Subscribe to our RSS Feed
Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

မြန်မာ့နိုင်ငံရေးအရွေ့ ဘယ်ကို ဦးတည်နေသလဲ (အပိုင်း- ၁)



အခွင့်အာဏာဆိုသည်မှာ လူတို့၏ စိတ်ကို ဖျက်ဆီးတတ်သည့် သဘောရှိသည်။
ရိုးသားသူများပင်လျှင် အာဏာရသွားသည့်အခါ ရိုးသားချင်မှရိုးသားတော့မည်။
အခွင့်အာဏာဆိုသည်မှာ အကျင့်ပျက်ခြစားမှုများဖြစ်ပေါ်စေသည်၊ ထိုသို့ဆိုလျှင်
အကြွင်းမဲ့အာဏာသည် အကြွင်းမဲ့အကျင့်ပျက်ခြစားမှု ကိုသာဖြစ်ပ်ါစေတော့မည်။

ထို့အတွက်ကြောင့် ကမ္ဘာ့နိုင်ငံများသည် အာဏာသုံးရပ်ခွဲ၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့်
အပြန်အလှန်ထိမ်းကျောင်းပေးသည့် နိုင်ငံရေးစံနစ်ကိုကျင့်သုံးလာကြသည်။
ပြစ်မျိုးမှဲ့မထင်နိုင်ငံရေးစံနစ်တော့မဟုတ်၊ သို့သော် လက်ရှိအခြေအနေများအရ
ကမ္ဘာနိုင်ငံတော်တော်များများသည် ဤသို့သောစံနစ်နှင့်သာ သင့်တော်၍ နေလေတော့သည်။

ထိုသို့ဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း တပ်မတော်အစိုးရမှ အရပ်သားအစိုးရဦးဆောင်သော
အစိုးရဆီသို့ အာဏာလွှဲပြောင်းပေးအပ်ခဲ့ကာ အာဏာသုံးရပ်ဖြင့် ပါတီစုံဒီမိုကရေစီ စနစ်ကို
အသက်သွင်းခဲ့ပေသည်။

တပ်မတော်အစိုးရမှ အရပ်သားအစိုးရအဖြစ်သို့ ကူးပြောင်းလာခဲ့သည်မှာလည်း
ယခုဆိုလျှင် သမ္မတကြီး ဦးသိန်းစိန်၏ သမ္မတသက်တမ်းကုန်ဆုံးရန်
သိပ်မလိုတော့ပြီဖြစ်သည်။ ၂၀၁၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၄ ခုနှစ်ဟာ
မြန်မာ့နိုင်ငံရေးမှာ မုန်တိုင်းထန်စ ပြုလာတဲ့ ကာလလို့ ဆိုနိုင်ပါတယ်။

ထို့အတူ ငြိမ်သက်တည်ငြိမ်နေသယောင် ရှိခဲ့သောမြန်မာ့နိုင်ငံရေးသည်လည်း ပွတ်တိုက်မှုများစွာဖြင့်
စိုးရိမ်ဖွယ်ရာအခြေအနေသို့ မရောက်ရှိသည့်တိုင် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အခြေအနေများကတော့
တစ်စတစ်စ ဖြစ်ပေါ်လာပြီဖြစ်သည်။

သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရသက်တမ်းအတွင်း တိုင်းပြည်၏ ပကတိ
အရှိတရားကိုအသိအမှတ်ပြုခဲ့ကာ၎င်းဦးဆောင်သော အစိုးရသစ်လက်ထက်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် မူဝါဒများချမှတ်ကာ
အကောင်အထည်ဖော် ဆောင်ရွက်နေမှုများမှာစိတ်ကျေနပ်စရာ ကောင်းလောက်အောင်
အောင်မြင်မှုများ ရရှိခဲ့ကာ၊ အာဆီယံ ဆီးဂိမ်းစ်အား အရှေ့တောင်အာရှသမိုင်းတလျှောက် မကြုံစဖူး
ထူးကဲအောင် ဆောင်ရွက်နိုင်ခဲ့သလို၊ လက်ရှိအချိန်တွင်လည်း အာဆီယံဥက္ကဌအဖြစ်
အောင်မြင်စွာ တာဝန်ထမ်းဆောင်လျက်ရှိကာ အခြားတစ်ဖက်တွင်တော့
လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပါတ်သက်သောပြည်တွင်းငြိမ်းချမ်းရေး အခြေအနေမှာ
လိပ်ခဲတည်းလည်းဖြစ်နေပြီး မလှုပ်သာ မလူးသာ အခြေအနေသို့ ရောက်ရှိနေပေသည်။

သို့သော် သမ္မတကြီး အပါအ၀င် အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်ခေါင်းဆောင်များ၏ ပြည်တွင်း
ငြိမ်းချမ်းရေးအတွက်  မဆုတ်မနစ်ကြိုးစားမှုဖြင့် နှစ်ပေါင်း ခြောက်ဆယ်ကျော်
လက်နက်စွဲကိုင် တိုက်ခိုက်လာခဲ့သော ကေအန်ယူနှင့် အပစ်အခတ်ရပ်စဲကာ
တစ်ချိန်က သေနတ်သံ၊ ဗုံးသံလွှမ်းနေသော ဒေသများအား
တည်ငြိမ်အေးချမ်းစေခဲ့မှုကိုတော့ အသိအမှတ် ပြုရမည်ဖြစ်သည်။


အင်အားချိန်ခွင်လျှာ

NLD ပါတီမှ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က
လွတ်လာတဲ့အချိန်မှာ အင်အား ချိန်ခွင်လျှာက အတိုက်အခံများ ဘက်မှာရှိတယ်။

NLD ကို၁၉၉၀ေ၇ွးကောက်ပွဲမှာ ပြည်သူလူထု တစ်ရပ်လုံးက ထောက်ခံ ခဲ့ကြတယ်။
၂၀၁၀မှာ ရွေးကောက်ပွဲမ၀င်လို့ ပြည်သူလူထုက စိတ်ပျက်ခဲ့ကြတယ်။
၂၀၁၂ကြားဖြတ်မှာ လည်းတခဲနက် ထောက်ခံခဲ့ကြတယ်။
ဒါကြောင့် ၂၀၁၅မှာ လည်း အပြတ်အသတ်နိင်မယ်လို့  NLD
ဂုရုကြီးများက အပိုင် တွက်ထားကြပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေဟာ လူထုက တခဲနက်ထောက်ခံတဲ့
အခြေအနေ မဟုတ်တော့ဘဲ လူထု အများစု ထောက်ခံတဲ့
အခြေအနေကို ကျဆင်းလာနေတယ် ဆိုတာ သတိပြုမိဖို့ လိုပါတယ်။

အမျိုးသားရေးထက် လူ့ အခွင့်အရေးကို ဦးစားပေးမှု၊
ဒီမိုကရေစီရေးကိုဦးစားပေးမှု တွေ ဟာ လူထုထောက်ခံမှု ကို
တအိအိ ကျဆင်းလာစေနေပါတယ်။ သာဓကအားဖြင့်
ရခိုင်တိုင်းရင်းသားတွေနဲ့ တရားမ၀င် ၀င်ရောက်ကျူးကျော်နေထိုင်နေတဲ့
ဘင်္ဂလီအရေးမှာ သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။

