိုက်ကားသမား ဆိုပြီး ဓာတ်ပုံထွက်ရိုက်ကြအုံးမှာလား။


အားလုံးက ပိုက်ဆံရဖို့ အလုပ်လုပ်နေကြတယ်။ အနုပညာရှင်တွေက ဖျော်ဖြေတယ်၊ ပြည်သူက တန်ကြေးပေးတယ်။ ဆိုက်ကားသမားလည်း နင်းပေးမယ်၊ ပြည်သူက တန်ရာတန်ကြေးပေးတယ်၊ ဝန်ထမ်းတွေလည်း ကိုယ့်တာဝန်ကို လုပ်ပေးတယ်၊ အစိုးရက ဆန်နဲ့ ပိုက်ဆံပေးတယ်။ ဝန်ထမ်းတွေက အစိုးရရဲ့ ဆန်ကို စားနေတာလို့ရော ထပ်ပြောအုံးမလား။ ဒါဆို တပ်မတော်သားတွေကရော အစိုးရဲ့ပိုက်ဆံစားနေတာလား။ ရှေ့နောက်ညီအောင်တော့ လုပ်ကြအုံးဗျို့ ဘလော့တွေမှာအော်နေတာတော့ တပ်မတော်သားတွေက ပြည်သူ့ဆန်စားတယ် တဲ့။ ကိုယ်ပြောချင်သလို ပြောနေကြတာချည်းပါလား ဒေါ်လာစားတို့ရေ..။ စဉ်းစား စဉ်းစား။ ဦးနောက်တွေ တုံးနေပြီ။ ဘယ်သူမှ ပြည်သူ့ဆန်ကို အလကားမစားဘူး၊ အစိုးရဆန် အလကားမစားဘူး။ ဆန္ဒပြလို့ရရင်ပြီးရော၊ အထက်ပို ပိုက်ဆံပြတောင်းလို့ ကောင်းရင်ပြီးရောဆိုပြီး ခေါင်းစဉ်တွေ လျှောက်မတပ်နေကြနဲ့။ ဒို့အရေး ဒို့အရေးဆိုပြီး ကိုယ့်ဖို့ချည်ပဲ လုပ်မနေကြနဲ့ တစ်ခါတစ်လေ သူများအရေး၊ သူများအရေး ပြောင်းအော်ကြည့်ပါလား။ သူများတွေအတွက် နဲနဲပါးပါး စဉ်းစားကြည့်ပါလား.. ဒို့အနေရသမားချည်းတွေရေ... တွေ့သမျှ လူတွေအကုန်လုံးကို လက်ညိုးထိုး အပြစ်မပြောကြနဲ့အုံး.....။




Myanmar Express

ပေးစာ - ၁

ကျွန်မဟာ မြန်မာနိုင်ငံကိုသိပ်ချစ်တဲ့၊ မြန်မာနိုင်ငံသားဖြစ်ရတာကို အရမ်းဂုဏ်ယူတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်ပါ။ ကျွန်မ မြန်မာနိုင်ငံကို မရောက်တာ ၁၀ နှစ်ကျော်ပါပြီ၊ ဒါပေမယ့် မြန်မာတီဗွီလိုင်းတွေကိုအမြဲလိုလိုကြည့်နေပြီး ဘီဘီစီ၊ ဗွီအိုအေ တို့ကိုလည်း အခါအားလျှော်စွာ နားထောင်ဖြစ်၊ ဖတ်ဖြစ်ပါတယ်။ ဘယ်သူတွေက ဘာတွေလုပ်နေသည်ဖြစ်စေ ကျွန်မတို့နိုင်ငံအတွက် အလုပ်လုပ်နေသူအားလုံးကို ကျွန်မ လေးစားပါတယ်။ ကျွန်မတို့ ဘာတွေ မှားခဲ့ကြလို့ ကျွန်မတို့နိုင်ငံနဲ့ ပက်သက်တဲ့သတင်းတွေက အင်တာနက်ပေါ်မှာ မကောင်းတာတွေ များနေလဲဆိုတာ ကျွန်မနားမလည်နိုင်သေးပါဘူး။ နိုင်ငံရေးကို ကျွန်မနားမလည် စိတ်မဝင်စားပေမယ့် နိုင်ငံအတွက် တစ်ဖက်တလှမ်းက တက်နိုင်သလောက်လုပ်ပေးဖို့ ကျွန်မ အစဉ်ကြိုးစားနေပါတယ်။ မြန်မာအချင်းချင်း ကူညီဖို့ ကျွန်မ အမြဲတံခါးဖွင့်ထားသလို ပြည်တွင်းက အလှူခံမှုတွေသာမက ပြည်ပက မြန်မာအဖွဲ့ဆီက အလှူခံတွေကိုလည်း ကျွန်မ အမြဲ သူများထက် သာအောင် လှူခဲ့၊ ပေးခဲ့ ပါတယ်။ အခွင့်အရေးပေးတာနဲ့ မြန်မာနိုင်ငံကို အပြီးပြန်ဖို့ ရည်မှန်းချက်ထားပြီး အလုပ်လုပ်နေတာပါ။ မြန်မာမြေမှာပဲ ကျွန်မ သေချင်တယ်။


တစ်ခါက ကျွန်မ သူငယ်ချင်းတွေ မြန်မာနိုင်ငံ ကို အလည်သွားကြပါတယ်။ ကျွန်မ သူငယ်ချင်းဆိုတာ အမေရိကန်နိုင်ငံသားတွေပါ။ သူတို့တွေ ပြန်လာတော့ ကျွန်မကို ပြန်ပြောပြတယ်။ ငါတို့ထင်သလို လုံးဝ မဟုတ်ဘူး တဲ့။ ငါတို့ထင်ထားတာက မင်းတို့ဆီမှာ လုံးဝ တည်ငြိမ်အေးချမ်းမှုမရှိဘူး၊ ဘာမှပြည့်စုံမှုမရှိဘူး... စတဲ့ စတဲ့ မကောင်းတဲ့ အကြောင်းတွေပဲ ငါတို့ အရင်က ကြားနေတာ။ လေဆိပ်ကိုရောက်ပြီး လေယာဉ်ပေါ်က စင်းတာနဲ့ တစ်ခုခုတော့ လွဲနေပြီဆိုတာ ငါသတိထားမိတယ် တဲ့။ အဲ့ဒီနောက် ဟိုတယ်ကို တန်းမသွားပဲ မြို့ထဲက လမ်းတချို့ပေါ်ကို မောင်းခိုင်းပြီး လိုက်ကြည့်လိုက်တယ် တဲ့..။ ငါတို့ ထင်ထားသလိုလဲ မဟုတ်ပါလား ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ပြောဖြစ်ကြတယ် တဲ့..။ ကျွန်မ ကို ပြန်ပြောပြကြပါတယ်။ သူတို့ ပြောလည်း ပြောစရာပါပဲ။ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ သတင်းမှန်သမျှ ကို အဆိုးတွေချည်းပဲ ကမ္ဘာက သိနေပါတယ်။ ဘယ်နေရာမှာကြည့်ကြည့် ဆိုးတဲ့ သတင်းတွေပဲရှိသလို၊ ဘယ်သူ့ကို သွားမေးမေး ဆိုးတဲ့ အကြောင်းနဲ့ သနားစရာကောင်းတဲ့ အကြောင်းပဲ ပြောကြပါတယ်။ ကျွန်မတို့ ဘာတွေ မှားခဲ့ကြလို့လဲ??? ဒါပေမယ့် တကယ့်တကယ် မြန်မာမြေပေါ်ကို သွားကြည့်ရင်တော့ အားလုံးက ကိုယ့်အလုပ်ကိုလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နေထိုင် စားသောက်နေကြတာပါ။ ကျွန်မတို့လို နိုင်ငံခြားရောက်နေတဲ့ မြန်မာတချို့တွေက သိပ်ကို သနားစရာကောင်းပါတယ်။ မြန်မာနိုင်ငံအကြောင်းဖတ်လိုက်၊ ကြားလိုက်ရရင် ခုပဲ ပေါက်ကွဲတော့မလိုလို၊ မနက်ဖြန်ပဲ စစ်ဖြစ်တော့မလို၊ တိုင်းပြည်တစ်ခုလုံးပဲ ပျာကျတော့မလိုလို၊ တစ်နိုင်ငံလုံးပဲ စားစရာ တစ်ခုမှမရှိ သောက်စရာ ရေတစ်စက်မှမရှိတော့သလိုလို အမြဲ ကြားနေရပြီး စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ပြည့်နေကြရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက အွန်လိုင်းတက်လာတဲ့ တစ်ချို့တွေဆို ဘာမှမသိ၊ မေးရင်လည်း မဟုတ်တဲ့အကြောင်းနဲ့ အားလုံး အေးအေးဆေးဆေးဖြစ်ကြောင့် ပေါ့ပေါ့ပါးပါးပဲ ပြောသွားကြပါတယ်။


