Subscribe to our RSS Feed

သင်္ကြန်ကာလများတွင် သရုပ်ပျက် အ၀တ်အစား ဆင်ယင်မှု တားမြစ်ပိတ်ပင်ရေး အဆိုကို ရန်ကုန်လွှတ်တော်သို့တင်သွင်း"

From : popular

ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ဒုတိယနေ့တွင် သင်္ကန်းကျွန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးကျော်က မဟာသင်္ကြန်ကာလများတွင် သရုပ်ပျက် အ၀တ်အစား ဆင်ယင်မှု မရှိစေရန် တားမြစ်ပိတ်ပင်ရေး အဆိုကို တင်သွင်းခဲ့ပြီး အဆိုအား ဒီဇင်ဘာလ
၃ ရက်နေ့တွင် ဆွေးနွေးကာ အဆုံးရယူမည် ဖြစ်သ
ည်။ထို့ပြင် လွှတ်တော်တွင် မေးခွန်း (၉) ခု မေးမြန်းဖြေကြားခြင်း၊အဆို အနေဖြင့် ဒုတိယကမ္ဘာစစ်အတွင်း
မှ လက်ကျန်ဘက်စ်ကားများအပါအ၀င် ဂျပန်ခေတ် တွင် စစ်လျော်ကြေးအဖြစ်ရရှိ ခဲ့သော ဟီးနိုးကားများနေရာတွင် အစားထိုးပြေးဆွဲရန်ကိစ္စနှင့် မြန်မာ့ အားကစား
ပြန်လည် ဦးမော လာရေးအတွက် အားကစားကွင်းနှင့် အားကစားပြိုင်ပွဲများ ဖော်ထုတ်ကျင်းပနိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။


 Myanmar Express 

ဂျပန်နိုင်ငံတွင်ဖမ်းမိခဲ့သော ယူရေနီယမ်ပစ္စည်းများနှင့် ပတ်သက်၍ ကန်လွှတ်တော်အမတ်ကသမ္မတ ဦးသိန်းစိန်ထံစာပို့

From :7day

အမေရိကန်အထက်လွှတ်တော်မှ ရီပက်ဘလီကန်အမတ် ရစ်ချက်လူဂါသည် ဂျပန်နိုင်ငံတွင် မကြာသေးမီက ဖမ်းဆီးရမိခဲ့သော ယူရေနီယမ်သန့်စင်ရေး (သို့မဟုတ်) ဒုံးကျည်ထုတ်လုပ်ရာတွင် အသုံးပြုဖွယ်ရှိသည့် ပစ္စည်းများနှင့်ပတ်သက်၍ ဖြေရှင်းပေးပါရန် မြန်မာသမ္မတဦးသိန်းစိန်ထံသို့ နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့က စ
ာရေးသားပေးပို့ခဲ့ကြောင်း ဂျပန်အဆာဟိရှင်ဘွန်း သတင်းစာက ဖော်ပြသည်။ အဆိုပါပစ္စည်းများမှာ သတ္တုပေါက်များနှင့် အလူမီနီယမ် သတ္တုများဖြစ်ပြီး ယင်းတို့ကို အမေရိကန်ဘက်မှ တောင်းဆိုချက်အရ ပြီးခဲ့သည့် သြဂုတ်လက ကမ်းကပ်ထားသောသင်္ဘောတစ်စီးကို ရှာဖွေစစ်ဆေးရာမှ ဂျပန်အာဏာပိုင်များက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆာဟိရှင်ဘွန်းသတင်းစာက အဆိုပါမြောက်ကိုရီးယားသင်္ဘောသည် မြန်မာနှင့်တရုတ်နိုင်ငံများသို့ ယင်းပစ္စည်းများအား တင်ပို့ဖွယ်ရှိသည်ဟု ခန့်မှန်းဖော်ပြသည်။

အမေရိကန် အထက်လွှတ်တော်အမတ်လူဂါက မြန်မာသမ္မတသည် မကြာသေးမီကပင် နိုင်ငံတကာနျူကလီးယားသဘောတူစာချုပ် တစ်ရပ်လက်မှတ်ရေးထိုးထားသဖြင့် နိုင်ငံတွင်း၌ ပြုလုပ်သည့် မည်သည့် နျူစွမ်းအင်ဆိုင်ရာ ကိစ္စရပ်မျိုးကိုမဆို ကုလသမဂ္ဂ၏ စစ်ဆေးမှုကို ခံယူရမည်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။

၎င်း၏စာထဲတွင် လူဂါက “အာဆီယံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဟာ ဒီသင်္ဘောရဲ့ ရည်ရွယ်ချက်ရှိရှိ သယ်ဆောင်လာတဲ့ ကုန်စည်တွေကြောင့် ထိခိုက်နိုင်ပါတယ်” ဟု ရေးသားထားသည်။

ရီပက်ဘလီကန်ပါတီ၏ အထက်လွှတ်တော်အမတ် ရစ်ချက်လူဂါသည် အမေရိကန် ကွန်ကရက်တွင် နျူလက်နက်မပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များ၌ ဦးဆောင်သူတစ်ဦးလည်းဖြစ်သည်။


  Myanmar Express 

သိန်း(၅၀၀)ကျော်ဆုံးရှုံးခဲ့သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ

From : Myit Makha Mediagroup on 30 Nov, 2012



တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပသည့် (၈)ရက်တာကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရုံးခဲ့သော မီးပုံးပျံတန်ဖိုးမှာ ကျပ်သိန်း (၅၀၀)ကျော်ရှိကြောင်း မီးပုံးပျံ ကျင်းပရေးကော်မတီဝင်များထံမှ သိရသည်။
 
 
အဆိုပါ ပြိုင်ပွဲတွင် ညဘက်လွှတ်တင်ခဲ့သော မီးပုံးပျံ အလုံးရေ (၁၀၄)လုံးရှိပြီး ၄င်းတို့ထဲမှ အလုံးရေ (၂၀) မီးလောင်ပျက်စီး ခဲ့ခြင်းဖြစ်သည်။
 
 
ဒီနှစ်ကမီးပုံးတွေကလည်း တော်တော်များတယ်၊ မီးလောင်ဆုံးရှုံးတာကလည်း များတယ်၊ မီးပုံးတွေ မီးလောင်သွားတော့ကြ လွှတ်တဲ့သူတွေအတွက်ကတော့ ပျော်ရွှင်မှု မရကြဘူးဟု  မီးပုံးပျံအမှတ်ပေး ဒိုင်လူကြီး ဦးစိုးသိန်းက ပြောသည်။
 
 
ညဘက်များတွင် ညမီးကျည်းမီးပုံး (၈၆)လုံးနှင့် စိန်နပန်းမီးပုံး (၃၆)တို့လွှတ်ခဲ့ရာ ညမီးကျည်းမီးပုံး (၁၉)လုံးနှင့် စိန်နပန်းမီးပုံး (၁)လုံးတို့မှ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါ မီးပုံးတန်ဖိုးမှာ တစ်လုံး လျှင် ကျပ် (၂၅)သိန်းမှ ကျပ် သိန်း (၄၀)၀န်းကျင်အထိ ကုန်ကျမှုရှိကြောင်း သိရှိရသည်။
 
 
မီးလောင်ပျက်စီးခဲ့သော မီးပုံးများမှာ ရာသီဥတုမကောင်းခြင်း၊ အောက်ဆွဲယမ်းသည် သတ်မှတ် အလေးချိန် ပိသာာချိန်(၄၀)ထက် ပိုမိုထည်သွင်းခြင်း၊ ရေနံချည်းများ မကောင်းခြင်း၊ မီးဆရာ၏ ခွင့်ပြုမိန့်မရသေးပဲ ဆန္ဒစောလွှတ်တင်ခြင်းများကြောင့် ဖြစ်ကြောင်း ဒိုင်လူကြီးများက သုံးသပ်ပြောဆိုသည်။
 
