Subscribe to our RSS Feed

NLD ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးအလားအလာ

လက်ရှိ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ တရားဝင်ကန်ပိန်းတွေ အရှိန်မြှင့်တင် လုပ်ဆောင်လာနေကြပါတယ်။ ဒီအချိန်မှာ NLD ပါတီဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြေညာ စာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီတပတ်မှာတော့ ဒီကြေညာစာတမ်းမှာ ပါတဲ့ အဓိကမူဝါဒတွေ လက်တွေ့ကျသလား၊ ဘယ်လောက်အထိ လုပ်ဆောင်နိုင်မလဲ ဆိုတာတွေကို သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။
ပထမဆုံး တွေ့ရတာကတော့ နိုင်ငံခြားရေးမူဝါဒပါပဲ။ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် ပေါ်ပေါက်လာသော အရေးကိစ္စရပ်များတွင် စစ်မှန်သော “ဒီမိုကရေစီအခြေခံများဘက်က” ခိုင်မာစွာ ရပ်တည်မည် လို့ ဖော်ပြထားပါတယ်။
ဒီမူဝါဒဟာ မြန်မာနိုင်ငံလို အသွင်ပြောင်းနိုင်ငံတစ်နိုင်ငံအတွက် သိပ်ကို အန္တရာယ်ကြီးပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ ကိုယ်ကျိုးစီးပွားပဲ ရှိပါတယ်။ ကိုယ်ကျိုးစီးပွားကိုပဲ ဦးစားပေးကြပါတယ်။ တခါတလေမှာ ဒီမိုကရေစီ နည်းလမ်း ကျချင်မှ ကျပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်တိုင်းပြည်အတွက် ရပ်တည်ကြရပါတယ်။ ဒါကို လူကြားကောင်းအောင် ခေါ်ကြတာက National Interest ဆိုပြီး ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားအကျိုးစီးပွားထက် ဒီမိုကရေစီကျ/မကျနဲ့ ကြည်ပြီးမှ ဆုံးဖြတ်မယ် ဆိုတာကို အတိအလင်း ကြေညာထားပါတယ်။ အကယ်၍ မိုက်ကယ်အဲရစ်ရဲ့ မိခင်နိုင်ငံ၊ သူ့သားတွေရဲ့ နိုင်ငံ ဖြစ်တဲ့ အင်္ဂလိပ်တွေက ဒီမိုကရေစီ ခေါင်းစဉ်နဲ့ ခိုင်းလာရင် လုပ်ပေးမယ့် သဘော မြင်ရပါတယ်။
နောက်မြန်မာနိုင်ငံဟာ အစဉ်အဆက် ကြားနေနိုင်ငံ အဖြစ်ရပ်တည်ခဲ့ပါတယ်။ လက်ရှိကမ္ဘာ့အခြေ အနေအရ ဘယ်ဘက်ကိုမှ တိတိကျကျ ပါလို့ မသင့်ပါဘူး။ ကြားထဲကနေ ကိုယ့်နိုင်ငံအကျိုးစီးပွား အတွက် တွက်ချက်ဆောင်ရွက်ရတာမျိုး ဖြစ်ပါတယ်။ ဒါကို အစဉ်တစိုက်ကျင့်သုံးလာခဲ့တာပါ။ ပြောရရင် တရုတ်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ မဟုတ်ပါဘူး။ အမေရိကန်-တရုတ်၊ အနောက်အုပ်စု-တရုတ် အငြင်းပွားမှုတွေ ဖြစ်လာရင် ဒီမိုကရေစီဘက်က ခိုင်မာစွာ ရပ်တည်မှုဟာ ၀၊ အက်စ်အက်စ်အေ၊ ကိုးကန့်၊ ကချင်အဖွဲ့တွေကတဆင့် တိုင်းပြည်ကို စစ်မီးတောက်လောင်စေနိုင်ပါတယ်။ လက်တွေ့ ဖော်တဲ့အခါမှာလဲ ပြဿနာ အများကြီး ရှိနေပါတယ်။ ဒီမူဝါဒဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလားဆိုတာကို နိုင်ငံတကာကျွမ်းကျင်သူတွေကို မေးမြန်းသင့်ပါတယ်။ ဒီမိုကရေစီကို အခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒဟာ မြန်မာနိုင်ငံအတွက် အန္တရာယ်တွေ အများကြီး ကျရောက်လာစေမှာပါ။ ဒါ့်ကြောင့် ဒီမူဝါဒဟာ နိုင်ငံကို ဒုက္ခပေးမယ့် မူဝါဒ ဖြစ်နေပါတယ်။
