Subscribe to our RSS Feed

ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ သဘောထားပေးပို့ခြင်း

From : သမ္မတရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၇ /  ၂၀၁၂)
၂၀၁၂ ခုနှစ်၊  နိုဝင်ဘာလ ၂၅ ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်

ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ သဘောထားပေးပို့ခြင်း

၁။     ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော “ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၀၅ အရ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော် နာယက က (၂၅-၁၀-၂၀၁၂) ရက်တွင်  သဝဏ်လွှာ ပေးပို့ခဲ့သည်။

၂။     အဆိုပါ “ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

         “၁။    ဤဥပဒေကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင် စေရမည်။

        ၂။     ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၁၁(က)တွင် ပါရှိသော “ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ နိုင်ငံတော်၏ အရအသုံး စာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း” ဆိုသည့် စကားရပ်ကို “ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ နိုင်ငံတော်၏ အရအသုံး စာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် တင်ပြခြင်း၊ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

        ၃။     ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၁၁ (ည) တွင် ပါရှိသော “မိမိ၏ ဆောင်ရွက်ချက်ကို နိုင်ငံတော်သမ္မတ မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်း၊” ဆိုသည့်စကားရပ်ကို “မိမိ၏ ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိ ချက်များကို နိုင်ငံတော် သမ္မတထံသို့ တင်ပြသည်နှင့် တစ်ပြိုင်တည်း ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်း၊” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

        ၄။     ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ ပုဒ်မ ၁၁ (ဌ) ၏ နောက်တွင် (ဍ) ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-


“(ဍ)
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရ အဖွဲ့အစည်း များနှင့် နေပြည်တော် ကောင်စီတို့၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုကို စစ်ဆေးရန် ပြည်ထောင်စု လွှတ်တော်က တာဝန်ပေးအပ်လျှင် စစ်ဆေး၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်း။”

၃။     ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆၊ ပုဒ်မခွဲ (က)အရ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အား ပြည်ထောင်စုလွှတ်တော် နာယက ထံ (၁-၁၁-၂၀၁၂) ရက်တွင် သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့သည်။ သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-


“၁။
ရည်ညွှန်းပါစာဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် ပေးပို့လာသော ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံရရှိပါသည်။

၂။
ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မိမိ၏ သဘောထား မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-


(က)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၄၂၊ ပုဒ်မခွဲ (ဃ) တွင် "ပြည်ထောင်စု စာရင်းစစ်ချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်။" ဟု ပြဋ္ဌာန်းထားပါသည်။ အဆိုပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (က) တွင်လည်း ၎င်းအတိုင်းပင် ပြဋ္ဌာန်းထားပါသည်။


(ခ)
ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) တွင် မူလပြဋ္ဌာန်းချက် ဖြစ်သည့် "နိုင်ငံတော်၏ အရအသုံး စာရင်းများ စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း" အစား " နိုင်ငံတော်၏ အရ အသုံးစာရင်းများ စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် တင်ပြခြင်း၊ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း" ဖြင့် ပြင်ဆင် ပြဋ္ဌာန်းရန်ကိစ္စမှာ ပြည်ထောင်စု စာရင်းစစ်ချုပ်မှ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် မတင်ပြလာပါက တောင်းခေါ် ဆောင်ရွက်စေနိုင်သော ကိစ္စဖြစ်သဖြင့် ပြင်ဆင်ရန် မလိုအပ်ပါ။


(ဂ)
ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ည) တွင် မူလ ပြဋ္ဌာန်းချက်ဖြစ်သည့် "မိမိ၏ ဆောင်ရွက်ချက်ကို နိုင်ငံတော်သမ္မတမှ တစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်း" အစား "မိမိ၏ ဆောင်ရွက် ချက်များနှင့် စစ်ဆေး တွေ့ရှိချက်များကို နိုင်ငံတော်သမ္မတထံသို့ တင်ပြသည်နှင့် တစ်ပြိုင်တည်း ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်း" ဟု ပြင်ဆင်ပြဋ္ဌာန်းရန် ကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ  ပုဒ်မ ၂၄၂၊ ပုဒ်မခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်နေကြောင်း တွေ့ရှိရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၆ တွင် "တည်ဆဲ ဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။" ဟု ရှင်းလင်းစွာ ပြဋ္ဌာန်းပြီး ဖြစ်ပါသည်။ ပေးပို့လာသော ပြင်ဆင်ချက်ဖြင့် ပြဋ္ဌာန်းလိုချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်နေကြောင်း တွေ့ရှိရပါသည်။