အဆိုးဆုံးကတော့ ဒီမိုကရေစီနည်းမကျတဲ့ အပြုအမူ
အပြော အဆိုတွေ ပြောဆိုပြုမူ လာခြင်းတွေ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အလွန် NLD ပါတီဟာ ရင်လေးဖွယ်ရာ အတိပါ။

ရှစ်လေးလုံးကာလမှာ လူထုက ပါတီစုံဒီမိုကရေစီကို လိုချင်ကြောင်း အတိအလင်း ပြခဲ့တယ်။
ဒါ့ကြောင့် န၀တ အာဏာယူပြီး ထုတ်ပြန်တဲ့ ပထမဆုံး ကြေညာချက်မှာ ပါတီစုံစနစ်နဲ့
ဈေးကွက် စီးပွားရေးစနစ်ကို သွားမယ်ဆိုတာ ကတိပေးခဲ့ရတယ်။
ဒါဟာ စစ်တပ်အနေနဲ့ လမ်းစဉ်ပါတီရဲ့ တစ်ပါတီစနစ်ကို ကာကွယ်ဖို့ မဟုတ်ဘူး ဆိုတာ
အတိအလင်း ပြောလိုက်တာပဲ။ တနည်းအားဖြင့် လူထုလိုချင်တာကို
သူတို့လုပ်ပေးပါ့မယ်လို့ ကတိပေးခဲ့တာပဲ ဖြစ်တယ်။

န၀တ တာဝန်ယူတဲ့အချိန်မှာ အဲဒီလိုနိုင်ငံရေးပိုင်းအရ အားနည်းခဲ့သလို
အုပ်ချုပ်ရေးပိုင်းမှာလည်း ယိမ်းယိုင် နေတယ်။
သပိတ်တိုက်ပွဲ တွေကြောင့် အစိုးရယန္တရားတစ်ခုလုံး ရပ်တန့်နေတယ်။
စစ်တပ် တစ်ခုတည်းသာလျှင် လည်ပတ်နိုင်တဲ့၊
ကွပ်ကဲမှုမပျက်သေးတဲ့ အစိုးရယန္တရား အဖြစ်ကျန်နေခဲ့တယ်။

ဒါပေမယ့် ယခုအချိန်မှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါပြီ။
အင်အားချိန်ခွင်လျှာက အစိုးရနဲ့ အတိုက်အခံတင်မဟုတ်တော့ဘဲ
အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကဲ့သို့သော အဖွဲ့အစည်းများအပြင်၊ ကြားနေ၀ါဒကို
စွဲကိုင်ထားတဲ့ တတိယအင်အားစုတွေ၊ တိုင်းရင်းသားပါတီတွေလည်း ပါဝင်လာပြီဖြစ်ပါတယ်။

အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေသူများ

    


 မြန်မာနိုင်ငံ ဖြတ်သန်းခဲ့ရသော သမိုင်းဖြစ်စဉ်များကို ပြန်လေ့လာကြည့်ပါက လွတ်လပ်ရေးကြိုးပမ်းမှု ကာလ၊ ပါလီမန်ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ ပြည်ထောင်စုအစိုးရခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နှင့် တပ်မတော်အစိုးရခေတ် စသည့်ခေတ်အဆက်ဆက်တို့တွင် နိုင်ငံတော်၌ အရေးကြုံလာတိုင်း တပ်မတော်မှကယ်တင်ခဲ့ရသည်ဟု တပ်မတော်အကြီးအကဲများမှ ပြောဆိုမှုများအပေါ် အဖွဲ့အစည်းအချို့နှင့် နိုင်ငံရေးပါတီအချို့မှ ဝေဖန်ပြောကြားမှုများကို ကြားသိနေရပါတယ်။ ဒါ့အပြင် တပ်မတော် အနေဖြင့် ပြည်ပရန်ကိုကာကွယ်ရန်သာ တာဝန်ရှိပြီး Rule of Law အရ ၀င်ရောက်ဆောင်ရွက်ရန် တာဝန်မရှိဟု ပြောဆိုမှုများ ရှိနေတာကိုလည်း ကြားသိနေရပါတယ်။  ထိုသို့ပြောဆိုသူများမှာ တပ်မတော်အပေါ် ဆန့်ကျင်ဖက် အမြင်သာရှိပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးအမြင်မရှိသူများမှ ပြောကြားနေခြင်းဖြစ်နိုင်သည်ဟု ယူဆမိပါတယ်။

          Globalization ဖြစ်စဉ်တွင် ပြောင်းလဲလာသော လုံခြုံရေးသဘောတရားတို့အရ နိုင်ငံတိုင်းရှိ တပ်မတော်တိုင်းသည် ပြည်ပရန်ကိုကာကွယ်ရန်အတွက်သာမကတော့ဘဲ ပတ်ဝန်းကျင်လုံခြုံမှု၊ စားနပ်ရိက္ခာလုံခြုံမှု၊ ကျန်းမာရေးလုံခြုံမှု၊ လူမျိုးစုအဖွဲ့အစည်းလုံခြုံမှု၊ နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးလုံခြုံမှုနှင့် ပုဂ္ဂိုလ်ရေးလုံခြုံမှု စသည့် လူမှုအသိုက်အမြုံလုံခြုံရေးမှ လူသား တစ်ဦးချင်းလုံခြုံရေးအထိ တာဝန်ရှိလာကြောင်း ကုလသမဂ္ဂ၏ ထောင်စုနှစ် အစီရင်ခံစာတွင် ဖော်ပြထားတာကို ဖတ်ရှုလေ့လာဖူးပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၃၉ တွင်  “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ် ရေးအတွက် ဦးဆောင်ရမည်” ဟုလည်း အတိအလင်းပြဋ္ဌာန်းထားတာကို ဖတ်ရှုလေ့လာခဲ့ဖူးပါတယ်။ မြန်မာ့    သမိုင်း ခေတ်အဆက်ဆက်မှာ တပ်မတော်က အသက်ပေး ကယ်တင်ဆောင်ရွက်ခဲ့တာတွေကို ခဏထားပါဦး။

     ယနေ့ဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ခံရေးလုပ်ငန်းနှင့်ပတ်သက်ပြီး  တစ်မျိုးသားလုံးအရေးဖြစ်လို့ အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေတာကို အားလုံးအသိဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း မကောက်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့ပြီဖြစ်၍ မြန်မာပြည်သူလူထုအနေဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အလှမ်းဝေးကွာနေပြီဖြစ်ပါတယ်။ သန်းခေါင်စာရင်း ဟု ဆိုလျှင် မိဘပြည်သူတို့ လက်ထဲတွင်ရှိသည့် အိမ်ထောင်စု လူဦးရေစာရင်းကိုသာ အမှတ်စွဲနေကြသော်လည်း နိုင်ငံ အများစုတွင် သန်းခေါင်စာရင်းဟုသာ သုံးနှုန်းကြပါတယ်။


          ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် သန်းခေါင်စာရင်းကို ၁၀ နှစ်လျှင်တစ်ကြိမ် ကောက်ယူလေ့ရှိကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ဖွံ့ဖြိုးမှုနှင့်လူဦးရေတိုးတက်မှုကို တိုင်းတာနိုင်ရန်အတွက် ၁၀ နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရန် အကြံပြုထားပါတယ်။ ကမ္ဘာ့သန်းခေါင်စာရင်းကောက်ယူမှုအစီအစဉ်အရ ၂၀၀၅ ခုနှစ်ကစတင်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံတွင်လည်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ရဲ့ပံ့ပိုးမှုနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့ကနေ၊ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်တာ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူနေပြီဖြစ်ပါတယ်။  သတင်းစာထဲမှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာ လက်နက်ကိုင်အဖွဲ့အစည်းအချို့က နောက်ကွယ်မှဟန့်တားခြိမ်းခြောက် နှောင့်ယှက် နေကြကြောင်းလည်း ရေးသားဖေါ်ပြထားတာကို တွေ့ရှိရပါတယ်။ 

      ဒီလိုအချိန်မှာလည်း တပ်မတော်နဲ့ ပတ်သက်၍ အမျိုးသားရေးတာဝန်ကိစ္စ ဝေဖန်ပြောကြားနေတဲ့ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းတွေက မည်သည့်ကူညီ ထောက်ပံ့ရေး၊ အကြံပေးရေးတို့မဆိုထားနဲ့ တစ်မျိုးသားလုံးအရေးဆောင်ရွက်မှုအတွက် နှောင့်ယှက်ဟန့်တား ခြိမ်းခြောက်မှုကို ရှုံ့ချကန့်ကွက်သည့် ထုတ်ပြန်ကြေညာချက်တစ်စောင်တစ်လေမှ ထွက်ပေါ် လာခြင်းမရှိသည်ကို အံ့သြနေမိပါတယ်။

    သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် သမ္မတဦးသိန်းစိန်အစိုးရ စတင်တာဝန်ထမ်းဆောင်ပြီး  (၂) လအကြာမှစတင်၍ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့နဲ့ စတင်ပူးတွဲဆောင်ရွက်ခဲ့ပြီး သန်းခေါင်စာရင်းစီမံကိန်း ချမှတ်တာဖြစ်လို့ (၃) နှစ်လောက် အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။  မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ မြန်မာသမ္မတကြီးတို့ရဲ့ရှေ့မှောက်မှာ အစိုးရနဲ့ ကုလ သမဂ္ဂအကြား ဒီအစီအစဉ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ တကယ်ရှိနေတဲ့လူဦးရေနဲ့ မှန်ကန်တဲ့အချက်အလက်တွေပေါ်မူတည်ပြီးတော့ စီမံကိန်းတွေရေးဆွဲဖို့နဲ့ တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ် အေးချမ်းဖို့အတွက်  အရေးကြီးပါတယ်။

          ယခုကောက်ယူတဲ့ သန်းခေါင်စာရင်းဟာ မိဘပြည်သူများ၏ အကျိုးစီးပွားမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် နိုင်ရေး၊ အခြေခံကိန်းဂဏန်းများ တိတိကျကျရရှိရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးခြင်းလည်း ဖြစ်ပါတယ်။ ကောက်ယူရရှိတဲ့ လူဦးရေနှင့် အိမ်အကြောင်းအရာ လူမှုရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနဲ့ ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ်များ တည်ဆောက် ရာမှာ များစွာအထောက်အကူပြုမှာဖြစ်ပါတယ်။ 

နိုင်ငံရေး၊ စစ်ရေး၊ ရွေးကောက်ပွဲများနဲ့လည်း မသက်ဆိုင်ပါဘူး။  မြန်မာပြည်နယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို လူမျိုးဘာသာမရွေး၊ နိုင်ငံသား/နိုင်ငံခြားသားမရွေး၊ အဆင့်အတန်းမရွေး စာရင်းကောက်ယူတာဖြစ်လို့ အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်တဲ့ အမျိုးသားရေးတာဝန်ကြီးတစ်ရပ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

         သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းမှာ စာရင်းကောက်ဝန်ထမ်းများအဖြစ်  ပညာရေးဝန်ထမ်းများက အဓိကအားဖြည့်ဆောင်ရွက်ပေးနေကြပါတယ်။ ဆရာ၊ ဆရာမများအနေနဲ့ နွေရာသီကျောင်းပိတ်ရက်တွင် မိမိ ကိုယ်ပိုင်အချိန်ကို အနားမယူနိုင်ဘဲ၊ အပင်ပန်းခံပြီး နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ကို ဆောင်ရွက်လျှက် ရှိသည်မှာ အလွန်ကျေးဇူးတင်လေးစားထိုက်ပါတယ်။ အချို့မှာ တပ်မတော်၏လုံခြုံရေးအကူအညီဖြင့် ဝေးလံခေါင်သီ တဲ့နယ်မြေဒေသများအထိ အသက်အန္တရာယ်ကြားက စွန့်စွန့်စားစား လုပ်နေရတာတွေကိုလည်း နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ စာစောင်တွေမှာ ဖတ်ရှုမြင်တွေ့ကြားသိနေရပါတယ်။ စာရင်းကောက်ခံရေးတွင် ပါဝင်ဆောင်ရွက်သူ များအား ကုလသမဂ္ဂနှင့်နိုင်ငံတော်မှ နေ့တွက်စရိတ်များထုတ်ပေးထားကြောင်း ပြောကောင်းပြောနိုင်ပါလိမ့်မယ်။ နွေရာသီရဲ့အပူဒဏ်အောက်မှာ ကိုယ်ပိုင်အချိန်တွေကိုလက်လွှတ်ပြီး တစ်အိမ် တက်/ဆင်း ပြောဆိုမေးမြန်းနေရတဲ့ အလုပ်ကို ဒီရရှိတဲ့ငွေကြေးကြောင့် လုပ်နေကြတာမဟုတ်ဘဲ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကြည်လင်ရွှင်ပျစွာ ဆောင်ရွက်နေကြတယ်ဆိုတာ ထင်ရှားလှပါတယ်။

 ဤသို့ သန်းခေါင်စာရင်းကောက်ခံခြင်းလုပ်ငန်းကို နိုင်ငံသားအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သော်လည်း အချို့သောအဖွဲ့အစည်းများသည် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း မပြုရုံသာမက သန်းခေါင်စာရင်းကောက်ယူခြင်းအား နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်နေခြင်းသည် အမျိုးသားရေးကို နှောင့်ယှက်ဖျက်ဆီးနေခြင်းပင်ဖြစ်ပါတယ်။ 

      လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအချို့၏ ထိန်းချုပ်နယ်မြေ အချို့တွင် ခြိမ်းခြောက်ခြင်း၊ တားဆီးခြင်းများဖြင့် အမျိုးသားရေးတာဝန်ထမ်းဆောင်မှုကို ဆန့်ကျင်ဟန့်တားမှုများ အဓိပ္ပာယ်မဲ့လုပ်ဆောင်နေကြခြင်း၊ အချို့လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စာရင်းကောက် ၀န်ထမ်းများနှင့် ကျောင်းဆရာ/ဆရာမများကို ခြိမ်းခြောက်ရန်ရှာခြင်းအပြင် လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးနေကြသည့် လုံခြုံရေး ၀န်ထမ်းများကိုလည်း ချောင်းမြောင်း ပစ်ခတ်နှောင့်ယှက်တိုက်ခိုက်ခြင်း စတဲ့ အဖျက်အမှောက်လုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိကြောင်းလည်း နိုင်ငံပိုင်သတင်းမီဒီယာများ၊ သတင်းစာများနှင့် ဒေသခံပြည်သူများထံမှ ကြားသိနေရပါတယ်။ တစ်ချိန်တည်းမှာဘဲ တပ်မတော်သားများက လုံခြုံရေးလိုက်ပါဆောင်ရွက်ပြီး သန်းခေါင်စာရင်း ကောက်ယူရန် ခြိမ်းခြောက်နှောင့်ယှက်ဟန့်တား
ခံရသည့် နယ်မြေများ၌ သန်းခေါင်စာရင်းကောက်ယူနေမှု ပြီးစီးမှုတို့ ကိုလည်း ကြားသိရပြန်ပါတယ်။

          တပ်မတော်ဟာ လိုအပ်သည့်အချိန်တိုင်း၊ အရေးကြုံတိုင်း မည်သည့်ကိစ္စဖြစ်ဖြစ် ပြည်သူ့ဘက်၊ နိုင်ငံတော် ဘက်မှ မားမားမတ်မတ်ရပ်တည်၍ အသက်စွန့်ပေးဆပ်လျှက်ရှိတဲ့ နိုင်ငံတော်ရဲ့ အဓိကကာကွယ်ရေးအဖွဲ့အစည်း တစ်ခုဖြစ်တယ်လို့ ယုံကြည်လက်ခံထားပါတယ်။ တပ်မတော်မှ ယခုလို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင် စာရင်းကောက်ယူသည့် အမျိုးသားရေးတာဝန်ကြီး၌ လုံခြုံရေးလိုက်ပါထမ်းဆောင်ခြင်းအား အချို့သောအဖွဲ့အစည်း များအနေဖြင့် “ဒီလစာစားနေသည့်အတွက် ဒီလိုလုပ်ရတာပဲ ဒါဟာမထူးဆန်းပါဘူး၊ အမျိုးသားရေးတာဝန် ထမ်းဆောင်နေခြင်းမဟုတ်ပါဘူး” ဟု အားမနာပ ပြောဆိုနေကြသည့်ပါတီများ ၎င်းအဖွဲ့အစည်းများမှာ ယခုကဲ့သို့ သန်းခေါင်စာရင်းကောက်ယူသည့် အမျိုးသားရေးကိစ္စမျိုးတွင် နှမ်းတစ်စေ့မျှတောင် ပါဝင်ကူညီဆောင်ရွက်ပေးခြင်း မရှိခဲ့ကြတာလည်း ရှက်ဖွယ်လိလိ တွေ့မြင်ရပြန်ပါတယ်။ 

 ဒီလိုအနှောင့်အယှက်တွေ ဖိအားပေးမှုတွေကြောင့်  သက်ဆိုင်ရာအဖွဲ့အစည်းတွေက  အကူအညီတောင်းခံလာခဲ့သလို တပ်မတော်အနေနဲ့ လုံခြုံရေးအရ အကာအကွယ် ပေးရန်၊ လိုအပ်ချက်အရ ဆောင်ရွက်ပေးနေခြင်းပဲဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ 

                    


          မည်သူကတိုက်တွန်းသည်ဖြစ်စေ၊ မတိုက်တွန်းသည်ဖြစ်စေ “နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် ဘေးအန္တရာယ်များကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်” ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ-၃၄၁ အရ တပ်မတော်ဟာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနှင့် ကာကွယ်ရေး အတွက် တာဝန်ရှိတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ လုံခြုံရေးကိစ္စများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားဖြင့် မလုံလောက် တဲ့အခါမျိုး၊ ရဲတပ်ဖွဲ့အင်အားနဲ့ စွမ်းဆောင်ဖို့ မဖြစ်နိုင်တဲ့ နေရာဒေသမျိုးမှာ တပ်မတော်အနေဖြင့် မလွှဲမရှောင်သာ တာဝန်သိသိဖြင့် ပါဝင်ကြရမှာပဲ ဖြစ်ပါတယ်။ အကူအညီတောင်းခံလာလို့ လုံခြုံရေးဆောင်ရွက်ပေးရာတွင် တပ်မတော်သားများအနေနဲ့ မိမိအသက်အန္တရာယ်အတွက် ထိခိုက်နိုင်သော်လည်း ပဓာနမထားပဲ ကူညီလျှက်ရှိတာ ရှေးယခင်တည်းကဖြစ်ခဲ့သလို ယခုလည်း ကူညီလျှက်ရှိတာကို တွေ့ရှိရပြီး နောင်လည်းပဲ ကူညီသွားဦးမှာပဲလို့ ယုံကြည်မျှော်လင့်မိပါတယ်။
          
       သန်းခေါင်စာရင်းကောက်ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေချိန်မှာ နိုင်ငံသား အားလုံး၊ အဖွဲ့အစည်းအားလုံးအနေနဲ့ နေရာဒေသမရွေး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်။           သန်းခေါင်စာရင်းကောက်ယူတဲ့ကိစ္စမှာ တပ်မတော်အနေနဲ့လည်း လိုအပ်ချက်ရှိလို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အကူအညီတောင်းခံလာလို့ လုံခြုံရေးဆောင်ရွက်ပေးနေရခြင်း
ဖြစ်တယ်လို့ယူဆ၍ ရသလို တပ်မတော်အနေဖြင့် အမျိုးသားရေးနဲ့ပတ်သက်လာရင်တော့ ကိုယ်ကျိုးစီးပွားငဲ့ကွက်ခြင်းမရှိပါဘဲ စိတ်ရင်း စေတနာဖြူစင်စွာနဲ့ သမိုင်းအစဉ်အလာကြီးမားတဲ့ တပ်မတော်သားများပီပီ အမိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အတွက်သော်လည်းကောင်း၊ နိုင်ငံတော်၏ ရေထု၊ မြေထု၊ လေထု အတွင်း မှီတင်းနေထိုင်ကြတဲ့ သန်း ၆၀  ကုန်သော တိုင်းရင်းသားပြည်သူစစ်စစ်တို့အတွက်သော်လည်းကောင်း၊ အမျိုးသားရေးတာဝန်ကို ဦးလည်မသုန် ထမ်းဆောင်နေခြင်းဖြစ်သည်ကိုလည်း ပြည်သူထဲကပြည်သူတစ်ယောက်အနေဖြင့် နားလည်သဘောပေါက်ပါတယ်။