တစ်နေ့က ကျွန်မသူငယ်ချင်းမြန်မာ တစ်ယောက်က အကူညီတောင်းလို့ သူတို့ရုံးနဲ့ အတူ မြန်မာဒုက္ခသည် တွေနေတဲ့ နေရာကို ကျွန်မ ရောက်ခဲ့တယ်။ ကိုယ့်လူမျိုးဆိုတော့ တွေ့ချင်တာလဲပါတာပေါ့။ စကားတွေလည်း အများကြီးပြောကြမယ်ဆိုပြီး တစ်လမ်းလုံးအားတင်းလာခဲ့တယ်။ ဟို ရောက်တော့ အိမ်ရှေ့မှာ မြန်မာတစ်ချို့ထွက်ကြိုနေကြတော့ သူငယ်ချင်းနဲ့အတူ ဆင်းပြီး နှုတ်ဆက်ခဲ့တယ်၊ သူတို့ရံက အမေရိကန်နိုင်ငံသား ၇ ယောက်လောက်ကလည်း သိချင်တာတွေ မေးကြတယ်။ ပြောကြပြီး အိမ်ပေါ်တက်ခဲ့ကြတယ်။ အဲ့ဒီချိန်မှာ ကျွန်မ စ ပြီး စိတ်ပျက်သွားတာပါပဲ။ အိမ်ထဲကို ဝင်လိုက်တာနဲ့ ကျွန်မ အနံ့တစ်ခုရတယ်၊ အိမ်ရဲ့ နံရံတစ်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံ အကြီးကြီး ကပ်ထားတယ်။ ထိုင်ခုံတွေ၊ အဝတ်တွေ ပစ္စည်းတွေက လုံးဝ မသပ်မရပ်ဖြစ်နေတယ်။ ကျွန်မ ဘာပြောရမှန်းမသိ။ ကျွန်မ ပြောချင်တာ ပြောလို့ရမယ်ဆိုရင် ဒီလိုအဆောက်အုံ၊ ဒီလိုနိုင်ငံမှာ ဘာလို့ ဒီလောက် စုတ်စုတ်ပျက်ပျက်နေ နေရတာလဲ လို့ ကျွန်မ ပြောလိုက်ချင်တယ်။ တကယ် အဆင့်အတန်းမရှိဘူး။ လျှပ်စစ်ပစ္စည်းတွေက ကြိုးတန်းလန်းတွေ ရှုပ်နေတယ်။ အဝတ်တွေကလည်း ခုံပေါ် ကြမ်းပြင်ပေါ်မှာ။ အပေါ်မှာ ဝိုင်ယာကြိုးနဲ့ အဝတ်လှန်းဖို့ ကြိုးတန်းတောင်လုပ်ထားသေးတယ်။ အဝတ်တွေက အများကြီးတင်ထားလို့ ကြိုးတန်းက တော်တော်အိနေပြီ။ ကျွန်မ လိုက်လာမိတာ မှားပြီလို့တောင် ကျွန်မ ထင်လိုက်တယ်။ သူငယ်ချင်းနဲ့ အိမ်ရှင်နဲ့ သူ့လူတွေနဲ့တော့ စကားတွေ ပြောနေကြတယ်။ နိုင်ငံခြားသားတစ်ယောက်က မင်းတို့မြန်မာတွေက ဒီလိုနေတာလားလို့ လာမမေးပါစေနဲ့ဆိုပြီး ကျွန်မ ကျိုတ် စုတောင်းရင်း သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ ကျွန်မတို့အားလုံးကို ကြည့်နေတဲ့ မြန်မာ ခလေးလေး တစ်ယောက်ဆီ ကျွန်မ ကပ်ခဲ့တယ်။ ပြီးတော့ သူငယ်ချင်းနဲ့ အိမ်ပိုင်ရှင်တို့ ပြောသံတစ်ချို့ နားစွန့်ပြီး အသာလေး နေခဲ့တယ်။ ကျွန်မ ကြားရသလောက်တော့ အိမ်ပိုင်ရှင်က မျိုးချစ်နိုင်ငံရေး အတိုက်အခံ တစ်ယောက်တဲ့။ နိုင်ငံခြားသားတွေက သူတို့သိချင်တာတွေ ဆက်မေးနေလေရဲ့။



ကျွန်မလည်း စိတ်ပြေလက်ပျောက် ခလေးကို နှုတ်ဆက်စကားပြောဖို့ ကြိုးစားရင်း ပြုံးပြပြီး အနားကပ်ခဲ့တယ်။ ခလေးက တော်တော် အေးပုံပါပဲ အသက်က ၆ နှစ်တဲ့ နောက်မှ သူပြောမှသိရတာ။ သားနာမည် ဘယ်လိုခေါ်လဲဆိုတော့ ရယ်ပြီးကြည့်နေတယ်။ နောက် ကျွန်မထပ်မေးတော့မှ ခလေးက သူမြန်မာလို မတတ်ဘူး တဲ့ ပြောတယ်။ ဘုရား ဘုရား ..။ ကျွန်မ အံ့သြောတုန်လှုပ်လွန်းလို့ အသက်ရှူတောင် ရပ်သွားတယ်။ အိမ်မှာရော ဖေဖေ၊ မေမေတို့က မသင်ပေးဘူးလား လို့ မေးတော့။ မသိဘူးတဲ့။ တစ်ခါတစ်လေမှာ သူတို့ချင်း မြန်မာလို ပြောတယ်တဲ့၊ သားကိုတော့ အင်္ဂလိပ်လိုပဲ ပြောခိုင်းတယ်၊ သင်ပေးတယ်တဲ့..။ မြန်မာ့ မျိုးချစ်နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ရဲ့ သားက မြန်မာ စကား မတတ်ဘူးတာ ကျွန်မ ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ပါဘူး။ အရမ်းလဲ စက်စုပ်ရွံရှာမိတယ်။ မြန်မာနိုင်ငံအတွက်ဆိုပြီး မျိုးချစ် နာမည်ခံအလုပ်လုပ်နေတဲ့ သူက သူ့ခလေးကို မြန်မာလို မပြောခိုင်းဘူး၊ မသင်ပေးဘူး။ ကျွန်မ ဒုတိယ အကြိမ် စိတ်ပျက်ရပြန်ပြီ။ အိမ်ရှင်မျိုးချစ် နိုင်ငံရေး ခေါင်းဆောင်ကတော့ ကျွန်မသူငယ်ချင်းနဲ့ အဖွဲ့သားတွေကို သံရုံးရှေ့မှာ သူတို့ ဆန္ဒပြခဲ့တဲ့ ဓာတ်ပုံတွေကို ထုတ်ပြနေလေရဲ့..


အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းအားလုံးက တကယ့် သူဌေးတွေမှ ဝယ်နိုင်တဲ့ ဈေးကြီး နောက်ဆုံးပေါ် ပစ္စည်းတွေချည်းပါပဲ။ ဘယ်က ဘယ်လိုရတဲ့ ပိုက်ဆံနဲ့ ဝယ်ထားလဲတော့ ကျွန်မ မသိပါဘူး။ ဆေးလိပ်ပြာခွက်ထဲက ဆေးလိပ်တစ်ဝက်ကို ကျွန်မ သတိထားမိတယ်။ ကျွန်မ သူဌေး သောက်တဲ့ စီးကရက်မျိုး။ အရမ်းဈေးကြီးတဲ့ စီးကရက်။ ကျွန်မနဲ့ အတူအလုပ်လုပ်နေတဲ့ ဒီနိုင်ငံက နိုင်ငံသားတွေတောင် မသောက်နိုင်တဲ့စီကရက်မျိုး။ ကျွန်မ စိတ်ထဲမှာ စဉ်းစားမိတယ်။ မတန်လိုက်တာ... လို့။ ဟုတ်ပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက ကြားဖူးတဲ့ မတန်ဘူး ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကျွန်မ ခုမှ ကွင်းကွင်းကွက်ကွက်မြင်လိုက်ရတာပါ။



နိုင်ငံကို တကယ်ချစ်ပြီး နိုင်ငံအတွက် တကယ်အလုပ်လုပ်တဲ့သူတွေကို ကျွန်မတို့ အလိုရှိပါတယ်၊ အစစအရာရာလည်း တက်နိုင်သလောက်ကူညီဖို့ အသင့်ရှိပါတယ်။ နိုင်ငံအတွက် ကိုယ့်အကျိုးကို မစွန့်လွတ်ချင်နေကြပါ၊ ကိုယ့်ကျိုးအတွက် နိုင်ငံ့အရေးကို ခုတုံးမလုပ်ကြဖို့ ကျွန်မ တိုက်တွန်းလိုပါတယ်။ ထောက်ခံတဲ့လူတွေကလည်း သေချာစုံစမ်းပြီးမှ ထောက်ခံ ပံ့ပိုးကြပါ။ နိုင်ငံအတွင်းမှာရော အပြင်မှာပါ ကျွန်မတို့လို ဘာမှမသိတဲ့ သိုးငယ်လေးတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့လို သိုးငယ်တွေကြားမှာ ဝံပလွေတွေ ရှိနေတာကို အားလုံး သတိထားဖို့လိုပါတယ်။ အဲ့ဒီ ဝံပလွေတွေက တစ်နေ့တစ်ချိန်ကျရင် ဒီသိုးငယ်တွေကိုပဲ ကိုက်ဖျက်စားသောက်ပါလိမ့်မယ်။ ကျွန်မ ပြောတာတွေကို မယုံရင် သူတို့နေအိမ်တွေကို ကိုယ်တိုင် သွားကြည့်ကြပါ။ အားလုံးပဲ ဘာလုပ်သင့်တယ်ဆိုတာ စဉ်းစားပြီး လုပ်သင့်တာကို ဆက်လုပ်ကြပါ။


ချယ်ရီ





လွတ်လပ်ခွင့်အတွက် ခုချ.. တဲ့...

