Subscribe to our RSS Feed

NLD ကိုချယ်လှယ်နေတဲ့ ဒေါ်တင်မာအောင်ကို NLD ပါတီခေါင်းဆောင်များစိတ်ကုန် ဟုဆို

NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးလက်ထောက်လုပ်နေတဲ့ ဒေါ်တင်မာအောင်ဟာ စီးအီးစီတွေကိုကျော်ပြီး ပါတီမှာချယ်လှယ်နေတဲ့အတွက် စီးအီးစီအများအပြားကဒေါ်တင်မာအောင်ကိုစိတ်ကုန်နေကြကြောင်းသတင်းရရှိပါတယ်။ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံအောက်ပိုင်းတာဝန်ခံ NLD ခေါင်းဆောင် အကြံပေးတစ်ဦးကဒေါ်တင်မာအောင်ဟာဒေါ်အောင်ဆန်းစုကြည်ကိုသတင်းမှန်မရအောင် ဖုံးကွယ်ထားပြီးသူနဲ့ အဆင်ပြေသူတွေကိုသာဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ပေးတယ်လို့ဆိုပါတယ်။
“တင်မာအောင်ကအကုန်ချုပ်ကိုင်ထားတယ်။ အန်တီစုနဲ့တွေ့ခွင့် သူစီစဉ်တယ်၊ သူနဲ့အဆင်ပြေတဲ့လူမှ တွေ့ခွင့်တောင်းပေးတယ်။ အဆင်မပြေတဲ့လူဆို အန်တီစုဆီ မတင်ပြပဲသူ့သဘောနဲ့သူဖြတ်ချတယ်။ ဖုန်းဆိုလဲ အန်တီစုတိုက်ရိုက် မကိုင်ဘူး၊ တင်မာအောင်က တစ်ဆင့်သွားရတယ်။ အန်တီစုဆီဆက်သွယ်တဲ့အခါ အီးမေးလ်ပို့ရင်လဲအန်တီစုဆီကိုပို့ချင်တဲ့အီးမေးလ် မှန်သမျှ တင်မာအောင်ဆီကိုပဲပို့ရတယ်။ တစ်ချို့ကိစ္စတွေမှာတင်မာအောင်ကအန်တီစုကဒီလိုညွှန်ကြားတယ်လို့ ပြောရင် ဘယ်သူကမှ အန်တီစုကို ပြန်မမေးရဲပဲလုပ်လိုက်ရတာတွေ ရှိတယ်။ ရခိုင်ပြည်နယ်ခရီးစဉ်ဆိုလဲစီးအီးစီတွေကကန့်ကွက်တယ်။ တင်မာအောင်ကအန်တီစုကိုကပ်ပြောပြီးဖြစ် အောင်စီစဉ်သွားတယ်။ တကယ်လို့မျက်နှာပျက်စရာတစ်ခုခုဖြစ်လာရင် ရခိုင် NLD တွေကိုလွှဲချဦးမယ်။ တင်မာအောင်က သူ့ဘာသာတော်တာတွေ ရှိပေမယ့် လူကြီးဘေးနားထားသင့်သူတော့ မဟုတ်ဖူး” ဟု ၄င်းက ပြောပါတယ်။
“နိုင်ငံရေးနှင့်ပတ်သက်တဲ့ အကြံပြုချက်တွေ၊ ထောက်ပြတာတွေလဲသူတင်ချင်တာတင်၊ သူပြောချင်မှပြော ဖြစ်နေတော့ အန်တီစုလဲဘာမှ မသိတော့ဘူး။ သူပြောသလောက်ပဲသိရတဲ့ အနေအထားမျိုးတွေ ဖြစ်နေတာ။ အခုလဲရခိုင်ကိုဘာလို့ ဒီလောက် သွားမှာလဲ။ ကျွန်တော်တို့ကတော့ စိတ်ပူတယ်။ တစ်ခုခုဆိုရင် အန်တီစုပဲခံရမှာ။ သူကအနေသာကြီး။ ဒါကြောင့် တချို့ကိစ္စတွေဆိုရင် အန်တီစုကိုပဲတိုက်ရိုက်ပြောမယ် ပြောရတယ်။ ဒါကိုသူကမကျေနပ်ဘူး။ မကျေနပ်လဲမတတ်နိုင်ဘူးလေ။ နောက်ပေါက်တဲ့ ရွှေကြာပင်ကအကုန်အုပ်စီးထားတာစိတ်ကုန်စရာပါပဲ။ ဘဘဦးတင်ဦးဆိုလဲအသက်ကြီးပြီ၊ ဒီလောက် အပင်ပန်းခံပြီးသွားလာနေတာ။ ကြားထဲက ဂုံးတိုက် ဘာတိုက် ဆိုတာတွေတော့ ဘယ်ကောင်းမလဲ။ ဦးတင်ဦးလည်း မီဒီယာတွေကို ပြန်ရှင်းရ၊ တင်မာအောင်ကိုရှင်းရ၊ အန်တီစုကို ရှင်းရနဲ့ ဘုရားရှေ့က ခွေးလို ဖြစ်နေတယ်” ဟု ၄င်းက ဆိုပါတယ်။
