Subscribe to our RSS Feed

အမတ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေ ဖြေရမယ့် မေးခွန်းများ

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေကို စက်တင်ဘာလ ၈ ရက်က စတင်ပြီး တရားဝင် ခွင့်ပြုလိုက်ပြီဖြစ်တာကြောင့် မြို့အသီးသီးမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီတွေ စတင် မဲဆွယ် စည်းရုံးနေကြ ပြီဖြစ်ပါတယ်။
ပါတီအသီးသီးနဲ့ ကိုယ်စားလှယ်တွေဟာ ပြည်သူအတွက် နိုင်ငံအတွက် ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုပြီး ကတိ အမျိုးမျိုးနဲ့ မဲဆွယ် စည်းရုံးနေကြပြီဖြစ်ပါတယ်။ လာမယ့် အထွေထွေရွေးကောက်ပွဲဟာ နိုင်ငံကိုအုပ်ချုပ်မယ့် သမ္မတကို ရွေးချယ်ပေးပြီး နိုင်ငံကို အုပ်ချုပ်ရမယ့် ဥပဒေတွေနဲ့ တရားစီရင်ရမယ့် ဥပဒေတွေကို ပြဌာန်းပေးမယ့် ဥပဒေပြု အမတ်တွေကို ရွေးချယ်ရမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ ရွေးလိုက်တဲ့အမတ်တွေကို မကြိုက်ရင် ပြန်ဖြုတ်နိုင်မယ့် ဥပဒေလည်း မရှိသေးတဲ့အတွက် အမတ်အဖြစ်အရွေးခံလိုက်ရပြီဆိုတာနဲ့ ဘယ်လောက်ဖျင်းဖျင်း၊ ဘယ်လောက်ပျင်းပျင်း၊ ဘယ်လောက် အကျင့်စာရိတ္တဘယ်လောက်ပျက်စီးနေနေ ငါးနှစ်တာကာလပတ်လုံး လွှတ်တော်ထဲ ဝင်ထိုင်ခွင့်ရှိတော့မှာပါ။ ဒါကြောင့်မို့ မိမိတို့မြို့နယ်၊ မိမိတို့ ပြည်နယ်၊တိုင်း ၊ နိုင်ငံအတွက် ရွေးကောက်ပွဲဟာ အရေးကြီးလှပါတယ်။
ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ၊ ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တွေဟာ ကိုယ်ဘယ်လောက်တော်ကြောင်း၊ ဘယ်လောက်တတ်ကြောင်း၊ ပြည်သူ အပေါ်မှာ ဘယ်လောက်စေတနာထားကြောင်း ၊ မိမိတို့ကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ရင် မဲဆန္ဒရှင်များအတွက် ပညာရေး၊ စီးပွားရေးတွေ တိုးတက်အောင်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ မိမိတို့ပါတီဟာ မြန်မာနိုင်ငံအတွက် အပြောင်းအလဲတွေကို ဘယ်လို ဖော်ဆောင်ပေးမှာဖြစ်ကြောင်း မစားရဝခမန်း ကတိတွေပေးပြီး စည်းရုံးနေကြပြီဖြစ်တဲ့ အတွက် မဲဆန္ဒရှင်များအနေနဲ့ အရွေးမမှားစေဖို့အတွက် ကိုယ်စားလှယ်လောင်းကိုယ်စားပြုတဲ့ပါတီရဲ့ သမိုင်းကြောင်း၊ ကိုယ်စားလှယ်လောင်းရဲ့ သမိုင်းကြောင်းကို သေသေချာချာလေ့လာ သုံးသပ်ပြီးမှာသာ မိမိတို့ရဲ့ အသဲကြားက မဲတပြား ကို ပေးသင့်ပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ အဲဒီပါတီတွေဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီတွေဆိုရင် ပထမဆုံးအနေနဲ့ အဲဒီရွေးကောက်ပွဲတွေ ဝင်စဉ်အချိန်က ပေးခဲ့တဲ့ကတိတွေကို ဘယ်လောက် အကောင်အထည်ဖော်နိုင်ခဲ့သလဲ လေ့လာသုံးသပ်သင့်ပါတယ်။ အရင်ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ကတိတွေထဲက တစ်ခုမှ အကောင်အထည် မဖော်နိုင်ခဲ့တဲ့ ပါတီကတော့ အခုပေးတဲ့ ရွေးကောက်ပွဲကတိတွေကိုလဲ အကောင်အထည် ဖော်နိုင်စရာ အကြောင်းမရှိပါဘူး။
ဒုတိယအနေနဲ့ကတော့ ပြည်ထောင်စုမပြိုကွဲရေးပါ။ NLD ပါတီအနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ထားတာတွေ့ရပါတယ်။ အဲဒီ မှာ စစ်မှန်တဲ့ဖက်ဒရယ်ဆိုတာ ဘာလဲလို့ မေးစရာရှိပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုပုံစံကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပုံစံမျိုးစုံနဲ့ကျင့်သုံးနေကြပေမယ့် ဘယ်နိုင်ငံကမှတော့ ရှေ့မှာ စစ်မှန်တဲ့ ဆိုတဲ့ နာမဝိသေသနပါတာမတွေ့ရပါဘူး။ ပြည်နယ်အလိုက် ကိုယ်ပိုင် လက်နက် ကိုင် တပ်ဖွဲ့ ထားရှိခွင့်၊ ခွဲထွက် လိုက ခွဲထွက်ခွင့်ပေးထားတဲ့ ဖက်ဒရယ်ကို စစ်မှန်တဲ့ဖက်ဒရယ်လို့ ဆိုလိုတာလား။ ဒါမှမဟုတ် လက်ရှိဖွဲ့စည်းပုံအရ ပြည်နယ်၊ တိုင်းဒေသလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ဥပဒေပြဌာန်းခွင့်၊ တရားစီရင်ခွင့်ပေးထားတာကို လုပ်ပိုင်ခွင့်ပိုမို ချဲ့ထွင်ပေးမှာကို ဆိုလိုတာလား ရှင်းလင်း ဖို့ လိုပါတယ်။
တတိယအချက်ကတော့ အမျိုးသားအကျိုးစီးပွားနဲ့ လူ့အခွင့်အရေး ယှဉ်လာ ရင် ဘာကို ဦးစားပေးမယ့်ပါတီပါလဲ။ အခုအချိန်မှာ ပါတီတိုင်းလိုလိုက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေနဲ့ မဲဆွယ်လာကြတဲ့အတွက် အမျိုးသားအကျိုး စီးပွားနဲ့ လူ့အခွင့်အရေးယှဉ်လာမယ်ဆိုရင် ဘာကို ဦးစားပေးမှာလဲ သေချာအောင် မေးသင့်ပါတယ်။ ဥပမာ လူ့အခွင့် အရေးဖက်က ကြည့်မယ်ဆိုရင် ၁၉၈၂ နိုင်ငံသားဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ စတဲ့ ဥပဒေ များဟာ လူ့အခွင့်ရေးချိုးဖောက်ရာ ကျကောင်းကျနိုင်ပေမယ့် အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်တဲ့ ဥပဒေ တွေပါ။ အဲဒီလို ဥပဒေမျိုးတွေကို ဖျက်သိမ်းမယ့်ပါတီလား၊ ကာကွယ် ထိန်းသိမ်းမယ့်ပါတီလား တိတိကျကျ ရှင်းရှင်း လင်းလင်း သိဖို့လိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီးတော့ လက်ရှိ ကိုယ်စားလှယ်ဆိုရင် ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း