ကဲကဲ

နိုင်ငံတော်၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်လို့ နိုင်ငံရေးလုပ်ကြတာ.. ဒေါ်လာရဖို့ လုံးဝမဟုတ်ဘူး.. ဆိုပြီး မျက်စိစုံမှိတ် အော်နေတဲ့လူတွေကြည့်ကြ

ဒေါ်လာရဖို့ နိုင်ငံရေး ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုတဲ့လူတွေလည်း အတုယူကြ




Wai Hnin’s Jump For Freedom တဲ့ ခေါင်းစဉ်က.. ရည်ရွယ်ချက်က Freedom အတွက်တဲ့ လုပ်တာက Jump တဲ့ ....

ဘယ်အရူးမှ ပေ ၁၆၀ က သေချာ မခုန်ချသလို ဘယ်သူတောင်းစားမှလည်း ဒီနည်းလမ်းနဲ့ တောင်းမစားဘူး။ အစွန်းရောက်တဲ့ မွတ်စလင် တွေတောင် တခြားနည်းလမ်းနဲ့ ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်ချင်လုပ်မယ် ပေ ၁၆၀ က မခုန်ချဘူး။ အရူးထက် အသိဥဏ် နည်းပြီး သူတောင်းစားထက် ငတ်ပြတ်ပြီး မွတ်စလင် ထက် အစွန်းရောက် တဲ့ မြန်မာ့နိုင်ငံရေး သမား ဒေါ်လာစား အတိုက်အခံတွေပဲ ဒီလို လုပ်တယ်။

အကျဉ်းသားတွေကို ဘန်းပြပြီး နိုင်ငံတကာဆီ တောင်းခဲ့ပေါင်းလဲ များပြီ၊ မြန်မာနိုင်ငံရဲ့ အဆင်းရဲ အစုတ်ပျက်ဆုံး ဓာတ်ပုံတွေ တင်ပြီး တောင်းခဲ့တာလဲ အကြိမ်ကြိမ်၊ သံရုံးရှေ့တွေမှာ ဆိုင်းဘုတ်တွေကိုင် ဓာတ်ပုံတွေ ရိုက်ပြီး တောင်းခဲ့တာလဲ ခဏခဏ ဆိုတော့ နောက်ဆုံး ကြံရာမရတဲ့ အဆုံး ဒီနည်းလမ်း ပြောင်းသုံးတာပေါ့

တော်ရုံတန်ရုံ အသိဥာဏ်ရှိတဲ့ လူတော့ မလုပ်တာ သေချာပါတယ်.... ခုလောလောဆယ်ဘယ်နှပေါင် ရနေပြီလဲ ကြည့်ချင်ရင် .. http://www.bmycharity.com/V2/jumpforfreedom



Myanmar Express

သမ္ဖပလ္လာပ စာနယ်ဇင်းသမားများ

ဂျာနယ်တဒါဇင်လောက်မှာ အပတ်စဉ်ပုံမှန်စာတွေရေးဖြစ်နေတာကြောင့် စာဖတ်ပရိသတ် အမျိုးမျိုးဆီက ဖုန်းဆက်တာတွေ စာရေးတာတွေ အမြဲလိုလို လက်ခံရရှိလေ့ရှိတယ်။ တချို့က အားပေးတယ်။ တချို့က ဝေဖန်ထောက်ပြတယ်။ တချို့က တိုင်တမ်းတယ်။ တချို့က တိုင်ပင်တယ်။ တချို့က ရင်ဖွင့်တယ်။ အမျိုးစုံပါပဲ။


အပြုသဘော ဝေဖန်သုံးသပ်

ဒီအထဲမှာ ဂျာနယ်တွေနဲ့ပတ်သက်ပြီး အားမလိုအားမရဖြစ်လို့၊ မကြိုက်လို့၊ စိတ်ပျက်လို့ ပြောပါဦး၊ ရေးပါဦးလို့ တိုက်တွန်းတဲ့စာမျိုးတွေက အများဆုံးပါပဲ။ အတတ်နိုင်ဆုံး တာဝန်ကျေအောင် ရေးခဲ့ပါတယ်။ စာနယ်ဇင်းသမားဆိုတာ အမြင်မတော်တာ၊ အကြားမတော်တာ မှန်သမျှ၊ တိမ်းစောင်းနေတာမှန်သမျှ အပြုသဘော ဝေဖန်သုံးသပ်တင်ပြရမြဲ ဖြစ်တဲ့အတိုင်း မော်ဒယ်မိန်းကလေးတွေ ဝတ်စားဆင်ယင်ပုံ လျှပ်ပေါ်လော်လီတာက အစ၊ ဝန်ထမ်းကြီးငယ်တွေ အကျင့်ပျက်တာမျိုး အလယ်၊ လူတိုင်းလိုလို သိက္ခာကိုရိက္ခာနဲ့ လဲပစ်နေကြတာမျိုး အဆုံး ကြိမ်ဖန်များစွာ ရေးခဲ့ပါတယ်။ ဒီအထဲမှာ ကိုယ့်တာကိုယ် လုံအောင်လုပ်ဖို့ အတွက် စာနယ်ဇင်းသမားများ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ အကြောင်း ရေးခဲ့တာက အများဆုံးဖြစ်ပါတယ်။

သမ္ဖပလ္လာပ ဂျာနယ်လစ်

ကျင့်ဝတ်အကြောင်း ရေးလွန်းအားကြီးလို့ ပွဲတကာလည်တက်ပြီး လက်ဆောင် ယူသူတွေ၊ ဂျာနယ်တွေကို ခုတုံးလုပ်ပြီး ကိုယ့်ကိုယ်ကိုလူရာ ဝင်အောင် လုပ်သူတွေနဲ့ ကြော်ငြာဆောင်းပါးရေးပြီး ပိုက်ဆံရှာသူတွေ စတဲ့ စတဲ့ အသိမ်အဖျင်းရေးသူ ‘သမ္ဖပလ္လာပဂျာနယ်လစ်’ များက ကွယ်ရာမှာ အောက်ကလိအာ ပြောကြတာတွေလည်း အများကြီး ပြန်ကြားရပါတယ်။ ဒါပေမယ့်လည်း အရေးလျှော့လို့ မဖြစ်ဘူး။ စာနယ်ဇင်းဆိုတာ စတုတ္ထမဏ္ဍိုင် ဖြစ်တယ်ဆိုတော့ တည့်မတ်ဖို့ အရေးကြီးတယ်။ ခြစားလောက်ကိုက်လို့လည်း မဖြစ်ဘူး။ ခြတွေလောက်တွေ မကပ်နိုင်အောင် တားဆီးကာကွယ်ရမယ်။ လက်နှီးစုတ်ကို အိမ်ပြင်ထုတ်လှန်းသလိုဖြစ်လည်း မတတ်နိုင်ဘူး။ ရှက်တော့ရှက်တာပေါ့။


ဖန်တရာတေနေပြီ

စာဖတ်ပရိသတ်တွေကတောင် ပြောလာရတာဆိုတော့ ပိုပြီးရှက်စရာကောင်းတယ်။ အကြိမ်ကြိမ်ရေးခဲ့တာ 'ဖန်တရာတေ’ နေပြီဖြစ်ပေမယ့်လည်း စာဖတ်သူများက ရေးစေ၊ ပြောစေချင်တော့ ရေးရပါဦးမယ်။ အခုမှ ဂျာနယ်လောကထဲလှမ်းဝင်ဖို့ ကြံရွယ်တဲ့လူငယ်လေးတွေ ဆင်ခြင်နိုင်ကြစေဖို့ဖြစ်တယ်။ အံတိုနေပြီဖြစ်တဲ့ 'သမ္ဖပလ္လာပ ဂျာနယ်လစ်' များ မဖတ်ဘဲ ကျော်လွှားသွားကြပါလိမ့်မယ်။


အများဆုံး ညည်းညူသံ

စာဖတ်သူများရဲ့ အများဆုံး ညည်းညူသံကတော့ သတ်ပုံမှားတာနဲ့ စာအကျအပေါက်မှားတာတွေ ဖြစ်တယ်။ ဝါကျတခုမဆုံးခင် စာကြောင်းက ပြတ်သွားပျောက်သွားတော့ အဓိပ္ပာယ်ဆက်စပ်မရဘဲ ဖြစ်တာကို သူတို့ တော်တော် စိတ်ပျက်ကြတယ်။ တခါတလေ စာပိုဒ်တပိုဒ်လုံးကျန်ခဲ့လို့ စာရေးသူဘာပြောမှန်း မသိလိုက်ရဘူးလို့ ဆိုကြတယ်။ တချို့က ညွှန်းတဲ့စာမျက်နှာမှာ အဆက်ကို ရှာမရတာလည်း စိတ်မရှည်ကြဘူး။ တချို့က စာမျက်နှာ နံပါတ်ထိုးတာ မထင်မရှား ဖြစ်နေတာကို မကြိုက်ကြဘူး။ ကာတွန်းတွေမှာပါတဲ့ စာက သတ်ပုံမှားနေတာကိုတော့ အများဆုံး ထောက်ပြကြတယ်။ ကာတွန်းဆိုတော့ ပိုပြီးသိသာထင်ရှားနေတာကိုး။