   ယနေ့ပြင်ပလောကမှ တရားဝင်/တရားမ၀င်နည်းမျိုးစုံနဲ့ တပ်မတော်သားများအပေါ် အဆိုးမြင်ပြီး ဝေဖန် ပြောဆိုမှုများအပေါ် ယနေ့နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေကြတဲ့ တပ်မတော်သားများအနေနဲ့ သည်းခံခွင့်လွှတ်ပြီး တိုင်းပြည်အတွက် လိုအပ်သည့်အချိန် အရေးကြုံသည့်အချိန်တိုင်း မည်သည့်ကိစ္စပဲဖြစ်ဖြစ် ပြည်သူဘက်၊ နိုင်ငံတော်ဘက်မှ မားမားမတ်မတ်ရပ်တည်၍ အသက်စွန့်လွှတ်ပြီး မွန်မြတ်တဲ့စေတနာဖြင့် တာဝန်ထမ်းဆောင်နေတာကို လေးစားဂုဏ်ပြုပါကြောင်းနှင့်  နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ  ပြည်သူနဲ့အတူ အမြဲလက်တွဲဆောင်ရွက်ပေးပါရန် တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။


အမ်ဇော်ယော်

ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးကို ရှုမျှော်ကြည့်ြ့ခင်း



(စာရေးဆရာ ဦးကျော်ဝင်းနှင့် ဆွေးနွေးခြင်း)

YMG- မင်္ဂလာပါဆရာ၊ မကြာမီကာလ ၂၀၁၅ခုနှစ်မှာ ရွေးကောက်ပွဲလာပါတော့မယ်။
အဲဒီ့ ရွေးကောက်ပွဲပြီးရင် အစိုးရသစ်တစ်ရပ်လဲ ပေါ်လာမှာဖြစ်ပါတယ်။
တော်တော်များများက ၂၀၁၅ အလွန်လို့ပြောကြတယ်။
ဒါပေမဲ့ တလောတုန်းက သတင်းစာထဲမှာ နိုင်ငံတော် သမ္မတကြီးက
“တို့သက်တမ်းက ၂၆လ ကျန်သေးတယ်လို့ပြန်ပြောတော့” ကျွန်တော် ပြန်တွက်ကြည့်တယ်။ လက်ရှိအစိုးရသက်တမ်းဟာ ၂၀၁၆ မတ်လအထိ ဆက်ရှိနေအုန်းမှာ။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ နောက်အစိုးရသစ်က ပေါ်လာမှာဆိုတော့
၂၀၁၅အလွန်ပဲ ပြောပြော၊ ၂၀၁၆အလွန်ပဲပြောပြော ပေါ်ထွက်လာမယ့်
အစိုးရသစ်နဲ့ ပတ်သက်ပြီး ဆရာ သုံးသပ်ပေးပါဦး။

KW- ၂၀၁၆ အလွန်မှာ ဘယ်လိုအစိုးရ ဖြစ်မလဲဆိုတာ ကျွန်တော်လဲ မသိပါဘူး။
အဲဒီ မတိုင်ခင် ၂၀၁၄-၂၀၁၅ မှာ ဘယ်လိုဖြတ်သန်းခဲ့ကြသလဲဆိုတဲ့ အချက်ပေါ် မူတည်ပါတယ် Political Opening အဆင့်မှာ နိုင်ငံတကာ အတွေ့အကြုံအရ မငြိမ်ပါဘူး။ အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတော့ ၂၀၁၄-၂၀၁၅ မှာ အေးအေးညောင်း ညောင်းဖြစ်မှ အလားအလာကောင်းတဲ့ ရှုမျှောင်ခင်းဖြစ်မယ်။
အဲဒီလိုမဟုတ်ဘဲ Political Opening အဆင့်မှာ အကြောင်းကြောင်းကြောင့် နောက်ပြန်ဆုတ်သွားရင် နောက်ထပ် ရှုမျှော်ခင်းတစ်ခု ထပ်ဖြစ်သွားနိုင်တယ်။ အခုအချိန်က အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုရဲ့
အစကို ရောက်နေပြီး။ အရင်က တပ်မတော်ဆိုတာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့
နှစ်ကိုယ် တစ်စိတ်ဖြစ်ခဲ့တယ်။ ဒီနေ့ ပြည်ခိုင်ဖြိုးအဖွဲ့မှာ တပ်မတော်က ခေါင်းဆောင်တွေပါနေတော့ တော်တော်များများက တပ်မတော်ဟာ ပြည်ခိုင်ဖြိုးဘက်မှာ ရှိနေတယ်လို့ မြင်ကြတယ်။

လွှတ်တော်ထဲရောက်သွားတော့ အဲဒီဟာကို ကျွန်တော်သတိထားမိတယ်။
မဲပေးတဲ့ အခြေအနေကို ကြည့်ရင် တပ်မတော်ဟာ USDP အပါအဝင် 
ဘယ်ပါတီဘက်နဲ့မှ ပတ်သက်မှု မရှိတာကို တွေ့ရတယ်။ 
သူ့ဟာသူ လွတ်လွတ်လပ်လပ်ရပ်တည်နေတာကို တွေ့ရတယ်။ 
ဒါဟာ အင်မတန်ကောင်းတဲ့ အချက်တစ်ခုဖြစ်တယ်။ 
သို့သော် တပ်မတော်ဟာ နိုင်ငံရေးက အပြီး အပိုင် ဆုတ်ခွာသွားဖို့တော့ ခက်တယ်။ အချိန်ကာလတစ်ခုတော့ ယူရဦးမယ်ထင်တယ်။
 လောလောဆယ် အခြေအနေကိုကြည့်ရင် သူတို့ကိုယ်တိုင်
အာဏာသိမ်းချင်တဲ့သဘော မရှိဘူး။ အဲဒါဟာ သေချာသလောက်ပဲ။

သို့သော် အာဏာမသိမ်းတော့ဘူးလို့ ယတိပြတ် ဆုံးဖြတ်ချက်တော့ မရှိဘူး။
လက်ရှိ Constitution ကတစ်ဆင့် အာဏာသိမ်းလို့ ရအောင် လုပ်ထားတယ်။
သိမ်းခဲ့ရင်လည်း ၆၂ ကပုံစံမျိုးတော့ မဖြစ်လောက်ဘူး။ ဖြစ်မှဖြစ် ၅၈ က ပုံစံမျိုးပဲဖြစ်မယ်။ လွှတ်တော်ဖျက်မယ် မထင်ဘူး။ ကာလသက်တမ်းကြရင် Constitution ကတော့ နှစ်နှစ်သိမ်းခွင့်ပြုဟန်တူတယ်။ သူတို့ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်။
ကျွန်တော် ကတော့ အဲဒါကို မဖြစ်စေချင်ဘူး။

