Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်ရုပ်သိမ်းခံရသည်အထိ တရားစွဲရန် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၈ ဦးအပါအဝင် ပါတီပေါင်းစုံမှ ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော်၏ လက်မှတ်များ အဆင်သင့်ဖြစ်နေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်ရုတ်သိမ်းခံရသည်အထိ တရားစွဲရန် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၈ ဦးအပါအဝင် ပါတီပေါင်းစုံမှ ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော်၏ လက်မှတ်များ အဆင်သင့်ဖြစ်နေကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ နှင့် COC (Code of conduct) ကို ဆက်တိုက်ချိုးဖောက်နေခြင်းကြောင့် တရားစွဲဆိုမည်ဖြစ်ကြောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ဦးမှ ဆိုသည်။

“ကျွန်မတို့ လက်မှတ်တွေစုဆောင်းနေပါတယ်.. တရားဥပဒေလမ်းကြောင်းအတိုင်းသွားမှာပါ.. သတ်မှတ်ရက်မတိုင်ခင်စည်းရုံးတာ၊ ပြည်ပနိုင်ငံတွေကို ကျောထောက်နောက်ခံလုပ်ထားတာ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေကို မဲမထည့်ဖို့ပြောတာ၊ ပြီးတော့ အားလုံးလိုက်နာရမယ့် COC ကို မလိုက်နာတာတွေပေါ့.. ဒီလမကုန်ခင် အရေးယူနိုင်အောင် လုပ်သွားမှာပါ..” လို့ ၎င်းကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သတ်မှတ်ရက်မတိုင်ခင်စည်းရုံးခြင်း၊ စည်းရုံးရာတွင် သတ်မှတ်စည်းကမ်းများကို မလိုက်နာခြင်း၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကို မလိုက်နာခြင်းများ ရှိနေခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ စည်းရုံးရေးကာလ စက်တင်ဘာလ ၈ ရက်နေ့ မရောက်ခင်ကတည်းက NLD ပါတီအား မဲထည့်ရန် ဆွေးနွေးဟောပြောမှုများ ရှိခဲပါတယ်။

ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းချိန်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ငြိစွန်း တာတွေ ရှိနေကြောင်းသိရပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၁ (င)၊ (စ)၊ (ဆ) တို့နဲ့ ငြိစွန်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးမှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်တစ်ဦးက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေနဲ့ မကိုက်ညီမှုအတွက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကိုယ်စားလှယ် လောင်း ဦးတင်ရီကိုယ်တိုင် ကန့်ကွက်ခဲ့ဖူးကြောင်း သိရပါတယ်။

ဒါ့အပြင် NLD ပါတီအနေနဲ့လည်း မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (စ) ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇။ (ဂ) တို့နဲ့ ငြိစွန်းနေတာ တွေ့ရပြီး ဒီဥပဒေတွေနဲ့ ငြိစွန်းရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမယ်ဆိုပြီး အခြေခံဥပဒေ ပုဒ်မ ၄၀၈ မှာ ပြဋ္ဌာန်းထားပါတယ်။
နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှုနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ COC ကိုလည်း NLD ချိုးဖောက်နေတာ အများကြီးရှိနေကြောင်း သိရပြီး ဘာသာရေးကို ခုတုန်းလုပ် မဲမဆွယ်ရဟု သတ်မှတ် ထားပေမယ့် NLD စည်းရုံးရေးကားပေါ်မှာ သံဃာတော်များ လိုက်ပါစည်းရုံးနေတဲ့ ဓာတ်ပုံအချို့ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်ခင်ဖုန်းဝေကိုလည်း NLD ပါတီက နှောင့်ယှက်နေတယ်လို့ သိရပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ် တွေကို မဲမထည့်ဖို့ ကယားပြည်နယ်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုခဲ့ခြင်းဟာ ဥပဒေကို အတိအလင်းချိုးဖောက်နေတာဖြစ်တယ်လို့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များက ဆိုပါတယ်။ ဒေါ်စုပြောဆိုချက်အပေါ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ တရားစွဲလျှင် စွဲလို့ရတယ်ဆိုပြီး မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာရန်မျိုးသိမ်းက ဆိုပါတယ်။ အလားတူ စည်းရုံးရေးခရီးစဉ်များမှာ စင်းလုံးငှားလေယာဉ်မသုံးရဆိုပြီး သတ်မှတ်ထားပေမယ့် ဥကဒေကိုချိုးဖောက်ကာ ချင်းပြည်နယ်ခရီးစဉ်ကို လေယာဉ်စင်းလုံးငှားပြီးသွားခဲ့တယ်လို့ သိရပါတယ်။
NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၎င်းတို့ဘက်က ဥပဒေများကို ဆက်တိုက်ကျူးလွန်နေပေမယ့် မီဒီယာများက ထောက်ပြဝေဖန်ခြင်းမရှိတာကြောင့် ယခုလိုတရားစွဲရတာဖြစ်ကြောင်း ပါတီခေါင်းဆောင်တစ်ဦးမှဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံအတွက် အရေးကြီးတဲ့ အပြောင်းအလဲဖြစ်ကြောင်း နိုင်ငံအချို့မှ ထုတ်ပြန်ထားပြီး တရားဥပဒေစိုးမိုးရေးနဲ့ ကိုယ်စားလှယ်လောင်းအားလုံး မျှတတဲ့ တန်းတူအခွင့်အရေးရဖို့ လိုအပ်ကြောင်း ထောက်ပြမှုတွေရှိနေပါတယ်။
. https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်