သတ်ပုံလေးတောင် မယုံရတော့

ဒီအချက်တွေအားလုံး အမှန်တွေချည်းပါပဲ။ ရှေးကဆိုရင် ကလေးတွေ သတ်ပုံမသိလို့မေးတဲ့အခါ နီးရာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတစောင်ဆွဲယူပြီး “အဲဒီထဲမှာရှာကြည့်” လို့ ပြောလိုက်ရုံပဲ။ အဲဒီလောက်အထိကို စာဖတ်ပရိသတ်က ယုံကြည် စိတ်ချထားကြတာ။ ခုခေတ်တော့ သတ်ပုံလေးတခုတောင်မှ စိတ်ချလက်ချ ယုံကြည်လို့ရတဲ့ စာနယ်ဇင်းတခုမှကို မရှိတော့ဘူးလို့ပြောရင် လွန်မယ်မထင်ဘူး။ နောက်ပြီး ကလေးတွေကို တောင်းရမ်းစားသောက်ခိုင်းတဲ့ သတင်းဖော်ပြရာမှာ ကလေးငယ်တွေရဲ့ဓာတ်ပုံကို ထင်ထင်ရှားရှားကြီး ဖော်ပြတာကိုလည်း စာဖတ်သူများက ထောက်ပြဝေဖန်ကြတယ်။

ဂျာနယ်လစ်ဆိုပြီးတော့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို မသိရကောင်းလားလို့ အပြစ်တင် ကြတယ်။ ဒါလည်းမှန်တယ်။ မှုခင်းသတင်းတွေ ဖော်ပြရာမှာ ကလေးသူငယ်ဆိုင်ရာ သတင်း၊ လူပုဂ္ဂိုလ် တဦးတယောက်ရဲ့ ဂုဏ်သရေကို ထိခိုက်နစ်နာသွားစေတဲ့သတင်းနဲ့ တရားရုံးကို မထေမဲ့မြင်ပြုရာ ရောက်တဲ့ ရေးသားမှုမျိုးကို သတင်းထောက်နဲ့ အယ်ဒီတာတိုင်း သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီခေတ်မှာ ဒီသုံးချက်နဲ့ လွတ်ကင်းအောင် မရေးတတ်ကြတာ များတယ်။ မှုခင်းဂျာနယ်မဂ္ဂဇင်းတွေက အဆိုးဆုံးဖြစ်တယ်။ အထူးသဖြင့် ရဲအမှုထမ်းတွေနဲ့ အငြိမ်းစား ရဲအမှုထမ်းတွေရေးတဲ့ သတင်းဆောင်းပါးမှန်သမျှဟာ တဖတ်သတ် ရဲအမြင်နဲ့ ရေးသားလေ့ရှိပြီး ရုံးတော်ကစီရင်ချက် မချမီကတည်းက စွပ်စွဲခံရသူများကို ပြစ်မှုကျူးလွန်သူအဖြစ် ကြိုတင် သတ်မှတ်ပြီး ဖြစ်ကြတာကို တွေ့ရတယ်။


ရဲက စွပ်စွဲသူသာ ဖြစ်တယ်

ရဲအလုပ်က ပြစ်မှုကိုခိုင်လုံအောင်တည်ဆောက်ပြီး ရုံးတင်တရားစွဲဖို့ ဖြစ်တယ်။ တရားစွဲတင်ခံရသူဟာ ရဲက တရားခံအဖြစ် စွဲတင်သူသာ ဖြစ်တယ်။ အမှန်တကယ် ပြစ်မှုကျူးလွန်သူ ဟုတ်၊ မဟုတ် တတ်အပ်သေချာ ဘယ်သူမှ မပြောနိုင်သေးဘူး။ သက်သေအထောက်အထားခိုင်လုံလို့ ရုံးတော်က အပြစ်ရှိကြောင်း စီရင်ချက် ချပြီးမှသာ အပြစ်ရှိတယ်လို့ ပြောနိုင်တာ ဖြစ်တယ်။ ဒါတောင် အောက်ရုံး အဆင့်ဆင့်က အပြစ်ရှိတယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့် အမြင့်ဆုံး ရုံးတော်က အယူခံမှာ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တာမျိုးတွေ ရှိတတ်သေးတယ်ဆိုတာ သိထားရမယ်။


ပေါ့ပေါ့သဘောထားတဲ့ကိစ္စများ

စာဖတ်ပရိသတ်များက မသိကြလို့ ပြောတဲ့ရေးတဲ့အထဲမှာမပါပေမယ့် ခုခေတ်ဂျာနယ်သမားတွေ ပေါ့ပေါ့သဘောထားပြီး မှားတတ်ကြတာတွေလည်း ထောက်ပြချင်တယ်။ ပထမတချက်ကတော့ စာရေးသူတယောက် ရေးတဲ့စာကို ဂျာနယ် အယ်ဒီတာကလွဲပြီး တခြားသူကို ဂျာနယ်ထဲမပါခင်မှာ ပေးဖတ်တဲ့ အလေ့ဖြစ်တယ်။ (စာပေစိစစ်ရေးကို ဝတ္တရားအရ ပေးဖတ်ရတာက သီးခြားကိစ္စပါ)။ ဥပမာ လူထုစိန်ဝင်း နာမည်နဲ့ ရေးခဲ့တဲ့ ဆောင်းပါးတပုဒ်ပါ အယူအဆတရပ်ကို တခြား စာရေးသူတဦးက စောဒကတက်တာ၊ ကန့်ကွက်ချေပတာ လုပ်ဖို့ ရေးလိုက်တဲ့ဆောင်းပါးကို လူထုစိန်ဝင်းကို လာပြတာမျိုး ဖြစ်တယ်။ ဒါမျိုးက လုံးဝ မလုပ်အပ်တဲ့ကိစ္စ ဖြစ်တယ်။ အဲဒီဆောင်းပါးကို ဂျာနယ်ရဲ့ပေါ်လစီနဲ့ ညီ၊ မညီသုံးသပ်ပြီး အယ်ဒီတာက ထည့်လိုက ထည့်နိုင်တယ်။ ပယ်လိုက ပယ်နိုင်တယ်။ တခြားသူများကို မပြရပါဘူး။

မဖြစ်မနေထည့်ရတဲ့ကိစ္စ

စာတပုဒ်ဂျာနယ်မှာ ထည့်ခြင်း၊ မထည့်ခြင်းဟာ ဂျာနယ်ရဲ့ပေါ်လစီနဲ့ ညီ၊ မညီဆိုတဲ့အချက်နဲ့ပဲ ဆုံးဖြတ်ရတယ်။ ဗဟုခေတ်မို့ ကိုယ့်ပေါ်လစီနဲ့ ဆန့်ကျင်တဲ့အယူအဆကို ထည့်ရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် မရှိဘူး။ ဂျာနယ်က ဝတ္တရားအရ မထည့်မနေထည့်ပေးရမယ့် စာကတမျိုးပဲရှိတယ်။ သတင်းဆောင်းပါးပါ အချက်အလက် မှားယွင်းတဲ့အတွက် မှားယွင်းဖော်ပြခံရသူက အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြတာမျိုးဆိုရင် အယ်ဒီတာအဖွဲ့က သီးခြား အတည်ပြုချက် ပြုလုပ်ပြီး မှားယွင်းကြောင်းသေချာပါက ပြင်ဆင်ချက်နဲ့ မှားယွင်း ဖော်ပြခံရသူကို တောင်းပန်ချက်ကို သိသာထင်ရှားစွာ ဖော်ပြပေးရခြင်းဖြစ်တယ်။ အမှားပါတဲ့ သတင်း၊ ဆောင်းပါးကို ပြူးတူးပြဲတဲ ဖော်ပြထားခဲ့ပြီး အမှားပြင်ဆင်ချက်နဲ့ တောင်းပန်ချက်ကျတော့ မသိမသာ၊ မထင်မရှား ဖော်ပြထားတာမျိုး လုံးဝ မလုပ်သင့်ဘူး။


ဗိုက်အငှားနဲ့ ဓားထိုးခံ

နောက်မလုပ်သင့်တဲ့ အချက်တခုကတော့ ဂျာနယ်မဂ္ဂဇင်းတစောင်ကို နာမည်တပ်ပြီးဆန့်ကျင်ဝေဖန်တဲ့ (တခါတရံ ပုတ်ခတ်တိုက်ခိုက်တဲ့) စာမျိုးကို ကိုယ့်ဂျာနယ်မှာ ထည့်ပေးတာမျိုး ဖြစ်တယ်။ ဒါမျိုးက ‘ဗိုက်အငှားနဲ့ ဓားထိုးခံသလို’ ဖြစ်ရုံမက စာနယ်ဇင်းအချင်းချင်း စည်းမစောင့်ရာလည်း ရောက်တယ်။ နောက်တချက်ကတော့ ရိုက်မစစ်ရဘဲနဲ့ ကလောင်နာမည်ကို အလွယ်တကူ ဖွင့်ဟပြောကြားမှုမျိုး ဖြစ်တယ်။ မြန်မာစာရေးဆရာ အများစုဟာ ‘ကလောင်အမည်’ တခုခုခံယူပြီး စာရေးလေ့ရှိကြတယ်။ တချို့ ကလောင်နာမည်တွေ အများကြီးထားပြီး ရေးကြတယ်။ သူ့အကြောင်းနဲ့သူ အမျိုးမျိုး ရှိကြတယ်။ တချို့က လူမသိစေချင်လို့ ကလောင်နာမည်ခွဲပြီး ရေးတာမျိုးလည်းရှိတယ်။