အဲဒီလိုလုပ်လိုက်ရင် နောက်တက်မယ့် အစိုးရဟာ တစ်က ပြန်စရတော့မယ်။
အများကြီး နောက်ဆုတ်သွားပြီ။ နောက်တစ်ချက်က တပ်နဲ့လူထုအကြား
ယိုယွင်းနေတဲ့ ယုံကြည်မှုဟာ ပိုဆိုးသွားမယ်။
ဒါကြောင့် အဲဒါတွေမဖြစ်ဘဲ အေးအေး ညောင်းညောင်း ဖြတ်သန်းသွားနိုင်ရင်တော့
၂၀၁၆ ဟာ ပိုကောင်းတဲ့ အလားအလာ ရှုမျှော်ခင်းတစ်ခုကို မြင်ရမယ်လို့ထင်တယ်။
အဲဒီလို မဟုတ်ဘဲ ကြားထဲမှာ ဝမ်းနည်းစရာနဲ့ ကြုံလာရင်တော့
အဲဒီရှုမျှော်ခင်းက သိပ်ကောင်းလှမယ် မထင်ဘူး။

YMG- ဆရာပြောတဲ့အထဲမှာ နောက်ကြောင်းပြန်လှည့်မယ့်ကိစ္စနဲ့
တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ်လို့မြင်တယ်။
တပ်မတော်ဟာ အကူးအပြောင်းရဲ့ ကနဦးကာလမှာပါနေတယ်။
ကျွန်တော်သိချင်တာက မည်ကဲ့သိုသော အကြောင်းအရာများက
ကျွန်တော်တို့နိုင်ငံကို နောက်ကြောင်းပြန်လှည့်သွားစေနိုင်သလဲဆိုတာ
နည်းနည်းလေး သုံးသပ်ပေးပါဦး။

KW- လောလောဆယ် တပ်မတော်ရဲ့ ရပ်တည်ချက်က တို့တာဝန်အရေးသုံးပါး၊
နောက် စတုတ္ထတစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ရေးပေါ့။ 
ဒီလေးခုကို မထိပါးသရွေ့ တပ်မတော်က ကြားမှာနေမယ့် သဘောရှိတယ်။
ဒီအနေအထားတစ်ခုကို ၂၀၁၅ခုနှစ် မတိုင်ခင်အထိ ထိန်းထိန်းသိမ်းသိမ်းသွားနိုင်ရင် ကောင်းတယ်။
ဒီ Limit ထဲမှာပဲ ကစားရင် ကောင်းမယ်။

သို့သော် ဒီ Limit ဟာ တစ်သက်လုံးသွားလို့မရဘူး။ တဖြည်းဖြည်းနဲ့ ဒါတွေကို လျှော့သွားရမယ်။ ဖွံ့ဖြိုးပြီးသား နိုင်ငံမှာ တပ်ရဲ့ ဆုတ်ခွာရေးဖြစ်စဉ်ဟာ နှစ်ချက်ပဲရှိတယ်။

ဒုတိယကမ္ဘာစစ်ဖြစ်ပြီးခါစက Political Organ ကနေ Politisiam Organ ကိုပြောင်းတယ်။
သို့သော် ပြည်တွင်းစစ်တန်းလန်းနဲ့ ကျွန်တော်တို့လိုနိုင်ငံမှာတော့ ကြားခံတစ်ခုလိုတယ်။
Political Organ to Semi Politisam ပြီးမှ Politiciam Organ ကို သွားရတယ်။
Semi Politisam Organ က ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ယူထားရတယ်။
 ပြည်ပရန် မရှိတော့ရင် နိုင်ငံရေးထဲမှာမပါရတော့ဘူး။ ကြားထဲမှာ ဝမ်းသာစရာကောင်းတာက ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် နှစ်နေရာမှာ ပြောခဲ့တာရှိတယ်။

ထိုင်းမှာ တစ်ခါ၊ စင်ကာပူမှာ တစ်ခါ။ ကျွန်တော်တို့ တဖြည်းဖြည်းချင်းလျှော့သွားမယ်လို့ ပြောခဲ့တာရှိတော့ ကျွန်တော်တို့ အတွက် အားတက်စရာပဲ။
ဒီအနေအထားကိုကြည့်ပြီး တစ်ဖက်က လက်ရှိ ရှိနေတဲ့ ကန့်သတ် ဘောင်ထဲမှာ ပါးပါးနပ်နပ်ကစားတတ်ဖို့လိုပါတယ်။ အဲဒီ အကန့်အသတ်ကိုလည်း
ချဲ့ထွင်နိုင် ရေး လည်း လုပ်ရပါမယ်။ လာရီးဒိုင်းမွန်းက အကြံပေးထားတာ နှစ်ခုရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ပြေပြေလည်လည်ဖြစ်ဖို့ဆိုရင်
ဒီမိုကရက်တစ်အင်အားစု ထဲက radical မကျတဲ့ moderate တွေနဲ့ အရင်အစိုးရထဲက
Heard Liner မဟုတ်တဲ့ reformer တွေ။ အဲဒီ moderate နဲ့ reformer တွေကြားထဲမှာ နိုင်ငံရေး ပဋိညာဉ်တစ်ခု ရဖို့လိုတယ်။ ဒုတိယ အချက်တစ်ခုက ၂၀၁၅ရွေးကောက်ပွဲမှာ Free and Fair ဖြစ်လို့
bi-election အတွေ့အကြုံ ကိုယူပြီး NLD က Landslide နိုင်သွားရင် တစ်ဖက်က တပ်မတော်ရဲ့ စိုးရိမ်သောက တွေ ကြောင့် ၉၀ပြည့်နှစ်ရွေးကောက်ပွဲလိုမျိုး ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့ PR စနစ်လုပ်ကြည့် ပါလို့ သူက အကြံပေးတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင် ဦးတင်အေးက PR စနစ်ကို အကောင်အထည်ဖော်ချင်ရင် ၂၀၁၃အတွင်းအပြီးလုပ်ပါလို့ ပြောထားတာရှိတော့ PR ကို ကျင့်သုံးဖို့ ဖြစ်မလာနိုင်တော့ဘူး။ ဒီနေရာမှာ PR ကို ကျွန်တော်တို့ ထောက်ခံချင်လို့ မဟုတ်ပါဘူး။

YMG- အခုပါတီတွေ တော်တော်များလာတယ်။ ပါတီတိုင်းလိုလိုဟာလည်း ဒီမိုကရေစီဆိုတဲ့ စကားလုံးပါတဲ့ ပါတီတွေ တွေ့ရတယ်။ ကွန်မြူနစ်ဆိုတဲ့စကားလုံးကို ဘယ်သူမှ မတပ်ဘူး။ သို့ သော် တချို့တွေက ဒီမိုကရေစီနာမည်ခံသော်ငြားလည်း တွေးခေါ်တာ၊ လုပ်ကိုင်တာ အားလုံး ဟာ လက်ဝဲပုံစံနဲ့ သွားနေတာမျိုးရှိတယ်။

