Subscribe to our RSS Feed

ရွေးကောက်ပွဲရွှေ့ဆိုင်းခြင်းကိုကန့်ကွက်ခဲ့သော NLD ပါတီကိုယ့်စကားနှင့် ကိုယ်ပိတ်မိနေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေးက နိုင်ငံရေးပါတီများနှင့် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်း တွေ့ဆုံစဉ် သဘာဝဘေးအန္တရာယ်ကိစ္စနဲ့ မဲဆွယ်စည်းရုံးရေးကာလတွေကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့သင့် မသင့် ပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲရွေ့ဆိုင်းမယ့်ကိစ္စကို အစည်းအဝေးတက်ရောက်လာတဲ့ နိုင်ငံရေးပါတီတိုင်းက လက်ခံခဲ့ပေမယ့် NLD က လက်မခံခဲ့ပဲ NLD ထောက်ခံသူတွေကလည်း ဒါဟာအစိုးရကညစ်တာလို့ ကော်မရှင်နဲ့အစိုးရကို ဆဲကြဆိုကြပါတယ်။ NLD ထောက်ခံသူတစ်ဦးဖြစ်သူ နိုင်ငံရေးလေ့လာသုံးသပ်သူဆိုတဲ့ ဒေါက်တာရန်မျိုးသိမ်းကသူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ “ရွေးကောက်ပွဲရွေ့ဆိုင်းဖို့ ပြင်ဆင်နေသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုခန့်အပ်တာဝန်ပေးသည့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အန်စီအေလက်မှတ်ထိုးရန် စိုင်းပြင်းနေသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် ပြန်လည်သုံးသပ်မည်ဆိုလျှင် အချိန်မှီဦးမည်ဖြစ်သည်” လို့ ရေးခဲ့ပါတယ်။ ဆိုလိုတာကတော့ ရွေးကောက်ပွဲကိုရွေ့မယ်ဆိုရင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးနဲ့လို့ တိုက်တွန်းတာပါ။ ဒါပေမယ့် ရန်မျိုးသိမ်းကိုဘယ်တိုင်းရင်းသားကမှ လူရာမသွင်းတဲ့အတွက် သူ့စကားကိုဘယ်သူမှတော့ ထည့်သွင်း စဉ်းစားတာ မရှိပါဘူး။
၁၃ ရက်ညပိုင်းမှာတော့ မူလသတ်မှတ်ထားတဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာဘဲ ပြုလုပ်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲလိုကျပြန်တော့လည်းကော်မရှင်ကမဲစာရင်းအမှားတွေကိုဖုံးချင်လို့ ရွေးကောက်ပွဲကိုရွေ့မယ်ပြောလိုက်၊ မရွေ့ဘူးပြောလိုက် လုပ်တာလို့ ဝေဖန်ကြပြန်ပါတယ်။ ဝေဖန်သူတွေ ကြည့်လိုက် တော့ ထုံးစံအတိုင်း NLD ထောက်ခံသူတွေပါ။ နိုင်ငံရေးလေ့လာသူဒေါက်တာရန်မျိုးနိုင်ကတော့ ရွေးကောက်ပွဲကို ရွေ့ဆိုင်းမယ်ဆိုရင် NLD အနိုင်မရအောင် အစိုးရကညစ်တာဆိုသူများဟာ မျက်မှန်စိမ်းတပ်ထားတဲ့ စဉ်းစားဥာဏ် မရှိသူများလို့ ဆိုလိုက်ပါတယ်။