 
ဒီနှစ်တန်ဆောင်တိုင်မှာက လူငယ်လေးတွေ ပြုလုပ်တဲ့မီးပုံးတွေက သိပ်ပြီးအဆင့်မမီသေးပါဘူး၊ တကယ်တမ်းအဆင့်မီတဲ့ မီးပုံးတွေက အလုံး(၃၀)လောက်ပဲပါ ပါတယ်ဟု အမှတ်ပေးဒိုင်လူကြီး ဦးကျော်မြင့်က အတည်ပြုပြောသည်။
 
 
ယခုနှစ် တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ညမီးကျည်းမီးပုံးတွင် တိမ်ဝင်မီးပုံးမှာ ပထမဆု၊ ဂုရုမီးပုံးမှာ ဒုတိယ၊ ပအို့စာပေနှင့် ယဉ်ကျေးမှုမှ လွှတ်တင်သော မီးပုံးမှာ တတိယဆုရရှိခဲ့ကြပြီး စိန်နပန်း မီးပုံးများတွင် မြောက်ပိုင်းမီးပုံးမှာ ပထမဆု၊ ရွှေဓနုမီးပုံးမှာ ဒုတိယ၊ လင်းယုန်မီးပုံးမှာ တတိယဆုအသီးသီးရရှိခဲ့သည်။
 
 
ပထမဆုအား ကျပ်သိန်း (၄၀)၊ ဒုတိယဆုအား ကျပ်သိန်း (၃၀)၊ တတိယဆုအား ကျပ်သိန်း (၂၅)နှင့် နှစ်သိမ့်ဆုမှာ ကျပ်(၅)သိန်းဖြစ်သည်။
 
Myanmar Express

ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အပါအဝင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပြီး ဥပဒေလေးခုကို ပြဋ္ဌာန်းခဲ့

From :ခေတ်လူငယ်

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်ကျင်းပခဲ့သော ပထမအကြိမ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးများ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြီးဆုံးခဲ့ပါသည်။ အဆိုပါ ရက်များအတွင်း ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးများကို ကိုးရက်တာ ပြုလုပ်ခဲ့ပြီး ယင်းကာလအတွင်း လွှတ်တော်က အတည်ပြုပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ဥပဒေလေးခု ရှိကြောင်း သိရသည်။ ယင်းဥပဒေများမှာ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်း ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ၊ မြေသိမ်း (သတ္တုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ၊ ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့ထားသော ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း၊ ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းတို့နှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းများကို သမ္မတလက်မှတ် ရေးထိုး ထုတ်ပြန်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က ပေးပို့ထားပြီး ဖြစ်ကြောင်းလည်း သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

   Myanmar Express 

၂၀၁၃-၂၀၁၄ ပညာသင် နှစ်တွင် B.Sc (Sport) ဘာသာရပ်ကို စတင် သင်ကြား သွားမည်

From : MRTV4

လာမယ့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ တက္ကသိုလ် ၀င်တန်း အောင်မြင်ပြီး ဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ ပြည်တွင်းမှာ အားကစား
ဘာသာရပ်ကို အထူးပြု သင်ကြား နိုင်မယ့် B.Sc (Sport) ဘာသာရပ်ကို တိုးမြှင့် သင်ကြား ပေးသွားဖို့ စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ အားကစား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဘာသာရပ်ကို အားကစားနဲ့ ပတ်သက်ပြီး ၀ါသနာပါသူများ အတွက် ရည်ရွယ်ပြီး သင်ကြား ပေးတာ ဖြစ်ပါတယ်။

အဲ့ဒီ အားကစား ဘာသာရပ် ဘွဲ့အတွက် ပညာ သင်ကြားမှု ကိုတော့ ပညာသင်နှစ် ၄ နှစ် သတ်မှတ် ထားပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဒဂုံတက္ကသိုလ်နဲ့ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရတနာပုံ တက္ကသိုလ် တို့မှာ သင်ကြား ပို့ချသွားမှာ ဖြစ်ပါတယ်။  ဒီလို သင်ကြားရာမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဒဂုံတက္ကသိုလ်မှာ လူဦးရေ ၅၀ နဲ့ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရတနာပုံ တက္ကသိုလ်မှာ လူဦးရေ ၅၀ လက်ခံ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဘာသာရပ် အတွက် ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းနဲ့ မန္တလေးတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းတို့မှ တက္ကသိုလ်ဝင်တန်း အောင်မြင် သူများကို အဓိက ထားပြီး လက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ B.Sc (Sport) ဘာသာရပ်ကို တက်ရောက် ချင်သူများကို ကိုယ်ကာယ စွမ်းရည် ကြံ့ခိုင်မှု စစ်ဆေးပြီးမှ လက်ခံ သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ အဆိုပါ ဘာသာရပ် သင်ကြားဖို့ အတွက် ရွေးချယ် ခံရတဲ့ ကျောင်းသား၊ ကျောင်းသူ များဟာ ပထမနှစ် မှာတော့ အားကစား ဘာသာရပ် ၁ ခုနဲ့ အခြား ဘာသာရပ် များကို သင်ကြား ရမှာဖြစ်ပြီး ဒုတိယနှစ် မှာတော့ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ ကျန်ရှိတဲ့ ဘာသာရပ်များ ကိုတော့ အားကစား ဘာသာရပ်များ သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တတိယနှစ်နဲ့ နောက်ဆုံးနှစ် မှာတော့ အင်္ဂလိပ် ဘာသာရပ်နဲ့ ကျန်ဘာသာရပ် များကို အားကစားနဲ့ ပတ်သက်တဲ့ ဘာသာရပ် များကိုသာ သင်ကြား ပို့ချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် နောက်ပိုင်းမှာ အားကစား တက္ကသိုလ် ကိုလည်း ဖွင့်လှစ် သွားမှာ ဖြစ်ပြီး အဆိုပါ ဘွဲ့ကို ရရှိပြီးပါက အားကစား ၀န်ကြီးဌာနမှာ အလုပ် နေရာများ ပြန်လည် ခန့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


 Myanmar Express 

GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G သို့ တိုးမြှင့်ကာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်

From : ခေတ်လူငယ်

GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G စနစ်သို့ တိုးမြှင့်ကာ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် GSM ဖုန်းများတွင် အသုံးပြုနေသည့် အင်တာနက်စနစ်မှာ 2G စနစ်ဖြစ်ပြီး အင်တာနက် အသုံးပြုရာတွင် နှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် GSM ဖုန်းများတွင် 3G အင်တာနက် စနစ်ကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်ပကုမ္ပဏီ ၃ ခုနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။ ''ZTE, Huawei နဲ့ Alcatel Shanghai Bell ကုမ္ပဏီတို့နဲ့ ပူးပေါင်း ထုတ်လုပ်သွားမှာပါ။ နိုဝင်ဘာလလယ်ကနေ လာမယ့်နှစ်လအတွင်း 3G GSM ဖုန်းလိုင်း တစ်သန်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းတွေမှာ အင်တာနက်တွေ ပိုကောင်းလာမှာပါ'' ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။ ထို့ပြင် လက်ရှိ ရောင်းချနေသော ၂ သိန်းတန် GSM ဖုန်းများကိုလည်း ငွေကျပ် ၁ သိန်းခွဲသို့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ လျော့ချ ရောင်းချပေးရန် ရှိကြောင်း သိရှိရသည်။ ''ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ဈေးချိုအောင် ဆောင်ရွက်နေပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလလောက်မှာ ရောင်းချမယ့် 3G GSM ဖုန်းတွေက ဈေးနှုန်း အနည်းဆုံး ၁ သိန်းခွဲလောက် ဖြစ်ပါမယ်'' ဟု ဦးဌေးဝင်းက ဆက်လက်ပြောကြားခဲ့သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ၀န်ဆောင်မှုများအတွက် တင်ဒါများ ခေါ်ယူထားကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

