Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတမစ္စတာကျုံးသန်စန်းနှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာ စားပွဲဖြင့်တည်ခင်းဧည့်ခံ

From : သမ္မတရုံး


နေပြည်တော် နိုဝင်ဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်းနှင့် ဇနီးမဒမ်မိုင်သီဟိုက် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးသိန်းညွန့်၊ ဦးတင်နိုင်သိန်း၊ ဦးမြင့်လှိုင်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးအေးမြင့်၊ ဦးဝင်းမြင့်၊ ဦးအေးမြင့်ကြူ၊ ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်နှင့် ဦးဌေးအောင် ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးဇင်ယော်၊ ဦးထင်အောင်၊ ဒေါ်စန္ဒာခင်နှင့် ဦးစိုးတင့် ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးသက်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော်သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chu Cong Phung တက်ရောက်သည်။

ဂုဏ်ပြုညစာမသုံးဆောင်မီ နိုင်ငံတော်တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြု တီးမှုတ်သည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာ များဖြင့် ဖျော်ဖြေကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဧည့်သည်တော် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတအား ခရီးစဉ်မှတ်တမ်း ဓာတ်ပုံ အယ်လ်ဘမ်ကိုပေးအပ်သည်။


ဂုဏ်ပြုညစာစားပွဲအပြီးတွင် ဧည့်သည်တော် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်း၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့်ဇနီးတို့ သည် ဖျော်ဖြေကြသော အနုပညာရှင်များအား လက်ဆောင် ပန်းခြင်းများ ပေးအပ်ကြပြီး အနုပညာရှင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်