အယ်ဒီတာဆိုတာ နှုတ်စောင့်စည်းရတယ်

ဒီလို လူမသိစေချင်လို့ နာမည်ဝှက်နဲ့ရေးနေတာကို အယ်ဒီတာတွေက ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့နဲ့ လူရှေ့သူရှေ့မှာ ထုတ်ပြောလေ့ရှိကြတယ်။ ဒါဟာ အယ်ဒီတာတယောက် စောင့်ထိန်းရမယ့် ကျင့်ဝတ် စည်းကမ်းကို ဂရုမစိုက်၊ အလေးမထားရာ ရောက်ပါတယ်။ အထူးသဖြင့် ဝေဖန်ရေးစာမျိုး ရေးတဲ့အခါ ရေးသူများဟာ သူတို့ရေးမှန်း လူမသိစေချင်ကြပါဘူး။ ဒါကို အယ်ဒီတာက နှုတ်စောင့်စည်းရပါတယ်။ အဲဒီ စာရေးတာ ဘယ်သူလဲလို့မေးသူကလည်း မမေးအပ်ပါဘူး။ စာရေးသူ အချင်းချင်း စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်မျိုးပါ။


မြောင်းထဲရောက်ပြီမှတ်

ဂျာနယ်မဂ္ဂဇင်းသမားတယောက်ကိုသွားပြီး “စောင်ရေဘယ်လောက်ရှိသလဲ” ဆိုတဲ့မေးခွန်းမျိုးလည်း မမေးအပ်ဘူး။ သူတို့ဟာ သူတို့ပြောချင်ပြောပါစေ။ ကိုယ်ကတော့ မမေးအပ်ပါဘူး။ ဒါမျိုးကို လုပ်ငန်းလျှို့ဝှက်ချက် (Trade Secret) လို့ ခေါ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေက စာနယ်ဇင်းပညာ စာအုပ်ကြီးတွေထဲမှာ ဘယ်ပါမှာလဲ။ လူကြီးသူမတွေက လုပ်ရင်းကိုင်ရင်း လူငယ်တွေကို နှုတ်က ပြောကြ၊ ဆုံးမသွားကြတာပါ။ အခုခေတ်တော့ အဲဒီလိုဆုံးမသွန်သင်မယ့် လူကြီးသူမတွေရှိကြတော့တာ မဟုတ်လေတော့ လူငယ်လေးတွေမှာ စမ်းတဝါးဝါးနဲ့ မှားပြီးရင်း မှားနေကြတာ တွေ့နေရတယ်။ လွန်ကဲလာတဲ့အခါ စာဖတ်ပရိသတ် မျက်စိ ဆံပင်မွေးစူးစရာ ဖြစ်လာတယ်။ အဲဒီကတဆင့်တက်ပြီး မျက်စိနောက်လာပြီဆိုရင်တော့ မြောင်းထဲရောက်သွားပြီသာ မှတ်ပေတော့။


လူထုစိန်ဝင်း



Myanmar Express

သူခိုးသေဖော်ညှိစာမျိုးတွေ

ခရစ္စမတ်နေ့က ကျောင်းသားဟောင်း တစ်ယောက်လာပြီး ဆုတောင်း မေတ္တာပို့ ပါတယ်။ ရှပ်အင်္ကျီနဲ့ ပုဆိုး အပြင် ခုခေတ် မြို့ပြရဲ့ ပြယုဂ်ဘူးစုံ ပုလင်းစုံခြင်း ကလည်း ပါသေးတယ်။ နက်စ်ကော်ဖီ၊ တူတံဆိပ် ထောပတ်၊ ခရတ်ဖ်ချိစ်၊ စပရိုက်စတာ တွေအပြင် အာလူးကြော်ဘူး၊ နာနတ်ယိုဘူး၊ လိုက်ချီးဘူး ဆိုတာတွေလည်း ပါတယ်။ စုံနေတာပါပဲ။ တပည့်ဟောင်းကို တွေ့ရလို့ ၀မ်းသာရတယ်။ သူယူလာတဲ့ ပစ္စည်းတွေ အတွက်တော့ ထူးထူး ခြားခြား ခံစားမှုမဖြစ်ပါဘူး။


မက်မောရတဲ့ အရာတွေ

သူနဲ့ထိုင် စကားပြော နေဆဲမှာပဲ ဆန်ကောကြီး နှစ်ချပ်အပြည့် ထည့်လာတဲ့ အသီးအရွက်တွေ မပြီး ကလေးတွေက ယူလာပြ ကြတယ်။ အလုံ၊ တောင်ကြီး ကားဂိတ်က သွားယူပြီး ပြန်လာကြတာပါ။ ဘန်းတွေ ထဲမှာလည်း စုံနေတာပါပဲ။ စူကာသီး၊ စူကာညွန့်၊ မုန်ညင်း၊ မုန်လာ၊ ပန်းမုန်လာ၊ ပဲပုတ်၊ ဆီတိုဟူး၊ ထောပတ်သီး၊ မိုးမျှော်ငရုတ်သီး အစိုထုပ်၊ အခြောက်ထုပ်၊ ခေါပုတ်၊ ခဲလန်ချောင်း၊ ဖရုံစေ့ထုပ်၊ နေကြာစေ့ထုပ်၊ လက်ဖက်ခြောက်၊ ကြက်သွန်ဖြူ၊ နှစ်ပြန်ကြော် အပြည့်ပါတဲ့ ဘူးကြီးက တစ်ဘူး၊ တောင်ကြီးပဲစို၊ ပဲကြော် အမျိုးစုံ အမယ်စုံပါ။ ဆိုင်ခင်း ရောင်းရင်တောင် ရလောက်တယ်။ လတ်လတ် ဆတ်ဆတ် အသီးအရွက်တွေ မြင်ရတာ ၀မ်းသာလိုက်တာ။ တစ်ခုချင်း ကောက်ကိုင် ကြည့်ပြီး ကိုယ့်ဟာကိုယ် ကျေနပ် နေမိတယ်။ ‘ဒီပစ္စည်းတွေဟာ စောစောက လက်ဆွဲခြင်းထဲက ပစ္စည်းများရဲ့ လေးပုံ တစ်ပုံတောင် တန်ဖိုးရှိမယ် မထင်ဘူး။ ဒါပေမယ့် ပိုပြီး မက်မောမိတယ်။ နှစ်မျိုးစလုံးက မေတ္တာနဲ့ပေးတဲ့ ပစ္စည်းပါ။ ဒါပေမယ့် ခြင်းတောင်းထဲက ပစ္စည်းတွေက ပိုက်ဆံရှိရင် အချိန်မရွေး ၀ယ်လို့ရတယ်။ တောင်ကြီးက ပို့တဲ့ ပစ္စည်းတွေက ရန်ကုန်မှာ ၀ယ်လို့ မရနိုင်တဲ့ ပစ္စည်းမျိုး။ ဥပမာ စူကာညွန့် (ဂေါ်ရခါးညွန့်) ဆိုပါတော့၊ တကယ်ကို အညွန့်လေးတွေ။ ရန်ကုန်မှာ တွေ့ရသလို အရွက် ကြမ်းကြီးတွေ မဟုတ်ဘူး။ မုန်ညှင်းတွေ၊ မုန်လာတွေလည်း အလားတူပဲ။ လတ်လတ် ဆတ်ဆတ် နုဖတ်နေတာ တွေပါ။


တိုက်တိုက်ဆိုင်ဆိုင်

ညနေကျတော့ ချက်ချင်းပဲ ပါလာတဲ့ ဆန်ခေါက်ဆွဲ လုပ်ခိုင်းပြီး ရွှေပဲရွက် နိုင်းချင်း ထည့်စားလိုက်တယ်။ ရန်ကုန်မှာ ဆန်ခေါက်ဆွဲ စားလို့ရပေမယ့် ရွှေပဲရွက်က ရနိုင်တာ မဟုတ်ဘူးလေ။ တိုက်ဆိုင်ချင် ပြန်တော့ နောက်တစ်နေ့မှာ မန္တလေး က နှမတွေပို့လိုက်တဲ့ အသီးအရွက်တွေ ဘူးနှစ်ဘူးနဲ့ ရောက်လာပြန်တယ်။ သူတို့ထဲမှာလည်း ရွှေပဲရွက်တွေ ပါလာ သေးတယ်။ သုပ်ပြီးတစ်ဝကြီး စားရတော့မယ်။ ၀မ်းသာ လိုက်တာ၊ သူတို့ပို့တဲ့ အထဲမှာလည်း မုန်ညှင်း မုန်လာတွေအပြင် ဂွေးတောက်ရွက်၊ တစောင်းခါး၊ ကိုင်းခရမ်းချဉ်သီး၊ ပဲမြစ်စတဲ့ အညာစာတွေ ပါသေးတယ်။ ဆောင်းတွင်း စားစရာတွေ တိုက်တိုက် ဆိုင်ဆိုင် မြို့နှစ်မြို့က ရောက်လာတာ ဆိုတော့ လှိုင်ဘောလယ် နေတော့တယ်။ ဆောင်းဆိုတော့ ကားနဲ့ ပို့လည်း စိမ်းစို လန်းဆန်း နေတုန်း။ ရန်ကုန်မှာလည်း နှစ်ရက် သုံးရက်တော့ ကောင်းကောင်း ခံသေးတယ်။ ဒါကြောင့် ဆောင်း ရာသီကို ကြိုက်ရတာ။ အညာသား ဖြစ်ပြီး အပူနဲ့ မတည့်တဲ့ ရောဂါ အတွက်လည်း ဆောင်းကာလဆို နေရထိုင်ရ သက်သာတယ်။ ခရစ္စမတ် အလွန်မှာ အအေးကလေး ပိုလာတော့ အနွေးထည် ၀တ်ရလောက်အောင် မဟုတ်ပေမယ့် ဆောင်းမှန်း သိသာလို့ ကျေနပ်မိတယ်။ ဆောင်းရာသီ ကုန်ဆုံးသွားမှာကို နှမြောနေမိတယ်။