ပြည်သူ့လွှတ်တော်ဥပဒေသည် သမ္မတလက်မှတ် မထိုးဘဲ အတည်ပြု ပြဋ္ဌာန်းသည့် ပထမဆုံး ဥပဒေဖြစ်

From : ခေတ်လူငယ်

ယခုလ ၂၆ ရက်နေ့စွဲဖြင့် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသော ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းအတွင်း ပထမဆုံးအကြိမ် သမ္မတ လက်မှတ် ရေးထိုးခြင်း မပြုဘဲ အတည်ပြု ပြဋ္ဌာန်းသော ဥပဒေတစ်ခု ဖြစ်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ၎င်း၏အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ “ဥပဒေဖော်ပြရာမှာ နိုင်ငံတော်သမ္မတ လက်မှတ် မပါတာဟာ မှားယွင်းမှု မဟုတ်ကြောင်းနဲ့ အဲဒီဥပဒေဟာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းမှာ ပထမဆုံး သမ္မတလက်မှတ်မထိုးဘဲ အတည်ပြု ပြဋ္ဌာန်းတဲ့ ဥပဒေလည်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်” ဟု ဦးရဲထွဋ်က ရေးသားထားသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၀၆(ဂ) အရ ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်ပေးပို့သော ဥပဒေကြမ်းသည် သမ္မတ လက်မှတ် ရေးထိုးခြင်း မပြုလျှင်ပင် ခုနစ်ရက်အတွင်း ဥပဒေအတည်ဖြစ်ကြောင်း ပြဋ္ဌာန်းချက်အရ အဆိုပါ ဥပဒေ အတည်ဖြစ်လာခြင်း ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သော ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းများကို ယခုလ ၁၈ ရက်တွင် သမ္မတ လက်မှတ် ရေးထိုးနိုင်ရန် တင်ပြခဲ့ပြီး သမ္မတ၏ သဘောထား မှတ်ချက်များ ပါဝင်သော သဝဏ်လွှာများကို ယခုလ ၂၃ ရက်တွင် ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ခဲ့ပြီးနောက် သမ္မတ၏ လက်မှတ် မပါဝင်ဘဲ ယခုလ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ဥပဒေဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

ငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေး ကျပ်သန်း ၁၀၀၀ သမ္မတရုံးမှ အသုံးစရိတ်ချပေး

From : ခေတ်လူငယ်

ငလျင်ဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်နိုင်ရန်အတွက် သမ္မတရုံးမှ ကျပ်သန်း ၁၀၀၀ အသုံးစရိတ်များ ချထားပေးလိုက်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။ သဘာဝဘေး အန္တရာယ် ကျရောက်လာပါက အသုံးပြုရန် သီးသန့်ထားရှိသည့် ဘဏ္ဍာငွေထဲမှ ခွဲဝေချထားပေးခြင်းဖြစ်ပြီး ထိုငွေကြေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ငလျင်ဒဏ်သင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ နှစ်ခုတို့အား စီမံခန့်ခွဲအသုံးပြုခွင့် ပြုထားသည်ဟု ၎င်းကဆက်ပြောသည်။ “ပညာရေး၊ ကျင်းမာရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေနဲ့ သာသနိက အဆောက်အအုံတွေကို ဦးစားပေး ပြန်လည်ပြင်ဆင်သွားမယ်။ တစ်ဆက်တည်းမှာပဲ ငလျင်ဒဏ်သင့် ပြည်သူတွေ အတွက်ကိုပါ တစ်ပါတည်း ဒီဘဏ္ဍာငွေနဲ့ လုပ်ဆောင်သွားမယ်” ဟု ဦးဇော်ဌေးက ဆက်လက် ပြောသည်။ လူမှု/ကယ်ဆယ်ရေးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ နှစ်ခုတို့က ကျပ်သန်း ၁၀၀၀ အပြင် အလှူရှင်များက လှူဒါန်းသော ငွေကြေးများကို ငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေး ကိစ္စတွင် စီမံခန့်ခွဲခွင့် ပေးထားကြောင်းလည်း သမ္မတရုံးဝန်ကြီးဌာနမှ သိရှိရသည်။ မန္တလေး စည်ပင်သာယာရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက မန္တလေးရှိ သာသနိက အဆောက်အအုံများ ပြင်ဆင်နိုင်ရေး အတွက် ယခုအခါ စီစဉ်နေပြီး မူလအလှူရှင်တို့ထံသို့လည်း ဆက်သွယ်နေကြောင်း ပြောသည်။ မန္တလေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနှစ်ခုစလုံးက ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှုတို့ ပြုလုပ်နေကြပြီဟုလည်း အစိုးရအဖွဲ့ တာဝန်ရှိသူ အသီးသီးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ၂၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ သမ္မတ ကျုံးသန်စန်း၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း ထုတ်ပြန်ကြေညာသည့် ပူးတွဲကြေညာချက်

From : သမ္မတရုံး


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကျုံးသန်စန်းနှင့် ဇနီးမဒမ် မိုင်သီဟိုက်တို့ ဦးဆောင်သည့် အဆင့်မြင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ ချစ်ကြည်ရေးခရီး လာရောက်လျှက်ရှိပါသည်။

၂။ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတမစ္စတာ ကျုံးသန်စန်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး၊ ပြည့်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းအားလည်းကောင်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အားလည်းကောင်း ဂါရဝပြု တွေ့ဆုံနှုတ်ဆက်မည် ဖြစ်ပါသည်။ သမ္မတမစ္စတာ ကျုံးသန်စန်းသည် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ ရန်ကုန်မြို့ရှိ ယာဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ နေရာဒေသများ သို့လည်း သွားရောက်မည်ဖြစ်ပါသည်။ ခေါင်းဆောင်နှစ်ဦးအကြား တွေ့ဆုံဆွေးနွေးပွဲ  မစတင်မီ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဗီယက်နမ်သမ္မတ မစ္စတာကျုံးသန်စန်းအား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ နိုင်ငံတော် အခမ်းအနားဖြင့် ကြိုဆိုခဲ့ပါသည်။

၃။ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဗီယက်နမ်သမ္မတ မစ္စတာ ကျုံးသန်စန်း၏ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို ကြိုဆိုခဲ့ပါသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံ၏ ကဏ္ဍပေါင်းစုံ၌ အထူးအောင်မြင်နေမှုများ၊ အထူးသဖြင့် ဗီယက်နမ် နိုင်ငံ၏ ငွေကြေးဖောင်းပွနေမှုအား ထိန်းချုပ်နိုင်မှု၊ လူမှုလုံခြုံရေး တိုးတက်နေမှုနှင့် စဉ်ဆက်မပြတ် စီးပွားရေးတိုးတက်စေရန် ထိန်းသိမ်းထားနိုင်မှုတို့အတွက် ဂုဏ်ယူဝမ်း မြောက်ကြောင်း၊ ထို့အပြင် ဗီယက်နမ်နိုင်ငံ၏ “၂၀၁၁-၂၀၂၀ လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ” ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး၊ မကြာမီ ကာလအတွင်း ခေတ်မီနည်းပညာ ဦးစားပေးသည့် စက်မှုနိုင်ငံအဖြစ် ထူထောင်နိုင်၍ ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်တွင် ဗီယက်နိုင်ငံ၏ အဆင့်အတန်းကို မြှင့်တင်နိုင် မည်ဟု ယုံကြည်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သမ္မတ မစ္စတာ ကျုံးသန်စန်းက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျှက်ရှိသည့်  နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ကြိုးပမ်းဆောင်ရွက်နေခြင်းအတွက် ကြိုဆိုခဲ့ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၏ အောင်မြင်မှု ရလဒ်များအတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ပြီး သာယာဝပြော၍ စည်ပင်သာယာသည့် နိုင်ငံအဖြစ်သို့ တစ်ဖြည်းဖြည်းချင်း အောင်မြင်စွာ ရောက်ရှိလာပြီး၊ ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်တွင် မြန်မာနိုင်ငံ၏ အဆင့်အတန်းကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