ဒုတိယအချက်ကတော့ တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေးမူဝါပဲ ဖြစ်ပါတယ်။ “ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၏အရင်းအမြစ်များကို ဖယ်ရှားရန် အာဃာတ ကင်းစင်ပြီး ပင်လုံ စိတ်ဓါတ်ကို အခြေခံသော နိုင်ငံရေးတွေ့ဆုံပွဲများမှတဆင့် ပြည်သူ့ဘ၀ လုံခြုံအေးချမ်းစေမည်” ဆိုတဲ့ မူဝါဒကို ဖော်ပြထားပါတယ်။ ဒါက လက်ရှိ ဦးသိန်းစိန်အစိုးရ လုပ်နေတာနဲ့ ဆန့်ကျင်ဘက် နည်းလမ်းပဲ ဖြစ်ပါတယ်။ ဦးသိန်းစိန်လက်ထက် လုပ်ဆောင်နေတာက အပစ်ရပ် အရင်လုပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲသွားဖို့ ဖြစ်ပါတယ်။ NLD ပါတီရဲ့ မူဝါဒက ပြောင်းပြန် သွားမယ့် သဘောပါပဲ။
နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပြီးတော့ တိုက်ပွဲတွေ မရှိအောင် လုပ်မယ် ဆိုတဲ့ မူဝါဒပဲ ဖြစ်ပါတယ်။ ဒါဟာ တကယ်တမ်း လက်တွေ့လုပ်နိုင်မလား စဉ်းစားစရာပါပဲ။ လက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ ဒေသတွေပါပဲ။ ဒီအချက်က အထက်မှာ သုံးသပ်ခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ နိုင်ငံရေးဆွေးနွေး၊ သဘောတူညီချက်တွေယူ၊ ပြီးရင် ငြိမ်းချမ်းရေး ဖြစ်လာမယ် ဆိုတဲ့ လမ်းကြောင်းက အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ ဂိတ်ဆုံးကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
အပစ်ရပ်ကို ချန်လှပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဖြေရှင်းမယ် ဆိုတဲ့ မူဝါဒဟာ လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ အဆင်ပြေနိုင်ပါ့မလား။ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေဟာ ဒီလောက် မရိုးရှင်းပါဘူး။ အပေါ်ပိုင်းမှာဆွေးနွေး သဘောတူညီချက်တွေရ၊ တပ်ကို မတိုက်နဲ့ လို့ အမိန့်ပေး။ ဒါဆိုရင် တိုက်ပွဲတွေ ငြိမ်းအေးသွားမယ် ထင်ပါသလား။ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ပြီး တပ်နဲ့ ဆက်ဆံရေးသိပ်ကောင်းတဲ့ ဦးသိန်းစိန် လက်ထက်မှာတောင် မပျောက်သေးတဲ့ တိုက်ပွဲတွေဟာ NLD တက်လာရင် ပျောက်သွားမယ် လို့ မထင်တာ အမှန်ပါပဲ။ စစ်တပ်ကလာတဲ့ ဦးသိန်းစိန်က လက်နက်ကိုင်တပ်ဖွဲ့ကိစ္စကို အရင်ကိုင်ပါတယ်။ ဒေါ်စုကတော့ နိုင်ငံရေးကိစ္စ အရင်ကိုင်မယ့်သဘောပါ။