“ရွေးကောက်ပွဲကိုရွေ့ဆိုင်းမယ်ဆိုခြင်းဟာ NLD အနိုင်မရအောင် အစိုးရကညစ်တာဆိုတဲ့သူတွေဟာ မျက်မှန်စိမ်း တပ်ထားတဲ့ စဉ်းစားဥာဏ်မရှိသူတွေလို့ ပြောချင်တယ်။ လက်ရှိလွှတ်တော်က ၂၀၁၆ ဇန်နဝါရီလကုန်မှာသက်တမ်း ကုန်မယ်။ အဲတော့ ရွေးကောက်ပွဲကိုရွေ့ရင်လဲအလွန်ဆုံးဒီဇင်ဘာလလယ်ထောက်အထိတစ်လလောက်ပဲရွေ့လို့ ရမယ်။ ၂၀၂၀ အထိရွေ့လိုက်လို့မရဘူး။ ရွေးကောက်ပွဲကိုဒီလိုတစ်လလောက်နောက်ဆုတ်လိုက်ရင် NLD ကို မထိခိုက် တဲ့အပြင် မဲဆွယ်စည်းရုံးဖို့အချိန်ပိုရတဲ့အတွက် ပိုတောင် ကောင်းသေး။ အခုမိုးတွင်းမို့ သွားရ၊ လာရခက်တဲ့ နေရာ တွေကို သွားပြီးမဲဆွယ်နိုင်မယ်။ တကယ်ထိခိုက်တာကမဲဆွယ်စရိတ် မတတ်နိုင်တဲ့ပါတီငယ်လေးတွေ။ သူတို့အတွက် ကတော့ အချိန်ပိုရလဲဘာမှသိပ်မထူးနိုင်ဘူး။ ဒါကိုပါတီငယ်တွေကဘာမှမပြောပဲ NLD က အဖြစ်သည်းနေတာ ဦးနှောက် မရှိကြလို့ပဲ မြင်တယ် ” ဟု၎င်းက ဆိုသည်။
“အခုကော်မရှင်ကရွေးကောက်ပွဲကိုအရင်သတ်မှတ်ထားတဲ့အတိုင်းနိုဝင်ဘာ ၈ ရက်မှာပဲလုပ်မယ်ဆိုပြန်တော့လည်း ကော်မရှင်ကမဲစာရင်းအမှားတွေကိုဖုံးချင်လို့ ခုရွေ့မယ်ပြောလိုက်၊ တော်ကြာနေမရွေ့ဘူးပြောလိုက် လုပ်တာလို့ ပြောကြပြန်တယ်။ ဘာနဲ့တူလဲဆိုတော့ မြည်းတစ်ကောင်နဲ့ သားအဖ နှစ်ယောက် ပုံပြင်လိုဖြစ်နေတယ်။ ဘာလုပ်လုပ် အပြစ်မလွတ်ဘူး။ မဲစာရင်းကိစ္စကဦးတင်အေးလဲပြောပြီးသား။ မဲစာရင်းလာစစ်ဖို့အချိန်အများကြီးပေးထားတယ်။ လာစစ်ပေးတဲ့ ၃၀ % မှန်ကန်ဖို့ အပြည့်အဝတာဝန်ယူတယ်လို့။ ကိုယ့်မဲစာရင်းကိုတောင် လာမစစ်တဲ့သူတွေအတွက် ဘယ်လိုလုပ် တာဝန်ခံပေးလို့ရမှာလဲ။ ရွေးကောက်ပွဲမှာ NLD မျှော်လင့်ထားတဲ့ အနိုင်မရခဲ့ဘူးဆိုရင် ကော်မရှင်ကို အပြစ်ပြောဖို့ ခက်သွားပြီ။ ဘာကြောင့်လဲဆိုတော့ ကော်မရှင်ကရွှေ့ဆိုင်းဖို့ ပြောခဲ့တာကိုကန့်ကွက်ခဲ့တာကြောင့်ပဲ ဖြစ်တယ်။ NLD တစ်ခုတည်းကကန့်ကွက်လို့ မရွှေ့ဘဲထားလိုက်တယ်။ ဒီလိုမရွှေ့ခြင်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို NLD က လက်ခံရမယ်။ လက်မခံနိုင်ရင်တော့ အစကတည်းကပြောသားပဲဆိုတာမျိုး ဖြစ်လာမယ်။ NLD အနေနဲ့ အားနည်းနေတဲ့နေရာဒေသတွေကိုပိုပြီးထိထိရောက်ရောက် စည်းရုံးနိုင်မယ့် အခွင့်အရေးကိုလက်လွှတ် ခံခဲ့တာပဲ။ ဒီတော့ ကိုယ်ရှုံးတော့မှာရွေးကောက်ပွဲမမျှတပါဘူးလျှောက်ပြောလို့ မရတော့ဘူးဆိုတာတော့ သိထား စေချင်တယ် ”ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