၎။ နှစ်နိုင်ငံခေါင်းဆောင်တို့က မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုများနှင့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာ လျှက်ရှိသည်ကို၊ အထူးသဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူညီခဲ့သည့် ဦးစား ပေးပူးပေါင်းဆောင်ရွက်မည့် စိုက်ပျိုးရေး၊ စက်မှုသီးနှံများ၊ ငါးလုပ်ငန်းများ၊ ဘဏ်လုပ် ငန်းနှင့် ဘဏ္ဍာရေး၊ လေကြောင်းပျံသန်းမှု၊ ဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၊ သတ္တုတူးဖော်ခြင်းလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ် ထုတ်လုပ်ခြင်းနှင့် အပိုပစ္စည်းများ တပ်ဆင်ခြင်း၊ ဆောက်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်းကဏ္ဍ (၁၂) ရပ်တွင် တိုးတက်အောင်မြင်လျှက်ရှိ သည်ကို အသိအမှတ်ပြု ခဲ့ကြပါသည်။ ခေါင်းဆောင်နှစ်ဦးတို့က နှစ်နိုင်ငံ ပြည်သူများ အကျိုးရှိမည့် ကဏ္ဍပေါင်းစုံတွင်  ပူးပေါင်းဆောင်ရွက်နေမှုများ ပိုမိုမြှင့်တင်သွားရန်၊ ၂၀၁၅ ခုနှစ်၊ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းစဉ်နှင့် အာရှ-ပစိဖိတ် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားရန်တို့ကို ထပ်လောင်းကတိပြုခဲ့ကြပါသည်။

၅။  ခေါင်းဆောင်နှစ်ဦးတို့က ၂၀၁၂ ခုနှစ်၊ မတ်လအတွင်းက နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ဗီယက်နမ် နိုင်ငံချစ်ကြည်ရေးခရီးစဉ် အပါအဝင် မကြာသေးမီ ကာလအတွင်းကအဆင့်မြင့် ကိုယ်စားလှယ်များ၏ ချစ်ကြည်ရေးခရီးစဉ်များ၏ အကျိုး ရလဒ်များကို အထူးအလေးအနက် ထားသည်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး၊ လက်ရှိ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျှက်ရှိသောနည်းလမ်း၊ ယန္တရားများသာမက အခြားသော နည်းလမ်းများမှ တစ်ဆင့်လည်း အဆင့်အသီးသီး၌ ချစ်ကြည်ရေး လည်ပတ်မှုများနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်ဆောင်ရွက်သွားကြရန် ထပ်လောင်းအတည်ပြု ခဲ့ပါသည်။

၆။  နှစ်နိုင်ငံခေါင်းဆောင်များက ၂၀၁၁ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ကာကွယ် ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်နှင့် ၂၀၀၄ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည့် ပြစ်မှုတိုက်ဖျက်ရေး သဘောတူညီများအပေါ် အခြေခံ၍ ကာကွယ်ရေး- လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားရန် သဘောတူညီ ခဲ့ကြပါသည်။ ထို့အပြင် နှစ်နိုင်ငံအကြားဒုတိယဝန်ကြီးအဆင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ စတင်တည်ထောင်ရန်လည်း သဘောတူညီခဲ့ကြပါသည်။

၇။ ခေါင်းဆောင်နှစ်ဦးတို့က နှစ်နိုင်ငံဆိုင်ရာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးတို့၌ အောင်မြင်မှုများ ရရှိနေသည်ကို အသိအမှတ်ပြုခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း (၅၀၀) သို့ရောက်ရှိစေရန် ကတိပြုခဲ့ကြပါသည်။ နှစ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အတွက် တစ်နိုင်ငံစီတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေနိုင်ရန် အခွင့်သာသည့် ပတ်ဝန်းကျင် အခြေအနေကောင်းများကို ဆက်လက်ဖန်တီးပေးရန်နှင့် ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အကြားအပြန်အလှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စီးဝင်လာစေရန် ကတိပြုခဲ့ကြပါသည်။ အခြားစီမံကိန်းများ အတွက် လိုင်စင်များ တိုးမြှင့်ထုတ်ပေးရန်နှင့် တစ်ချိန်တည်းမှာပင် ဗီယက်နမ် စီးပွားရေး လုပ်ငန်းများအတွက် လိုင်စင်ထုတ်ပေးထားပြီးသည့် စီမံကိန်းများကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလျှင်အမြန် ဆောင်ရွက်ကြရန် ခေါင်းဆောင်နှစ်ဦးတို့က တောင်းဆိုခဲ့ကြပါသည်။ ခေါင်းဆောင်နှစ်ဦးတို့က ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ဗီယက်နမ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများအသင်းတို့ အကြားပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ခြင်းသည် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ မြှင့်တင်နိုင်ရေးအတွက် ခြေလှမ်းတစ်ရပ်အဖြစ် ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

၈။  နှစ်နိုင်ငံခေါင်းဆောင်တို့ကစိုက်ပျိုးရေး၊ စက်မှုသီးနှံ စိုက်ပျိုးရေး၊ ရေချိုငါးမွေးမြူ ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကြေးနန်းဆက်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း စသည်ကဲ့သို့သော အလားအလာရှိသည့် ကဏ္ဍများတွင် တိုးတက်မှုအသစ်များ ရရှိနေခြင်းအပေါ် ကျေနပ်မှုရှိကြောင်း ထုတ်ဖေါ်ပြောကြား ခဲ့ကြပါသည်။ နှစ်နိုင်ငံခေါင်းဆောင်တို့က မြန်မာနိုင်ငံ၊ ဗဟိုဘဏ်နှင့် ဗီယက်နမ်နိုင်ငံ၊ ဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးမှု သတင်းအချက်အလက် ဖလှယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဗီယက်နမ် ရေနံနှင့် သဘာဝဓာတ်ငွေ့အဖွဲ့တို့အကြား ချုပ်ဆိုသောရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာနားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးခြင်းတို့ကို ကြိုဆိုခဲ့ကြပြီး၊ အသေးစိတ်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဥပဒေဆိုင်ရာ အခြေခံမူဘောင်များ ချမှတ်ရေးဆွဲနိုင်ရန် အခြားသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များအား အပြီးသတ် ဆောင်ရွက်နိုင်ရေးအတွက် အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရန် သဘောတူညီခဲ့ကြ ပါသည်။

၉။  ခေါင်းဆောင်နှစ်ဦးတို့က ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အထူး သဖြင့် အာဆီယံနှင့် အခြားသောဒေသခွဲ အဖွဲ့အစည်းများဖြစ်သည့် စီအယ်လ်အမ်ဗွီ၊ အက်မက်၊ ဂျီအမ်အက်စ်၊ အီးဒဗလျူအီးစီကဲ့သို့သော အဖွဲ့အစည်းများတွင် နှစ်နိုင်ငံတက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုများကို အလေးအနက်ထားကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ကြပါသည်။ ထို့အပြင် ၂၀၁၅ ခုနှစ်၊ အာဆီယံအသိုက်အဝန်း တည်ထောင်ရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ တို့အနေဖြင့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက် သွားကြရန် ထပ်လောင်းကတိပြုခဲ့ကြပါသည်။ သမ္မတကျုံးသန်စန်းက ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် မြန်မာနိုင်ငံအား အကူအညီ ပေးရန်နှင့် ညှိနှိုင်းဆောင်ရွက်သွားရန် အသင့်ရှိနေကြောင်း ထပ်လောင်းပြောကြား ခဲ့ပါသည်။