“အမေစုရဲ့ အိမ်ထဲကိုအခုနောက်ပိုင်းမှ ရောက်လာတာ။ သူရောက်ပြီးတဲ့နောက်ပိုင်း ဗလောင်းဗလဲတွေနဲ့ စကားတွေ ဟိုပို့ ဒီပို့လုပ်နေတာ။ ခြံထဲမှာလူဟောင်းတွေလဲ ကုန်ပြီ။ မွှေတာလဲမွှေ၊ တချို့ဟာတွေလဲခရိုနီတွေဆီကယူတာပြုတာမျိုးတွေ ဖြစ်နေတာ။ သစ္စာရှိတဲ့ လူယုံတွေကိုအကုန်ကန်ထုတ်ပြီးသြဇာထူထောင်နေတာ။ အဲဒါထက် ပိုဆိုးတာကခရိုနီ . . . နာမည်တော့ မပြောတော့ပါဘူး။ ခရိုနီတွေနဲ့ ပေါင်းပြီးဒေါ်စုကို guide လုပ်နေတာတော်တော် ဆိုးတယ်။ အဲဒါကြောင့် ဦးဝင်းတင် မသေခင်တုန်းကခရိုနီ၊ ခရိုပြာ၊ ခရိုနက် ဆိုပြီး ဒဲ့ဆော်တာ။ နောက်ဆုံး ကြားထဲကဂုံးစကားကြောင့် ဦးဝင်းတင် အသဲအသန် ဖြစ်တာတောင် လာမကြည့်တော့တဲ့ အခြေအနေအထိရောက်ခဲ့တယ်။ ကိုယ်စားလှယ်လောင်းတွေ ရွေးတဲ့ကိစ္စ ဘယ်သူရွေးတယ် ထင်လဲ။ အဲဒီခရိုနီတွေ ခိုင်းသမျှ လိုက်လုပ်နေမှတော့ ဒီလိုပဲ ဖြစ်လာတော့မှာပေါ့။ အဘဦးတင်ဦးက ပြန်ရွေးပေးပါ့မယ် ဆိုပြီးပြောတော့ အဘဦးတင်ဦးကိုဒေါ်စုနဲ့ တိုက်ပေးတယ်။ ဒီလိုလုပ်လို့ ရမလားဘာလားနဲ့။ ပြီးတော့မှာ ဦးဝင်းထိန်ကို ပြန်ပြောခိုင်းတယ်။ ကိုယ်စားလှယ် လောင်းစာရင်းမပြင်ဘူးဆိုတာကို။ ဦးဝင်းထိန်ကလဲ ဒါကစီအီးစီရွေးတာဘာညာလျှောက်ပြောရတယ်။ ၈၈ က ကိုကိုကြီးတို့ သိပါတယ်။ ဒါတွေကိုနောက်ကွယ်ကဘယ်သူတွေ ခြယ်လှယ်နေသလဲဆိုတာ။ ဦးဝီရသူကို တွေ့တဲ့ ကိစ္စလဲ မိုးပြိုမလားအောက်မေ့ရတယ်။ ဒေါ်စုကတော်တော် တင်မာအောင်က ကဲကဲနဲ့။ အဘဦးတင်ဦးလဲအသက်ကြီးကာမှ စွပ်စွဲခံရတာတွေ ပြန်ရှင်းနေရတယ်။ မကောင်းပါဘူးဗျာ။ အသက်အိမ်နိမ့်စံ ဘ၀မှာ အနစ်နာခံပေးဆပ်ခဲ့တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် မောင်းထုတ်ခဲ့တာတင်မာအောင်ပဲ။ သူကခရိုနီတွေဆီ နိုင်ငံရေးအကြံဥာဏ်တောင်းပြီးဒေါ်စုကိုမောင်းနေတာ။ ခရိုနီဆိုတာအကျိုးအမြတ် မရှိဘဲဘာမှ မလုပ်ဘူး။ သူတို့ ကြားထဲမှာငွေရေးကြေးရေးကိစ္စတွေ ဘယ်လောက်များနေပြီလဲမသိနိုင်ဘူး။ ဒါတောင် အာဏာမရသေးဘူးနော်။ အာဏာများရလို့ကတော့ ခရိုနီတွေ ခိုင်းသမျှ ငွေယူပြီးလုပ်ပေးနေမလားမသိဘူး။ အဂတိကင်းအောင်လုပ်မယ် ပြောနေတဲ့ ဒေါ်စုကိုယ့်ခြံထဲကအဂတိလိုက်စား၊ လာဘ်စားနေတာတွေတောင် မရှင်းနိုင်သေးဘူး။ အခုလဲတနင်္သာရီကို ကျွန်တော်တို့ကလုပ်နေတာ။ သူက ကြားက ၀င်စွက်တာတွေ လုပ်လာတယ်။ ဘယ်လောက် အရည် အချင်းရှိသလဲ။ ဘယ်လောက် နိုင်ငံရေးနားလည်သလဲမေးလိုက်ချင်တယ်။ ဒါတွေကိုဒေါ်စုသိဖို့ ကောင်းတယ်။ သူကခေါင်းမာတယ်။ တင်မာအောင်စကားတစ်ခွန်းပဲ” ဟု NLD ပါတီ၏ တနင်္သာရီကမ်းမြောင်ဒေသစည်းရုံးရေးကို တာဝန်ယူထားရသော ထိပ်တန်းခေါင်းဆောင်တစ်ဦးကပြောပါတယ်။
 https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်