Subscribe to our RSS Feed

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ သမ္မတ ကျုံးသန်စန်း၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း ထုတ်ပြန်ကြေညာသည့် ပူးတွဲကြေညာချက်

From : သမ္မတရုံး


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကျုံးသန်စန်းနှင့် ဇနီးမဒမ် မိုင်သီဟိုက်တို့ ဦးဆောင်သည့် အဆင့်မြင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ ချစ်ကြည်ရေးခရီး လာရောက်လျှက်ရှိပါသည်။

၂။ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတမစ္စတာ ကျုံးသန်စန်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး၊ ပြည့်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းအားလည်းကောင်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အားလည်းကောင်း ဂါရဝပြု တွေ့ဆုံနှုတ်ဆက်မည် ဖြစ်ပါသည်။ သမ္မတမစ္စတာ ကျုံးသန်စန်းသည် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ ရန်ကုန်မြို့ရှိ ယာဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ နေရာဒေသများ သို့လည်း သွားရောက်မည်ဖြစ်ပါသည်။ ခေါင်းဆောင်နှစ်ဦးအကြား တွေ့ဆုံဆွေးနွေးပွဲ  မစတင်မီ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဗီယက်နမ်သမ္မတ မစ္စတာကျုံးသန်စန်းအား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ နိုင်ငံတော် အခမ်းအနားဖြင့် ကြိုဆိုခဲ့ပါသည်။

၃။ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဗီယက်နမ်သမ္မတ မစ္စတာ ကျုံးသန်စန်း၏ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို ကြိုဆိုခဲ့ပါသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံ၏ ကဏ္ဍပေါင်းစုံ၌ အထူးအောင်မြင်နေမှုများ၊ အထူးသဖြင့် ဗီယက်နမ် နိုင်ငံ၏ ငွေကြေးဖောင်းပွနေမှုအား ထိန်းချုပ်နိုင်မှု၊ လူမှုလုံခြုံရေး တိုးတက်နေမှုနှင့် စဉ်ဆက်မပြတ် စီးပွားရေးတိုးတက်စေရန် ထိန်းသိမ်းထားနိုင်မှုတို့အတွက် ဂုဏ်ယူဝမ်း မြောက်ကြောင်း၊ ထို့အပြင် ဗီယက်နမ်နိုင်ငံ၏ “၂၀၁၁-၂၀၂၀ လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ” ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး၊ မကြာမီ ကာလအတွင်း ခေတ်မီနည်းပညာ ဦးစားပေးသည့် စက်မှုနိုင်ငံအဖြစ် ထူထောင်နိုင်၍ ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်တွင် ဗီယက်နိုင်ငံ၏ အဆင့်အတန်းကို မြှင့်တင်နိုင် မည်ဟု ယုံကြည်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သမ္မတ မစ္စတာ ကျုံးသန်စန်းက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျှက်ရှိသည့်  နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ကြိုးပမ်းဆောင်ရွက်နေခြင်းအတွက် ကြိုဆိုခဲ့ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၏ အောင်မြင်မှု ရလဒ်များအတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ပြီး သာယာဝပြော၍ စည်ပင်သာယာသည့် နိုင်ငံအဖြစ်သို့ တစ်ဖြည်းဖြည်းချင်း အောင်မြင်စွာ ရောက်ရှိလာပြီး၊ ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်တွင် မြန်မာနိုင်ငံ၏ အဆင့်အတန်းကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

၎။ နှစ်နိုင်ငံခေါင်းဆောင်တို့က မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုများနှင့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာ လျှက်ရှိသည်ကို၊ အထူးသဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူညီခဲ့သည့် ဦးစား ပေးပူးပေါင်းဆောင်ရွက်မည့် စိုက်ပျိုးရေး၊ စက်မှုသီးနှံများ၊ ငါးလုပ်ငန်းများ၊ ဘဏ်လုပ် ငန်းနှင့် ဘဏ္ဍာရေး၊ လေကြောင်းပျံသန်းမှု၊ ဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၊ သတ္တုတူးဖော်ခြင်းလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ် ထုတ်လုပ်ခြင်းနှင့် အပိုပစ္စည်းများ တပ်ဆင်ခြင်း၊ ဆောက်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်းကဏ္ဍ (၁၂) ရပ်တွင် တိုးတက်အောင်မြင်လျှက်ရှိ သည်ကို အသိအမှတ်ပြု ခဲ့ကြပါသည်။ ခေါင်းဆောင်နှစ်ဦးတို့က နှစ်နိုင်ငံ ပြည်သူများ အကျိုးရှိမည့် ကဏ္ဍပေါင်းစုံတွင်  ပူးပေါင်းဆောင်ရွက်နေမှုများ ပိုမိုမြှင့်တင်သွားရန်၊ ၂၀၁၅ ခုနှစ်၊ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းစဉ်နှင့် အာရှ-ပစိဖိတ် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားရန်တို့ကို ထပ်လောင်းကတိပြုခဲ့ကြပါသည်။

