Subscribe to our RSS Feed

ပေးစာ - ၃

မြန်မာ့နိုင်ငံရေးကို အစိုးရရဲ့ ဆန့်ကျင်ဖက်ကနေ နိုင်ငံရေးလုပ်နေသူတွေရဲ့ ၈၀ ရာခိုင်နှုံးက အဓိကပစ်မှတ် မှားနေပါတယ်။ အထူးသဖြင့် ပြည်ပကနေ နိုင်ငံရေးလုပ်နေသူအားလုံးနီးပါးက မယောင်ရာကို ဆီလူးနေကြတုန်းပါပဲ။ အဲ့ဒီ တလွဲဆံပင် ကောင်းမှုတွေကြောင့် နှစ်ပေါင်းများစွာ ကျရှုံးမြဲ ကျရှုံးနေရတာပါ။


ပစ်မှတ် အစစ်အမှန်

ကျွန်တော်တို့ နိုင်ငံရေး သမားတွေရဲ့ အဓိက ပစ်မှတ် အမှန်က ပြည်သူတွေပါ။ ပြည်သူတွေကို အကျိုးပြုဖို့နဲ့ ပြည်သူတွေရဲ့ အနာဂါတ်ကို အကောင်းဆုံးဖန်တီးဖို့ပါ။ ဒါပေမယ့် လက်တလော နိုင်ငံရေး လုပ်ဆောင်နေသူတွေအားလုံးနီးပါးက ပြည်သူကို ပစ်မှတ်ထားရမယ့် အစား လက်ရှိအစိုးရကို ပစ်မှတ်ထားနေကြပါတယ်။ လက်ရှိအစိုးရကို မကောင်းပြောဖို့၊ လက်ရှိအစိုးရကို အပြစ်တင်ဖို့ ကို အတင်း အဓမ္မ လုပ်ဆောင်ဖို့ ကြိုးစားရင်း ပြည်သူတွေကို ရင်းနှီးမြုပ်နှံနေကြပါတယ်။

အစိုးရဆိုတဲ့ ပစ်မှတ်ကို နေရာပေါင်းစုံက တိုက်ခိုက်ဖို့ ချောင်းမြောင်းရင်း ပြည်သူ ဆိုတဲ့ ပေါ်တာတွေကို ရှေ့ကနေ လွှတ်နေကြပါတယ်။ သူတို့တွေကမှ ပြည်သူကို ပေါ်တာဆွဲသူ အစစ်အမှန်၊ အကြမ်းဖက်သူအစစ်အမှန်၊ နိုင်ငံပြိုကွဲဖို့ လုပ်ဆောင်သူ အစစ်အမှန်တွေ ဖြစ်နေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းမှာ အလားတူဖြစ်စဉ်ပေါင်းများစွာ ရှိခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်တိုင်းရဲ့ အဆုံးမှာလည်း ဘာမှတိုးတက်ပြောင်းလဲမှု တစ်ခုမှ ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့်လည်း ဘယ်သူမှ သံဝေဂ မရခဲ့ကြတဲ့အပြင် နောက်တစ်ကြိမ်မှားဖို့ ကြိုးစားနေကြပါတယ်။

အမှန်တကယ် ပြည်သူလူထု အတွက် နိုင်ငံရေးလုပ်ဆောင်နေတဲ့သူတွေဆိုတာ ကျွန်တော်တို့လို ပြည်တွင်းကနေ နိုင်ငံရေးလောကမှ နေရာတစ်နေရာရဖို့နဲ့ ပြည်သူလူထုအတွက် အကျိုးဆောင်ခွင့် တစ်နေရာရဖို့ ကြိုးစားနေသူတွေပါ။ တကယ်ဖြစ်ချင်ရင် တကယ်လုပ်ယူမှရမှာပါ။ ကျွန်တော်တို့တွေ ပေးပါ ပေးပါ ဆိုပြီး အကြိမ်ကြိမ် တောင်းယူခဲ့ဖူးပါတယ်။ အကြိမ်ကြိမ်ရှုံ့ချခဲ့ဖူးပါတယ်။ ဂျပန်စက္ကူ ၁၀ ထုတ်ကျော်အောင် ကြေငြာချက်ပေါင်းများစွာကို ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘာထူးခြားလာပါသလဲ? အားလုံးသိပါတယ်။ ဘာမှမထူးခြားလာပါဘူး။ အခုချိန်ဟာ ပြည်သူလူထုအတွက် အမှန်တကယ် နိုင်ငံရေးလုပ်ချင်သူတွေအတွက် အခွင့်အရေးကောင်းတွေ ရှိနေတဲ့ အချိန်ပါ။ ခုချိန်မှာ နိုင်ငံရေးလုပ်ခွင့်ရလို့ ကျွန်တော့ကိုယ် ကျွန်တော်လည်း ဂုဏ်ယူမိပါတယ်။ အမှန်တကယ်လည်း ပြည်သူ့အတွက်လုပ်နေရတယ်ဆိုတဲ့ စိတ်မွေးထားလို့ ကြည်နူးရပါတယ်။ ဒါတွေကို ထောင်ထဲက လူတွေနဲ့ ပြည်ပက လူတွေကို နားလည်စေချင်ပါတယ်။ ရှက်လည်း ရှက်တတ်စေချင်ပါတယ်။

ခုလိုနိုင်ငံအတွက် ပါတီပေါင်းများစွာ၊ လူမျိုးစုပေါင်းများစွာက အမတ်တွေရဖို့ ကြိုးကျိုးစားနေချိန်၊ မိမိတို့နှစ်သက်တဲ့ ခေါင်းဆောင်၊ အရည်အချင်းရှိတဲ့ ခေါင်းဆောင်အတွက် ပြည်သူတို့ အသည်းကြားက မဲတပြားရဖို့ လက်တွေ့ ကျိုးစားနေချိန်မှာ ပြည်ပက ဒို့အရေး ဒို့အရေး အော်နေသူတွေက ဘာတစ်ခုမှ ကူဖော်လောင်ဖက်မရပါဘူး။ ထောင်ကျနေတဲ့လူတွေကလည်း ဘာတစ်ခုမှ အကျိုးမပြုပါဘူး။


ပြည်ပကနေပြီး တန်းစီဓာတ်ပုံရိုက်၊ အလံတွေထောင်၊ အော်လန်တွေကိုင်ပြီး အစိုးရ မကောင်းကြောင်းတွေ ပြောနေလို့ ခုချိန်မှာ ဘာများအကျိုးထူးနိုင်မှာလဲ?

ခုလောလောဆယ်မှာ ကျွန်တော်တို့က အလယ်မှာရှိနေပြီး ပြည်သူလူထုနဲ့ အစိုးရ က အစွန်းတစ်ဖက်ဆီမှာရှိပါတယ်။ အဲ့ဒီအချိန်မှာ ပြည်သူလူထုဖက်ကို ချဉ်းကပ်နိုင်ဖို့ ကြိုးစားရပါမယ်။ ပြည်သူလူထုကို ကျောပေးပြီး အစိုးရဖက်ကိုလှည့်ပြီး အော်ချင်ရာအော်နေရင်တော့ ပြည်သူလူထုအတွက်လည်း အမှိုက်၊ အစိုးရအတွက်လည်း အမှိုက်ဖြစ်နေမှာပါ။ ဒီတော့ တကယ်နိုင်ငံရေးလုပ်ချင်တယ်ဆိုရင်၊ ပြည်သူကို တကယ်အကျိုးပြုချင်တယ်ဆိုရင် အစိုးရမဟုတ်တဲ့ ပါတီတစ်ခုခုကို ငွေအား ဒါမှမဟုတ် လူအားနဲ့ အကျိုးပြုဖို့ပဲ လုပ်ဆောင်ကြပါ။


အားမနာတမ်းဝေဖန်ရမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ တီရှပ် ဝတ်ပြီး ပန်းဖလက် ကိုင်ထားတဲ့ ခလေး တစ်ယောက်က ပြည်ပမှာ ဝတ်စုံအပြည့်၊ ခေါင်းပေါင်း၊ အလံနဲ့၊ အော်လံကိုင်ထားတဲ့လူထက် အဆပေါင်းများစွာ ပြည်သူကို အကျိုးပြုနေပါတယ်။ အစပေါင်းများစွာ တန်ဖိုးရှိပါတယ်။ ပြည်ပက နေ အဲ့လို အကျိုးမရှိတာတွေ လုပ်နေကြမယ့်အစား ပြည်တွင်းမှာ ငွေကြေးမပြည့်စုံတဲ့ ပါတီတွေကို ကူညီပေးပါ။ သူတို့တွေမှာ အခက်အခဲတွေ ရှိနေပါတယ်။ လက်ရှိအာဏာရှိနေတဲ့ ပါတီနဲ့ ယှုဉ်ပြိုင်ဖို့ ဘက်ပေါင်းဆုံးက လိုအပ်မှုတွေရှိနေပါတယ်။ အဲ့ဒါကို သိစေချင်ပါတယ်။ ပြည်ပ အတိုက်အခံအဖွဲ့ ကူညီထောက်ပံ့နေသူတွေ အနေနဲ့ကလည်း အဲ့လိုလူတွေကို ကူညီမယ့်အစား ပြည်တွင်းက အစိုးရကို တရားဝင်ယှဉ်ပြိုင်မယ့် တကယ်အလုပ်လုပ်တဲ့လူတွေကိုပဲ ကူညီပါ။ ပြည်ပက တန်စီဓာတ်ပုံရိုက်၊ ဒို့အရေးအော်နေသူတွေအနေနဲ့လည်း မိမိတို့ ရနေတဲ့ ငွေကြေးတွေကို တကယ်အလုပ်လုပ်နေသူတွေကို ခွဲပေးပါ။ အနှစ် ၂၀ ကျော် ပြည်ပမှာ တောင်အော်မြောက်အောင် လုပ်နေလို့ ဘာမှ တိုးတက်ပြောင်းလဲမလာဘူးဆိုတာကို လက်ခံပြီး တစ်ပတ်တောင် မလိုတော့တဲ့ ရွေးကောက်ပွဲအတွက် အစိုးရမဟုတ်တဲ့ ပါတီတွေကို ကူညီပေးပါ။



ဒီလိုလုပ်နေတဲ့လူတွေထက်



ဒီလူတွေတွေက
ပိုပြီးတန်ဖိုးရှိပါတယ်
ပိုပြီး ကျက်သရေရှိပါတယ်
ဂုဏ်ရှိပါတယ်
ပိုပြီး သတ္တိရှိပါတယ်
ပိုပြီး ပြည်သူကိုအကျိုးပြုပါတယ်
ပိုပြီး ငြိမ်းချမ်းခြင်းကို ဦးတည်ပါတယ်
ပိုပြီး ဒီမိုကရေစီကို ဦးတည်ပါတယ်


အမြင်မှန်တွေ ရကြပါစေ
ဦးမောင်ကို

လူ့အဆင့်အတန်းဆိုတာ ဘာလဲ

ရင်းနှီးတဲ့ မိတ်ဆွေတယောက်က ထူးခြားတဲ့ အကူအညီတခု လာတောင်းပါတယ်။ နိုင်ငံခြားရောက်နေတဲ့ သူ့သားဆီကို အဲဒီနိုင်ငံမှာနေတဲ့ တပည့်ရင်းတယောက် လောက်လွှတ်ပြီး နားချခိုင်းပေးစမ်းပါဆိုတဲ့ အကူအညီဖြစ်တယ်။


ပထမဆုံးကြုံဖူးတာ

သူ့စကားကြားတော့ တော်တော် အံ့အားသင့်သွားတယ်။ နိုင်ငံခြားသွားချင်လို့ အကြံတောင်းတာ၊ အကူအညီ တောင်းတာတွေ အမြဲကြုံတွေ့နေကျဖြစ်ပေမယ့် အခုလို နိုင်ငံခြားကသား ပြန်လာစေချင်လို့ အကူအညီ တောင်းတာမျိုးတော့ တခါမှ မကြုံဖူးဘူး။ ဒါ ပထမဆုံးပဲ။ သူ့သား နိုင်ငံခြားထွက်သွားတာ သုံးနှစ်ရှိပါပြီ။ မြန်မာပြည်မှာ ဖွင့်ထားတဲ့ နိုင်ငံခြားသား အများစုသင်တဲ့ ကျောင်းကြီးတခုက အထက်တန်းပြီးပြီးချင်း သွားလိုက်တာမို့ သွားစက ၁၈ နှစ်တောင် မပြည့်သေးပါ ဘူး။ ဟိုနိုင်ငံရောက်တော့ တက္ကသိုလ်ဝင်ခွင့်မရသေးဘဲ ဝင်ခွင့်သင်တန်း တနှစ်ကြာအောင် တက်ရပါတယ်။ မြန်မာပြည်မှာ မိဘက မျက်စိအောက်က အပျောက်မခံအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့တာဆိုတော့ ၁၈ နှစ်ရွယ်သား လေးဟာ ဟိုနိုင်ငံရောက်တော့ ဇောင်းထဲက လွှတ်တဲ့မြင်းလိုဖြစ်ပြီး ပျော်ချင်တိုင်း ပျော်မြူးနေပါတော့တယ်။


ပြန်မလာတော့လို့

သုံးနှစ်သာ ကြာသွားတယ်။ ဘယ်တက္ကသိုလ်ကောလိပ်မှ မတက်ရပါဘူး။ ဒါပေမယ့် ကျောင်းသားဗီဇာရနိုင်တဲ့ သင်တန်းတွေ တခုပြီးတခုပြောင်းတက်ပြီး ဆက်နေပါတယ်။ သူတို့နိုင်ငံတွေမှာလည်း ပညာရေးဆိုတာ စီးပွားရေးလုပ်ငန်း အဖြစ် လုပ်ကြကိုင်ကြတာဆိုတော့ ကျောင်းလခ တနှစ်စာသွင်းရင် ဗီဇာရအောင် လုပ်ပေးတဲ့ ကျောင်းတွေက အများသားကိုး။ ဒီကမိဘများက ပိုက်ဆံပို့နိုင်ရင် ပို့နိုင်သလောက် ဟိုမှာ ကျောင်းသားလုပ်ပြီး နေနိုင်ကြတယ်လေ။ သုံးနှစ်ကြာတော့ မိဘများကပြန်လာဖို့ခေါ်ပေမယ့် သားလေးက ပြန်မလာဘူး။ အကြောင်းအမျိုးမျိုး ပြပြီး ငြင်းတယ်။ နောက်ဆုံးမတတ်သာတော့လို့ လာပြီးအကူအညီ တောင်းတာ ဖြစ်ပါတယ်။

လူနေမှုအဆင့်အတန်းတဲ့

ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တာကြောင့် သူအကူအညီတောင်းတဲ့အတိုင်း ဟိုမှာနေတာ နှစ်ပေါင်း နှစ်ဆယ်လောက် ရှိပြီဖြစ်တဲ့ တပည့်ရင်းချာတယောက်ဆီကို အီးမေးလ် ပို့ပြီး အကူအညီတောင်းပေးလိုက်ပါတယ်။ သားလိုဖြစ်နေတဲ့ တပည့်ကလည်း ချက်ချင်း ကတိပေးပြီး အလုပ်အားရက်မှာ ဖုန်းနဲ့ချိန်းပြီး သွားတွေ့ပါတယ်။ သူ့အိမ်ကိုခေါ်ပြီး မြန်မာ ထမင်းဟင်းတွေလည်း ကျွေးပါတယ်။ ရင်းနှီးအောင်လည်း ပေါင်းပါတယ်။ သုံးလလောက်ကြာတော့ တပည့်ဆီက လက်လျော့လိုက်ရကြောင်း အကြောင်းကြားပါတယ်။ ကလေးက ဘယ်လိုမှ တိုက်တွန်းလို့မရတဲ့အကြောင်း၊ ဟိုမှာပဲ တသက်လုံးနေဖို့ ကြံရွယ်ထားပုံရကြောင်း ပြောပြပါတယ်။ (Quality of Life) 'လူနေမှု အဆင့်အတန်း' ဆိုတဲ့စကားကို ပါးစပ်ကမချအောင်ကို ပြောနေတယ်ဆရာရဲ့ လို့လည်း ဖုန်းထဲက ပြောပြပါတယ်။