ဒါပေမယ့် ငြိမ်းချမ်းရေးကိစ္စမှာ သော့ချက်က မြန်မာတပ်မတော်ပဲ ဖြစ်ပါတယ်။ တပ်မတော်နဲ့ ညှိနှိုင်းနေတဲ့ အပစ်ရပ် လမ်းစဉ်ကို ဘေးထားပြီး နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ့် လမ်းကြောင်းဟာ လက်တွေ့ကျမယ် မထင်ပါဘူး။ အရေးကြီးဆုံးဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဟာ တပ်က ကိုင်ထားတာ ဖြစ်တဲ့အတွက် ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ တပ်က လက်မခံရင် ဘာမှ လုပ်လို့ မရပါဘူး။ ဒီတော့ စိတ်ကူးယဉ်ဆန်တဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပါပဲ။ 
တတိယအချက်ကတော့ “တပ်မတော်နှင့် နိုင်ငံတော်ကာကွယ်ရေးယန္တရားတစ်ရပ်လုံးသည် အုပ်ချုပ်ရေး မဏ္ဍိုင်ထဲတွင်သာ တည်ရှိရန် ဦးတည်ဆောင်ရွက်မည်” ဆိုတဲ့ မူဝါဒပဲ ဖြစ်ပါတယ်။ တပ်ချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို သမ္မတအာဏာအောက် ထည့်သွင်းမယ့် သဘော ဖြစ်ပါတယ်။
ဒါကလည်း အခြေခံဥပဒေ ပြင်ရမယ့် မူဝါဒ ဖြစ်နေပါတယ်။ ဒီအခြေခံဥပဒေ ပြင်ဆင်ရေးဟာ တပ် သဘောတူမှ လုပ်လို့ရမယ့် ကိစ္စ ဖြစ်နေပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေမှာ တပ်မတော်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အောက်မှာ ရှိပါတယ်။တပ်ချုပ်နဲ့ ဒုတပ်ချုပ်တို့ဟာ ဒုတိသသမ္မတ အဆင့် သတ်မှတ်ထားတဲ့သူတွေ ဖြစ်နေပါတယ်။
ဒီမူဝါဒကနေ ဆက်စပ်လိုက်ရင် အုပ်ချုပ်ရေးမဏ္ဍိုင်အကြီးအကဲ ဖြစ်တဲ့ သမ္မတက နိုင်ငံတော်ကာကွယ်ရေးကို ဦးဆောင်မယ့် သဘောပါ။ ၂၀၀၈ အခြေခံဥပဒေမှာ နိုင်ငံတော်ကာကွယ်ရေးကို တပ်မတော်က ယူထားပါတယ်။ ဒါဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်သေးရုပ်သမ္မတက တပ်ကို ညွှန်ကြားမယ့် အနေအထားမျိုးနဲ့ မြင်ကြည့်ရင် မလွယ်ပါဘူး။
ဒီလို မလွယ်တဲ့အခြေအနေတွေ ဖြစ်လာမယ့် မူဝါဒတွေ ချမှတ်ထားခြင်းအားဖြင့် ဘာတွေ ဖြစ်လာမှာလဲ ဆိုတာကို ဆက်ပြီး စဉ်းစားကြည့်ဖို့ လိုပါတယ်။ လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီခေါင်းဆောင်တွေ၊ ပါတီဝင်တွေရဲ့ တပ်မတော်အပေါ် ထားရှိတဲ့ သဘောထားတွေကို အားလုံး သိပြီး ဖြစ်ပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အခြေခံဥပဒေပြင်ဖို့ မဲခွဲတဲ့အခါ မီဒီယာတွေ ၀င်ခွင့်ပေးပြီး မတ်တပ်ရပ်မဲခွဲဖို့ တောင်းဆိုခဲ့တာ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးကို လျှို့ဝှက်မဲစနစ်နဲ့ လုပ်ရမယ် ဆိုတာကို အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည် မသိပါဘူး။ မသိလို့ ဒီလိုပြောခဲ့တာ ဖြစ်ပါတယ်။ 