၅။  ခေါင်းဆောင်နှစ်ဦးတို့က ၂၀၁၂ ခုနှစ်၊ မတ်လအတွင်းက နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ဗီယက်နမ် နိုင်ငံချစ်ကြည်ရေးခရီးစဉ် အပါအဝင် မကြာသေးမီ ကာလအတွင်းကအဆင့်မြင့် ကိုယ်စားလှယ်များ၏ ချစ်ကြည်ရေးခရီးစဉ်များ၏ အကျိုး ရလဒ်များကို အထူးအလေးအနက် ထားသည်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး၊ လက်ရှိ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျှက်ရှိသောနည်းလမ်း၊ ယန္တရားများသာမက အခြားသော နည်းလမ်းများမှ တစ်ဆင့်လည်း အဆင့်အသီးသီး၌ ချစ်ကြည်ရေး လည်ပတ်မှုများနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်ဆောင်ရွက်သွားကြရန် ထပ်လောင်းအတည်ပြု ခဲ့ပါသည်။

၆။  နှစ်နိုင်ငံခေါင်းဆောင်များက ၂၀၁၁ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ကာကွယ် ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်နှင့် ၂၀၀၄ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည့် ပြစ်မှုတိုက်ဖျက်ရေး သဘောတူညီများအပေါ် အခြေခံ၍ ကာကွယ်ရေး- လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားရန် သဘောတူညီ ခဲ့ကြပါသည်။ ထို့အပြင် နှစ်နိုင်ငံအကြားဒုတိယဝန်ကြီးအဆင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ စတင်တည်ထောင်ရန်လည်း သဘောတူညီခဲ့ကြပါသည်။

၇။ ခေါင်းဆောင်နှစ်ဦးတို့က နှစ်နိုင်ငံဆိုင်ရာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးတို့၌ အောင်မြင်မှုများ ရရှိနေသည်ကို အသိအမှတ်ပြုခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း (၅၀၀) သို့ရောက်ရှိစေရန် ကတိပြုခဲ့ကြပါသည်။ နှစ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အတွက် တစ်နိုင်ငံစီတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေနိုင်ရန် အခွင့်သာသည့် ပတ်ဝန်းကျင် အခြေအနေကောင်းများကို ဆက်လက်ဖန်တီးပေးရန်နှင့် ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အကြားအပြန်အလှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စီးဝင်လာစေရန် ကတိပြုခဲ့ကြပါသည်။ အခြားစီမံကိန်းများ အတွက် လိုင်စင်များ တိုးမြှင့်ထုတ်ပေးရန်နှင့် တစ်ချိန်တည်းမှာပင် ဗီယက်နမ် စီးပွားရေး လုပ်ငန်းများအတွက် လိုင်စင်ထုတ်ပေးထားပြီးသည့် စီမံကိန်းများကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလျှင်အမြန် ဆောင်ရွက်ကြရန် ခေါင်းဆောင်နှစ်ဦးတို့က တောင်းဆိုခဲ့ကြပါသည်။ ခေါင်းဆောင်နှစ်ဦးတို့က ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ဗီယက်နမ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများအသင်းတို့ အကြားပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ခြင်းသည် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ မြှင့်တင်နိုင်ရေးအတွက် ခြေလှမ်းတစ်ရပ်အဖြစ် ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

၈။  နှစ်နိုင်ငံခေါင်းဆောင်တို့ကစိုက်ပျိုးရေး၊ စက်မှုသီးနှံ စိုက်ပျိုးရေး၊ ရေချိုငါးမွေးမြူ ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကြေးနန်းဆက်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း စသည်ကဲ့သို့သော အလားအလာရှိသည့် ကဏ္ဍများတွင် တိုးတက်မှုအသစ်များ ရရှိနေခြင်းအပေါ် ကျေနပ်မှုရှိကြောင်း ထုတ်ဖေါ်ပြောကြား ခဲ့ကြပါသည်။ နှစ်နိုင်ငံခေါင်းဆောင်တို့က မြန်မာနိုင်ငံ၊ ဗဟိုဘဏ်နှင့် ဗီယက်နမ်နိုင်ငံ၊ ဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးမှု သတင်းအချက်အလက် ဖလှယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဗီယက်နမ် ရေနံနှင့် သဘာဝဓာတ်ငွေ့အဖွဲ့တို့အကြား ချုပ်ဆိုသောရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာနားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးခြင်းတို့ကို ကြိုဆိုခဲ့ကြပြီး၊ အသေးစိတ်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဥပဒေဆိုင်ရာ အခြေခံမူဘောင်များ ချမှတ်ရေးဆွဲနိုင်ရန် အခြားသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များအား အပြီးသတ် ဆောင်ရွက်နိုင်ရေးအတွက် အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရန် သဘောတူညီခဲ့ကြ ပါသည်။