ဘယ်သူ့အပြစ်လဲ

အကျိုးအကြောင်း မိတ်ဆွေဖြစ်သူကို ပြောပြတော့ မျက်ရည်ကျရှာတယ်။ ကိုယ်တိုင်သွားခေါ်မှ ဖြစ်တော့မှာပဲလို့လည်း ညည်းညူသွားပါတယ်။ ဒီကိစ္စကို ရက်ပေါင်းအတော်ကြာအောင် စဉ်းစားနေမိတယ်။ ဒီကလေးဟာ ဒီမှာလည်း ရွှေပေါ်မြတင်နေခဲ့ရတာပါ။ ဒေါ်လာနဲ့ပေးပြီးတက်ရတဲ့ကျောင်းမှာ အထက်တန်း ကုန်တဲ့အထိ တက်ခဲ့ရပါတယ်။ သူ့ဘဝ တလျှောက်လုံး မရှိဆိုတဲ့စကား မကြားခဲ့ဖူးဘူးလို့ ဆိုနိုင်လောက်တဲ့ အခြေအနေပါ။ ဒါတောင်မှ ဒီ 'ကွာလတီအော့လိုက်ဖ်' ဆိုတဲ့စကား ဘာကြောင့် နှုတ်ဖျားကမချ ဖြစ်နေရတာလဲ။ ကလေးရဲ့ အပြစ်လား၊ အလိုလိုက်တဲ့ မိဘများရဲ့အပြစ်လား။ ဒါမှမဟုတ် ဒါမှမဟုတ် . . .။

မျိုးချစ်ကြီးတွေ မဟုတ်ပေမယ့်

ဒီကိစ္စကို အပြန်ပြန်အလှန်လှန် ဝေဖန်စောကြောနေမိတယ်။ ကလေးမိဘများ ကလည်း ထူးကဲတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ မဟုတ်ပေမယ့် နိုင်ငံခြားကိုမှ အထင်ကြီးတတ်သူတွေ မဟုတ်ပါဘူး။ နိုင်ငံခြားမှာ သွားနေဖို့လည်း စိတ်ကူးတောင် ကြည့်ဖူးသူတွေ မဟုတ်ပါဘူး။ ဘိုးစဉ်ဘောင်ဆက် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်လာကြပြီး တင့်တောင်းတင့်တယ် နေနိုင်ကြသူတွေ ဖြစ်ပါတယ်။ သားလေးကလည်း ဒေါ်လာပေးတက်ရတဲ့ကျောင်းမှာ တက်ခဲ့တာ ဖြစ်ပေမယ့် ဟော့ဟော့ရမ်းရမ်း မဟုတ်ပါဘူး။ စာကြိုးစားရှာပါတယ်။ ကျောင်းပိတ်ရက်တွေမှာလည်း အအားမနေပါဘူး။ သင်တန်း အမျိုးမျိုး တခုပြီးတခု တက်နေခဲ့တာပါ။


ကျောင်းတွေနဲ့ ဆိုင်သလား

၁၈ နှစ်အရွယ် ကလေးတယောက်ရဲ့ခေါင်းထဲကို ဒီ 'ကွာလတီအော့လိုက်ဖ်' ဆိုတဲ့စကားက ဘယ်လိုလုပ်ပြီး ရောက်သွားခဲ့တာလဲ။ သူတက်ခဲ့တဲ့ ကျောင်းတွေ သင်တန်းတွေနဲ့များ ဆိုင်နေလေသလား။ သူတက်ခဲ့တဲ့ ကျောင်းတွေမှာ နိုင်ငံခြားသားက အများစုဖြစ်တယ်။ ကျောင်းသားတွေက လူမျိုးစုံသလို ဆရာတွေကလည်း နိုင်ငံစုံကလာကြတာ ဖြစ်တယ်။ နိုင်ငံခြားက သင်ရိုးတွေ အတိုင်းပဲသင်တယ်။ မြန်မာကျောင်းတွေက သင်ရိုးတွေမသင်ဘူး။ မြန်မာပြည်က စာမေးပွဲတွေ မဖြေဘူး။ အထက်တန်းပြီးရင် နိုင်ငံခြားသွား ကျောင်းဆက်တက် ကြမှာ။ ဒီအထိ ကိစ္စမရှိဘူး။ နိုင်ငံသားတိုင်း ကိုယ်ကြိုက်ရာကို လွတ်လပ်စွာ လုပ်ခွင့်ရှိတာပဲ။ နိုင်ငံခြားသွား ပညာသင်တာ မကောင်းတဲ့ကိစ္စမှ မဟုတ်တာ။

ကျောပိုးအိတ်သမားတွေလား

အဲဒီလိုကျောင်းတွေမှာရှိတဲ့ ဆရာတွေနဲ့များ ဆိုင်နေမလားလို့ စဉ်းစားမိတယ်။ ကျောင်းတချို့က ဆရာ ဆရာမတွေကို သေသေချာချာ စိစစ်ပြီး အရည်အချင်း ပြည့်မီသူတွေကိုသာ ခန့်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့တလေက စီးပွားရေးသမားလို ဈေးတွက်တွက်ပြီး 'ပေါချောင်ကောင်း'တွေရှာပြီး ငှားတာမျိုး လည်းရှိတယ်။ အခုလိုကျောင်းမျိုးတွေ မပေါ်ခင်အချိန်က အင်္ဂလိပ်စကားပြော သင်တန်းကျောင်းတခုဖွင့်ခဲ့ဖူးတော့ တကိုယ်တော် ကျောပိုးအိတ်သမားတွေ လာပြီး ဆရာအလုပ်လျှောက်တာ မကြာခဏ ကြုံဖူးတယ်။ သူတို့က ပိုက်ဆံ မကုန်ဘဲ ကမ္ဘာအနှံ့လည်ရအောင် ရောက်ရာအရပ်မှာ ကြုံတဲ့အလုပ် ဝင်လုပ်ပြီး စရိတ်ရှာလေ့ရှိကြတယ်။ နိုင်ငံတနိုင်ငံမှာ အားရအောင် လည်ပတ်ပြီးတဲ့အခါ နောက်တနိုင်ငံ ကူးသွားကြတယ်။ ကြုံရာဝင်လုပ်ကြ ပြန်တယ်။


ပညာတတ်တိုင်း ဆရာမဖြစ်

အဲဒီလို ကျောပိုးအိတ်သမားတွေထဲမှာ တချို့က ကျောင်းသူကျောင်းသားတွေ ဖြစ်ပြီး တချို့က ကျောင်းဆရာတွေ ဖြစ်တယ်။ တချို့ကျတော့လည်း သိပ်ပညာမတတ်တဲ့ အောက်ခြေအလုပ်သမားတွေ ဖြစ်တယ်။ ကျောင်းဆရာ အလုပ်ဆိုတာ ပညာတတ်တိုင်း လုပ်လို့ဖြစ်တာ မဟုတ်ပါဘူး။ ဆရာဖြစ် သင်တန်းအောင်မှ လုပ်နိုင်တဲ့အလုပ်မျိုးဖြစ်ပါတယ်။ တကယ်လို့ ဆရာလုပ်ဖို့ အရည်အချင်း မရှိသူတွေ ဆရာဝင်လုပ်နေကြတဲ့ ကျောင်းမျိုးဆိုရင် ကလေးတွေကို မှန်ကန်တဲ့ ပညာရပ်တွေ မှန်ကန်တဲ့ အတွေးအခေါ်တွေ ပေးနိုင်ပါ့မလား။


ပြင်ပသင်တန်းတွေ ပိုဆိုး

နောက်ပြီး ပြင်ပသင်တန်း ဆိုတာတွေက ပိုပြီးဆိုးသေးတယ်။ အင်္ဂလိပ်စာလေး နည်းနည်းဖတ်တတ်တယ် ဆိုရုံလောက်နဲ့ နိုင်ငံခြားက စာအုပ်ကြီးတွေကိုင်ပြီး ဆရာဝင်လုပ်နေကြသူတွေ အများကြီးရှိတယ်။ ဆရာဖြစ် လက်မှတ်ဆိုတာဝေးလို့ သူတို့ ဆရာကြီးတဆူလုပ်ပြီး သင်ကြားပေးနေတဲ့ ဘာသာရပ်ကိုတောင် ဘွဲ့ရအောင် သင်ယူဖူးခဲ့ကြတာ မဟုတ်ဘူး။ စာအုပ်ကြီးထဲက မှတ်စုထုတ်ပြီး ကြက်တူရွေးလို ရွတ်ပြနေကြတာ များတယ်။ အဲဒီလို သင်တန်းတွေကို အဟုတ်မှတ်ပြီး တက်ခဲ့ကြတဲ့ကလေးတွေ အများစုက စကားပြောလိုက်ရင် အင်္ဂလိပ် စကားလုံးကြီးတွေ အတုံးလိုက် အတစ်လိုက်ပဲ။ ဘာဖြစ်ဖြစ် သူတို့က ဂလိုဘယ်ဆိုတာကြီးနဲ့ ကိုင်ပေါက်လိုက်ကြတယ်။ စတစ်ဂလစ်က ဘာပြောတယ်။ ဖရိုက်မင်းက ဘာပြောတယ်။ ဖူကူးရာမက ဘာပြောတယ် ဆိုတာတွေ အပ်ကြောင်းထပ်နေတော့တယ်။ ပါးစပ်တွေမှာ အမြှုပ်တစီစီနဲ့။


အဆင့်အတန်းရှိတဲ့လူ

ဒီလိုကလေးမျိုးတွေကပဲ လူ့အဆင့်အတန်းဆိုတဲ့ စကားအများဆုံး ပြောကြတာ ဖြစ်တယ်။ အပ်ကစပြီး မော်တော်ကားထိ ဝယ်လို့ရတဲ့ ကုန်တိုက်ကြီးတွေ နေရာတကာရှိပြီး သုံးချင်တိုင်းသုံး၊ ဖြုန်းချင်တိုင်းဖြုန်း ပျော်ချင်တိုင်းပျော်လို့ရတဲ့ နိုင်ငံတွေမှာနေမှ အဆင့်အတန်းရှိတဲ့လူလို့ သတ်မှတ်တယ်လို့ ထင်နေကြပုံ ရပါတယ်။ သင်တန်းမှာ သူတို့သင်ယူခဲ့ကြတဲ့ ဂျီဒီပီတွေ ဂျီအင်ပီတွေ လူတထောင်မှာ မော်တော်ကား ဘယ်နှစီး၊ တယ်လီဖုန်း ဘယ်နှလုံး ဆိုတဲ့ စာရင်းအင်း အချက်အလက်တွေ ကိုကြည့်ပြီး နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုးရဲ့ အဆင့်အတန်းကို သတ်မှတ်ရတယ်လို့ပဲ ယူဆထားကြတာကိုး။


ဘယ်သူမပြု မိမိမှု

လူတွေရဲ့ပျော်ရွှင်ချမ်းသာမှုဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေက ဖန်တီးပေးတာ မဟုတ်ဘူး စိတ်ချမ်းသာမှုရှိမှ အမှန်တကယ် ပျော်ရွှင်ရတယ်ဆိုတာ ကလေးတွေက ဘယ်လိုသိမှာလဲ။ စိတ်ချမ်းသာမှု ရှိဖို့အတွက် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ တရားမျှတမှုရှိခြင်းတို့ကသာလျှင် ဖော်ဆောင်ပေးနိုင်တယ် ဆိုတာလည်း မသိရှာကြဘူး။ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာလူဖြစ်ခဲ့ ပေမယ့် မြန်မာလူမျိုးတွေနဲ့က အနေဝေးကြတယ်လေ။ နိုင်ငံခြားသားတွေ သင်တဲ့ကျောင်းနဲ့ နိုင်ငံခြားစာတွေသင်တဲ့ သင်တန်းတွေပဲတက်ပြီး ကြီးပြင်းလာခဲ့ကြတာ မဟုတ်လား။ ဒီတော့လည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဘယ်အထင်ကြီး တော့မှာလဲ။ နိုင်ငံခြားမှာနေမှပဲ လူ့အဆင့်အတန်းမြင့်တယ်လို့ ထင်နေကြတော့ မှာပေါ့။ မိတ်ဆွေကြီးအတွက်တော့ စိတ်မကောင်းဘူး။ ဒါပေမယ့် ဘာမှလည်း မတတ်နိုင်ဘူး။ ဘယ်သူမပြု မိမိမှုပဲလေ။


လူထုစိန်ဝင်း

မပြောချင်လဲ ပြောရအုံးမယ်


ကျွန်တော်ရဲ့ ဂျီတော့ အကောင့်မှာ အကောင့် စပြီးလုပ်ကတည်းက မြန်မာနိုင်ငံ အလံပုံကို တင်ထားခဲ့တာ ဒီနေ့အထိပဲ။ ကျွန်တော့် အကောင့်ထဲကလူတွေသိပါလိမ့်မယ်။ Facebook နဲ့ တခြား social sites တွေ မှာလည်း လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက တင်ထားတာ ခုထိပဲ။ မြန်မာနိုင်ငံကို ချစ်လို့၊ ကိုယ့်နိုင်ငံရဲ့ အလံကို လေးစားလို့၊ တန်ဖိုးထားလို့ပါ။ အလံရဲ့အရောင်ကို ကြိုက်လို့လဲ မဟုတ်ဘူး၊ အလံက လှလို့လည်း မဟုတ်ဘူး။

ဒါပေမယ့် မမျှော်လင့်ပဲ ရုတ်တရက်ဆိုသလိုပဲ ကျွန်နော့်မှာ အဖော်တွေ ပေါ်လာတယ်။ ဒီလ ၂၁ ရက်နေ့က စ တာပဲ။ တစ်ယောက်ပြီး တစ်ယောက် အလံပုံ (အလံဟောင်းပုံ) တွေကို ဂျီတော့တွေမှာရော၊ Facebook အပါအဝင် တခြား ပရိုဖိုင်တွေမှာရော ပလူကို ပျံလို့ တင်လိုက်ကြတာ။ အားရစရာပဲ။ ဒေါ်လာစား အတိုက်အခံတွေရော၊ ကိုယ့်ထမင်းကိုယ်စား အတိုက်အခံတွေရောပဲ။ ဒါပေမယ့် ခံယူချက်တွေက အရမ်းကို ယုတ်ညံ့လွန်းတယ်။


ခံယူချက်ကတော့ အစိုးရဘာလုပ်လုပ် ကန့်ကွက်မယ် ဆိုတဲ့ စိတ်နဲ့ ဘာပဲဖြစ်ဖြစ် ကန့်လန့်တိုက်နေကြတာ ပါ။ အလွန် စိတ်ပျက်ဖို့ကောင်းလွန်းပါတယ်။ အဲ့ဒီထက် စိတ်ပျက်ဖို့ ပိုကောင်းတာက အလံပေါ်မှာ အရိုးခေါင်းပုံတွေ၊ ဆဲဆိုထားတဲ့ သင်္ကေတတွေနဲ့ တိရစ္ဆာန်ပုံတွေနဲ့ ဖျက်ညှက်ကပ် တွေလုပ်လာကြတယ်။ ဒါကလည်း ခုမှ မဟုတ်ပါဘူး အရင် အလံဟောင်းတုန်းကလည်း လုပ်နေကြတာပါပဲ။ ကိုယ့်နိုင်ငံအလံကို ကိုယ်မှတန်ဖိုးမထားရင် ဘယ်သူတွေက တန်ဖိုးထားမှာလဲ။ ကန့်လန့်တိုက်ရတိုင်း အဟုတ်ကြီးမှတ်မနေကြတယ်။ အလွန့်အလွန်ကို စိတ်ပျက်ဖို့ကောင်းတဲ့ အတိုက်အခံတွေပါ။