(ဃ)
ပုဒ်မ ၁၁ တွင် ပုဒ်မခွဲ (ဍ) အဖြစ် "ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရ အဖွဲ့အစည်းများနှင့် နေပြည်တော် ကောင်စီတို့၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုကို စစ်ဆေးရန် ပြည်ထောင်စု လွှတ်တော်က တာဝန်ပေးအပ်လာလျှင် စစ်ဆေး၍ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း" ဟု ဖြည့်စွက် ပြဋ္ဌာန်းရန် ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၆ တွင် "တည်ဆဲဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။" ဟု ရှင်းလင်းစွာ ပြဋ္ဌာန်းပြီး ဖြစ်ပါသည်။ ၎င်းဖြည့်စွက် ပြဋ္ဌာန်းလိုချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၄၂၊ ပုဒ်မခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်နေကြောင်း တွေ့ရှိရပါသည်။

                       
           ၃။     ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) ပါ "နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရား စီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်။" ဟူသော ပြဋ္ဌာန်းချက်အား လိုက်နာခြင်းသည် ဒီမိုကရေစီ ကျင့်သုံးမှု အပေါ် အလေးထားရာ ရောက်ကြောင်း အများပြည်သူ၏ အမြင်တွင် လက်ခံ ယုံကြည်စေမည် ဖြစ်ပါသည်။

         ၄။     သို့ပါ၍ ပြည်ထောင်စုလွှတ်တော်က ပေးပို့လာသော ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်းသည့် သဘောထား မှတ်ချက်အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၀၆၊ ပုဒ်မခွဲ (က) အရ ပေးပို့အပ်ပါသည်။”

၎။     ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက သဘောထားရှိကြောင်း သိရှိရသည်။


 Myanmar Express 

2 comments:

ဥပဒေမတတ်သောပြည်သူတစ်ယောက်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဆန္ဒမဲပေးခွင့်ရှိသူပြည်သူ ၉၂ဒသမ၄၈ ရာခိုင်နှုံးကမဲပေးအတည်ပြုထားသဖြင့် ပြည်သူ့ဆန္ဒပါဝင်သောဥပဒေဟုထင်မြင်ပါသည်။ ပြည်ထောင်စုလွှတ်တော်ပြည်သူ့လွှတ်တော်အမျိုးသား လွှတ်တော်ဥပဒေအပါအဝင် ဥပဒေ ၂၂မျိုးသည်ပြည်သူ အများဆန္ဒမဲပေးအတည်ပြုထားသည့်ဥပဒေမဟုတ်ဟုနား လည်မိပါသည် ပြည်သူ့အများမဲပေးအတည်ပြု ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် ပြည်သူမဲမပေး အတည်ပြုခြင်းမရှိသည့်ဥပဒေ များကအသာစီးယူ လွှမ်းမိုးနေသည်ကိုနားမလည်ပါ။ အဓိကနှင့် သာမညခွဲခြားနားလည်ဘို့လိုပါသည်။ ဥပဒေ ပြုသောပြည်ထောင်စုလွှတ်တော်တွင် ဥပဒေပညာ ရှင်ဘယ်နှစ်ယောက်ပါပါသနည်း ပြဌာန်းပြီးဥပဒေများကို ဝေဖန်အကြံပြုနှိုင်ရန် ပြည်သူကိုကြေငြာခြင်း အချိန်ပေး ခြင်များ ဖိတ်ခေါ်ဆွေးနွေးခြင်းများ လိုအပ်လျှင် ဆန္ဒမဲပေး စေခြင်းများပြုလုပ်ရန်လိုပါသည် တတ်သိဥပဒေ ပညာရှင်များ ဘေးထွက်ထိုင်ပြီး ငြိမ်မနေ စေလိုပါ တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် ရဲရဲ တင်းတင်း အကြံပေးစေလိုပါသည်။ ပြည်သူများထင်သာမြင်သာရှိအောင်ဂျာနယ်များတွင်ရေးသားပေစေလိုပါသည်။

လူညီ ဤ ကျွဲမဖတ်စေလိုပါ အမှားမှန်းသိသောသူများ ဤဟုသာပြင်ပေးတော်မူကြပါ အားမနာပါနဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်