အရှေ့ကအရှေ့၊ အနောက်က အနောက်

မြန်မာလူမျိုးက ဆောင်းရာသီက ချစ်စရာ အကောင်းဆုံးလို့ ယူဆပေမယ့် အနောက်က လူတွေကတော့ ဆောင်းကို တော်တော် စိတ်ပျက်ရှာကြမှာ။ သစ်ပင် ပန်းပင်တွေမရှိ၊ လမ်းတွေပေါ် နှင်းတွေခဲပြီး ကားတွေ ပိတ်ဆို့နေလို့ သွားလို့လာလို့ မရဖြစ်ကြတယ်။ သူတို့ဆီမှာ ဘာသစ်ပင် ပန်းပင်မှ မရှိတဲ့အချိန်မှာ မြန်မာ ပြည်မှာတော့ ပန်းတွေ အပွင့်ဆုံး၊ ဟင်းသီး ဟင်းရွက်တွေ အပေါဆုံး ဖြစ်နေတယ်လေ။ မြန်မာပြည်ကလူတွေ ကျောကော့အောင် လှိမ့်ခံနေကြရတဲ့ နွေလ မေလ ကျတော့ သူတို့က အလှဆုံး အချစ်ဆုံး ပန်းတွေ အပွင့်ဆုံးတဲ့။ အရှေ့နဲ့ အနောက် ကတော့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင် နေကြတာပဲ။ ဒီမနက်ပဲ သတင်းစာထဲမှာ အအေးလွန်ကဲလို့ ဥရောပတစ်ဝန်းမှာ သေဆုံးသူပေါင်း ငါးဆယ် နီးပါးရှိတယ်ဆိုတဲ့ သတင်း ဖတ်လိုက် ရသေးတယ်။ လေယာဉ်တွေ၊ မီးရထားတွေ မော်တော်ကားတွေလည်း မထွက်နိုင်ကြလို့ မြို့တကာ နယ် တကာမှာ ခရီးသည်တွေ ထောင်သောင်းချီပြီး သောင်တင်နေကြသတဲ့။ မြန်မာ လူမျိုးချစ်တဲ့ ဆောင်းဟာ သူတို့ အတွက်တော့ စိတ်ပျက် စရာပေါ့။ သူတို့ချစ်တဲ့ မေလကျတော့ မြန်မာ လူမျိုးတွေက ကြောက်လိုက်တာ။ ဒါကြောင့်လည်း အရှေ့က အရှေ့၊ အနောက်က အနောက်ပဲလို့ စာရေး ဆရာကြီး မတ်တွိန်းက ပြောခဲ့တာနေမှာ။


ဘာထိပ်တိုက်တိုးတာလဲ


ဒါနဲ့တောင် လူတွေက အနောက်က အရာမှန်သမျကို ဘာကြောင့်များ ကောင်းလှချည့်ရဲ့ ဆိုပြီး ခေါင်းပေါ် တင်ထားချင် နေကြတာလဲ။ အနောက်က လူတွေပြောသမျ စကားလုံးတိုင်း စာကြောင်းတိုင်းကို ဘာကြောင့်များ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိလှ ပါပေတယ်လို့ ပြောနေကြတာလဲ။ သူတို့နိုင်ငံမှာ ယဉ်ကျေးမှုတွေချင်း ထိပ်တိုက်တိုး နေကြတာနဲ့ပဲ ဒီမှာလည်း ထိပ်တိုက်တိုးစရာလား။ ဒီမှာက ဆဋ္ဌမ သင်္ဂါယနာတင်ခဲ့တဲ့ မင်းတုန်းမင်းကြီးကတောင် အမေရိကန် သာသနာပြုတွေ အတွက် ကျောင်းဆောက် ပေးခဲ့သလို အစ္စလာမ် ဘာသာဝင်တွေ အတွက်လည်း ၀တ်ပြုစရာ ပလီဝတ်ကျောင်း ဆောက်လုပ် လှူဒါန်းခဲ့တာပါ။ ပြည်ကြီး(တရုတ်) က၀င်လာသူတွေ၊ မူလွတ် (အိန္ဒိယ) ကရောက်လာတဲ့ သူတွေနဲ့လည်း ဆွေလိုမျိုး လိုနေခဲ့ကြတာ နှစ်ပေါင်း ရာချီ ကြာခဲ့ပါပြီ။ ဘာယဉ်ကျေးမှုတွေမှ ထိပ်တိုက် မတိုးခဲ့ဖူးပါဘူး။ သူတို့ဆီမှာကတော့ ကမ္ဘာပေါ်မှာ ရှိရှိသမျ လူမျိုးတစ်ရာ့ တစ်ပါးနဲ့ ဒေသခံတွေက အရေအတွက် အားဖြင့် ‘ပိန်မသာ လိန်မသာ’ ရှိနေကြရာမှာ မဟာလူဖြူတွေက အသားမဖြူတဲ့ လူတွေဆိုရင် ဘယ်သူ့မဆို ဒုတိယတန်းစား လူမျိုးတွေလို့ ရှုမြင်ထား ကြလေတော့ ပြဿနာကြီးတွေ မဖြစ်ဘဲ နေပါတော့မလား။

စပါးတကပ်လိုတုံ့ပြန်မှုပါ


လူမည်းတွေ လူညိုလူဝါတွေ ကရောက်စတော့ လူနည်းစုမို့ ငုံ့ခံနေကြရတာ ဖြစ်တယ်။ နောင်နှစ် တွေကြာပြီး ကိုယ့်အင်အားက များသထက်များ လာကြတဲ့အခါ ကောင်းကောင်း ပြန်အစွမ်းပြကြတယ်လေ။ ဒီတော့ ပြဿနာတွေက ပဋိပက္ခတွေဖြစ်၊ နောက်တစ်ဆင့် တက်တော့ လူမျိုးရေး၊ ဘာသာရေးနဲ့ ရန်ပွဲကြီး ရန်ပွဲငယ်တွေအထိ ဖြစ်လာကြရ တော့တာပါပဲ။ ဒါကို ယဉ်ကျေးမှုချင်း ထိပ်တိုက် တိုးတာလို့ ပြောတာပါ။ တကယ်က ယဉ်ကျေးမှုချင်း ထိပ်တိုက်တိုးတာ မဟုတ်ပါဘူး။ ကာလ ရှည်ကြာစွာ အနှိမ်ခံ၊ အဖိနှိပ်ခံ နေရာမှာ နေခဲ့ကြရသူတွေက ဗိုလ်ကျ မောက်မာ ဖိနှိပ်သူတွေကို တူညီတဲ့နည်းနဲ့ လက်တုံ့ ပြန်ကြတာ ဖြစ်ပါတယ်။ အနောက်ဖက်နဲ့ အနောက် မြောက်ဘက် တောကြီး မျက်မည်း ဒေသတွေ ဖြတ်ပြီး ရထားလမ်း ဖောက်ဖို့ ကျွန်ကုန်ကူး သူတွေဆီက တစ်ဆင့် ခေါ်ယူခဲ့တဲ့ တရုတ် လူမျိုးတွေကို ဘယ်လိုထားပြီး ဘယ်လို ခိုင်းခဲ့ကြသလဲ။ ကြာပွတ်နဲ့ တရွှမ်းရွှမ်း ရိုက်ပြီး ရောမခေတ်က ကျွန်တွေကို ဆက်ဆံသလို ဆက်ဆံခဲ့ကြတာပဲ မဟုတ်လား။ နောက်ဆုံးကျတော့ ရောမခေတ်မှာ ‘စပါးတကပ်’တို့ တုံ့ပြန်ခဲ့သလို တုံ့ပြန်ခဲ့ကြတာပါ။ ဘာယဉ်ကျေးမှုခြင်း ထိပ်တိုက် တိုးခြင်းမှ မဟုတ်ပါဘူး။