အလံသစ်မှာလဲ ဒေါင်းပုံတွေ လည်း ထည့်လို့ထည့် လျှောက်လုပ်ကြတယ်။ သူ့ဘာသူ ခွတ်ဒေါင်းပဲဖြစ်ဖြစ် ကဒေါင်း ပဲဖြစ်ဖြစ် တိရစ္ဆာန်က တိရစ္ဆာန်ပဲ။ တိရစ္ဆာန် ကို ခေါင်မိုးအထက်မှာ လွှင့်ထူပြီး ဦးညွတ်အလေးပြုနေရမှတော့ အဲ့ဒီလူတွေက တိရစ္ဆာန်လောက်မှကို အသုံးမကျ၊ အဆင့်တန်းမရှိလို့ပေါ့။

တစ်ချို့ကရှိပါသေးတယ် အာဖရိက က အလံနဲ့တူလို့တဲ့ အပြစ်တင်ကြတယ်။ အာဖရိက က တူတဲ့အလံတွေကို သဲကြီးမဲကြီး လိုက်စုပြီးတောင် ယှဉ်ပြလိုက်သေးတယ်။ တော်တော် သနားစရာကောင်းတဲ့ အတွေးနိမ့်နိမ့် ပိုင်ဆိုင်သူတွေပါ။ မသိရင် မှတ်ထားကြစေချင်ပါတယ် အလံသစ်ရဲ့ အခုသုံးနေတဲ့ အရောင်သုံးရောင်က ၁၉၄၂ ခုနှစ်ကတည်းက သုံးခဲ့တဲ့ မြန်မာနိုင်ငံ အလံဟောင်းတွေရဲ့ အရောင် ၃ ရောင်ကို ပြန်သုံးထားတာပါ။ အာဖရိကနဲ့တူတော့ရော ဘာဖြစ်မှာလဲ။ အီသီယိုးပီးယားနဲ့ လစ်သူရေးနီးယားနဲ့ တူလို့ သိက္ခာကျတယ်လို့ ခံယူကြရမှာလား။ ပြောနေကြတာတော့ အစိုးရက ရတြာချေတဲ့ အလံတဲ့။ ကိုယ်တိုင်ကတော့ အာဖရိကတိုက်က ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အလံနဲ့တူလို့ဆိုပြီး အတိတ်နမိတ်တွေ ကောက်နေတကြတယ်။ တစ်ချိန်က အတိုက်အခံဘလော့တွေနဲ့ ဂျီတော့တွေပေါ်မှာ ရေပန်းစားခဲ့တဲ့ သီချင်းလေး မှတ်မိပါသေးတယ်။ ဒေါ်လာစားတို့ အားကျနေတဲ့ အနောက်နိုင်ငံကြီက ရှခီယာ ပြောသွားတာပါ။ ဝါကာဝါကာ ဆိုတဲ့သီချင်းမှာ ကျွန်မတို့အားလုံး အာဖရိက တွေပါ တဲ့။ အဲ့ဒါ သိက္ခာ ကျစရာလား။ သူတို့က အာဖရိက မျိုးဆက်တွေမို့ ဒီလောက် ချမ်းသာပြီး လူနေမှုအဆင့်အတန်းတွေ မြင့်နေချိန်မှာ ပြန်ပြီး ဝန်ခံနိုင်ကြတယ်။ မြန်မာအတိုက်အခံတို့က ဘာမှတောင် မဖြစ်သေးဘူး ၁၉၄၃ က အရောင် သုံးရောင်ကို ပြန်လက်မခံနိုင်ကြတော့ဘူ။

အာဖရိက က အလံတွေနဲ့တူလို့ ဘာဖြစ်သွားမှာလဲ။ အနောက်နိုင်ငံကြီးတွေက အလံတွေနဲ့ တူလို့ ဘာဖြစ်သွားမှာလဲ။ တကယ်လို့များ တရုတ်နိုင်ငံက အလံနဲ့ တူကြည့်ပါလား။ အခု အာဖရိက အလံတွေနဲ့ တူတယ်ဆိုတဲ့ လူတွေကပဲ ပိုးစိုးပက်စက် ပြောကြပါလိမ့်မယ်။ မြောက်ကိုရီးယားတို့ အိန္ဒိယ တို့ ရုရှားတို့နဲ့ တူကြည့်ပါလား။ ဝေဖန်လိုက်ကြမှာ သောက်သောက်လဲ။ အမေရိကန်နဲ့ တူအုံးမလား။ အပြစ်ရှာပြောအုံးမှာပဲ။

အရင်တုန်းက အလံဆိုတာ ဘယ်နေလို့နေမှန်းမသိ၊ စပါးနှံတို့ စက်သွားတို့ ကြယ်ဖြူ ၁၄ လုံးတို့ ဆိုတာ တစ်ခါမှ ကီးဘုတ်ပေါ်က မရိုက်ဖူးကြဘူး။ ခုမှ အစိုးရက အလံပြောင်းလိုက်တယ်ဆိုတာ့ ဂျီတော့တွေ၊ ဖေ့စ်ဘုတ်တွေ၊ ရှိသမျှ ပရိုဖိုင်တွေမှာ အလံတွေ တန်းစီလို့။ အရင်တုန်းက တစ်ယောက်မှ မြန်မာနိုင်ငံအလံပုံ တင်ရမှန်းလည်းမသိဘူး။ ပစ်စလက်ခက်ပဲ။ ခုမှ တင်လိုက်ကြတာ။ အဓိပ္ပါယ်တွေ ဖွင့်လိုက်ကြတာ။ အဲ့ဒီလူတွေ ကို ကျွန်တော် မေးခွန်းလေး နှစ်ခု မေးချင်လွန်းလို့ပါ

၁။ အလံဟောင်း သုံးလာတဲ့ ကာလ ၃၆ နှစ်မှာ ဂျီတော့တွေ ပရိုဖိုင်တွေမှာ တင်ဖူးပါသလား???????????? အခု အလံဟောင်းက နိုင်ငံတော်အလံမဟုတ်တော့ဘူး ဆိုမှ ဘာကြောင့် တင်နေရတာပါလဲ???????

၂။ အခုလောလောဆယ် အလံဟောင်းကို အရမ်းကို တန်ဖိုးထားပြီး အဓိပ္ပါယ်တွေဖွင့် ကာ ပရိုဖိုင်တွေမှာတင်နေသူ တစ်ယောက်အနေနဲ့ အဲ့ဒီ အလံကို အောက်ဖော်ပြပါ ပုံများအတိုင်း
မိုက်ရိုင်းစော်ကားထားသူတွေကို ဘာကြောင့် မရှုံ့ချခဲ့ပါသလဲ??????????? တကယ်လို့ သူတို့ရဲ့ လုပ်ရက်တွေကို မသိလို့ မရှုံ့ချခဲ့ဖူးဆိုလျှင် အခု ကျွန်တော် ဖော်ပြလိုက်ပါပြီ။ စပါးနှံ၊ စက်သွားနဲ့ အရွယ်တူကြယ်ဖြူ ၁၄ လုံးကို တန်ဖိုးထား လေးစားသူများ က အောက်ဖော်ပြပါ အတိုက်အခံများကို ဘယ်လိုရှုံ့ချမလဲ ကျွနော် နားထောင်ချင်ပါသေးတယ်။













ကမ္ဘာ့အလည်မှာ ခင်ဗျားတို့ ကျွန်တော်တို့ သိပ်ချစ်တဲ့ အလံကြီးကို ရိုင်းစိုင်းစော်ကားနေကြတဲ့ ဒီမိုအတိုက်အခံ ဒေါ်လာစားတွေပါဗျာ.....


Myanmar Express

အလံ

အစိုးရက ခုမှ အလံဟောင်းကိုချပြီး အလံသစ်တင်နေတာ။ ပြည်ပရောက် ဒေါ်လာစား အတိုက်အခံတို့က လုပ်ပြီးတာကြာပေါ့



ကဲကဲ ဒေါ်လာစားတို့ ကိုယ်တိုင်တော့ ခုချိန်ထိ ဘာဆို ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူး။ အစိုးရလုပ်သမျှ ကန့်ကွက်ပြီး ဘုထိုင်တောနေကြတာ။ ခု အစိုးရက အလံချိန်းသွားပြီဆိုတော့ အလံသစ်ကို ကန့်ကွက်ပြီး အလံဟောင်းကို တမ်းတမှန်းဆလို့ ကောင်းကြောင်းတွေ ပြောကြ၊ ရေးကြတော့မယ် မဟုတ်လား။ ကိုယ်လုပ်ခဲ့တာတွေကိုယ် မမေ့အောင် ခုတင်ထားတဲ့ ပုံလေးကို ပြန်ကြည့်ကြ။ ဟုတ်ပြီလား။



Myanmar Express

မြန်မာပြည်သည် - ဒို့ပြည်

လူမျိုးဘာသာ စကားစုံတယ်
ဓလေ့စုံတယ် တကယ်ချစ်စရာပေ။


အဆင့်အတန်းတူတယ် ညီရင်းအကိုတွေ

စိတ်ထားတူညီ...
ချစ်စဖွယ်။

တို့ပြည် ကျေးဇူးကြီးတယ် ဘုရားကောင်းချီးပေါတယ်။

ဒါ့ကြောင့်မြန်မာပြည်ကို ချစ်ပါ။
ချစ်တတ်ပါ။



မြန်မာဆိုတာ မင်းမမေ့နဲ့

ပေးစာ - ၂


သူငယ်ချင်း...
မင်းတို့က နိုင်ငံရေးက နိုင်ငံသားတိုင်း နဲ့ဆိုင်တယ်၊ ဘယ်နေရာမဆို နိုင်ငံရေးအကြောင်း ပြောရမယ်၊ မြန်မာနိုင်ငံသားတိုင်း န.အ.ဖ အကြောင်း မကောင်းရေးထားတာတွေ၊ နိုင်ငံရေးပိုစ့်တွေ၊ အီးမေးတွေ ဖတ်ရမယ် ဆိုပြီး ရှိသမျှ လူအားလုံးကို အတင်းသွပ်သွင်းနေတာတွေ ငါမြင်နေရတာ ကြာပြီ။ အမှန်အတိုင်းပြောရရင် ငါလည်း န.အ.ဖ ကို ထောက်ခံတဲ့ လူတစ်ယောက်တော့မဟုတ်ဘူး။ န.အ.ဖ ရဲ့ မကောင်းတဲ့ အချက် အစစ်အမှန်တွေကို ငါသိတယ်။ ငါတင်မဟုတ်ဘူး၊ လူတိုင်သိတယ်။ အစစ်အမှန်လို့ ဘာလို့ ထည့်ပြောထားလဲဆိုတော့ မင်းတို့တွေ နိုင်ငံရေး၊ နိုင်ငံရေးဆိုပြီး ခေါင်းစဉ်တပ်ပြီး န.အ.ဖ မကောင်းကြောင်းတွေကို လုပ်ကြံတာကတစ်မျိုး ဟာသနှောတာက တစ်မျိုး မခိုင်မလုံမတိမကျမသေချာပဲ အတင်းပြောတာက တစ်ဖုံ မင်းတို့တွေ လုပ်နေကြတာပဲ။ တစ်ခါကလည်း အင်တာနက်ပေါ်မှာ ပျံ့လာတဲ့ ယဉ်တိုက်မှုတစ်ခုကို န.အ.ဖ က ကားနဲ့ သေချာ တက်ကြိတ်ပါတယ်ပြောတယ်၊ သူ့ဘာသူ မှောက်တဲ့ ကားကို CNG ပေါက်ပါတယ် ပြောပြန်တယ်။ နောက်ထပ် နောက်ထပ် အများကြီးပဲ။ ပြောရင် ကုန်မှာတောင် မဟုတ်ဘူး။ သတင်း ထက် အတင်း ကို လူတွေ ပိုဖတ်ချင်တာ ငါ သဘောပေါက်တယ်။ ဒါပေမယ့် နေရာတိုင်းမှာတော့ အဲ့ဒီအတင်းက ပြောလို့မကောင်းဘူး။ အခြေအနေနဲ့ အချိန်အခါဆိုတာ ရှိသေးတယ်။ မင်းတို့တွေ ပြောနေမှမဟုတ်ပါဘူး၊ ငါ့ဘကြီး စာမဖတ်တတ်ဘူး။ ရွာမှာနေတာ။ ဒါပေမယ့် အထင်မသေးနဲ့နော် ဘယ်ခေတ်က ဘယ်နိုင်ငံက ဘယ်လိုနိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်ခဲ့တယ်ဆိုတာ မင်းတို့ထက်တောင် သိပါသေးတယ်။ အဲ့လောက်ဆို မင်းတို့ သဘောပေါက်ပေါ့ကွာ။ အီးမေး သုံးတဲ့လူက ရေဒီယို နားထောင်နိုင်စွမ်းရော၊ စာဖတ်နိုင်စွမ်းရော ရှိတယ်။ မင်းတို့ ဘာမှမပြောလည်း လက်ရှိအနေအထားကို အားလုံးသိတယ် သူငယ်ချင်း။ ခုဟာက မင်းတို့လုပ်ပုံကြောင့် ဒို့နိုင်ငံသား အင်တာနက်သုံးသူတွေအနေနဲ့ ဝဘ်ဆိုဒ်တစ်ခုဖွင့်လိုက်တယ်၊ နိုင်ငံရေးနဲ့ဆိုင်တဲ့ ပုံတွေနဲ့ စာတွေတွေ့ရပြန်တယ်၊ ဆက်မကြည့်ချင်တော့ဘူး။ အီးမေးစစ်လိုက်တယ်၊ ဒါတွေပဲပြန်ပေါ်လာတယ် ဆက်မဖတ်ချင်တော့ဘူး။ အဲ့လို အဲ့လိုနဲ့ အရမ်းပေါလာတော့ တန်ဖိုးက အလိုလိုကျသွားတယ် သူငယ်ချင်း။ ဒီစကားကို မင်းနားလည်မှာပါ။

ထူးထူးခြားခြား ဒီရက်ပိုင်း မင်းတို့ဆိုဒ်တွေနဲ့ မင်းတို့ဆီက ရတဲ့ အီးမေးတွေ ဖတ်ရတော့ ရွေးကောက်ပွဲကို မြန်မာတွေ စိတ်ဝင်စားမှုနည်းတဲ့အကြောင်းတွေနဲ့ ရွေးကောက်ပွဲ မဲမပေးရမယ့်အကြောင်းတွေ ထပ်နေတယ်။ မင်းတို့တင်တဲ့စာတွေနဲ့ မင်းတို့ပို့တဲ့အီးမေးတွေကို မင်းတို့တော့ သေချာဖတ်မယ်တောင် ငါမထင်ဘူး။ ရွေးကောက်ပွဲကို လူတွေ စိတ်ဝင်စားမှု တကယ်နည်းတယ် ဆိုတာ မင်းတို့သိရင် အဲ့ဒီအကြောင်းတွေ ထပ်မပို့နဲ့တော့။ စိတ်မဝင်စားတဲ့လူက မဲ လည်းထည့်မှာမဟုတ်ဘူး။ ဘယ်သူတက် တက် စိတ်ဝင်စားမှာလည်း မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့က ပဲ ဒီရွေးကောက်ပွဲ အကြောင်း ထပ်ခါတလဲလဲ ပို့နေ၊ ရေးနေကြတယ်။ စိတ်မဝင်စားစေချင်ရင် အဲ့ဒီအကြောင်း ဘာတစ်ခုမှမပြောနဲ့ မရေးနဲ့။ ငါပြောတာ သဘောပေါက်လား သူငယ်ချင်း။ မင်းတို့အတုယူသင့်တဲ့ မင်းတို့အမြဲမကောင်းပြောနေတဲ့ န.အ.ဖ ရဲ့ အကျင့်တစ်ခုကို ပြောပြမယ်။ န.အ.ဖ က ဒေါ်အောင်ဆန်းစုကြည်ကို လူတွေသိရင် သူ့ဆီကို ရောက်သွားနိုင်တယ်ဆိုတာ သူစဉ်းစားမိတယ်။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆိုင်တာ ဘာတစ်ခွန်းမှမပြောခဲ့ဘူး။ ကောင်းကြောင်းလည်း မပြောဘူး။ ဆိုးကြောင်းလည်း အမြဲမပြောဘူး။ လက်ရှိကျန်းမာရေးအခြေအနေဘာလည်း ဘယ်သူ့မှ သိခွင့်မပေးဘူး။ သဘောပေါက်လားသူငယ်ချင်း။ အဲ့လိုနဲ့ သူတို့ တည်တည်ငြိမ်ငြိမ် အုပ်ချုပ်လာတာ အနှစ် ၂၀ ကျော်ပြီ။ မင်တို့မှာ အခု လူတွေ စိတ်မဝင်စားဖို့အတွက် စိတ်ဝင်စားမယ့်ပို့စ်တွေနဲ့ အီးမေးတွေ ပို့လိုက်၊ တင်လိုက်ရတာ ရောက်ယက်ခက်နေတာပဲ။ ဒါက မင်းဆင်ခြင်နိုင်အောင် ထောက်ပြတာပါ။

နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်တယ် ဆိုတာ ဟုတ်တယ်။ အရေးပါတယ် ဆိုတာ မှန်တယ်။ ဒါပေမယ့် ငါမေးမယ် သူငယ်ချင်း။ နိုင်ငံရေးက နိုင်ငံကြီးအတွက်နဲ့ အစိုးရအဖွဲ့အစည်းအတွက် နံပါတ် (၁) ဖြစ်ကောင်းဖြစ်လိမ့်မယ် ပြည်သူအားလုံးအတွက် နံပါတ်(၁) မဟုတ်ဘူး။ နိုင်ငံရေးအထက် အရေးကြီးတာတွေ တပုံကြီးရှိတယ်။ ဥပမာ - စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး စတာတွေပဲ။ မင်တို့နိုင်ငံရေးက လူတစ်ယောက် စားဝတ်နေရေးထက် ပိုအရေးကြီးမလား၊ ကျန်းမာရေးထက် အရေးကြီးမလား။ အူမတောင့်မှ သီလဆောင့် ဆိုတာ မင်းကြားဖူးမှာပါ။ မြန်မာလူမျိုးက စာဝတ်နေရေး အဆင်မပြေရင် ယုံယုံကြည်ကြည် အထွဋ်အမြတ်ထားတဲ့ ဘာသာရေးကိုတောင် ဥပုဒ် မှန်အောင် မစောင့်နိုင်တော့ဘူး။ မင့်နိုင်ငံရေးဆို အဝေးကြီး။ မြန်မာလူမျိုး ၉၀ ရာခိုင်နှုံးက ဗုဒ္ဓဘာသာတွေ။ ရိုသေကြတယ် ကိုင်းရှိုင်းကြတယ်။ ထိရင်မခံနိုင်လောက်အောင် အကြွင်းမဲ့ ယုံကြည်ကြတယ်။ ဒါပေမယ့် နေရာတိုင်းမှာ ဘုရားအကြောင်း၊ တရားအကြောင်း မပြောဘူး။ သူ့နေရာ သူ့အချိန်အခါနဲ့ သူရှိတယ်။ ငါပြောတာနားလည်လား သူငယ်ချင်း။ နိုင်ငံရေးဆိုတာ ဗုဒ္ဓဘာသာတစ်ယောက်အတွက် ဘာသာရေးလောက် အရေးမကြီးပါဘူး။ မင်းအိမ်နဲ့ အဆက်သွယ်ရချိန်မှာ မင်းမိဘက ဖုန်းချခါနီး ဘာမှာလဲ၊ ဘုရားတရား မမေ့နဲ့လို့ မှာလား၊ နိုင်ငံရေး မမေ့နဲ့လို့မှာလား။ အေး...။ အဲ့လောက် မမေ့သင့်တဲ့ ဘာသာရေးတောင် ဖိုရမ်တိုင်းမှာ မတင်ဘူး၊ အီးမေး ၁၀ စောင်မှာ ၁ စောင် မတွေ့ဘူး။ မင်းတို့ နိုင်ငံရေးက မြန်မာဘလော့ ၁၀ ခု ဖွင့်လိုက်ရင် ၅ ခု က နိုင်ငံရေးအတင်းတွေ။ အလုပ်က ပင်ပင်ပန်းပန်းပြန်လာ အိပ်ခါနီး အင်တာနက်ချိတ်ပြီး မြန်မာဘလော့တွေ ဖွင့်လိုက်ရင် ဒီနေ့အတွက် ထူးထူးခြားခြားဆိုတာ ဘာမှမရှိဘူး။ တစ်ခုရှိရင်လည်း ဘလော့အားလုံးက ဒီအကြောင်းပဲ တင်ထားတယ်။ ဒါနဲ့ ဘလော့ကို ပိတ်ပြီး ဖေ့စ်ဘုတ် ဝင်တော့လဲ မင်းတို့တွေဆီမှာ ဒါတွေပဲ တင်ပြန်တယ်။ အီးမေးစစ်လိုက်ရင် ၁၀ စောင်မှာ ၈ စောင်က နိုင်ငံရေး အကြောင်း။ ထူးထူးခြားခြားပါလားဆိုတော့လည်း မဟုတ်ဘူး။ မင်းတို့အင်တာနက်ပေါ် မရောက်လာခင်တုန်းက ဟာတွေကို ခုမှ မင်းသိပြီး အသစ်လုပ်ပြန်ပို့ပြန်တယ်။ အဲ့ဒီတော့ မင်းတို့လုပ်ရက်တွေကို မင်းတို့ ပြန်ပြီး လေ့လာ ကြည့်အုံးပေါ့ကွာ။ ငွေကြေးတွေ ဖောင်းပွလာရင် အဲ့ဒီငွေကြေးကို ဘယ်သူမှ မလိုချင်တော့သလို တန်ဖိုးလည်း မရှိတော့ဘူး။ ခု လည်း မင်းတို့ ဝဘ်ဆိုဒ်တွေ၊ အီးမေးတွေ သိပ်ကို ဖောင်းပွနေပြီ။ ဘာတန်ဖိုးမှလည်း မရှိတော့ဘူး။ မင်းတို့ ဘယ်လိုထိန်းမလဲ။ ဆက်လုပ်နေအုံးမှာလား။

ငါအဓိပ္ပါယ်ဖွင့်ထားတဲ့ နိုင်ငံရေးဆိုတာ ပြောပြမယ် သူငယ်ချင်း။ နိုင်ငံရေးဆိုတာ ကမ္ဘာ့လူသားတိုင်းရဲ့အရေးပဲ အဲ့လိုပဲ ကမ္ဘာ့လူသားတိုင်းအရေးတွေထဲက တစ်ခုနဲ့ ငါယှဉ်ပြမယ်။ အဲ့ဒါက ကိုယ့်မျိုးဆက် ပြန့်ပွားရေးပဲ။ ကိုယ့်မျိုးဆက် ပြန့်ပွားရေးအတွက် လူသား ၉၆ ရာခိုင်နှုံး လုပ်ဆောင်ကြတယ်။ မင်းတို့မိဘတွေလည်း လုပ်ခဲ့ကြတယ်။ ဒါကြောင့် မင်းတို့ထွက်လာတာပဲ။ နိုင်ငံရေးဆိုတာ အဲ့လိုပဲ လူသားတိုင်း စိတ်ဝင်စားသင့်တယ်၊ လုပ်ဆောင်သင့်တယ်။ ဒါပေမယ့် အမြဲတမ်းကြီးတော့မဟုတ်ဘူး။ နေရာတိုင်းမှာ ထုတ်ပြောစရာမလိုဘူး။ မင်းတို့ မိဘတွေ မင်းတို့ရှေ့မှာ ဘာတွေလုပ်ပြ၊ ပြောပြဖူးလို့လဲ။ ငါပြောတာ မင်းနားလည်လောက်ပါတယ်။ တစ်ရက်တာလုံးမှာ ကိုယ့်စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး စတာတွေကို သူ့ဟာနဲ့သူ အချိန်ခွဲဝေပေးပြီး နိုင်ငံရေးအတွက် အချိန်လေး တစ်ချိန်ပေးလိုက်။ ဒီလောက်ဆို လုံလောက်ပြီ။ တစ်နေ့မှာ ဖတ်ခဲ့သမျှ နည်းပညာ၊ ကျန်းမာရေး၊ ဘာသာရေး၊ အထွေထွေဗဟုသုတ၊ သာရေးနာရေးတွေ ဖတ်ပြီး နိုင်ငံရေး တစ်မျက်နှာလောက် ဖတ်လိုက်။ ဒါဆို ပြည့်စုံပြီသူငယ်ချင်း။ ရောက်သမျှ ဖိုရမ်တိုင်းမှာ နိုင်ငံရေး ပိုစ့်တင်စရာမလိုဘူး။ ဘယ်နေရာတွေမှာဖတ်လို့ရလဲဆိုတာ ငါတင်မဟုတ်ဘူး။ လူတိုင်းသိတယ်။ ဖတ်ချင်ရင် ငါတို့လာဖတ်မယ်။ လိုချင်လို့ ဝယ်လိုက်တဲ့ ပစ္စည်းတစ်ခုနဲ့ ပိုက်ဆံပိုလို့ ဝယ်လိုက်တဲ့ ပစ္စည်း တစ်ခုက ငွေကြေးတန်ဖိုးချင်း တူချင်တူမယ်။ ဝယ်သူရဲ့ တန်ဖိုးထားမှုချင်းက တခြားစီပဲ သူငယ်ချင်း။ မလိုချင်ပဲ ရတဲ့ အရာက အချိန်မရွေးမြောင်းထဲ ရောက်သွားနိုင်တယ်။ ဒီတော့ မင်းတို့ငါတို့ တန်ဖိုးထားတဲ့ ဒို့နိုင်ငံရေးကြီး မြောင်းထဲမရောက်အောင် မင်းတို့ ဆင်ခြင်ကြပေါ့။


မှတ်ချက်။ ။နိုင်ငံရေးဘလော့များများရှိမှ၊ ဖိုရမ်တိုင်း ဝဘ်ပေ့ခ်ျ တိုင်းမှာ နိုင်ငံရေးအကြောင်းရှိမှ၊ အီးမေးတိုင်းမှာ နိုင်ငံရေးပို့မှ နိုင်ငံရေးတိုးတက်မယ် ထင်နေသူများအတွက်သာ ဖြစ်ပါသည်။ စီးပွားရေးအရ လုပ်ဆောင်နေသူများကတော့ ကိုယ့်စီးပွားရေးကို ဆက်လုပ်ပါ။ သူများစီးပွားရေးကို ဒုတ်နဲ့မထိုးပါ။ ကျနော်တို့ အားပေးနေပါတယ်။

အိုပါး
ခေတ္တကိုရီးယား

လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး

လူငယ်တွေရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာလိုနေလဲ။ ဘာတွေကြိုးစားရမလဲဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက် ၀မ်းသာရပါတယ်။


ချီးကျူးရမယ့် စိတ်

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများကိုလည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလားလား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ်ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့်မှာ ဖြည့်ဆည်းဖို့ လိုအပ် နေတာတွေကို သိချင်စိတ် ရှိတာလည်း ကောင်းတာပဲ။ တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ်လိုဖွယ် ကောင်းတယ်။ ပလွှားစိတ် မရှိ တာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’ တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ် သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။


သရေဆိုတာ ပွဲမပြီးတာ

ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံး အချက်ဖြစ် တယ်။ သိရင်သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင်ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကိုညာပြီး သရေထိုး သွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်း စားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင် ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲ ဆိုကတည်း က အရှုံးအနိုင်သိဖို့ လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှုတူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပို ထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။


ပိုပြီးရင်းရင်းနှီးနှီး

ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်းရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေး သလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာမှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာ မှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ်တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင် တွေ့ တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက်တာတွေ ကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ လိုအပ်တာကို ရှင်းပြ လိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် ‘ဗုံနဲ့မြှောက်’ နေတာမျိုး တွေမရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ်ပေါ့ပါးတယ်။ စကားပြောရ တာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။


မရှိမဖြစ်နှစ်မျိုး

အဲဒီလိုလူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါတယ်။ မျှော် လင့်ချက်နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်း အတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာမာ ပြတ်ပြတ် သားသား ရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ် ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟိုဘက် မျောလိုက်၊ဒီဘက်မျောလိုက်နဲ့ ဘယ်သောင် ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလိုဒီလိုလိုနဲ့ လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက်ဆယ် အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။


ရှင်လျက်သေနေသူ

လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာ ဖြစ်တယ်။ မျှော်လင့် ချက် ကင်းမဲ့တဲ့ဘ၀ဟာ အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာမှ အနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀ က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ် ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက်သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူး ယဉ် တတ်ရမယ်။


အိပ်မက် မက်တတ်ရမယ်

အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ ”ဖြစ်တော့ဖြစ်ချင်တာပေါ့ ဒါပေမဲ့ …” ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမဲ့ (but) ဆိုတာ လုံးဝမရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းသာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင်ဖြစ်တယ်။ သွားရင်ရောက်တယ်။ ယူရင်ရတယ်။ မဉ္ဇူသက နတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင် ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံ မှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။


အားကျအတုယူစရာ

လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model)ဖြစ်တယ်။ ကလေး ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအား ထုတ် မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကို ဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ ကြတယ်။ နောက်ခေတ် လူငယ်တွေ ကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်းစတဲ့ တော်လှန်ရေးသမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျ အတုယူခဲ့ကြတယ်။


ဧ၀ရက်ကို အောင်နိုင်တဲ့ မျက်မမြင်

ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော်ဘင် ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသား တွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အကြိမ်ကြိမ် ကျခဲ့ရတဲ့ သ တင်း သမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ်က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလိုစံပြုပုဂ္ဂိုလ်မျိုး တော်တော်ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင် ဖတ်စာ တွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိ နှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက် တောင်ထိပ်ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ်တွေ့မြင် ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေ အတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။


သူတော်ကောင်းမကြီး

ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲ ရောက်အောင် ပို့သင့် ကြ ပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင် ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်းမကြီး မာသာထရီဇာ ရဲ့ အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်း တွေထဲမှာ ကလေးတွေ ဖတ်ရှုသင်ကြားနေနိုင်အောင် ဆောင်ရွက် သင့်ကြပါ တယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး၊ လူသားတွေ ရိုင်းသထက်ရိုင်းလာနေတဲ့ အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ် အရပ်သဖွယ် ဖြစ်နေတဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလား ခင်ဗျာ။


လူထုစိန်ဝင်း

အိုက်ဒီယော်လော်ဂျီခေတ် မကုန်ပါဘူး

“ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကွဲလို့၊ ဖဆပလကွဲလို့ ပြည်တွင်းစစ်ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးရင့်ကျက်မှုအားနည်းပြီး ငါစွဲတွေ လွန်ကဲလို့ဖြစ်ရတာလို့ ထင်ပါတယ်။ နိုင်ငံရေးရင့်ကျက်ဖို့အတွက် အိုက်ဒီယော်လော်ဂျီတွေကို ကောင်းကောင်း ကျေညက်ဖို့ လိုတယ် …”


ဒီလေးငါးလအတွင်း ဂျာနယ်တွေဖတ်ရတာ အရင်ကလို ငါးရှဉ့်နဲ့ ဂဏန်းအကြောင်းလောက် မဟုတ်တော့လို့ ပျင်းစရာမကောင်းတော့ဘူး။ လူတွေအကြောင်း နိုင်ငံရေးအကြောင်းတွေ သူ့ထက်ငါ အပြိုင်အဆိုင် ရေးလာကြလို့ လှုပ်ရှားသက်ဝင်ဖြစ်ပြီး ဖတ်ကောင်းလာတယ်။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဆိုသလို ငယ်ဘဝကို ပြန်တမ်းတ လွမ်းဆွတ်မိတယ်။


မကောင်းလည်း ဖတ်ရတယ်

ဖတ်ကောင်းတာ ကိစ္စမရှိဘူး။ ပိုက်ဆံတော့ တော်တော်ကုန်တယ်။ ဘိန်းစွဲသလိုစွဲပြီး မဖတ်ရမနေနိုင်တော့ အသစ်မပါ သလောက်ဖြစ်ပြီး အဟောင်းတွေချည်း ပြန်ထည့်ထားတဲ့ ဂျာနယ်မျိုးလည်း ဝယ်ဖတ်ရတာကိုး။ သတင်းသမားဆိုတာ ကြိုက်လည်းဖတ်၊ မကြိုက်လည်း ဖတ်ရပါတယ်။ မကောင်းမှန်းသိပေမယ့်လည်း ဒီတပတ် ဘယ်လိုမကောင်းတာလည်း ဆိုတာ သိထားသင့်ပါတယ်။