KW - ဒါကြောင့် ကျွန်တော်တို့ဟာ လစ်ဘရယ် Culture ထွန်းကားဖို့၊ လစ်ဘရယ် ဒီမိုကရေ စီ ထွန်းကားဖို့ လိုတယ်။ Democrative way of thinking ထွန်းကားဖို့လိုတယ်။ ဒါကြောင့် နှစ်ဖက်တာဝန်ရှိတဲ့ ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုတာက ထိန်းထိန်းသိမ်းသိမ်း သွားကြ ဖို့၊ အချုပ်ပြောရရင် ၁၉၆၀ ပြည့်နှစ်လောက် အခုပုံစံ ဆန်ဆန်ဖြစ်ဖူးတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့လည်းပတ်သက်တယ်။ လူမျိုးစုပြဿနာနဲ့လည်း ပတ်သက်တယ်။ ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြဌာန်းရေးနဲ့လည်း ပတ်သက်တယ်။ ဦးနုကပြောဘူးတာရှိတယ်။

တောင်း တဲ့ ပြည်သူလူထုဘက်က (အတိုက်အခံလက်နက်ကိုင်အင်အားစုဘက်က) တောင်းပါ။ ဒီမို ကရေစီဟာ တောင်းခွင့်ရှိပါတယ်။ သို့သော် တစ်ခု သတိထားဖို့က "ရ ရင် ရ၊ မရ ရင် ချ" မယ် ဆိုတဲ့ စိတ်မျိုးတော့ မထားပါနဲ့။ ကျုပ်တို့ အစိုးရကလည်း မင်းတို့ချရင် တို့ပြန်ချမယ်ဆိုတာ မလုပ်တော့ဘူးတဲ့။ ဒါကြောင့် တောင်းတဲ့လူက တောင်းကြပါ။ တောင်းခွင့်မရှိဘူးလို့ ကျွန် တော် မပြောပါဘူး။ 
သို့သော် တောင်းပါ။ မရ ရင် မချကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်။

ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ်(၆)ပါ "စာရေးဆရာ ဦးကျော်ဝင်းနှင့် ဆွေးနွေးခြင်း" မှာ ကောက်နှုတ်ကူးယူဖော်ပြသည်

ဒီမိုကရေစီ နှင့် အကြမ်းဖက်မှု



ဒီမိုကရေစီစနစ်သစ်ဆီသို့ ညင်သာစွာကူးပြောင်းနိုင်ခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကမ္ဘာ့အလည်တွင် ၀င့်ထည်စွာဖြင့် ပြန်လည်ထွက်ပေါ်လာခဲ့ ပြီဖြစ်သလို များမကြာမီတွင် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပွဲတော်ကြီးအား ခမ်းနားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်ကာ အာဆီယံအသင်းကြီး၏ ဥက္ကဋ္ဌ ရာထူးတာဝန်ကိုပင် ရယူတော့မည် ဖြစ်သည်။ 

သို့သော်လည်း ယနေ့အခါ ရခိုင်ဒေသတွင်ဖြစ်ပေါ်ခဲ့သော မတည်ငြိမ်မှုများမှ အစပြုပြီး ပြည်တွင်းမှာ ဗုံးခွဲမှုတွေ အတော်များများ ဖြစ်လာတာကို တွေ့ရပါတယ်။ တစ်ခါတစ်လေမှာ ဗုံးထောင်သူ ကိုယ်တိုင် လက်ထဲမှာ ဗုံးကွဲပြီး သေဆုံးတာလည်း တွေ့ရပါတယ်။ တစ်ချို့ ဗုံးဖောက်ခွဲမှုတွေကို သူတို့ လုပ်ပါတယ်လို့ ကြေညာတာရှိသလို တစ်ချို့ ဗုံးကွဲမှုတွေ ကတော့ လက်သည်မပေါ်ဘဲ ရှိတာကိုလည်း တွေ့ပါတယ်။ အစိုးရဘက်ကတော့ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေမှာတော့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး တရားခံတွေကို ဖော်ပြတာလည်း တွေ့ရတတ်တယ်။ 

သို့သော် ပြည်တွင်းမှာ နိုင်ငံရေး လှုပ်ရှားနေတဲ့ ပါတီများ၊ ပြည်ပမှာ လှုပ်ရှားနေတဲ့ အတိုက်အခံ အဖွဲ့အစည်းများ အနေနဲ့ အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ အပေါ် ပြတ်သားတဲ့ ရပ်တည်ချက် မရှိတာကို စိတ်မကောင်းစရာ တွေ့ရပါတယ်။  အခုနောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ ဗုံးခွဲမှု အားလုံးဟာ ဘူတာ၊ ပန်းခြံ၊ ကားဂိတ်၊ ဘူတာရုံ၊ စက်မှုဇုံများကို ပစ်မှတ်ထား လုပ်လာတာ တွေ့နိုင်ပါတယ်။ ဒါဟာ အပြစ်မဲ့ ပြည်သူတွေ အပေါ် အကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းက လုပ်လုပ် ဒီလိုအကြမ်းဖက်မှု ကို လက်ခံလို့ မသိချင်ယောင် ဆောင်နေလို့ မရပါဘူး။ 

တစ်ခါတစ်လေ ဒီဗုံးဖောက်ခွဲမှုကို အစိုးရကပဲ လုပ်သလိုလို မျက်နှာလွဲခဲပစ် ပြောလိုက်တဲ့ အပြောတွေလည်း တွေ့ရပါတယ်။ ဒီသီအိုရီဟာ ၉/၁၁ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ တိုက်ခိုက်မှုကို စီအိုင်အေနဲ့ မော့ဆက် ပေါင်းလုပ်တယ် ဆိုတဲ့ အယူအဆမျိုးထက် မပိုပါဘူး။ ဒီအတိုင်းဆိုရင် ထိုင်းတောင်ပိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အာဖဂန်၊ ပါကစ္စတန်နဲ့ အီရတ်မှာ ဖြစ်နေတဲ့၊ ရုရှားနဲ့ ဗဟိုအာရှ ဒေသမှာ ဖြစ်နေတဲ့ ဗုံးခွဲမှုတွေ၊ အစ္စရေး နိုင်ငံထဲမှာ ဖြစ်နေတဲ့ ဗုံးပေါက်ကွဲမှု တွေ၊ မကြာသေးခင်ကမှဖြစ်ပွားခဲ့တဲ့ အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ မာရသွန်အပြေးပြိုင်ပွဲ ဗုံးပေါက်ကွဲမှုတွေဟာ သက်ဆိုင်ရာ အစိုးရတွေက လုပ်နေတာလို့ ပြောရမလို ဖြစ်နေပါပြီ။ 

တကယ်တော့ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် အကြမ်းဖက် အဖွဲ့အစည်းများဟာ Soft Target လို့ခေါ်တဲ့ အရပ်သား ပစ်မှတ်တွေကို အဓိကထားပြီး တိုက်ပါတယ်။ ဘာလို့ ဒီလိုလုပ်ရ သလဲဆိုတော့ 