၁၀။ ခေါင်းဆောင်နှစ်ဦးတို့က မဲခေါင်မြစ်ကော်မရှင်၏ အရေးပါမှု၊ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံစီ၏ အကျိုးစီးပွားနှင့် ဒေသတွင်းအကျိုးစီးပွားအတွက် မဲခေါင်မြစ် ၏ ရေအရင်းအမြစ်များကိုစီမံခန့်ခွဲမှုနှင့် စဉ်ဆက်မပြတ် သုံးစွဲမှုတို့တွင် မဲခေါင်မြစ် ကော်မရှင်၏ အရေးပါမှုကို သဘောတူညီခဲ့ကြပါသည်။

၁၁။နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အပြန်အလှန်ယုံကြည်မှုရှိရေး၊ ၁၉၈၂ ခုနှစ်၊ ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ကွန်ဗင်းရှင်းအပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေအားလေးစားရေး၊ တောင်တရုတ်ပင်လယ်ဆိုင်ရာ အာဆီယံ၏ အခြေခံမူ (၆) ချက်၊ တောင်တရုတ် ပင်လယ်တွင်းနိုင်ငံများ လိုက်နာဆောင်ရွက် ရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာကြေညာ စာတမ်း (ဒီအိုစီ) အပြည့်အဝအကောင်အထည်ဖော်ရေးနှင့် တောင်တရုတ်ပင်လယ် တွင်းနိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း (စီအိုစီ) စောစီးစွာ အကောင်အထည် ပေါ်လာမှုတို့၏ အရေးပါမှုကို ထပ်လောင်းအတည် ပြုပါသည်။ တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကြေညာစာတမ်း၏ (၁၀) နှစ်မြောက် နှစ်ပတ်လည်ဆိုင်ရာ (၁၅) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး ထုတ်ပြန်ကြေညာချက်ကို ကြိုဆိုကြပါသည်။

၁၂။  သမ္မတ ကျုံးသန်စန်းနှင့် ဇနီးမဒမ် မိုင်သီဟိုက်တို့က ၎င်းတို့အပါအဝင် အဆင့်မြင့် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးပျူငှာစွာ ဧည့်ဝတ်ပြုခြင်းများ အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့အားလည်းကောင်း၊ မြန်မာအစိုးရနှင့် ပြည်သူများအားလည်းကောင်း ကျေးဇူးတင်ရှိကြောင်း ထုတ်ဖေါ် ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သမ္မတ ကျုံးသန်စန်းက နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့အားအပြန်အလှန်အားဖြင့် အဆင်ပြေသည့်အချိန်တွင် ဗီယက်နမ် နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ရာနိုင်ငံတော် သမ္မတဦးသိန်းစိန်က လက်ခံခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်

 Myanmar Express 

မြန်မာပိုင်း VOA ရုပ်သံ စကိုင်းနက်မှာ လွှင့်မည်။

From :YPI

အမေရိကန် အစိုးရ၏ အသံလွှင့်ဋ္ဌာနဖြစ်သည့် ဗီအိုအေ မြန်မာပိုင်းရုပ်သံ အစီအစဉ်ကို ပုဂ္ဂလိကပိုင် စကိုင်းနက်ရုပ်သံလိုင်းမှ လွှင့်တင်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။


စကိုင်းနက်ပေါ်မှ ဗွီအိုအေ ဆိုသည့် အခမ်းအနားကို လာမည့် ဒီဇင်ဘာ ၆ရက်နေ့တွင် ပြုလုပ်မည့် ဖိတ်ကြားစာများကို သတင်းမီဒီယာ များသို့ ဝေငှထားကြောင်း လက်ခံရရှိသူ သတင်းအယ်ဒ

ီတာ တစ်ဦးကပြောသည်။


အခပေး ကြည့်ရှုသူပေါင်း တသိန်းကျော်ရှိသည့် ရွှေသံလွင် ဦးကျော်ဝင်း ပိုင်ဆိုင်သော စကိုင်းနက် ရုပ်သံဋ္ဌာနသည် အခပေး ရုပ်သံဈေးကွက်တွင် နေရာရထားသည့် ရုပ်သံလွှင့် ဋ္ဌာနလည်းဖြစ်သည်။


ယခင်က မိုးလုံးပြည့် မုသာဝါဒများ၊ လေလှိုင်းပေါ်မှ လူသတ်သမားများဟု နအဖ အစိုးရက တလျှောက်လုံး ခေါ်ဆိုလာခဲ့သော်လည်း ယမန်နှစ် သြဂုတ်လတွင် ယင်းသို့ခေါ်ဆိုခြင်းကို ရပ်ဆိုင်းလိုက်ပြီးနောက် လအနည်းငယ်အကြာတွင် ပြည်ပအခြေစိုက် မြန်မာသတင်းဋ္ဌာန အချို့ မြန်မာနိုင်ငံတွင်း ၀င်ရောက်သတင်းယူခွင့် ရရှိလာခဲ့သည်။
ယင်းနောက်ပိုင်း တဖြည်းဖြည်းနှင့် ပြည်ပအခြေစိုက် သတင်းဋ္ဌာနများ၏ ရုံးခန်းများ ပြည်တွင်းတွင် ဖွင့်လှစ်လာနိုင်ကြသည်။


ပြည်ပအခြေစိုက် မြန်မာ ရုပ်သံအစီအစဉ်တစ်ခု အနေဖြင့် ပြည်တွင်းမှ ထပ်ဆင့်ထုတ်လွှင့်ခြင်းမှာမူ ယခု ဗွီအိုအေရုပ်သံအစီအစဉ် သည် ပထမဆုံး ဖြစ်လာမည်ဖြစ်သည်။ ။
 
  Myanmar Express 

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတမစ္စတာကျုံးသန်စန်းနှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာ စားပွဲဖြင့်တည်ခင်းဧည့်ခံ

From : သမ္မတရုံး


နေပြည်တော် နိုဝင်ဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်းနှင့် ဇနီးမဒမ်မိုင်သီဟိုက် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးသိန်းညွန့်၊ ဦးတင်နိုင်သိန်း၊ ဦးမြင့်လှိုင်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးအေးမြင့်၊ ဦးဝင်းမြင့်၊ ဦးအေးမြင့်ကြူ၊ ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်နှင့် ဦးဌေးအောင် ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးဇင်ယော်၊ ဦးထင်အောင်၊ ဒေါ်စန္ဒာခင်နှင့် ဦးစိုးတင့် ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးသက်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော်သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chu Cong Phung တက်ရောက်သည်။

ဂုဏ်ပြုညစာမသုံးဆောင်မီ နိုင်ငံတော်တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြု တီးမှုတ်သည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာ များဖြင့် ဖျော်ဖြေကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဧည့်သည်တော် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတအား ခရီးစဉ်မှတ်တမ်း ဓာတ်ပုံ အယ်လ်ဘမ်ကိုပေးအပ်သည်။


ဂုဏ်ပြုညစာစားပွဲအပြီးတွင် ဧည့်သည်တော် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်း၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့်ဇနီးတို့ သည် ဖျော်ဖြေကြသော အနုပညာရှင်များအား လက်ဆောင် ပန်းခြင်းများ ပေးအပ်ကြပြီး အနုပညာရှင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

 Myanmar Express 

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကူညီနေချိန်တွင် ဘာမှမကူညီပဲ ပိတ်ဆို့မှုအမျိုးမျိုးလုပ်ခဲ့သည့် ဂျော့ခ်ျဘုရှ် ဆေးရုံရောက်နေ

From : planet

အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျ အိတ်ခ်ျဒဗလျူ ဘုရှ်သည် ချောင်းဆိုးရင်ကျပ်ရောဂါကြောင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်သည့် သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူဘုရှ်သည် ချောင်းဆိုးရင်ကျပ်ကြောင့် ဆေးရုံတွင် ကုသမှုခံယူနေရသည်မှာ ၆ ရက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ဂျော့ဂ်ျဒဗလျူဘုရှ်သည် အမေရိကန်နိုင်ငံ၏ ၄၁ ဦးမြောက် သမ္မတအဖြစ် ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

  Myanmar Express 

နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်ခင်ခင်ဝင်း ဗီယက်နမ်သမ္မတ၏ ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

From : သမ္မတရုံး

နေပြည်တော် နိုဝင်ဘာ ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးသန်းစိန်၏ ဇနီးဒေါ်ခင်ခင်ဝင်းသည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ ကျုံးသန်စန်း၏ ဇနီးမဒမ် မိုင်သီဟိုက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ (၃) နာရီ (၄၅) မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ အမျိုးသမီးများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်ဒေသရှိ အမျိုးသမီးများ ဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ၏ ဇနီးဒေါ်ခင်ခင်ဝင်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဇနီးဒေါ်လင်းလင်းတင်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၏ ဇနီး ဒေါက်တာခင်ဆွေမြင့်၊ ဗီယက်နမ်သံအမတ်ကြီး၏ ဇနီး ဒေါ်ဖြူဖြူထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဗီယက်နမ် သမ္မတ၏ ဇနီးမဒမ် မိုင်သီဟိုက်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး၏ဇနီး Mrs. Le thi Vav လည်း တက်ရောက်ကြသည်။

 Myanmar Express 

မောင်တော မြို့နယ် ကျေးရွာများ၌ နယ်မြေခံ ဆေးတပ်ဖွဲ့ ဝင်များက ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း ဆောင်ရွက်

From : မြဝတီ


အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်သည် တာဝန်ရှိ သူများ လိုက်ပါ လျက် နိုဝင်ဘာ ၂၆ရက် မွန်းလွဲ ပိုင်းက
ရခိုင်ပြည်နယ် မောင်တော မြို့နယ် ဝေလာတောင် ကျေးရွာ မူလတန်း ကျောင်း၌ နယ်မြေ ခံ ဆေးတပ်ဖွဲ့ ဝင်များက ဒေသခံ တိုင်းရင်းသား များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက်ပေး နေမှု အခြေအနေကို အားပေး ကြည့် ရှုပြီး ဒေသခံ တိုင်းရင်းသား များနှင့် အခြေခံ ပညာ မူလတန်းကျောင်း အတွက် ထောက်ပံ့ရေး ပစ္စည်း များနှင့် ထောက်ပံ့ငွေ များကို ပေးအပ်သည်။
နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ မောင်တော မြို့နယ် မြောက်ပိုင်းရှိ တိုင်းရင်းသား ကျေးရွာ များတွင် နယ်မြေ ခံ ဆေး တပ် ဖွဲ့ဝင်များက ဒေသခံ ပြည်သူ ၅ဝ၇ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက် ပေးခဲ့ပြီး ကျန်းမာရေး ပညာပေး သရုပ် ပြသ ခြင်းများ ကိုလည်း ဆောင်ရွက် ပေးခဲ့ ကြသည်။

ဆက်လက်၍ နိုဝင်ဘာ ၂၇ ရက်က မောင်တော မြို့နယ် ရွှေရင်အေး ကျေးရွာနှင့် သရေကုန်း ဘောင်ကျေးရွာ များရှိ မီးလောင် ပျက်စီး ခဲ့သည့် ကျေးရွာ ဘုန်းတော်ကြီး ကျောင်းများကို နယ်မြေခံ တပ်မတော် သားများက အသစ် ပြန် လည် တည်ဆောက် နေမှုကို ကြည့်ရှု အားပေး ပြီး ကျောင်းထိုင် ဆရာတော် များကို နဝကမ္မ အလှူငွေများ လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။


 Myanmar Express 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ မစ္စတာကျုံးသန်စန်းနှင့် တွေ့ဆုံဆွေးနွေး

From :သမ္မတရုံး


နေပြည်တော် နိုဝင်ဘာ၂၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်းနှင့် ယနေ့ ညနေ (၄) နာရီ (၁၅) မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြ သည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးမြင့်လှိုင်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊ ဦးအေးမြင့်ကြူ၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးထင်အောင်၊ ဗီယက်နမ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသက်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး  ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ဒုတိယဝန်ကြီးချုပ် Mr. Nguyen Thein Nhan ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး၊ သမ္မတရုံး ဥက္ကဌ၊ ပါတီဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Mr. Chu Cong Phung ဒုတိယ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံရာ၌ မဟာမဲခေါင်ဒေသခွဲအတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်လုပ်ငန်း၊ သစ်တော၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ နှစ်နိုင်ငံ ပြည်သူများ ဝင်ထွက်သွားလာရေး၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဏ္ဍစသည်တို့တွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံ နိုင်ငံများ အတွင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက် မှုများ တိုးတက်ဖြစ်ပေါ်ရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နှစ်နိုင်ငံသမ္မတများရှေ့မှောက်၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ခေတ္တဒုတိယဥက္ကဌ ဦးအောင်အောင်နှင့် ဗီယက်နမ် နိုင်ငံတော်ဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာဒွန်ထိုင်းဘင်တို့က မြန်မာ နိုင်ငံတော်ဗဟိုဘဏ်နှင့် ဗီယက်နမ် နိုင်ငံတော် ဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်းကြီးကြပ် စစ်ဆေးမှု သတင်းအချက်အလက် ဖလှယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာန စွမ်းအင်စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဖေဇင်ထွန်းနှင့် ဗီယက်နမ် ရေနံနှင့်သဘာဝဓာတ်ငွေ့အဖွဲ့ (ပက်ထရိုဗီယက်နမ်) ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဒိုဗန်းဟူးတို့က စွမ်းအင်ဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံ ဗီယက်နမ် ရေနံနှင့် သဘာဝဓာတ်ငွေ့အဖွဲ့တို့အကြား ချုပ်ဆိုသော ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကိုလည်းကောင်း လက်မှတ်ရေးထိုးကြပြီး စာချွန်လွှာများကို အပြန်အလှန် လဲလှယ်ကြသည်။

ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များသည် ပြည်တွင်းပြည်ပမီဒီယာများအား နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားကြသည်။

  Myanmar Express 

သီရိလင်္ကာ နိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်

From : မြဝတီ


သီရိလင်္ကာ နိုင်ငံသည် တရုတ် နိုင်ငံရှိ အာကာသ စခန်းတစ်ခုမှ ၎င်းတို့၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုကို နိုဝင်ဘာ ၂၇ ရက်က လွှတ်တင် ခဲ့ကြောင်း ဒေသခံ ကုမ္ပဏီ တစ်ခု၏ ကြေညာချက် အရ သိရသည်။

အဆိုပါ ဂြိုဟ်

တုကို တရုတ် နိုင်ငံပိုင် China Great Wall Industry Corporation နှင့်အတူ ပူးပေါင်း၍ သီရိ လင်္ကာ နိုင်ငံရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သော Supreme SAT ကုမ္ပဏီမှ ထုတ်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Supreme SAT-1 ဟုအမည် ပေးထားသော ဆက်သွယ်ရေး ဂြိုဟ်တုက အရှေ့ အလယ်ပိုင်း၊ တောင်အာရှ၊ အာရှ အလယ်ပိုင်းနှင့် သြစတြေးလျ ဒေသများ အတွင်း broadband အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ် ရေးနှင့် ရုပ်သံ ထုတ်လွှင့်ရေး ဝန်ဆောင်မှုများ အပါအဝင် ဆက်သွယ်ရေး လုပ်ငန်း များကို ပိုမို ကောင်းမွန်စွာ လုပ်ဆောင်ရန် ဝန်ဆောင်မှု ပေးအပ်နိုင်မည် ဖြစ်ကြောင်း Supreme SAT ကုမ္ပဏီက ပြောကြားသည်။