ရန်/ငါ ပြတ်လို့သာ

ကလိမ်ကကျစ်လုပ်တဲ့ နိုင်ငံရေးသမားနဲ့ ပုတ်သင်ညို နိုင်ငံရေးသမား မရှိမဟုတ်ပါဘူး။ ရှေးက ရှိသလို အခုလည်း ရှိနေတာပါပဲ။ ဒါပေမယ့် နယ်ချဲ့တွေနဲ့ ဖက်ဆစ်တွေကို မစေ့စပ်တမ်း ရန်/ငါမျဉ်းပြတ်ပြတ်နဲ့ တိုက်ခိုက်ခဲ့ကြသူတွေလည်း သိန်းနဲ့သန်းနဲ့ချီ ရှိခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်အားလုံးဟာ နိုင်ငံရေးသမားတွေပါ။ ဖဆပလ ဆိုတဲ့အဖွဲ့ကြီး နှစ်ခြမ်းကွဲ သွားခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် ဖဆပလ ဆိုတဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်တဲ့ နယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေး တပ်ပေါင်းစုကြီးကြောင့် နယ်ချဲ့သမားတွေနဲ့ ဖက်ဆစ်တွေကို အောင်နိုင်ခဲ့ကြတယ်ဆိုတာ မေ့ဖျောက်မပစ်သင့်ပါဘူး။


ပူးပေါင်းလုပ်နည်း ၂ နည်း

နိုင်ငံရေးပါတီတခုထူထောင်တယ်ဆိုတာ လာရာအရပ်မတူကြတဲ့ အလွှာပေါင်းစုံကလူတွေ ပူးပေါင်းဖွဲ့စည်းထားရတာ ဖြစ်တယ်။ လူတွေဟာ မူလဗီဇနောက်ခံဘဝတွေ မတူကြတာနဲ့အမျှ အတွေးအခေါ် အယူအဆတွေ မတူနိုင်ကြပါဘူး။ အဲဒီလိုမတူတဲ့သူတွေအချင်းချင်း အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်း ၂ မျိုးသုံးကြပါတယ်။ ပထမ နည်းက တူညီတဲ့ ဘုံရပ်တည်ချက်တခုရှာပြီး ဘုံသဘောတူညီချက်တခုနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်တယ်။ အဲဒီအချိန်မှာ တဦးချင်းအယူအဆတွေကို ရှေ့တန်းမတင်ဘဲ ဘုံသဘောတူတာကို လုပ်ကြဖို့ဖြစ်တယ်။ နောက်တနည်းကတော့ အယူအဆတခု အိုက်ဒီယော်လော်ဂျီ တခုကို သက်ဝင်ယုံကြည်ကြသူတွေအချင်းချင်း ပေါင်းစည်းလုပ်ကိုင်ခြင်းဖြစ်တယ်။ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ ဒီမိုကရေစီပါတီ စတာမျိုးတွေဖြစ်တယ်။


ပါတီမှန်ရင် ဝါဒရှိရမယ်

နိုင်ငံရေးပါတီဆိုတာ အိုက်ဒီယော်လော်ဂျီ တခုတော့ ရှိကိုရှိရပါတယ်။ အရင်းရှင်စနစ် အိုင်ဒီယော်လော်ဂျီဖြစ်ဖြစ်၊ ဆိုရှယ်ဒီမိုကရက်ဖြစ်ဖြစ်၊ ဆိုရှယ်လစ် ကွန်မြူနစ်ဖြစ်ဖြစ်၊ အစိုးရအရင်းရှင်စနစ်ဖြစ်ဖြစ်၊ အစ္စလာမ်မစ်ဖြစ်ဖြစ်၊ ခရစ်ယာန် ဒီမိုကရက်ဖြစ်ဖြစ် အယူဝါဒတခုအပေါ်မှာ တည်ဆောက်ရပါတယ်။ အိုက်ဒီယော်လော်ဂျီပေါ်မှာ မတည်ဆောက်ဘဲနဲ့ နောက်ခံဘဝအမျိုးမျိုးက ယုံကြည်မှုအသီးသီးနဲ့လာတဲ့လူတွေဟာ ဘယ်လိုလုပ်ပြီး အတူတကွပူးပေါင်းလုပ်ကိုင်နိုင်ကြမှာ လဲ။ အိုက်ဒီယော်လော်ဂျီမရှိရင် မျက်မမြင် လှမ်းလျှောက်သလိုဖြစ်မှာပါ။ ဟိုတိုး ဒီတိုးနဲ့ လိုရာခရီး မရောက်နိုင်ပါဘူး။ နိုင်ငံရေးလုပ်မယ်ဆိုရင် အိုက်ဒီယော်လော်ဂျီ ရှိကိုရှိရပါတယ်။


တစ္ဆေအခြောက်ခံရသူတွေ

အိုက်ဒီယော်လော်ဂျီခေတ်ကုန်ဆုံးပြီလို့ ဟောနေကြသူတွေက ကွန်မြူနစ်တစ္ဆေအခြောက်ခံရတဲ့ ကွန်မြူနစ်ဟောင်းတချို့နဲ့ လစ်ဘရယ်ဒီမိုကရက်တချို့ဖြစ်ကြတယ်။ အိုင်ဒီယော်လော်ဂျီပဲခေါ်ခေါ်၊ ဝါဒပဲခေါ်ခေါ်၊ သဘောတရားပဲခေါ်ခေါ် ဘယ်လိုပဲ ခေါ်ခေါ် အိုက်ဒီယော်လော်ဂျီဆိုတာ ကွန်မြူနစ်၊ ဆိုရှယ်လစ်သဘောတရားတွေကိုသာ ပြောတာမဟုတ်ပါဘူး။ အဒမ်စမစ် တို့၊ ဂျွန်မေးနဒ်ကိန်းတို့ရဲ့ စီးပွားရေးအယူအဆတွေဟာလည်း အိုက်ဒီယော်လော်ဂျီပါပဲ။ သမ္မတ ရေဂန်တို့၊ ဗြိတိသျှဝန်ကြီး ချုပ် မာဂရက်သက်ချာတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး အယူအဆတွေလည်း အိုင်ဒီယော်လော်ဂျီတွေပါပဲ။ ဒါကြောင့် ရေဂန့် အိုက်ဒီယာတွေကို ရေဂန်နောမစ် (Reaganomic) လို့တောင် ခေါ်ခဲ့ကြပါတယ်။ မာဂရက်သက်ချာရဲ့ အိုက်ဒီယာတွေကို လည်း သက်ချာဝါဒ (Thatcherism) လို့ ခေါ်ခဲ့ကြပါတယ်။


အိုက်ဒီယာ ချွတ်ခြုံကျသူသာ ရှိတယ်

ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ် နိုင်ငံရေးနဲ့ နိုင်ငံရေးပါတီဆိုတာရှိနေသရွေ့ အိုက်ဒီယော်လော်ဂျီ ရှိနေမှာသာဖြစ်တယ်။ ခေတ်တွေပြောင်းရင် အိုက်ဒီယာတွေလည်း လိုက်ပြောင်းမှာပဲ။ ဒါ သဘာဝဖြစ်တယ်။ အိုက်ဒီယော်လော်ဂျီက တခုမဟုတ် တခုရှိနေမှာဖြစ်တယ်။ အိုက်ဒီယော်လော်ဂျီ မရှိတဲ့လူသာရှိတယ်။ အိုက်ဒီယော်လော်ဂျီ မရှိတဲ့ခေတ်ဆိုတာ လုံးဝ မရှိနိုင် ဘူး။ အိုက်ဒီယော်လော်ဂျီက ချွတ်ခြုံကျပြီး ပျောက်ကွယ်သွားတယ်ဆိုတာ လုံးဝမရှိဘူး။ ခေတ်တွေ ပြောင်းလဲတိုးတက် တာနဲ့အမျှ လူသားတွေရဲ့ အတွေးအခေါ် အယူအဆတွေလည်း ပြောင်းလဲတိုးတက်ပြီး အိုက်ဒီယော်လော်ဂျီ အသစ် အသစ်တွေ ပေါ်ထွက်လာမှာပဲဖြစ်တယ်။ ဒါဟာ သိပ္ပံနည်းကျ အယူအဆဖြစ်သလို သဘာဝတ္ထဗေဒအရလည်း သဘာဝကျတဲ့ အယူအဆဖြစ်တယ်။ ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ်၊ ဘယ်နိုင်ငံ ဘယ်လူမျိုးမှာဖြစ်ဖြစ်၊ နိုင်ငံရေးကို အိုက်ဒီယော်လော်ဂျီကသာ ဆက်ပြီးဦးဆောင်နေမှာ ဖြစ်ပါတယ်။


မကွဲမှ ထူးဆန်းတာ

နိုင်ငံရေးဆိုတာ အိုက်ဒီယာတွေကိုအခြေခံပြီး လုပ်ကြတာဖြစ်တော့ တယောက်နဲ့တယောက် အိုက်ဒီယာမတူလို့ သဘောကွဲကြတယ်ဆိုတာ အဆန်းမဟုတ်ဘူး။ မကွဲဘဲနဲ့ အားလုံး တသွေးတသံတည်းဖြစ်နေတာကမှ ထူးဆန်းတာ။ အလွှာပေါင်းစုံကရောက်လာတဲ့လူတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတာ၊ ဘယ်လိုနည်းနဲ့မှ အတွေးအခေါ်တွေ တထပ်တည်းကျ တာ မဖြစ်နိုင်ဘူး။ အတွေးချင်း၊ အမြင်ချင်း၊ သဘောပေါက်ပုံချင်း၊ အဓိပ္ပာယ်ကောက်ပုံချင်း အနည်းနဲ့အများတော့ ကွဲပြားခြားနားမှု ရှိကြမှာချည်းပဲ။ ဒါပေမယ့် သဘောထားချင်းမတူတာနဲ့ ရန်သူဖြစ်သွားကြတာမှ မဟုတ်တာ။ အခြေခံ သဘောတရားတွေ တူညီကြတယ်၊ ရည်မှန်းချက်ပန်းတိုင်းချင်းတူကြတယ်ဆိုရင် အတူတွဲပြီး ဆက်လုပ်လို့ရပါတယ်။ အတ္တအကျိုးစီးပွားကို အလွန်အမင်း ရှေ့တန်းမတင်ကြရင် သဘောမတူကြလည်း ဘယ်တော့မှ ရန်မဖြစ်ပါဘူး။ အတ္တလွန်ကဲလို့ ရန်ဖြစ်ကြတာပါ။


ဂိုဏ်းတွေစုထားတဲ့ ပါတီ

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် ၆၀ လောက် အာဏာရယူထားနိုင်ခဲ့တဲ့ LDP ပါတီကြီးဆိုရင် ဂိုဏ်းအုပ်စုတွေအများကြီးနဲ့ တည်ဆောက်ထားတာဖြစ်တယ်။ သူ့ဂိုဏ်းငါ့ဂိုဏ်း အသာစီးရဖို့ နေ့တိုင်းယှဉ်ပြိုင်နေကြရတယ်။ ဒါပေမယ့် ရှေးရိုးစွဲ အယူအဆတွေ ကိုင်စွဲတာချင်း၊ စီးပွားရေးလုပ်ငန်းကြီးတွေကို အကာအကွယ်ပေးတဲ့ အယူအဆချင်းတူနေကြတော့ လက်တွဲပူးပေါင်းနေနိုင်၊ လုပ်နိုင်ခဲ့ကြတယ်။ အရေးကြီးတာက ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့အစွဲကြီး ချွတ်နိုင်ဖို့ဖြစ်တယ်။ အယူအဆမတူတာတွေကို သည်းခံတတ်မှ သဘောထားကွဲတာတွေကို ကြည်ကြည်ဖြူဖြူ လက်ခံနိုင်မှ ရင့်ကျက်တဲ့ နိုင်ငံရေးသမားလို့ ခေါ်နိုင်ပါတယ်။


နိုင်ငံရေး ရင့်ကျက်ဖို့လို

နိုင်ငံရေးမှာ သဘောထားကွဲမူဆိုတာ ရှိမြဲပဲ။ ရှေးကရှိသလို အခုလည်းရှိတာပဲ။ ကမ္ဘာမှာရှိသလို မြန်မာမှာလည်း ရှိတာပဲ။ အဆန်းမဟုတ်ပါဘူး။ ဝံသာနုခေတ်က ကွဲခဲ့သလို ဂျီစီဘီအေလည်း ကွဲခဲ့တာပဲ။ ဒို့ဗမာအစည်းအရုံးလည်း ကွဲတာပဲ။ ရဲဘော်သုံးကျိပ်လည်း ကွဲတာပဲ။ ကွန်မြူနစ်တွေကွဲသလို ဆိုရှယ်လစ်တွေလည်း ကွဲတာပဲ။ ဖဆပလလည်း ကွဲတာပဲ။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကွဲလို့၊ ဖဆပလကွဲလို့ ပြည်တွင်းစစ်ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးရင့်ကျက်မှုအားနည်းပြီး ငါစွဲတွေ လွန်ကဲလို့ဖြစ်ရတာလို့ ထင်ပါတယ်။ နိုင်ငံရေးရင့်ကျက်ဖို့အတွက် အိုက်ဒီယော်လော်ဂျီတွေကို ကောင်းကောင်း ကျေညက်ဖို့ လိုတယ်။ ကျေညက်ဖို့ ကျမ်းရင်း ကျမ်းခိုင်တွေ ဖတ်ရပါမယ်။ အိုက်ဒီယော်လော်ဂျီခေတ် မကုန်ပါဘူး။ အိုက်ဒီယော်လော်ဂျီဆိုတာ ချွတ်ခြုံကျပြီး ကွယ်ပျောက်သွားရိုးမှ မရှိတာ၊ အိုက်ဒီယော်လော်ဂျီ ချွတ်ခြုံကျတဲ့သူမျိုးသာ ရှိပါတယ်။


လူထုစိန်ဝင်း

သစ္စာ သတင်းဂျာနယ်

အတွဲ ၂၊ အမှတ် ၁၀၊ ၂၀ အောက်တိုဘာ ၂၀၀၉၊ အင်္ဂါနေ့ထုတ် မှ

ဝေဖန်ရေးနှင့် မူကိစ္စ လူကိစ္စဝေဖန်ရေးနှင့် မူကိစ္စ လူကိစ္စ

‘ဝေဖန်ရေး’ နဲ့ပတ်သက်ပြီး လူငယ်တွေ မကြာခဏ လာရောက် ဆွေးနွေးကြတယ်။ တချို့က စာပေ ဝေဖန်ရေး အကြောင်း သက်သက် ပြောဆိုတတ်ပြီး တချို့လူငယ် တွေက ဝါဒရေးရာ ဝေဖန်ရေးများနဲ့ ပတ်သက်ပြီး ဆွေးနွေး တတ်ကြတယ်။


သူများကို ဝေဖန်ရင် ကြိုဆိုတယ်

အဲဒီလို ဆွေးနွေးရင်းနဲ့ မူကို ဝေဖန်တာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးသဘော လူကို ဝေဖန်တဲ့ ကိစ္စဘက်ကို အမြဲလိုလို ရောက်သွားလေ့ ရှိတယ်။ ဝေဖန်ရေးနဲ့ ပတ်သက်ရင် လူတိုင်း ပြောလေ့ပြောထ ရှိတဲ့ စကားတခွန်း ရှိတယ်။ “ဝေဖန်ရေး ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်တယ်၊ အားပေးရမယ်၊ ကြိုဆိုရမယ်” ဆိုတာပဲ။ ဒါပေမယ့် သူများကို ဝေဖန်တာကို ကြိုဆိုပေမယ့် ကိုယ့်ကို ဝေဖန်ရင်တော့ ကြိုဆိုနိုင်သူ တော်တော် ရှားပါတယ်။