နောက် ပါတီစည်းရုံးရေးပွဲတွေ၊ မဲဆွယ်ပွဲတွေမှာ တပ်မတော်မုန်းတီးရေး ဟောပြောနေတဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD ပါတီအနေနဲ့ တပ်နဲ့ ဆက်ဆံရေး တင်းမာနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေ ရှိနေတဲ့ ပါတီတစ်ခု အာဏာရလာပြီး ကြေညာစာတမ်းအတိုင်း လုပ်မယ် ဆိုရင် ဖြစ်လာမယ့် အခြေအနေက ပိုပြီး ဆိုးလာနိုင်ပါတယ်။
တပ်နဲ့ ဆက်ဆံရေး တင်းမာတဲ့ NLD ပါတီဟာ ဒီမူဝါတွေကိုသာ အကောင်အထည်ဖော်မယ် ဆိုရင် တပ်နဲ့ ပိုပြီး တင်းမာလာမှာ သေချာပါတယ်။ တပ်နဲ့ တင်းမာလာတာနဲ့အမျှ လက်နက်ကိုင် တိုက်ပွဲတွေ ပျောက်သွားဦးမှာ မဟုတ်ပါဘူး။ တပ်မတော်ဟာ ဖိအားပေးလို့ မရပါဘူး။ မြန်မာနိုင်ငံမှာ အင်အား အကြီးမားဆုံး အဖွဲ့အစည်းကြီးဟာ လွယ်လွယ်နဲ့ NLD က ရုပ်သေးသမ္မတ ခိုင်းသမျှ လုပ်မယ့် အနေအထား မရှိသေးပါဘူး။
ဒီတော့ ငြိမ်းချမ်းရေး ရအောင် တပ်ကို ဖိအားပေး၊ မရရင် ဒေါသထွက်၊ ဝေဖန်ပြစ်တင်မှုတွေလုပ်၊ နိုင်ငံ တကာနဲ့ ဖိအားပေး ဒါတွေ ဖြစ်လာမှာ သေချာပါတယ်။ လက်နက်ကိုင် သောင်းကျန်းသူတွေကလဲ ဒေါ်စုကြည် စကားနဲ့ လူပါးဝတာတွေ ဖြစ်လာပြီး တပ်က လူဆိုး၊ သောင်းကျန်းသူတွေက လူကောင်း ဖြစ်လာပါလိမ့်မယ်။ KIA ဘက်က ကြေညာချက်တွေ ထုတ်ပြီး တပ်ကို ဝေဖန်ဆန့်ကျင်ခဲ့တဲ့ NLD နဲ့ ဒေါ်စုကြည်ကို တပ်က ဆတ်ဆတ်ခါအောင် နာနေကြတာပါ။ အခုနောက်ဆုံး NCA လက်မှတ်ထိုး တာကို ဆန့်ကျင်ခဲ့တဲ့ ဒေါ်စုကြည်ဟာ ဒီအကျိုးဆက်ကို ခံစားရမှာ ဖြစ်ပါတယ်။ KIA နဲ့ ကျီးနဲ့ ဘုတ် အပြန်အလှန် ထောက်ခံမှု ပေးနေတဲ့ ဒေါ်စုကြည်ဟာ တပ်ကို အဆိုးမြင် သဘောထား ရှိသူ ဖြစ်နေပါတယ်။ ဒီနောက်မှာတော့ NLD အစိုးရ လက်ထက်မှာ သောင်းကျန်းသူတွေဘက်က ရပ်တည်ပြီး တပ်ကို ချောင်ပိတ်လာတဲ့ အနေအထားတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေရဲ့ အကျိုးဆက်ကတော့ လက်နက်ကိုင် တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာမှာပါ။ အဲဒီအချိန်ကျရင်တော့ တပ်မတော်က အခုလို ညှာညှာတာတာ လုပ်နေမှာ မဟုတ်တောါပါဘူး။
ဒီအပိုင်းကို ချုပ်ရရင်တော့ NLD ပါတီ အာဏာ ရလာခဲ့ရင် ရုပ်သေးသမ္မတ သက်သက် ဖြစ်တဲ့ အစိုးရ လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေး ပိုပြီး ဝေးကွာလာမှာပါ။ ပြီးရင် မတည်မငြိမ်မှုတွေ ပိုပြီး ဖြစ်လာမှာပါ။ တပ်နဲ့ ထိပ်တိုက်တိုးတာတွေ ကြီးမားပြင်းထန်လာရင် စစ်တပ်က အာဏာသိမ်းမယ့် အနေအထား အထိ ရောက်ရှိလာနိုင်ပါတယ် ဆိုတာ သုံးသပ်တင်ပြလိုက်ရပါတယ်။ 
ကျန်တဲ့မူဝါဒတွေ ဆက်လက်ပြီး သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်
 https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်