သူခိုးသေဖော်မညှိနဲ့


ဒီလိုတုံ့ပြန်မှုတွေကို သေးသိမ်အောင် မဟာ ကော်ပိုရေးရှင်းကြီးများရဲ့ ကိုယ်စားလှယ်တွေက ဘာမှမဟုတ်တဲ့ ယဉ်ကျေးမှုချင်း ထိပ်တိုက် တိုးမှုအဖြစ် ရေးသား ၀ါဒဖြန့်နေကြတာ ဖြစ်တယ်။ အဲဒီ ၀ါဒဖြန့်ချိ ချက်တွေကို ဘာရည်ရွယ်ချက်နဲ့ ပြည်တွင်းမှာ တစ်ဆင့် ၀ါဒဖြန့်ချိ ပေးနေတယ် ဆိုတာ သိသာပါတယ်။ ကမ္ဘာကြီးကြောင်းကို မြန်မာတွေ သိစေချင်လို့ ဆိုတဲ့ အကြောင်းပြချက် ခိုင်မာစေဖို့ ၊ တော့ဖလာတို့၊ ပီတာဒရပ်ကားတို့၊ ဖူကူးယားမတို့၊ ဟန်တင်ထန်တို့၊ စတစ်ဂလစ် တို့လိုဘဲ ထင်ရှား ကျော်ကြားတဲ့ နှုံးချွမ်စကီးတို့ အက်ဒ၀ပ်ဆာအစ်တို့ ဖီလန်ကွန်ဒဲရားတို့ ဂျွန်ပီးစ်ဂါးတို့လို ပါမောက္ခကြီးတွေရဲ့ စာအုပ် တွေလည်း ဘာကြောင့် ဘာသာ မပြန်ကြတာလဲ။ မဟာ ကော်ပိုရေးရှင်း ကြီးတွေ ကြီးစိုးတဲ့ စနစ်ကြီးရဲ့ သရုပ်မှန်ကို အမှန်အတိုင်း ခွဲခြမ်း စိတ်ဖြာထားတဲ့ စာမျိုးတွေ ဖြစ်နေလို့ မဟုတ်ဘူးလား။ ဘယ်သူမဆို ကိုယ်ရေး ချင်တာ ရေးခွင့်ရှိပါတယ်။ ကိုယ်ဝါဒ ဖြန့်ချင်တာ ဖြန့်နိုင်ပါတယ်။ ကိုယ့်ဟာကို ရိုးရိုး သားသား လုပ်ပါ။ ဒါပေမယ့် မြန်မာတွေ ကြားဖူးစေချင်လို့၊ ဖတ်ဖူးစေချင်လို့၊ ဗဟုသုတ ရှိစေချင်လို့ ဆိုတဲ့ စေတနာ ယောင်ဆောင် “သူခိုး သေဖော်ညှိ” စကားတွေနဲ့တော့ လူတွေကို မလှည့်စားပါနဲ့။ အဲဒီ စကားတွေဟာ လူတွေ အားလုံးကို သိမ်းကျုံးပြီး နလဗိန်းတုံးတွေမို့ ပညာပေး နေရတာလို့ ပြောလိုက် တာနဲ့ အတူတူပါပဲ။


ဘယ်သူနဲ့မဆိုယှဉ်ရဲတယ်


မြန်မာလူမျိုးက အတွေ့အကြုံတွေ များလှတဲ့ လူမျိုးပါ။ လူတစ်ယောက် ပါးစပ်ဟ လိုက်တာနဲ့ အူမထိအောင် ဖောက်ထွင်း မြင်နိုင်တဲ့ လူမျိုး ဖြစ်ပါတယ်။ ကျွန်ဘ၀မှာ နေခဲ့ရချိန်တွေ များလွန်းလို့ စီပွားရေးတို့ ဘာတို့ ကောင်းကောင်း မလုပ်တတ်၊ မကိုင်တတ် သေးပေမဲ့၊ နိုင်ငံရေး အသိစိတ်နဲ့ နိုင်ငံရေး နိုးကြားမှု၊ နိုင်ငံရေးအမြင် တို့မှာတော့ ခေါ်လာစမ်းပါ။ ဘယ်သူနဲ့မဆို ယှဉ်ရဲပါတယ်။ ကိုယ်တိုင်မကြုံဘူး၊ ကိုယ်တိုင် မခံစားဘူး၊ ကိုယ်တိုင် လူတွေနဲ့ အတူလက်တွဲပြီး ဖြတ်သန်းကျော်လွှား မပြုဖူးသူတွေက ဘာသိမှာလဲ။ ဘာနားလည်မှာလဲ။ နိုင်ငံရေးဆိုတာ စာအုပ်ကြီးတွေ ဖတ်ပြီး လုပ်ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ လူတွေ ကြားထဲနေပြီး လူတွေနဲ့အတူ လက်ချင်းတွဲ လုပ်ဆောင် ရတာမျိုး ဖြစ်တယ်။ ဟမ်ဘာဂါစားပြီး ၀ီစကီလေး စုပ်ချင်နေသူ များနဲ့တော့ လားလားမှ အပ်စပ်တဲ့အရာ မဟုတ်ကြောင်းပါဗျာ။


လူထုစိန်ဝင်း

ပညာကို ဟမ်ဘာဂါလို ရောင်းနေတဲ့ခေတ်

ဒီကနေ့ ပညာသင်ကြားရေးစနစ်က စီးပွားရေးလုပ်ငန်းကြီးတွေအတွက် ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးရုံသက်သက် ဖြစ်နေပြီး တက္ကသိုလ်တွေ ဟာလည်း ဘွဲ့ရလုပ်သားတွေ အစုလိုက် အပြုံလိုက် မွေးထုတ်ပေးတဲ့ စက်ရုံကြီးတွေ ဖြစ်နေပြီ။


ဂဏန်းတွက်စက်ပျက်ရင် ဈေးမရောင်းတတ်

အမေရိကန်ပညာရေးလောကမှာ တနေ့တခြား ကျယ်သထက် ကျယ်အောင် ကြားနေရတဲ့ ညည်းညူသံတွေ ဖြစ်ပါတယ်။ ဂဏန်းတွက်စက် ပျက်သွားတာနဲ့ ဈေးမရောင်းတတ်တဲ့ အရောင်းဈေးသည်တွေ၊ သူများရေးထားတဲ့ ပြဋ္ဌာန်းစာအုပ် မရှိရင် စာမသင်တတ်တော့တဲ့ ကျောင်းဆရာတွေ၊ ဘလူးပရင့်မရှိရင် ဘာမှ မလုပ်တတ်တဲ့ အင်ဂျင်နီယာတွေ၊ အသင့်ဖော်စပ် ထုတ်လုပ်ပေးထားတဲ့ ဆေးဝါးတွေမရှိရင် လေချုပ်လေအောင့်ဖြစ်တဲ့ လူနာအတွက် လေဆေးလေး တောင်စပ်ပြီး ကုမပေးနိုင်တဲ့ ဆရာဝန်တွေပဲ များနေတယ်။

ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားတွေးခေါ်ပြီး လုပ်နိုင်ကိုင်နိုင်တဲ့ ပညာတတ်တွေ ရှားပါးသထက် ရှားပါးလာနေတယ်။ အခုကျောင်းတွေက ထွက်လာတာတွေက စာတတ်သူတွေချည်းပဲ။ ပညာတတ်မပါဘူးလို့ ပြောကြဆိုကြတာတွေလည်း မကြာမကြာ ကြားရတယ်။ အမေရိကန်မှာတင် မဟုတ်ဘူး။ နိုင်ငံပေါင်းစုံက ပညာရပ်နယ်ပယ် အားလုံးလိုလိုမှာ ပြောဆိုညည်းတွားနေကြတဲ့ အသံတွေ ညံနေပါတယ်။


အစိုးရတွေက ဈေးတွက် တွက်ကြ

ပညာကိုတန်ဖိုးထားသူတိုင်းက ပညာရေးကိုစီးပွားရေးလုပ်ငန်းကြီးများလို သဘောထားလုပ်ကိုင်နေကြတာကို မနှစ်မြို့ကြဘူး။ တက္ကသိုလ်ဆရာတွေက မော်တော်ကားရောင်းသမားလို ကမ္ဘာလှည့်ပြီး ကျောင်းကြော်ငြာရင်း နိုင်ငံတကာကျောင်းသားတွေ စုဆောင်းနေတာကိုလည်း နှာခေါင်းရှုံ့ကြတယ်။

ပညာရေးကို စီးပွားရေးရဲ့ လက်အောက်ခံ အဖြစ် သဘောထားလာကြတာကို တော်တော်ကို စက်ဆုပ်ကြတယ်။ စက်ဆုပ်ပေမယ့်လည်း ဘာမှမတတ်နိုင်ကြဘူး။ နိုင်ငံတိုင်းနိုင်ငံတိုင်းရဲ့ အစိုးရတွေ ကိုယ်တိုင်က ဘာမဆို 'ဈေးတွက်' တွက်ပြီး ဈေးရောင်းဈေးဝယ်လုပ်သလို လုပ်နေကြတာဆိုတော့ ပညာရှင်တွေ လက်မှိုင်ချ နေကြရတော့တယ်။


ပညာကို ဟမ်ဘာဂါလိုရောင်း

ပညာကို ရှူးဖိနပ်ရောင်းသလို၊ ဟမ်ဘာဂါနဲ့ ကိုကာကိုလာ ရောင်းသလို သဘောထားနေကြတော့ ပညာရဲ့တန်ဖိုးဟာ တနေ့တခြား ကျဆင်းလာခဲ့ရတယ်။ လူတွေဟာ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ်ချက်ချဖို့ထက် ကွန်ပျူတာဆီက အဖြေထုတ်ယူဖို့လောက်သာ အားသန်ကြတယ်။

ဒါမှမဟုတ်လည်း စာအုပ်တွေထဲက သဘောတရားတွေနဲ့ ဖော်မြူလာတွေကိုပဲ အားကိုးကြတယ်။ လူ့ဦးနှောက်ဟာ ကွန်ပျူတာလောက်တောင် အသုံးမကျတော့ သလို ဖြစ်လာတယ်။ ဒီလိုနဲ့ကြာလာတော့ လူ့ဦးနှောက်နဲ့ သတ်မှတ်တဲ့ လူ့တန်ဖိုးတွေနဲ့ လူသားစံနှုန်းတွေ အားလုံးလိုလိုဟာ ယုတ်လျော့ကျဆင်းပြီး စံချိန်မမီ ဖြစ်ကုန်ကြတော့တယ်။