“ဒါ ဝေဖန်တာမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာပဲ” လို့ စိတ်ဆိုးမာန်ဆိုး တုံ့ပြန် ကြတာသာ များတာကို တွေ့ရတယ်။ တချို့က ဆတ်ဆတ်ထိ မခံ ပြန်ပြီး ချေပတယ်။ တချို့က ပြန်မချေပဘဲ နေပေမယ့် ရင်ထဲမှာတော့ အောင့်သက်သက်နဲ့ မကျေမနပ် ဖြစ်နေတတ်တယ်။ တချို့ကျတော့ လူရှေ့သူရှေ့မှာ ဟန်ဆောင် ပြုံးနေပြီး စိတ်ထဲက ကြိတ်ဒေါသ ထွက်နေတယ်။
လိပ်ပြာသန့်သူမှ

ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စွဲမြဲခိုင်မာစွာ ယုံကြည်မှုရှိပြီး ကိုယ်တိုင် လိပ်ပြာသန့်သူ တချို့တလေသာ ဘယ်လို ဝေဖန်မှုမျိုးကို မဆို ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ကျေနပ်ခြင်း၊ မကျေနပ်ခြင်း၊ စိတ်ဆိုး ဒေါသထွက်ခြင်း စတဲ့ တဒင်္ဂ စိတ်လှုပ်ရှားမှု မျိုးတွေ လုံးဝ မရှိဘဲ ဥပေက္ခာ ပြုထားနိုင်စွမ်း ရှိကြတယ်။ ဒီလိုလူမျိုးက တော်တော်ရှားတယ်။ ဒါကြောင့် တချို့တလေလို့ ဆိုခဲ့တာဖြစ်တယ်။ စိတ်ဓာတ်နဲ့ အတွေးအခေါ် အများကြီး ရင့်ကျက် နေသူများမှသာ စိတ်လှုပ်ရှားမှု မရှိဘဲ ဥပေက္ခာတရား လက်ကိုင် ထားနိုင်တာ ဖြစ်တယ်။


မူနဲ့လူခွဲဖို့မလွယ်

အများစုကတော့ နည်းနည်းလေးဖြစ်ဖြစ် စိတ်ဆိုး သွားတတ်တယ်။ စိတ်မဆိုးတောင် ‘ကျွဲမြီးတိုတယ်’ ဆိုတာ လောက်တော့ ဖြစ်သွား ကြတယ်။ အဲဒီအခါ “ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာပဲ” လို့ ပြောမြဲဖြစ်တယ်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုလို့ ဘာကြောင့် ပြောသလဲ ဆိုတော့ ပညာတတ် လောကမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုဟာ အောက်တန်းကျတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ကြလို့ ဖြစ်တယ်။

ဒါပေမယ့်လို့ ခက်တာက စာပေမှာပဲဖြစ်ဖြစ် နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ မူနဲ့လူကိုခွဲခြား ကြည့်မြင်ဖို့ ဆိုတာ အင်မတန် မလွယ်တဲ့ ကိစ္စဖြစ်တယ်။ သမ္မတ ရေဂန်လက်ထက်က ကာတွန်းဆရာတွေ သူ့ပုံကိုဆွဲရင် ကောင်းဘွိုင် ဦးထုပ်ကြီးနဲ့ မြင်းစီးပြီး လက်ထဲက သေနတ် ဝှေ့ယမ်းနေတဲ့ ပုံကို ဆွဲကြမြဲဖြစ်တယ်။ သူက ကောင်းဘွိုင် မင်းသားကနေ သမ္မတ ဖြစ်လာခဲ့တာကိုး။


မချိသွားဖြဲနေရ

သူ့ကို ကောင်းဘွိုင်သမ္မတလို့ ခေါ်တဲ့အတွက် ရေဂန်က ဘယ်လိုမှ မတုံ့ပြန်ခဲ့ပါဘူး။ သူ့လို လူအများနဲ့ ဆက်စပ် ပတ်သက် နေရသူ Public Figure များကို လူတွေက စိတ်ဝင်စားမှု ကြီးမား လွန်းတာကြောင့် ပုဂ္ဂိုလ်ရေးနဲ့ အများအရေး ဆိုပြီး ခွဲခြားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာကို ကောင်းကောင်း သဘောပေါက် နားလည်ထားလို့ မတုံ့ပြန်တာပါ။ ‘သူလည်းလေ လောကီသားပေမို့’ ဆိုသလို ကျွဲမြီး တိုတာလောက် တော့ ရှိကောင်း ရှိနိုင်တာပေါ့။ ဒါပေမယ့် 'မချိသွားဖြဲ' ဆိုသလို ဟန်လုပ်ပြီး ပြုံးနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။

ဘယ်သူမပြု မိမိမှု

‘ထင်ပေါ်ကျော်ကြားမှု’ ဟာ ချိုမြိန်ပါတယ်။ ဒါပေမယ့် ပေးရတဲ့ တန်ဖိုးကလည်း ကြီးပါတယ်။ လူသား တယောက်ရဲ့ ဘဝမှာ တန်ဖိုး အရှိဆုံးဖြစ်တဲ့ ‘ပုဂ္ဂလိက လွတ်လပ်ခွင့်’ ကို ပေးလိုက်ရခြင်း ဖြစ်တယ်။ ဒါဟာ ‘ဘယ်သူမပြု မိမိမှု’ ဆိုတဲ့စကားလို ကိုယ်တိုင်ရွေးချယ် ဖန်တီးခဲ့တာ ဖြစ်လို့ ပုဂ္ဂလိက လွတ်လပ်ခွင့် ချိုးဖောက် ခံရတယ်ဆိုပြီး ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။ ရေဂန် သမ္မတရယ် လို့ ဖြစ်လာတာဟာ ပြည်သူလူထုက မဲပေးလို့ ဖြစ်လာတာ မဟုတ်လား။

အလားတူပဲ ကောင်းဘွိုင်မင်းသား ရေဂန်လို့ဖြစ်တာလည်း ပြည်သူ လူထုက အားပေးကြလို့ပဲလေ။ ရေဂန် အတွက်တော့ ပြည်သူ လူထုဟာ ကျေးဇူးရှင်ဖြစ်တယ်။ အဲဒီ ပြည်သူတွေက တောင်းဆိုတာကို ရေဂန်မ ငြင်းနိုင်ဘူး။ လိုက်လျော ဖြည့်ဆည်း ရမှာပဲ။ ဒါဟာ ပြည်သူ လူထုကြောင့် တခု၊ တကောင်၊ တယောက် (Somebody) ဖြစ်လာသူ မှန်သမျှ မလွဲမသွေ ထမ်းဆောင်ရမယ့် တာဝန် ဝတ္တရားဖြစ်တယ်။


ပတ္တမြားမှန်ရင် အရောင် မမှိန်

ဝေဖန်ရေးမှာ မူနဲ့လူခွဲဖို့ခက်ပါတယ်။ လူကြောင့် မှုဖြစ်လာရသလို လူကြောင့်ပဲ မှုပျက်သွားရပါတယ်။ အလားတူပဲ မူကြောင့် လူကောင်း ဖြစ်လာနိုင်သလို မူကြောင့်လည်း လူဆိုး ဖြစ်သွားနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ လူကို အတိုက်အခိုက် မခံချင်ရင် အကောင်းဆုံး နည်းလမ်းက ကိုယ့်မှာ ဘာအစွန်း အထင်း အညစ်အကြေးမှ ကပ်ငြိမခံရအောင် စောင့်စည်း နေထိုင်ဖို့ပါပဲ။ ကိုယ့်လိပ်ပြာက သန့်ရှင်း လှပနေရင် ဘယ်ပယောဂမှ ဝင်လို့မရပါဘူး။

နိုင်ငံရေးသမားတို့ စာပေအနုပညာသမားတို့ မီဒီယာသမားတို့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် ခံရတယ် ဆိုတာက တိုက်စရာ အကြောင်းတခု ရှိနေလို့သာပါ။ ပတ္တမြားမှန်ရင် နွံထဲဘယ်လောက် ဆွဲနှစ်နှစ် အရောင် မှိန်မသွားပါဘူး။


မီးရှိမှ မီးခိုးထွက်တယ်

အရက် လုံးဝ မသောက်သူကို မူးပြီးရမ်းတယ်လို့ စွပ်စွဲလို့ မရနိုင်သလို မိန်းမကိစ္စ ရှင်းသူကိုလည်း ကြာခိုတယ်လို့ စွပ်စွဲလို့ မရပါဘူး။ မီးရှိမှ မီးခိုးထွက်ပါတယ်။ မီးမရှိဘဲနဲ့ မီးခိုး မထွက်ပါဘူး။ အရေးကြီးတာက ကိုယ်တိုင် လိပ်ပြာသန့်ဖို့ပဲ ဖြစ်တယ်။ ပါးစပ်က လေကြီး မိုးကြီးတွေ ပြောပြီး လူကွယ်ရာကျတော့မှ မဟုတ်တာတွေ လုပ်နေသူများ ကတော့ ဝေဖန်ရေး ဆိုတဲ့ အသံကြားရင် တီကိုဆားနဲ့ တို့သလို တွန့်သွားမှာပါပဲ။ ဒါသဘာဝ ကျပါတယ်။ တီနဲ့ဆားဆိုတာ ဘယ်လိုမှ ဓာတ်မတည့်တဲ့ အရာနှစ်ခု မဟုတ်လား။ ငိုဘသမားနဲ့ ဝေဖန်ရေး ဆိုတာလည်း ပြဒါးတလမ်း သံတလမ်းပဲလေ။


ဝေဖန်ရေးအောက်လမ်းဆရာတွေ

ဝေဖန်ရေး အကြောင်းဆွေးနွေးတဲ့ လူငယ်တိုင်းကို ဝေဖန်ရေး ဆိုတာ ကြောက်စရာ မဟုတ်၊ ရွံစရာ မဟုတ်တဲ့ အကြောင်း အမြဲ ပြောရတယ်။ ဝေဖန်ခံရတဲ့ အခါ စိတ်မဆိုးဖို့လည်း ရှင်းပြရတယ်။ တမင်သက်သက် ပွဲဆူအောင် လုပ်တဲ့ အောက်လမ်းဆရာ ဝေဖန်ရေးသမား မရှိဘူးလို့တော့ မဆိုပါဘူး။

ခေတ်တိုင်း ခေတ်တိုင်းမှာ တယောက်စ နှစ်ယောက်စတော့ ရှိတတ်တာပါပဲ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မြန်မာ စာဖတ် ပရိသတ်က ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးသူတွေပါ။ ဘယ်သူတွေဟာ ဘာရည်ရွယ်ချက်နဲ့ လုပ်နေကြတယ် ဆိုတာ ကောင်းကောင်း သိကြပါတယ်။ ဝေဖန်ရေး အောက်လမ်း ဆရာတွေကို ဥပေက္ခာ ရှုထား လိုက်ကြစမ်းပါ။

လူထုစိန်ဝင်း

သမိုင်းကို ဘယ်သူဖန်တီးတာလဲ

သမိုင်းကိုဖန်တီးတာ ဘယ်သူလဲ။ လူစွမ်းကောင်းတွေလား၊ ပြည်သူပြည်သား လူအများလား။ ဒီမေးခွန်းကို အငြင်းပွားခဲ့ကြတာ နှစ်ပရိစ္ဆေဒတွေ မနည်းတော့ဘူး။ ယေဘုယျခြုံပြီးပြောရရင် လက်ယာသမားတွေက ရုစဗဲ့လို၊ ချာချီလို ဧရာမ ပုဂ္ဂိုလ်ကြီးတွေက သမိုင်းကိုဖန်တီးပုံဖော်တာလို့ဆိုကြပြီး လက်ဝဲသမားတွေက သမိုင်းဖန်တီးရှင်ဟာ ပြည်သူတွေသာဖြစ်တယ်လို့ ယုံကြတယ်။

အဖြေမထွက်တဲ့ ငြင်းခုန်မှု

နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ကြပေမယ့် အဖြေထွက်မလာဘူး။ နှစ်ဖက်စလုံးက ကိုယ့်အယူအဆကိုယ် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခဲ့ကြတယ်။ နှစ်ဆယ်ရာစု ကုန်ဆုံးခါနီး နောက်ဆုံးဆယ်စုနှစ်နဲ့ နှစ်ဆယ်တစ်ရာစုရဲ့ ပထမဆုံး ဆယ်စုနှစ်များ အတွင်းရောက်တော့ နည်းပညာတိုးတက်မှုများဟာ မကြုံစဖူး အံ့သြစရာ ကောင်းလောက်အောင်ကို ခုန်ပျံကျော်လွှား ဖြစ်လာခဲ့တယ်။

အထူးသဖြင့် ကွန်ပျူတာအင်တာနက် ဆက်သွယ်ရေးပညာရပ် တိုးတက်မှုကြောင့် အချိန်နဲ့ အကွာအဝေးဆိုတာ လူတွေအတွက် အတားအဆီးတခုသဖွယ် ဖြစ်မနေတော့ဘူး။ ကမ္ဘာ့အရှေ့စွန်းနဲ့ အနောက်စွန်းမှာနေသူ နှစ်ယောက် တယောက်မျက်နှာ တယောက်ကြည့်ပြီး စကားပြောနိုင်ကြတယ်။ လန်ဒန်က ဘောလုံးကွင်းမှာ ကန်နေတဲ့ ဘောလုံးပွဲကို လန်ဒန်သားတွေနဲ့ တချိန်တည်း ဝါးဘလောက်သောက် ရွာသားတွေလည်း ကြည့်နိုင်တယ်။


သူဌေးသမီးရှာဖို့ မလို

အင်တာနက်နဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေက အချိန်နဲ့အကွာအဝေးကို ပျောက်ကွယ်သွားအောင် လုပ်လိုက်နိုင်ပြီလို့တောင် ပြောနိုင်တယ်။ အဆင့်မြင့် ပညာရပ်တွေ သင်ယူဖို့ ငွေကုန်ကြေးကျ အများကြီးခံစရာ မလိုတော့သလို သူဌေးသမီး အပျိုကြီးကို ထမင်းထုပ်သိုးအောင် လိုက်ရှာစရာလည်း မလိုတော့ဘူး။ ပင်လယ်ကူး သင်္ဘောကြီးကို တလလောက် ကြာအောင်စီးပြီး ဘိလပ်ရွှေမြို့တော် ကြီးအရောက်သွားနေဖို့လည်း မလိုတော့ဘူး။

အိုးမကွာ အိမ်မကွာနဲ့ သင်ယူချင်တဲ့ ပညာရပ်ကို အွန်လိုင်းက သင်လို့ရနေပြီ။ အောက်စဖို့ တက္ကသိုလ်ကြီးက ဘွဲ့ယူချင်သလား၊ လန်ဒန်တက္ကသိုလ်ကြီးကပဲ ယူချင်သလား။ ဒါမှမဟုတ် အမေရိကန်မှ အမေရိကန်ဆိုလည်း ဟားဗတ်က ယူမလား၊ ယေးလ်နဲ့စတန်းဖို့က ယူမလား။ ပရင့်စတန်နဲ့ ဘာကလေက ယူမလား။ ကြိုက်ရာရွေးယူလို့ ရတယ်။ ကွန်ပျူတာတလုံး ရှိဖို့ပဲလိုတယ်။ တခြား ဘာမှ မလိုဘူး။ ပိုက်ဆံလည်း များများစားစား မကုန်ဘူး။


ဣစ္ဆာသယ ဓာတ်လုံး

လူတွေကဒီခေတ်ကို နည်းပညာခေတ်လို့ ခေါ်ကြတယ်။ တချို့ကတော့ ပညာခေတ် လို့ ခေါ်တယ်။ လက်ကိုင် တယ်လီဖုန်းလေး တလုံးရှိရင်လုပ်ချင်တာကို ဘယ်သူမဆို စိတ်ရှိတိုင်းလုပ်နိုင်တယ်။

ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံသွားဖို့ မလိုဘူး။ သီချင်းနားထောင်ဖို့ ကက်ဆက်တွေ၊ ဓာတ်စက်တွေရှိဖို့ မလိုဘူး။ အင်တာနက်သုံးဖို့ ကွန်ပျူတာရှာစရာ မလိုဘူး။ စာဖတ်ချင်လို့ စာကြည့်တိုက် သွားစရာမလိုဘူး။ ဈေးဝယ်ဖို့ ကုန်တိုက်ကြီးမှာ ခြေညောင်းခံ လျှောက်စရာမလိုဘူး။ လက်ကိုင်ဖုန်းလေးတလုံးရှိရုံနဲ့ ဘာမဆို လုပ်လို့ရတယ်။ လက်ကိုင်ဖုန်းဆိုတာ ဒီခေတ်ရဲ့ ဣစ္ဆာသယ ဓာတ်လုံးဖြစ်တယ်။

ဥုံဖွဆို အကုန်ဖြစ်

ဖုန်းတလုံးနဲ့ ဘာမဆိုလုပ်လို့ရတဲ့အတွက် လူတိုင်းဟာ တန်ခိုးရှင်ဖြစ်လာတယ်။ ဥုံဖွဆိုပြီး ဘာမဆို ကိုယ့်ရှေ့ရောက်အောင် လုပ်နိုင်တယ်။ ဒါကြောင့် သူရဲကောင်းတွေနဲ့ လူစွမ်းကောင်းတွေရဲ့ခေတ် နိဂုံးချုပ်သွားပြီ။ ဒီခေတ်က ပြည်သူ့အာဏာ (People Power) ခေတ်ဖြစ်သွားပြီလို့ ကြွေးကြော်သူတွေက ကြွေးကြော်ကြတယ်။ ကြွေးကြော်လောက်အောင်လည်း နည်းပညာတွေက တနေ့တခြား တိုးတက်လာတယ်။ တိုကျိုမြို့က နှလုံးခွဲစိတ်ကုသဖို့ လိုတဲ့လူနာကို နယူးယောက်ဆေးရုံက နှလုံးခွဲစိတ်ကုဆရာဝန်ကြီးက ကွန်ပျူတာကတဆင့် တိုကျိုဆေးရုံခွဲစိတ်ခန်းထဲက စက်ရုပ်ကိုညွှန်ကြားစေခိုင်းပြီး ခွဲစိတ်ကုသတဲ့ အဝေးထိန်းခွဲစိတ်မှု (Virtual Surgery)တောင် လုပ်လို့ရနေပြီဖြစ်တယ်။


အပိုင်စီးထားလို့ မရတော့

ကိုယ်နဲ့ဆိုင်တဲ့ သတင်းမီဒီယာနယ်ပယ်မှာတောင် အခုဆို "လူထု သတင်းသမား"(Citizen Journalist) ဆိုတာတွေ တပုံကြီး။ သတင်းစာ ဂျာနယ် လက်ကိုင်ရှိတယ် ဆိုပြီး ခေါင်းတမော့မော့၊ ရင်တကော့ကော့ လုပ်နေလို့မရတော့ဘူး။ 'ခက်ဖွယ်ရယ်ကြုံ၊ လက်နက်ကယ်စုံအညီနဲ့' ဆိုတဲ့ လံကြုပ်သတင်းမျိုးတွေလည်း လွှင့်ချင်တိုင်းလွှင့်လို့ မရတော့ဘူး။ တိမ်ကြားမင်းခေါင် ပေါ်ပေါက်လာတယ် ဆိုတာမျိုးနဲ့လည်း လုပ်စားလို့ မရတော့ဘူး။

လက်ဖက်ရည်ဆိုင်ထဲမှာ တွေ့ရသမျှ လူငယ်တိုင်းဟာ 'ဘလော့ဂါ' လေးတွေ ဖြစ်ချင်ဖြစ်နေတတ်တယ်။ ဘက်စကားပေါ်မှာ ကိုယ့်နားကပ်ထိုင်သွားတဲ့ ကောင်မလေးကလည်း Facebook ကတဆင့် ဝေဖန်ချက်၊ ထင်မြင်ချက်တွေ မှန်မှန်ရေးနေတဲ့သူ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ရှေးကလို 'ခွင်' တခွင်ကို အပိုင်စီးထားလို့ မရတော့ဘူး။ လူတိုင်းရဲ့ခေတ်၊ ပြည်သူ့ခေတ်ဖြစ်နေပြီ။


ကြက်တူရွေးလို

ဒါကိုရည်စူးပြီး သူရဲကောင်းတို့ခေတ်၊ လူစွမ်းကောင်းတို့ခေတ် ကုန်ဆုံးသွားပြီ။ နိဂုံးချုပ်သွားပြီလို့ ကြွေးကြော်သူများက ကြွေးကြော်နေကြတာ ဖြစ်တယ်။ ဒါပေမယ့် ခက်တာက အဲဒီ ကြွေးကြော်သူအများစုဟာ ကိုယ်ပိုင်အတွေးအခေါ် အယူအဆ ဒဿနရယ်လို့ မယ်မယ်ရရ မရှိတာပဲ ဖြစ်တယ်။ သူတို့က သူများရေးတဲ့ စာအုပ်တွေဖတ်ပြီး၊ ကြက်တူရွေးလို နှုတ်တိုက်ရွတ်နေကြတာ ဖြစ်တယ်။ ဟိုက နိဂုံးဆိုရင် ဒီမှာလည်း အားလုံး နိဂုံးဆို လိုက်အော်ကြတာပဲ။ အော်တဲ့သူ သုံး၊ လေးယောက် ဆုံမိပြီဆိုရင်တော့ အားလုံး နိဂုံး၊ နိဂုံးနဲ့ ယိမ်းကနေသလိုဖြစ်နေတော့တယ်၊ လူရယ်စရာကြီးပေါ့။


နောက်လိုက်ကောင်းဖြစ်အောင်လုပ်

လူစွမ်းကောင်းခေတ် နိဂုံးချုပ်သွားပြီလို့အော်နေတဲ့ ရပ်ကွက်ကပဲ သမိုင်းကို ပြည်သူတွေက ရေးတယ် ဆိုတဲ့ အယူအဆကို ပြက်ရယ်ပြုပြောဆိုသံတွေ ထွက်လာတာတလောလေးက ခပ်သဲ့သဲ့ကြားလိုက်ရတယ်။ လူထုဆိုတာ အများစုက ခေါင်းဆောင်တွေဖောက်တဲ့ လမ်းပေါ်တက်လျှောက်ကြတာပဲ ဖြစ်တယ်။ ချာချီလို၊ ရုစဗဲ့လို ခေါင်းဆောင်ကောင်းတွေကြောင့် ဒုတိယကမ္ဘာစစ်ကြီးကို နိုင်အောင်တိုက်နိုင်ခဲ့တာ ဖြစ်တယ်၊ ပညာတတ်ပြီး အမြော်အမြင်ရှိသူတွေကိုသာ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ရမယ်။ လူထုဆိုတာ ယေဘုယျအားဖြင့် ပညာရည်အဆင့် နိမ့်ကျတယ်။ ခေါင်းမဆောင်နိုင်ဘူး။ ခေါင်းမဆောင်သင့်ဘူးလို့ ဆိုကြပြီး လူထုအနေနဲ့က နောက်လိုက်ကောင်းဖြစ်အောင်သာ ကြိုးစားသင့်တယ်လို့ ဆုံးမသြဝါဒ ပေးကြတယ်။

ခေါမ၊ ရောမခေတ် အယူအဆ

ပညာခေတ်ဆိုတဲ့စကားကို ခုတုံးလုပ်ပြီး ရေပေါ်ဆီလူတန်းစား အခွင့်ထူးခံတစုက သူတို့ရဲ့ရေပေါ်ဆီနေရာကို ကာကွယ်နေကြတာပါ။ သူတို့အယူအဆက ဘာနဲ့ တူနေသလဲဆိုတော့ ပညာရှင်တွေကသာ တိုင်းပြည်ကို အုပ်ချုပ်သင့်တယ်ဆိုတဲ့ ခေါမခေတ်၊ ရောမခေတ်က အယူအဆတွေနဲ့ ထပ်တူထပ်မျှပါပဲ။

နှစ်ဆယ့်တစ်ရာစုခေတ်လူထုဟာ ခေါမ၊ ရောမခေတ်က ကျွန်တွေမဟုတ်ကြတော့ ဘူးဆိုတာ သူတို့မသိကြဘူး။ ရေပေါ်ဆီ(အီလစ်)တွေလိုပဲ အင်တာနက်ခေတ်၊ ပညာခေတ်ကြီးကို ဖြတ်သန်းလာခဲ့ကြတယ်ဆိုတာကိုလည်း နားမလည်ကြဘူး။ လူငယ်ဘလော့ဂါလေးတွေက ဂျာနယ်တိုက်ထဲက အယ်ဒီတာကြီးတွေထက်တောင် နည်းပညာလှိုင်းတွေထဲမှာ ကူးခတ်လှုပ်ရှားနိုင်ကြတယ်။

လှိုင်းလုံးကြီးတွေ ဘယ်လောက်ကြီးကြီး၊ ကောင်းကောင်း စီးနင်းလိုက်ပါနိုင် ကြတယ်ဆိုတာလည်း မသိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တတွေက ငါမှတပါး တခြားမရှိဆိုတဲ့ တိမ်သလာတွေဖုံးပြီး အောက်ခြေလွတ်နေကြတာကိုး။

အောက်ခြေလွတ်တော့ လူတွေကို အထင်သေးတယ်။ နေရာတကာ အပေါ်စီးက ကြည့်တယ်။ လူတွေဟာ အသိဉာဏ် ဗဟုသုတ နည်းကြရှာတယ်။ ပညာမဲ့ကြ ရှာတယ်။ သနားပါတယ်။ ငါ မကယ် သေဖွယ်သာရှိတော့တယ် လို့ အထင်ရောက်လာတယ်။


နားကလောလွန်း

လူတွေကို အထင်သေးတဲ့စိတ်နဲ့အတူတူ တပြိုင်တည်းပေါ်ထွက်လာတာက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့စိတ် ဖြစ်တယ်။ နေရာတိုင်းမှာ ငါသာ သိတယ်။ ငါသာ တတ်တယ်။ ငါသာ လုပ်နိုင်တယ် ဆိုပြီး ဘဝင်မြင့်လာတယ်။ တတိုင်းတပြည်လုံးက လူတွေကို တပည့်လို့ယူဆပြီး နေရာတိုင်း ဆရာကြီး လုပ်ချင်တယ်။

နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ့်မိသားစုတစု လွတ်မြောက်ရေးအတွက် ပြည်ပ နိုင်ငံတွေမှာနေကြတဲ့ မြန်မာတချို့က ပိုဆိုးသေးတယ်။ သူတို့မှ ပညာရှင်၊ သူတို့မှ ဒီမိုကရေစီသူရဲကောင်း။ ဟိုရောက်မှ လက်ပူတိုက်ပေးတဲ့ သင်တန်းတွေ တက်၊ ဒီမိုကရေစီ သမ္မာကျမ်းတွေ အာဂုံဆောင်ပြီး ကြက်တူရွေးပညာရှင် လုပ်နေကြတာ နားကလောလွန်းလှတယ်။


ကြောက်လို့ထွက်ပြေးတာ ဘယ်သူလဲ

ကိုယ့်ကြောင်းနဲ့ကိုယ် နိုင်ငံခြားသွားနေကြတာ နေပါ။ ဘာမှပြောစရာ မရှိပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်။ ကိုယ့်စီးပွား ကိုယ်ရှာပြီး အေးအေးနေကြပါ။ အထဲကလူတွေကို အတုံးအအတွေလို့ သဘောထားပြီး ဒီမိုကရေစီ ဂုရုကြီးတွေ မလုပ်ကြပါနဲ့။ အထဲက လူတွေကြောက်နေကြတယ် ဆိုတဲ့စကားတော့ ယောင်လို့တောင် မပြောပါနဲ့။ ကြောက်လို့ထွက်ပြေးတာ ဘယ်သူတွေလဲဆိုတာ တနိုင်ငံလုံး သိကြပါတယ်။ အင်တာနက်ခေတ်၊ ဂလိုဘယ်ခေတ်နဲ့ ပါးစပ်က အမြှုပ်ထွက်အောင် အော်နေကြပေမယ့် အင်တာနက်ရဲ့အစွမ်းကိုတော့ ဘာမှ သေချာရေရာသိကြတာ မဟုတ်ပါဘူး။ ဒါကြောင့် ဂုရုကြီး လုပ်နေကြတာ။


ဖြီးတာကို ဖြီးမှန်းသိ

အင်တာနက်ကို မြန်မာလူငယ်တွေ ကောင်းကောင်း အသုံးချတတ်ပါတယ်။ အင်္ဂလန်က၊ အမေရိကန်က၊ သြစတြေးလျက၊ စင်ကာပူက ကွန်ပျူတာမဟာဘွဲ့ ရတဲ့လူငယ်တွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ အင်တာနက်ကို အသုံးချပြီး ကိုယ်လိုချင်တဲ့ ပညာရပ်မျိုးစုံကို လေ့လာနေကြပါတယ်။ လူတွေဟာ အထူးသဖြင့် လူငယ်တွေဟာ မတုံး မအကြတော့ဘူး။ ဖြီးတာကို ဖြီးမှန်း သိတယ်။ လိမ်တာကို လိမ်မှန်း သိတယ်။ ဘယ်သူတွေဟာ ခြံစည်းရိုး ပေါ်ခွထိုင်ပြီး နှစ်ဖက်စလုံးက ပေးစာ ကမ်းစာကို စားသောက်နေကြတာလဲ ဆိုတာလည်း သိတယ်။ ဘယ်သူတွေ နှစ်ဖက်ချွန် လုပ်နေတာလဲဆိုတာလည်း သိတယ်။ ဒီခေတ်က (Citizen Journalist) လူထုသတင်းသမားခေတ်လေ။ လူတွေကြားမှာ သတင်းတွေဟာ မရပ်မနား အစုန်အဆန် စီးဆင်းနေကြပါတယ်။


ကွန်ရက်ထဲမှာ သိန်းချီရှိ

သတင်းကို စီအင်န်အင်န်တခုတည်းက ဖန်တီးတဲ့ခေတ် ကုန်ဆုံးသွားပြီ။ အယ်လ်ဂျာဇီးရား (aljazeera) လည်း ပေါ်နေပြီ။ ဝက်ဘ်ဆိုက်တွေနဲ့ ဘလော့ဂ်တွေလည်း ကွန်ရက်ထဲမှာ သိန်းနဲ့ချီ ရှိနေကြပြီ။ အမေရိကမှာနေမှ နယူးယောက်တိုင်း ဖတ်နိုင်တဲ့ခေတ် နိဂုံးချုပ်သွားပြီ။ ဂျက်(ကွမ်းခြံကုန်း) ရဲ့ ဝါးဘလောက်သောက်ကလည်း နယူးယောက်တိုင်း၊ ဝါရှင်တန်ပို့စ်၊ ကြိုက်တဲ့ သတင်းစာ ရွေးဖတ်နိုင်တဲ့ခေတ် ရောက်နေပြီ။ ဒီခေတ်ဟာ လူစွမ်းများခေတ်၊ သူရဲကောင်းများခေတ် မဟုတ်တော့သလို ခေတ်ပျက်ဂုရုတွေရဲ့ခေတ်လည်း မဟုတ်တော့ဘူး။ အင်တာနက်က ကမ္ဘာကြီးတခုလုံးကို လူထုခေတ်အဖြစ် ပြောင်းပစ်လိုက်ပြီ။


ဗိုလ်ချုပ်က သမိုင်းဖန်တီးတာလား

ဒါကိုနားမလည်ဘဲနဲ့ သမိုင်းဆိုတာ ချာချီလို၊ ရုစဗဲ့လိုခေါင်းဆောင်ကြီးတွေက ဖန်တီးတာ။ လူထုဆိုတာ နောက်လိုက်တွေ သက်သက်ပဲလို့ ပြောနေကြတာ ဖြစ်တယ်။ ဒီဂုရုတွေက ဗိုလ်ချုပ်အောင်ဆန်းလို၊ သခင်ဖိုးလှကြီးလို၊ ဆရာစံလို ပုဂ္ဂိုလ်တွေကို လက်ညှိုးထိုးပြလေ့ရှိတယ်။ ရေနံမြေသပိတ်ကြီးကို သခင် ဖိုးလှကြီးကဖန်တီးသယောင် ပြောဆိုကြတယ်။