အတွင်း လွှတ်တော်မှာ မေးခဲ့တဲ့မေးခွန်း တင်သွင်းခဲ့တဲ့အဆို၊ ဘယ်နှစ်ခုရှိခဲ့သလဲ ၊ မဲဆန္ဒနယ် အတွက် ဘာတွေ လုပ်ခဲ့သလဲ မေးရပါမယ်။ မေးခွန်းတွေ၊ အဆိုတွေလဲ ဟုတ်တိပတ်တိ မတင်၊ မဲဆန္ဒနယ်ကိစ္စလဲ ဘာတစ်ခုမှ ဖြစ်မြောက်အောင် ဆောင်ရွက်မပေးခဲ့ပဲ ထီးကိုင် ဖိနပ်ကိုင်အမတ်ပဲ လုပ်နေခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်ကို ပြန်ရွေးလိုက်ရင်တော့ အင်မတန်မိုက်မဲရာကျပါလိမ့်မယ်။
နောက်ပြီးတော့ ဘယ်ဥပဒေကိုတော့ ကန့်ကွက်ခဲ့သလဲ၊ ဘယ်ဥပဒေကိုတော့ ထောက်ခံခဲ့သလဲ ၊ ဘာကြောင့် ထောက်ခံ၊ ဘာကြောင့်ကန့်ကွက်ခဲ့ရ သလဲ ဆိုတာမေးမြန်းပါ။ အမတ်ဟောင်းမဟုတ်ပဲ လူသစ်ဆိုရင်လဲ မျိုးစောင့်ဥပဒေ လို့ လူသိများတဲ့ ဥပဒေ လေးမျိုးနဲ့ ၁၉၈၂ ဥပဒေကို ထောက်ခံလား၊ ကန့်ကွက်လား မေးပါ။ ဒါမှသာ အမျိုးဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်မယ့် အမတ်လောင်းလား၊ အမျိုး ဘာသာ သာသနာထက် အနောက်တိုင်းဒီမိုက ရေစီကို ပိုအလေးထားတဲ့အမတ်လောင်းလား သိနိုင်မှာပါ။
အမတ်လောင်းများအနေနဲ့ သူတို့ကိုယ်စားပြုမယ့် မဲဆန္ဒနယ်အတွင်းမှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဘာတွေသိထားသလဲ၊ ဘယ်လိုမြင်နေသလဲ၊ ဘာလုပ်ပေးနိုင်မလဲ သေချာ မေးမြန်းပါ။ ကိုယ့်မဲဆန္ဒနယ်ရဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေမပြောနဲ့ လူဦးရေ ဘယ်လောက်ရှိမှန်းတောင် မသိတဲ့လူမျိုး လွှတ်တော်ထဲ ရောက်သွား ရင်တော့ အဲဒီ မဲဆန္ဒနယ်အနေနဲ့ ငါးနှစ်လုံးလုံးခံပေတော့လို့ပဲ ဆိုချင်ပါတယ်။
ဒါကြောင့်မို့ အခုလို မဲဆွယ်စည်းရုံးရေးကာလမှာ မဲဆန္ဒရှင်ပြည်သူများအနေနဲ့ ပါတီတွေကို ကြည့်မယ်ဆိုရင် -
(၁) အသံ သာရှိပြီး အဆန်မရှိတဲ့ သင်္ကြန်အမြောက်ပါတီလား၊ 
(၂) ပြည်ထောင်စုမပြိုကွဲရေးထက် မိမိအာဏာရရေးကို ပိုအလေး ထားတဲ့ ပါတီလား၊ 
(၃) အမျိုးသားအကျိုးစီးပွားနဲ့ လူ့အခွင့်အရေး ဘာကို ပိုအလေးထားတဲ့ ပါတီလဲ ဆိုတာ ကြည့် ပြီး ရွေးသင့်သလို
လူကို ကြည့်ရာမှာလည်း-
(၁) မဲဆန္ဒနယ်အတွက် အလုပ်လုပ်မယ့်သူလား၊ ပါတီက ခိုင်းသမျှကိုသာ လုပ်မယ့်သူလား၊
(၂) အမျိုး၊ ဘာသာ ၊ သာသနာကို ကာကွယ်စောင့်ရှောက်မယ့်သူလား၊ အလေးမထားပဲ ပစ်ပယ်မယ့်သူလား၊
(၃) အကျင့်စာရိတ္တ ကောင်းတဲ့သူလားဆိုလား
သေချာလေ့လာသုံးသပ်ရွေးချယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
 https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်