၁။ စစ်ဘက် ပစ်မှတ်တွေထက် စာရင် အကာအကွယ် နည်းတယ်။ တိုက်ရလွယ်တယ်။ 

၂။ ပြည်သူလူထု အနေနဲ့ လက်ရှိအစိုးရရဲ့ အာဏာ ခိုင်မြဲမှု၊ လူထုကို အကာအကွယ် ပေးနိုင်မှု အပေါ် သံသယတွေ ဖြစ်ပေါ် စေတယ်။ 

၃။ ရေရှည် တိုက်ခိုက်မှုတွေ လုပ်လာတာ နဲ့အမျှ အောက်ခြေလူထု အနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းများရဲ့ အာဏာစက်ကို အသိအမှတ်ပြုလာတယ်။ နောင်မှာ အစိုးရ အုပ်ချုပ်ရေး ယန္တရားနဲ့ အပြိုင် ဖြစ်လာနိုင်တယ်။ 

၎။ အစိုးရက လုံခြုံရေးအတွက် တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ၊ ကန့်သတ်မှုများ လုပ်လာတဲ့အခါ ဒါကို အကြောင်းပြပြီး လူထုနဲ့ ထိပ်တိုက်တွေ့အောင် လှုံ့ဆော်နိုင်တယ်။ 

၅။ အစိုးရကို သိက္ခာကျအောင် လုပ်နိုင်တယ်။ လူထုထဲမှာ ကျီးလန့်စာစား ဖြစ်လာမယ်။ ကောလဟာလတွေ၊ ကြောက်လန့်မှုတွေ ဖြစ်လာမယ်။ 

၆။ အစိုးရ ကိုယ်တိုင်က မိမိရဲ့ လုံခြုံရေး စွမ်းအား အပေါ် သံသယ ဖြစ်လာတယ်။ 
အစိုးရ ရပ်တည်ရေးမှာ အဓိက ဒေါက်တိုင်ဖြစ်တဲ့ လုံခြုံရေး ဒေါက်တိုင်ကို ယိမ်းယိုင် သွားစေနိုင်တယ်။ 

ဒါဟာ မြို့ပေါ် ပြောက်ကျားစစ်ကို ဆင်နွဲနေတဲ့ အဖွဲ့အစည်း အားလုံးရဲ့ မဟာဗျူဟာ ရည်မှန်းချက်ပဲ ဖြစ်တယ်။ ဒီနေ့ ပြည်တွင်းမှာ ဗုံးဖောက်ခွဲမှုများ ပြုလုပ်နေတဲ့ အဖွဲ့အစည်းများ ဟာလည်း ဒီရည်ရွယ်ချက်နဲ့ပဲ လုပ်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရများရဲ့ အားနဲ့ ဂုဏ်သိက္ခာဟာ အခြေအနေ အားလုံးကို သူတို့ ထိန်းထားနိုင်တယ်။ လုံခြုံမှုနဲ့ တည်ငြိမ်မှု အပြည့်အ၀ ရအောင် လုပ်နိုင်တယ် ဆိုတဲ့ အချက် အပေါ်မှာ မူတည်ပါတယ်။ ဒီလို ဗုံးကွဲမှုတွေ ဖြစ်တိုင်း၊ ဖြစ်တိုင်း အစိုးရသိက္ခာ ကျဖို့ပဲ ရှိပါတယ်။ ဒါ့ကြောင့် အစိုးရက ဗုံးခွဲတာပါလို့ ပြောဆိုချက်များဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတယ် လို့ပဲ ယုံကြည်ပါတယ်။ 

နောက်တစ်ခါ အစိုးရကို ဆန့်ကျင် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းများ အနေနဲ့လည်း ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေ ဖြစ်တယ်၊ ဒီအချိန်ဟာ အစိုးရကို ဆန့်ကျင်နေသူတွေ အချင်းချင်းကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်တိုက်ခိုက် ရမယ့် အချိန် မဟုတ်ဘူး လို့လည်း ယူဆထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခုလို့ အကြမ်းဖက်မှုမျိုး သာမက ဒီနေ့ ဖြစ်ပေါ်နေတဲ့ အတွင်း ပြဿနာများနဲ့ ပတ်သက်ရင် တစ်ဦးနဲ့ တစ်ဦး ဝေဖန် ထောက်ပြတာ မရှိသလောက် ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ 

ယုတ်စွအဆုံး အတိုက်အခံများ ထူထောင်ထားတဲ့ မီဒီယာတွေ တောင်မှာ လွတ်လပ်သော မီဒီယာ ဆိုတာ အစိုးရကို ဝေဖန်ဖို့သာ ဖြစ်တယ်၊ အချင်းချင်း အတွက် အချိန် မကျသေးဘူးလို့ အယူအဆ ရှိနေတာပါ။ 

သာမန် မူဝါဒဆိုင်ရာ သဘောထား ကွဲလွဲမှုတွေနဲ့ ပတ်သက်ရင် အထက်ပါ ရပ်တည်ချက်ကို နားလည် ပေးနိုင်ပေမယ့် အကြမ်းဖက်မှု အပေါ်မှာ အဲဒီမူဝါဒ ဆိုင်ရာ သဘော ကွဲလွဲမှုတွေ၊ ပုဂ္ဂိုလ်ရေး အားနည်းချက်တွေလို သဘောမထား သင့်ဘူး လို့ထင်ပါတယ်။ အကြမ်းဖက်မှုဟာ ဘယ်နေရာမှာ လုပ်လုပ်၊ ဘယ်သူ့ဘက်က လုပ်လုပ် အကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။ ဒါကို Double Standard ထားပြီး ခွင့်လွှတ်လို့ မရပါဘူး။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကတော့ ၁၉၉၄ ခုနှစ်က စပြီး အကြမ်းဖက် ၀ါဒကို အခုလို အဓိပ္ပါယ် ဖွင့်ထားပါတယ်။

"Criminal acts intended or calculated to provoke a state of terror in the general public, a group of persons or particular persons for political purposes are in any circumstance unjustifiable, whatever the considerations of a political, philosophical, ideological, racial, ethnic, religious or any other nature that may be invoked to justify them."

ဒီဖွင့်ဆိုချက် အရ ပြည်သူလူထု အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုကို နိုင်ငံရေးကြောင့်၊ အယူဝါဒကြောင့်၊ လူမျိုးရေး၊ ဘာသာရေးကြောင့် စသည်ဖြင့် ဘာအကြောင်းနဲ့မှ တရားပါတယ် ဆိုပြီး ဆင်ခြေပေးလို့ မရဘူးဆိုတာ တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ချင်ပါတယ်။အကြမ်းဖက်မှုကို မလိုလားပါဘူးလို့ ခံယူထားတဲ့ အဖွဲ့အစည်းများ အနေနဲ့ ဒီလို အကြမ်းဖက်မှု တွေကို ၀ိုင်းဝန်းရှုံ့ချ၊ ကာကွယ် တားဆီးဖို့က လွဲပြီး အခြားနည်းလမ်း မရှိဘူး၊ လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမဆိုသလို ကိုယ့်ထဲက ပါနေရင်လည်း ဖော်ထုတ်ဖို့ လိုနေပြီလို့ ဆိုချင်ပါတယ်။ 


From - https://www.facebook.com/excellencenews