၉။  ခေါင်းဆောင်နှစ်ဦးတို့က ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အထူး သဖြင့် အာဆီယံနှင့် အခြားသောဒေသခွဲ အဖွဲ့အစည်းများဖြစ်သည့် စီအယ်လ်အမ်ဗွီ၊ အက်မက်၊ ဂျီအမ်အက်စ်၊ အီးဒဗလျူအီးစီကဲ့သို့သော အဖွဲ့အစည်းများတွင် နှစ်နိုင်ငံတက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုများကို အလေးအနက်ထားကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ကြပါသည်။ ထို့အပြင် ၂၀၁၅ ခုနှစ်၊ အာဆီယံအသိုက်အဝန်း တည်ထောင်ရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ တို့အနေဖြင့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက် သွားကြရန် ထပ်လောင်းကတိပြုခဲ့ကြပါသည်။ သမ္မတကျုံးသန်စန်းက ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် မြန်မာနိုင်ငံအား အကူအညီ ပေးရန်နှင့် ညှိနှိုင်းဆောင်ရွက်သွားရန် အသင့်ရှိနေကြောင်း ထပ်လောင်းပြောကြား ခဲ့ပါသည်။

၁၀။ ခေါင်းဆောင်နှစ်ဦးတို့က မဲခေါင်မြစ်ကော်မရှင်၏ အရေးပါမှု၊ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံစီ၏ အကျိုးစီးပွားနှင့် ဒေသတွင်းအကျိုးစီးပွားအတွက် မဲခေါင်မြစ် ၏ ရေအရင်းအမြစ်များကိုစီမံခန့်ခွဲမှုနှင့် စဉ်ဆက်မပြတ် သုံးစွဲမှုတို့တွင် မဲခေါင်မြစ် ကော်မရှင်၏ အရေးပါမှုကို သဘောတူညီခဲ့ကြပါသည်။

၁၁။နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အပြန်အလှန်ယုံကြည်မှုရှိရေး၊ ၁၉၈၂ ခုနှစ်၊ ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ကွန်ဗင်းရှင်းအပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေအားလေးစားရေး၊ တောင်တရုတ်ပင်လယ်ဆိုင်ရာ အာဆီယံ၏ အခြေခံမူ (၆) ချက်၊ တောင်တရုတ် ပင်လယ်တွင်းနိုင်ငံများ လိုက်နာဆောင်ရွက် ရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာကြေညာ စာတမ်း (ဒီအိုစီ) အပြည့်အဝအကောင်အထည်ဖော်ရေးနှင့် တောင်တရုတ်ပင်လယ် တွင်းနိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း (စီအိုစီ) စောစီးစွာ အကောင်အထည် ပေါ်လာမှုတို့၏ အရေးပါမှုကို ထပ်လောင်းအတည် ပြုပါသည်။ တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကြေညာစာတမ်း၏ (၁၀) နှစ်မြောက် နှစ်ပတ်လည်ဆိုင်ရာ (၁၅) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး ထုတ်ပြန်ကြေညာချက်ကို ကြိုဆိုကြပါသည်။

၁၂။  သမ္မတ ကျုံးသန်စန်းနှင့် ဇနီးမဒမ် မိုင်သီဟိုက်တို့က ၎င်းတို့အပါအဝင် အဆင့်မြင့် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးပျူငှာစွာ ဧည့်ဝတ်ပြုခြင်းများ အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့အားလည်းကောင်း၊ မြန်မာအစိုးရနှင့် ပြည်သူများအားလည်းကောင်း ကျေးဇူးတင်ရှိကြောင်း ထုတ်ဖေါ် ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သမ္မတ ကျုံးသန်စန်းက နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့အားအပြန်အလှန်အားဖြင့် အဆင်ပြေသည့်အချိန်တွင် ဗီယက်နမ် နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ရာနိုင်ငံတော် သမ္မတဦးသိန်းစိန်က လက်ခံခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်