“NLD အတွင်းသတင်းကရတဲ့သတင်းတွေအရ NLD ပါတီကဦးကိုနီနဲ့ အဖွဲ့ဟာရွေးကော်ကို ဖြုတ်ချဖို့အထိ အစီအစဉ် ရှိရှိဆောင်ရွက်ခဲ့တယ်။ ဒီအစီအစဉ်အရဘင်္ဂါလီအမတ်လောင်းတွေ ပယ်ချခံရမယ့်အရေးကို ကြိုတင် ကာကွယ်ဖို့ ဦးကိုနီကဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် ရွေးကော်က ဘင်္ဂလီအမတ်လောင်းတော်တော်များများကို ဥပဒေနဲ့ မညီလို့ ဆိုပြီးပယ်ချခဲ့တယ်။ NLD ပါတီဟာဦးကိုနီရဲ့ အကြံဥာဏ်အတိုင်းမီဒီယာအချို့နဲ့ ပူးပေါင်းပြီးရွေးကော်ကိုလူထုက ရှုတ်ချအပြစ်တင်ပြီး နှုတ်ထွက်ပေးဖို့အထိ ကြိုးပမ်းခဲ့တယ်။ ဒီကြိုးပမ်းချက်တွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးမှန်မှန်ကန်ကန် လုပ်နေတဲ့ ရွေးကော်ကြောင့် လုပ်လို့ မရဘူး ဖြစ်နေတယ်။ တကယ်တော့ ရွေးကော်ကို ကူညီနေတာက USAID လို EU လို နိုင်ငံတကာအဖွဲ့အစည်းတွေ။ မဲစာရင်းပရိုဂရမ် ရေးတဲ့ i-Fax ဆိုရင်လည်းသူတို့နဲ့ ပေါင်းပြီးလုပ်တာ။ မဲစာရင်းတွေ မှားတဲ့အခါ ရွေးကော်ကိုအပြစ်တင်တယ်။ ရွေးကော်မှာပဲရပ်သွားတယ်။ ရွေးကော် နောက်မှာလုပ်ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုမပြောရဲဘူး။ သူတို့ကရွေးကော်နဲ့ ပေါင်းလုပ်နေတဲ့အတွက် အပြစ်ပြောဖို့ ခက်သွားတယ်။ အခုလဲမဲစာရင်းနဲ့ အခက်တွေ့နေတယ်။ ရေဘေးဖြစ်နေတဲ့ နေရာတွေကိုစည်းရုံးရေးဆင်း ဖို့ လုံးဝ မရဘူး။ အချိန်တစ်ခုပေးပြီး ပြင်ဆင်ဖို့ အချိန်ပေးသင့်တယ်။ ဒါကို NLD ပါတီကမသိဘဲကန့်ကွက်နေတဲ့ အတွက် ကိုယ့်စကားနဲ့ ကိုယ် ကျန်ခဲ့တယ်။ မဲမပေးရတဲ့သူတွေ၊ မဲပေးရာမှာအဆင်မပြေတာတွေ ဖြစ်လာရင် တရားခံက ရွေးကော် မဟုတ်တော့ဘူး။ NLD ဘက်ကို ပြန်ပြီးလက်ညိုးထိုးလာလိမ့်မယ်။ ကျန်တဲ့ပါတီတွေက လက်ခံတယ်။ NLD က လက်မခံတာ။ အဲဒီတုန်းကပြောခဲ့သားပဲဆိုတာမျိုး ဖြစ်လာမှာသေချာတယ်” ဟု NLD ပါတီတာဝန်ခံတစ်ဦး ဖြစ်ခဲ့ပြီး ယခုထုတ်ပယ်ခြင်းခံထားရသူတစ်ဦးကပြောသည်။
 https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်