Supreme SAT-1 ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်နိုင် ခြင်းကြောင့် သီရိလင်္ကာ နိုင်ငံသည် ဆက်သွယ်ရေး ဂြိုဟ်တု ပိုင်ဆိုင်သည့် ၄၅ နိုင်ငံမြောက် နိုင်ငံ ဖြစ်လာ ခဲ့ပြီး အိန္ဒိယနှင့် ပါကစ္စ တန်နိုင်ငံ တို့ပြီးလျှင် သီရိလင်္ကာ နိုင်ငံသည် တောင်အာရှ နိုင်ငံများ အတွင်း ဂြိုဟ်တု လွှတ်တင် နိုင်ခဲ့သည့် တတိယ မြောက် နိုင်ငံတစ်ခု ဖြစ်ကြောင်း သိရသည်။ Supreme SAT-1 ဂြိုဟ်တုကို ခန့်မှန်းခြေ အားဖြင့် ကမ္ဘာမြေ မျက်နှာပြင် အထက် ကီလို မီတာ ၃၆ဝဝဝ အကွာ ၈၇ ဒသမ ၅ ဒီဂရီ အရှေ့ဘက်တွင် ကမ္ဘာတည် နေရာ အတိုင်း ရွေ့လျားနေ သည့် ဂြိုဟ်တု ပတ်လမ်း တစ်ခုအတွင်း ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။


Myanmar Express 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

From :သမ္မတရုံး


နေပြည်တော် နိုဝင်ဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ (၃)နာရ်ီမိနစ် (၅ဝ) တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊  လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသက်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတမစ္စတာကျုံးသန်စန်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး  H.E.Mr. Chu Cong Phung လည်း တက်ရောက်သည်။

ယင်းသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ ပြည်တွင်းစီးပွားရေး ပြုပြင်ပြောင်းလဲမှု၊  နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေး ပိုမိုတိုးတက်ခိုင်မြဲစေရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

  Myanmar Express 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်းနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆို

From : သမ္မတရုံး


နေပြည်တော် နိုဝင်ဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတမစ္စတာကျုံးသန်စန်းနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြု ကြိုဆိုသည့် အခမ်းအနားကို ယနေ့ညနေ (၃) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။

ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် ခေတ္တ တည်းခိုသည့် ရွှေနန်းတော် ဟိုတယ်မှ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ အိမ်တော်ရှေ့၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူရန် အလေးပြုခံစင်မြင့်သို့ သွားရောက်ကြပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြသည်။

ထိုအချိန်တွင် နိုင်ငံတော်တီးဝိုင်းက ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တို့၏  နိုင်ငံတော် သီချင်းများကို  ဂုဏ်ပြုတီးမှုတ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတအား ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတက ၎င်းနှင့်အတူ လိုက်ပါလာသည့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတကလည်း ၎င်းနှင့်အတူ ကြိုဆိုနှုတ်ဆက်ကြသည့်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးသိန်းညွန့်၊ ဦးမြင့်လှိုင်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊ ဦးဝင်းရှိန်၊ ဦးအေးမြင့်ကြူ၊ ဒေါက်တာကံဇော်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသက်ဦးတို့အား  ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတနှင့် ပြန်လည်မိတ်ဆက်ပေးသည်။

 Myanmar Express 

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှု အဆင့်ဆင့် (ဖြစ်ရပ်မှန်)

  နိုဝင်ဘာ ၂၇ ညနေ တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပတ်ဝန်းကျင်အား ပုဒ်မ ၁၄၄ ထုတ်ထားပြီးဖြစ်သဖြင့် ၂၀၁၂ ခုနှစ် ည ၁၂ နာရီ နောက်ဆုံးထားကာ သပိတ်စခန်းများဖြတ်သိမ်းရန် နှင့် လူစုများ ခွဲပေးရန် ပြည်ထဲရေးမှ အမိန့်ထုတ်ပြန်လိုက်သည်။ အကယ်၍ အမိန့်ကို မလိုက်နာပါက ဥပဒေအတိုင်း အဆင့်ဆင့် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။


နိုဝင်ဘာ ၂၇ ည သတင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေငြာချက်အား မြန်မာ့ရုပ်မြင်သံကြားသတင်း၊  မြဝတီ သတင်း နှင့် သတင်းစာများတွင် လူထုတစ်ရပ်လုံး သိရှိစေရန် ကြေညာခဲ့သည်။

    

ပြည်ထဲရေးဝန်ကြီးဌာန အမိန့်တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံး ဖျက်သိမ်းခိုင်းထားသော်လည်း ၂၇ ရက်နေ့ ည ၁၂ နာရီ ထိ ဆန္ဒပြသူ အားလုံး ဂရုမစိုက်ခဲ့ကြပါ။

နိုဝင်ဘာ ၂၇ ရက်နေ့ ညအချိန်တွင် ဆန္ဒပြသူများ စခန်းချရာ သပိတ်စခန်းများသို့ ရဲတပ်ဖွဲ့ခေါင်းဆောင်များမှ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်နှင့် ကြေညာချက်ကို အကြိမ်ကြိမ် အခေါက်ခေါက်အခါခါ ဖတ်ပြခဲ့သော်လည်း ဆန္ဒပြသူအားလုံး ဂရုမစိုက်ခဲ့ကြပါ။

 

နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၁ နာရီ ချိန်ထိ ပြည်ထဲရေးဝန်ကြီးဌာနမှ ဆန္ဒပြသူများကို ဘာမှမလုပ်ပဲ စောင့်ကြည့်ခဲ့ပြီး မဖယ်ရှားပါးက အခြေခံဥပဒေ အတိုင်း ကိမ်ကြိမ် အခေါက်အခေါက်အခါခါ သတိပေးသော်လည်း  ဆန္ဒပြသူများအားလုံး လုံးဝ ဂရုမစိုက်ခဲ့ကြပါ။

နိုဝင်ဘာ ၂၈ ရက်နေ့ ညနေချိန်ထိ သပိတ်စခန်းအားလုံး ဖယ်ရှားပေးခြင်းမရှိသလို သပိတ်မှောက် သူအားလုံးကလည်း နားပိတ်နေခဲ့ကြသည်။

နိုဝင်ဘာ ၂၈ ရက်နေ့ ည ၁၂ နာရီ အချိန်ထိ သပိတ်စခန်းများသည် ပုံမှန်လည်ပတ်နေပြီး ဖျက်သိမ်းခိုင်းထားသော အမိန့် ကို ၂၄ နာရီ ကြာအောင် မထီမဲ့မြင် ပြုခဲ့ကြသည်။



နိုးဝင်ဘာ ၂၉ ရက်နေ့ မနက် ၃ နာရီ ခန့်တွင် မီးသတ်ကားများဖြင့် လမ်းဘေး နှင့် လမ်းပေါ် တွင် အိပ်နေသည့် လူများနှင့် သံဃာများကို ရေဖြင့် ပန်းခဲ့သော်လည်း လူများသာ ထွက်ပြေးသွားကြပြီး သံဃာများမှာ အိပ်ချင်မူးတူးဖြင့် "လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" ဟု ရွတ်ဆိုနေကြသည်။