အိမ်ထောင်စနစ်

လူတွေနဲ့ပတ်သက်တဲ့ အိမ်ထောင်ဆိုတာပဲ ကြည့်။ ကမ္ဘာဦးအစက လင်ရယ်၊ မယားရယ်၊ အိမ်ထောင်ရယ်ဆိုတာ မရှိဘူး။ ယောက်ျား မိန်းမတွေဟာ နွားအုပ်ကြီးထဲက နွားတွေလိုပဲ နေကြတယ်။ ရေကြည်ရာ မြက်နုရာ အုပ်စုလိုက် ရွှေ့ပြောင်း သွားလာနေထိုင်ကြတယ်။ နောက်တော့ စိုက်ပျိုးစားသောက်လာ တတ်ပြီး အခြေတကျ ရွာတည်နေလာကြတယ်။

အဲဒီတော့မှ လင်ရယ်၊ မယားရယ်လို့ သတ်သတ်မှတ်မှတ်နဲ့ အိုးအိမ်တည် ဆောက်နေထိုင်တယ်။ အဲဒီအဆင့်ကို ယဉ်ကျေးလာတဲ့အဆင့် (Civilized) လို့ သတ်မှတ်တယ်။ ဒါတောင် တလင် တမယား မဟုတ်သေးဘူး။ စစ်နိုင်လို့ ဖမ်းဆီးခေါ်ဆောင်လာတဲ့ မိန်းမတွေကို ယောက်ျားတွေက မယားအဖြစ် ထားတဲ့အတွက် ယောက်ျားတယောက်နဲ့ မယား အများအပြား နေလာကြတယ်။ နောင်ယဉ်ကျေးမှု အဆင့်မြင့်သထက်မြင့်လာမှ တလင် တမယားစနစ်ကို ဥပဒေတွေ ဘာတွေပြုပြီး ပြဋ္ဌာန်းသတ်မှတ်ခဲ့ကြတယ်။


အဖော်ဆိုတဲ့နေနည်း

ဟော အခုတော့ အိမ်ထောင်ဆိုတာ လူသားများရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့ အချုပ်အနှောင်လို ဖြစ်တယ်။ ခေတ်မမီတော့ဘူး။ ဘယ်သူ့ဘယ်သူမှ ချုပ်နှောင်မထားတဲ့ အတူနေချင်စိတ်ရှိတဲ့အခိုက် အတူနေ၊ နေချင်စိတ်မရှိတဲ့အခါ ကိုယ့်ဟာကိုယ်နေဆိုတဲ့ အယူအဆကို လက်ခံကျင့်သုံးပြီး 'အဖော်' (Companion) လို့ ခေါ်ကြတဲ့ နေနည်းမျိုးနဲ့ နေထိုင်ကြတာတွေ အနောက်နိုင်ငံတွေမှာ တော်တော်လေး ကျင့်သုံးနေကြတယ်။

ပြင်သစ်က တွေးခေါ်ပညာရှင်ကြီး နှစ်ယောက်ဖြစ်တဲ့ ယန်းပေါဆတ်နဲ့ ဆီမွန်ဒီဘူဗွားတို့ဆိုရင် လက်မထပ်ဘဲနဲ့ တသက်လုံး (Life companion) ဆိုပြီး နေသွားကြတယ်။ တချို့ကတော့ အတူနေပြီး ကလေး တယောက် နှစ်ယောက် မွေးပြီးမှ လက်ထပ်တာမျိုးလည်း ရှိတယ်။ အိမ်ထောင်နဲ့ မိသားစုဆိုတဲ့ နှုန်းစံတွေ ပြောင်းလဲသွားပုံကို ပြောတာပါ။


ဆန့်ကျင်ဘက်ထိပြောင်းလဲ

မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်ပုံဆိုရင်လည်း စစ်မဖြစ်မီ ခေတ်ကဆိုရင် ခြေမျက်စိဖုံးတဲ့ ဂါဝန်ရှည် ပွပွကြီးတွေကို အတွင်းက ရင်စည်းကျပ်ကျပ်ခံပြီး ဝတ်ကြတာပါ။ မိန်းကလေးရဲ့ အပျိုစင်ဘဝကိုလည်း အသက်နဲ့ထပ်တူ တန်ဖိုးထား ကာကွယ် စောင့်ရှောက်ကြပါတယ်။ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိလာတဲ့ မိန်းကလေးမျိုးဆိုရင်ရွာကနေ နှင်ထုတ်တဲ့အထိတောင် ကဲ့ရဲ့ရှုတ်ချလေ့ရှိတယ်။

ဟော အခုခေတ်တော့ ဝတ်ပုံဆင်ပုံတွေ လျှပ်ပေါ်လော်လီကြပုံတွေများ ပြောတောင် မပြတတ်တော့အောင် ကမ်းကုန်နေကြပါပြီ။ အလယ်တန်းရွယ် ဆယ့်သုံးဆယ့် လေးနှစ်သမီးအချင်းချင်း အပျိုစင်အဖြစ် ရှိနေသေးတယ်ဆိုရင် ကဲ့ရဲ့ကြသတဲ့။ လူမှုရေးပေါင်းသင်း ဆက်ဆံရေး ညံ့ဖျင်းတယ်ဆိုပြီး ဝေဖန်ကြ သတဲ့။ လူ့တန်ဖိုးတွေ ပြောင်းလဲသွားပုံကို ကြည့်ပါဦး။ ဆန့်ကျင်ဘက်သဘော ဖြစ်သွားတဲ့အထိကို ပြောင်းကုန်ကြတာမဟုတ်လား။


အနုတ်လက္ခဏာများများ

လူမှုရေးနယ်ပယ်အတွင်းက တန်ဖိုးတွေနဲ့ နှုန်းစံတွေပြောင်းလဲမှု အတော်များများ ဟာ အပေါင်းလက္ခဏာဆောင်တာက နည်းနည်း၊ အနုတ်လက္ခဏာဆောင်တာက များများဖြစ်နေတာ တွေ့ရတယ်။ စိတ်ဓာတ်နဲ့ စရိုက်တွေကလည်း မယုံနိုင်လောက်တဲ့ အထိကို ကြမ်းကြုတ်ခက်ထန်ကုန် ကြတယ်။

အရူးတယောက်ကိုယ်မှာ ယမ်းထုပ်တွေ ပတ်ချီပေးပြီး ဈေးထဲ လျှောက်ပြေး နေတုန်း အဝေးထိန်းခလုတ်နှိပ် ဖောက်ခွဲတာမျိုး ဘယ်ခေတ်က ရှိခဲ့ဖူးလို့လဲ။ ခရီးသည်တွေအပြည့်ပါတဲ့ လေယာဉ်ပျံကြီးတွေကို အပိုင်စီးပြီး လူနေအဆောက် အအုံကြီးကို ဝင်ဆောင့်တာမျိုးလည်း ဘယ်တုန်းက ကြားဖူးလို့လဲ။ မောင်းသူမဲ့ လေယာဉ်ပျံပေါ် ဗုံးတွေတင်ပြီး မူလတန်းကျောင်းကလေးပေါ်ကျကျ၊ ဆေးရုံပေါ် ကျကျ၊ ကျချင်တဲ့နေရာ ကျ။ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီး ဗုံးကြဲချတာမျိုးရော ဘယ်အခါက ကြားဖူးလို့လဲ 'ရက်စက်မှုအပေါင်း သရဖူဆောင်း တော့သည်' လို့ကိုပြောရတော့ မယ့်ခေတ်ကြီးပဲ။

ပညာမတတ်ဘွဲ့ရတွေ တပုံကြီး

အနုတ်လက္ခဏာတွေများပြီး ဆုတ်ကပ်ကြီးဖြစ်နေရတဲ့ အဓိကအကြောင်းရင်း ကတော့ လူသားတွေ ဉာဏ်ရည်ယုတ်လျော့ ကျဆင်းလာတာပဲဖြစ်လိမ့်မယ်လို့ ယူဆတယ်။ နိုင်ငံတိုင်းလိုလိုမှာပဲ စာမေးပွဲအောင်ပြီး ဘွဲ့လက်မှတ်ရဖို့လောက် ကိုသာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေက အာရုံစိုက်လုပ်နေကြပြီး ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်စဉ်းစားနိုင်တဲ့ အသိဉာဏ်ပညာ မြင့်မားဖို့ကို လျစ်လျူရှုထားခဲ့ကြတယ်။ ရလဒ်က ပညာမတတ်တဲ့ ဘွဲ့ရတွေ တပုံကြီး ပေါ်ထွက်လာတာပဲဖြစ်တယ်။

သူတို့တတွေဟာ သူများရေးထားတဲ့ စာတွေအလွတ်ကျက်ပြီး စာမေးပွဲအောင် လာကြတာပဲ ရှိတယ်။ လက်တွေ့မှာတော့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘာတခုမှကိုင်တွယ် ဖြေရှင်းနိုင်ကြတာမဟုတ်ဘူး။


လူထုစိန်ဝင်း

ဂုဏ်ယူစမ်းပါ






Myanmar Express