သံဃာအချို့မှာ မီးသတ်ပိုက်နှင့် ထိုးတာကိုပင် အအိပ်မပျက်ပဲ စောင်ပြန်ခြုံကာ အိပ်နေခဲ့ကြသည်။ အချို့ကတော့ ကယောင်ကတမ်းဖြင့် "လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" ဟု repeat ဖြင့် အော်နေခဲ့ကြသည်။

မီးသတ်ကားဖြင့် ၁ မိနစ်ခန့် ရေပန်းအပြီး တွင် ရဲတပ်ဖွဲ့မှ သပိတ်စခန်းအား စောင့်ကြည့်ခဲ့ရာ သံဃာအများစုမှာ တန်းစီကာ ထိုင်နေပြီး "လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" ဟု ဆက်အော်နေကြပြန်သည်။ ထိုအချိန်ထိ အချို့သံဃာများမှာ အိပ်နေတုန်းဖြစ်သည်။ သတင်းထောက်များ၊ NLD ပါတီဝင်များနှင့် ကျောင်းသား ဆိုသူများမှာ ခွေးပြေးဝက်ပြေး ပြေးကြသဖြင့် တစ်ယောက်မျှပင် မရှိတော့ပေ။

ခေါင်းမာနေသော သံဃာများ၏ သပိတ်စခန်းသို့ ရဲတပ်ဖွဲ့မှ မီးခိုးဗုံးများ စတင်ပစ်ရာ သံဃာများက စောင့်ကြောင့်ထိုင်ပြီး ရဲတပ်ဖွဲ့များကို ငရဲကြီးစေလိုခြင်း အတွက် လက်အုပ်ချီကာ မေတ္တာပို့ရန်ပြင်ဆင်ခဲ့ကြသည်။ 

သပိတ်စခန်းများသည် ထန်းရွက်များဖြင့် ကာထားပြီး ပလက်စတစ် မိုးကာစ ဖြင့် မိုးထားရာ မီးခိုးဗုံး ကျချိန်တွင် ပလစတစ်စများမှာ အပူဒဏ်မခံနိုင်ပဲ အရည်ပျော်ကျကာ မီးလောင်ခဲ့သည်။ ထန်းရွက်ခြောက်များကြောင့် မီးအရှိန်မှာ တမဟုတ်ခြင်း ကြီးထွားလာပြီး သင်္ဃန်းများကို လောင်ခဲ့သည်။



မီးတောက်ကို တွေ့မြင်ချိန်တွင် ဆန္ဒပြသူ လူများက သံဃာတော်များအား နောက်ဆုတ်ကြရန် အော်ဟစ်သတိပေးကြသော်လည်း သံဃာများက ရေစိုနေသော် စောင်များဖြင့် ခန္ဓာကိုယ်အား ပတ်ထားလျှင် မီးမလောင်နိုင်ဟု ယူဆကာ ဆက်လက် ထိုင်နေခဲ့ကြသည်။


စောင်များနှင့် ရုံထားသော သင်္ဃန်းများကို မီးစလောင်တော့မှ ကြောက်ကြေက်လန့်လန့်ဖြင့် သင်္ဃန်းများကို ချွတ်ဖို့ ကြိုးစားချိန်တွင် အိပ်ယာထဲမှ ထပြီးပြီးချင်း ဖြစ်ကတက်စမ်း ကိုယ်တွင် ပတ်ထားသဖြင့် သင်္ဃန်းများက ချွတ်မရပဲ ဖြစ်ကာ ခန္ဓာကိုယ် မီလောင်ဒဏ်များရရှိကြရသည်။


သံဃာအချို့ မီးလောင်ချိန်တွင် ဘေးမှ သံဃာများက ကြောက်လန့်မှုများဖြစ်ကာ အချင်းချင်းမကူညီကြပဲ မီးလောင်နေသည့် တဲများကို ဖြတ်ကာ ထွက်ပြေးကြသဖြင့် မီးလောင်ဒဏ်ရာရ သံဃာအရေအတွက် ပိုမိုများပြားလာခြင်းဖြစ်သည်။

တစ်ရက် ကြိုတင် သတိပေးသည်။ ဂရုမစိုက်ပါ။ 
တီဗွီ၊ သတင်းစာ များတွင် သတိပေး ကြေငြာခဲ့သည်။ ဂရုမစိုက်ပါ။
အနီးအနားမှ Speaker ဖြင့်အော် ကာ မကြား၊ ကြားအောင် အော်ဟစ် သတိပေးသည်။ ဂရုမစိုက်ခဲ့ကြပါ။
မီးသတ်ပိုက်ဖြင့် ရေဖြန်း လူစုခွဲသည်။ ဂရုမစိုက်ပါ။ ဆက်ပြီးထိုင်နေကြသည်။ (ဘယ်လိုလုပ်ရမလဲ?)
မီးခိုးဗုံးပစ်ကာ လူစုခွဲသည်။ ဂရုမစိုက်ပါ။ ဆက်ပြီးထိုင်နေကြသည်။ (ဘယ်လိုလုပ်ရမလဲ?)
တဲတွေမီးလောင်ကုန်သည်။ ဂရုမစိုက်ပါ။ ဆက်ပြီးထိုင်နေကြသည်။ (ဘယ်လိုလုပ်ရမလဲ?)
ခန္ဓာကိုယ် မီးစွဲကာ လောင်ကုန်သည်။ ဂရုမစိုက်လို့မရတော့ပါ။ ပြေးကြကုန်လေသည်။ 

ဘယ်ရဲတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်ကမှ ဝတ်ထားသော သင်္ဃန်းကို မီးတုတ်နှင့်သွားမရှို့ပါ။
မီးလောင်နေသော သပိတ်စခန်းများသည် ဝင်ရထွက်ရ ခက်ခဲသော် အလုံပိတ် အခန်းတွေမဟုတ်ပါ။ တံခါးတချပ်မှ မရှိသော ဟာလာ ဟင်းလင်း များသာဖြစ်သည်။ မီလောင် ဒဏ်ရာရသူများသည် အဘယ့်ကြောင့် ဒဏ်ရာရကြသနည်း?? မေးခွန်းထုတ်စရာဖြစ်သည်။


စကားပုံတစ်ခုကို သတိရမိသည်
"မည်သူမပြု မိမိမှု"

Myanmar Express 

လက်ပံတောင်းတောင်စီမံကိန်း စာချုပ်များ ပြန်ဖျက်မည်ဆိုက ကတိ စကားနှင့်တန်ရာတန်ကြေး ထည့်တွက်ရန်လိုဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဖျက်ပစ်မည်ဆိုပါက တန်ရာတန်ကြေးနှင့် ကတိစကားများ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

"အခု လက်ပံတောင်းတောင် စီမံကိန်းက စာချုပ်တွေက ချုပ်ပြီး သားတွေ ပြန်ဖျက်ရင် တန်ရာတန်ကြေး ပြန်ပေးရမယ်။ ဒါကိုလည်း ထည့် စဉ်းစားဖို့ လိုတယ်။ ကတိစကား တည်ရမယ်။ ဒီနိုင်ငံက ကတိစကားမတည် ဘူး။ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်စီးသွားနိုင်တယ်လို့ တွေးရင် ရင်းနှီးမြှုပ်နှံမှုတွေ စိတ်မ၀င် စားနိုင်တော့ဘူး။ အမြတ်နဲ့အကျိုးက အရှုံး ကို ပြန်တွက်ရမယ်။ အရှုံးကို ကာနိုင်ရမယ်။ ပြီးတော့ ကတိစကားနဲ့ ပတ်သက်လို့ အရမ်းသတိထားရမယ်။ တချို့က ခပ်ပေါ့ပေါ့ပြော၊ ခပ်ပေါ့ပေါ့ ဖျက်လိုက်တာပဲ"ဟု ၄င်းက အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ပြောသည်။

Myanmar Express