တကယ်က ရေနံမြေသပိတ်ကြီးက သခင်ဖိုးလှကြီးဆိုတဲ့ ခေါင်းဆောင်တယောက် ကို မွေးထုတ်ခဲ့တာဖြစ်တယ်။ တို့ဗမာအစည်းအရုံးကြီးကို သခင်အောင်ဆန်းက မွေးထုတ်လိုက်တာ မဟုတ်ဘူး။ တို့ဗမာအစည်းအရုံးကြီးက ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်းကို မျိုးချစ်နိုင်ငံရေးသမားတယောက် ဖြစ်အောင် ဖန်တီးပေးလိုက်တာ ဖြစ်တယ်။ ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်းရယ်လို့ ဖြစ်လာအောင်လည်း ၁၉၃၆ ကျောင်းသားသပိတ်ကြီးက မွေးထုတ်လိုက်တာဖြစ်တယ်။

အလားတူပဲ ဂျဒ်ဆင်ကောလိပ် ကျောင်းသားလေး မောင်အောင်ကျော်ကိုလည်း အာဇာနည် ဗိုလ်အောင်ကျော် ဖြစ်အောင် ကျောင်းသားလှုပ်ရှားမှုကြီးက မွေးထုတ်ခဲ့တာဖြစ်တယ်။ မောင်အောင်ဆန်း၊ မောင်အောင်ကျော်တို့က ကျောင်းသားလှုပ်ရှားမှုကြီးကို မွေးထုတ်လိုက်တာ မဟုတ်ဘူး။


သခင်အဖွဲ့ စတင်တည်ထောင်သူ

တို့ဗမာအစည်းအရုံးကြီးကို စတင်တည်ထောင်ပြီး 'သခင်' ဆိုတဲ့ အမည်ကို စပြီးသုံးခဲ့သူက စာရေးဆရာကြီး သခင်ဘသောင်းဆိုတဲ့ လူတော်ကြီးတယောက် ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ သူတို့ဟာ တို့ဗမာအစည်းအရုံးကြီးနဲ့ ကင်းကွာသွားပြီး လွတ်လပ်ရေးတိုက်ပွဲတွေနဲ့လည်း အဆက်ပြတ်သွားခဲ့တယ်။ တိုက်ပွဲနဲ့ အဆက်ပြတ်သွားတာနဲ့ လူထုနဲ့လည်း အလှမ်းကွာဝေးသွားခဲ့တယ်။

၁၉၆၀ ခုနှစ် အိမ်စောင့်အစိုးရခေတ် တည်မြဲ-သန့်ရှင်းတို့ ယှဉ်ပြိုင်ကြတဲ့ ရွေးကောက်ပွဲမှာ သူဟာ နတ်မောက် မဲဆန္ဒနယ် တသီးပုဂ္ဂလ အမတ်လောင်း အဖြစ် ဝင်ရောက်အရွေးခံရာမှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး မဲအရေအတွက် တောင် မရလိုက်ပါဘူး။ အဲဒါကြောင့် တင်ထားတဲ့ အာမခံကြေးတောင် ပြန်မရတော့ဘဲ အဆုံးခံလိုက်ရပါတယ်။


အထင်အရှားသိနိုင်တယ်

သခင်ဘသောင်းဆိုတာ အင်မတန် ထူးချွန်ထက်မြက်တဲ့ စာရေးဆရာကြီး တယောက် ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးသမိုင်းကို မဖန်တီးနိုင်ရုံသာမက သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ တို့ဗမာအစည်းအရုံး ကိုတောင် သူ့စိတ်ကြိုက် မဖန်တီးနိုင်ခဲ့ပါဘူး။ ထူးချွန်တဲ့ခေါင်းဆောင် တွေက သမိုင်းကို ဖန်တီးတာလား၊ သမိုင်းက ခေါင်းဆောင်တွေကို မွေးထုတ်ပေးလိုက်တာလား ဆိုတဲ့အချက်ကို ကိုအောင်ဆန်း၊ ကိုအောင်ကျော်တို့နဲ့ ဆရာ သခင်ဘသောင်းရဲ့ ဖြစ်ကြောင်း ကုန်စင်ကို လေ့လာလိုက်ရုံနဲ့ အထင်အရှား သိနိုင်ပါတယ်။ ဒါနဲ့တောင် မက်ထရိုပိုလစ်တန် အီလစ်တွေက မသိဘူးဆိုတာတော့ ထူးဆန်းမနေဘူးလား။


အပေါ်လွှာကိုပဲ နီးစပ်အောင်

အသေအချာ သုံးသပ်ကြည့်ရင်တော့ မထူးဆန်းဘူးဆိုတာ သိနိုင်တယ်။ သဘာဝကျစွာ ဖြစ်ပေါ်လာတာပါပဲ။ အဲဒီမြို့ကြီးသားလူလည် ရေပေါ်ဆီ အီလစ်တွေဆိုတာက ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာပဲ ဝေ့ဝဲနေခဲ့ကြတယ်။ ဘယ်လွတ်လပ်ရေး တိုက်ပွဲစဉ်တွေမှာမှ ပါဝင်ခဲ့ဖူးခြင်း မရှိပါဘူး။ အပေါ်ယံလွှာမှာပဲ ဝေ့ဝဲနေသူတွေဖြစ်တာကြောင့် အောက်ခြေ လူထုလူတန်းစားတွေနဲ့လည်း တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးပမာ အလှမ်းကွာဝေးပါတယ်။ လူထုကို အထင်သေးပြီး ဘယ်တော့မှ နီးစပ်အောင် မကြိုးစားပါဘူး။ အောက်ခြေအစား အပေါ်လွှာကိုပဲ နီးစပ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပြီး ရေပေါ်ဆီ လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။


ရယ်စရာဖြစ်မနေဘူးလား

အဲဒီလို ရေပေါ်ဆီလူတန်းစားတွေကပဲ သမိုင်းကို ပြည်သူလူထုအများက ဖန်တီးတာဆိုတဲ့ အယူအဆကို ပြက်ရယ်ပြုခဲ့ကြတာ ဖြစ်တယ်။ ပညာရှင်တွေ ကသာ တိုင်းပြည်ကို အုပ်ချုပ်ပြီးလူထုတွေကတော့ နောက်လိုက်ကောင်း ဖြစ်အောင် ကြိုးစားကြဖို့လိုတယ်လို့ ပါးစပ်က အမြှုပ်တစီစီထွက်အောင် အော်ဟစ် နေကြတာဖြစ်တယ်။ ဂလိုဘယ်အင်တာနက်ခေတ်၊ လူထုသတင်းသမားများရဲ့ ခေတ်မှာတောင် လူစွမ်းကောင်း ခေါင်းဆောင်ကောင်းတွေက သမိုင်းကိုဖန်တီးတယ်လို့ ပြောနေတာကတော့ ရယ်စရာ ဖြစ်မနေဘူးလား။


လူထုစိန်ဝင်း

ပြည်သူ့အကျိုး တစ်ခုမပါတဲ့ ဆွေးနွေးပွဲ




ဒီနေ့ meeting တစ်ခုရှိတယ်

တော်တော်ကောင်းတဲ့ပွဲပဲ၊ ဒီမိုကရေစီ နဲ့ နိုဗင်ဘာ ရွေးကောက်ပွဲကို ဆန့်ကျင်ဘို့ အကြောင်း ဆွေးနွေးတဲ့ပွဲလေးပေါ့။

အဲဒီပွဲမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ , ၈၈ ကျောင်းသားဟောင်း ဦးအောင်မိုးဇော်၊ ဦးခွန်ဆာ ၊ အခြား လန်ဒန်မှ နိုင်ငံရေးပါတီ ခေါင်းဆောင်များ နဲ့ နိုင်ငံအရေးစိတ်ဝင်စားသူများ တက်ရောက်ကြပါတယ်။ ဒီပွဲမှာကတော့ ကိုယ့်ရဲ့အမြင်ကို လွတ်လွတ်လပ်လပ် ပါဝင်ဆွေးနွေးလို့ရတယ် အများစုက ဒေါ်လာစားအတိုက်အခံများ။ သူတို့ကတော့ အစိုးရဆန့်ကျင်ရေး၊ နိုဗင်ဘာ ရွေးကောက်ပွဲကို ဆန့်ကျင်ဘို့ ဘာတွေလုပ်ကြမလဲဆိုတာတွေပေါ့၊ ကျွန်တော် အကြိုက်ဆုံးလူကတော့ နောက်ဆုံးပြောသွားတဲ့ သူပဲ သူကတော့ နိုင်ငံအရေးကို နိုင်ငံသားတယောက် အနေနဲ့ဆွေးနွေးတင်ပြသွားတာပါ၊ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကမှမဟုတ်ပါဘူး၊ ကျွန်တော့်မိတ်ဆွေရဲ့သူငယ်ချင်းပါ၊၊

သူပြောသွားတာကတော့ ""အခုပြောနေတဲ့သူတွေဟာ တကယ်ပဲ ဒီမိုကရေစီကို လိုလားတာလားမေးတယ်၊ ကျွန်တော်ဒီရောက်တာ ၇ နှစ်လောက်ရှိသွားပါပြီ၊ အရင်ကလည်း ကျွန်တော်ဒီလိုပွဲမျိုးတွေ တက်ဖူးတယ်၊ အဲဒီတုန်းက လူတယောက်ပြောသွားတာက မျိုးချစ်စိတ်ဘယ်လောက်ရှိတယ်၊ ဒီမိုကရေစီရဘို့ သူ့အသက်တောင် စတေးရဲတယ် တက်တက်ကြွကြွနဲ့ ပြောတော့ ကျွန်တော် တော်တော် လေးစားသွားတယ်ဗျာ ၊ နောက် ၁ နှစ်လောက်ကြာတော့ ရထားပေါ်မှာ တွေ့လို့နှုတ်ဆက်တော့ ငါတော်တော် အလုပ်ရှုပ်နေတယ်ကွာ၊ နိုင်ငံရေး ဝက်ဆိုက် တွေတောင် ဝင်မကြည့်နိုင်တော့ဘူး ၊သတင်းနဲ့ ပြတ်နေတာ ကြာပြီလို့ပြောတော့ သူတော်တော်ညစ်သွားတယ်တဲ့ ။ အခုဒီလူတွေ နောက်တခေါက် ဒီလိုပွဲတွေတက်တာ မြင်ရတော့မှာမဟုတ်ဘူးတဲ့။""

သူဆိုလိုတာကတော့ ရှင်းရှင်းလေးပါ အခုနိုင်ငံရေးလာလုပ်တဲ့သူတွေဟာ တကယ် မျိုးချစ်စိတ်ဓာတ်ရှိလို့ မဟုတ်ပဲ ကိုယ်ကောင်းစားဘို့ အစိုင်လမ် လုပ်ဘို့သက်သက်လုပ်ကြတာလို့ ဆိုလိုတာပဲ။

""ဒီမှာမြန်မာ တွေ တစ်သောင်းလောက်မှာ ၂% (နှစ် ရာခိုင်နှုန်း) ပဲ နိုင်ငံအရေးကိုစိတ်ဝင်စား ကြတာ၊ ကျောင်းသားတွေကို စည်းရုံးဘို့မပြောနဲ့ အခုရှိနေတဲ့ သူတွေကိုစည်းရုံးဘို့ မလွဲပါဘူး၊ ဒီမှာကနိုင်ငံရေးလုပ်တဲ့သူနဲ့ ကျောင်းသားက တပိုင်းစီဖြစ်နေတယ်လေ၊ ကျွန်တော့အမြင်ကိုပြောရရင် အရင်တုန်းကဆိုရင်နိုင်ငံရေးကို လုပ်ဘို့မလွယ်ဘူး အခုအစိုးရကလမ်းဖွင့်ပေးထားတယ် ဗျာ နိုဝင်ဘာ ရွေးကောက်ပွဲကို မဆန့်ကျင်ပဲနဲ့ ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ အကောင်းဆုံးဖြစ်အောင်လုပ်သွားကြရင် မကောင်းဘူးလား၊""

သူပြောလိုက်တာတော်တော်လေး အကြပ်ရိုက်သွားတယ် ပြန်ဖြေဘို့လဲ တော်တော်ခက်တယ်၊ အင်္ဂလိပ် လူမျိုးလို့ထင်တယ် သူကဗမာစကား ကောင်းကောင်းပြောတတ်တယ် အဲဒီလူဆိုရင် သူ့ကို သေသေချာချာ မော့ပြီးကြည့်နေတာ သူ့ရဲ့နောက်အမြင့်မှာကို။ နိုင်ငံရေး လုပ်နေတဲ့သူတယောက်ဟာ ကိုယ့်စာရိတ္တကို ကိုယ်ကောင်းအောင်မပြုပြင်နိုင်ပဲနဲ့ နိုင်ငံကောင်းအောင် လုပ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ တကယ်တော့သူတို့ဟာနိုင်ငံ ကိုချစ်စိတ် ၊ အမျိုးကိုချစ်စိတ် လုံးဝမရှိပါဘူး၊ အမှီးကျက် အမှီး ခေါင်းကျက်ခေါင်း စားတဲ့ဟာတွေ၊ ဒီလူတွေကတကယ်ကြတော့ ဒီမိုကရေစီမလိုချင်ကြပါဘူး ဘာဖြစ်လို့လဲဆိုတော့က ဒီမိုကရေစီရရင် ကိုယ့်တိုင်းပြည်ကို ပြန်ကြရမှာမို့လို့ပါ ၊ ဒီမှာက အချောင်နေအချောင်စား ၊ တကယ် နိုင်ငံအရေးစိတ်ဝင်စားလား မဝင်စားလားဆိုတာ သူတို့မျက်နာ သူတို့ အသံ မှာပေါ်လွင်နေပါတယ် artificial စန်စန် ရင်ထဲက မလာတဲ့ဟာကို အဟုတ် move သွင်းပြီးအော်နေကျတာ။တကယ်လုပ်နေတဲ့သူ အတွက်တော့ ဝမ်းနည်းစရာပဲ။ ဦးအောင်မိုးဇော် ကတော့ တကယ်လုပ်တဲ့သူဖြစ်မယ် ထင်မယ်၊၊

ဒီအစည်းအဝေးမှာ ကျွန်တော်ကြားချင်တဲ့ စကားလုံးတွေမပါဘူး၊ ဥပမာ ၊ငါတို့ ဒီမှာ ငါတို့ လူမျိုး အခက်အခဲ ရှိတဲ့သူအတွက် ကူညီဘို့၊လူမှူရေး လုပ်ငန်းတွေ လုပ်သွားဘို့ ဒါမျိုးတွေမပါဘူး၊ အစိုးရဆန့်ကျင်ရေးပဲပါတယ်.။


Be a good leader
Try to know How to listen ,how to understand, how to appreciate
ဖြုတ်ဦးနှောက်


Myanmar Express

ဘိုစိတ်ပေါက်ပြီး ဘိုယိမ်းကနေကြလို့

မြန်မာနိုင်ငံရဲ့ လူဦးရေဟာ အခု ၂ဝ၁ဝ ပြည့်နှစ်မှာ သန်း ၆ဝ နီးပါးရှိ နေပြီလို့ သိရတယ်။ ၁၉၆ဝ ခုနှစ် ဆီလောက်က လူဦးရေ သန်း ၂ဝ ကျော်ရှိရာကနေ နှစ်ပေါင်း ၅ဝ အ တွင်းမှာ သန်း ၄ဝ တိုးတက်လာ တဲ့သဘောဖြစ်တယ်။


သမိုင်းမှာ အများဆုံးပဲ


စီးပွားရေးသမားမဟုတ်လို့ ငါးရှဥ့်ဘယ်လောက်ပို့တယ်၊ကဏန်း ဘယ်လောက်ရောင်းရတယ်ဆိုတဲ့ အကြောင်းတွေ ရေးမလို့ မဟုတ်ပါ ဘူး။ စာနယ်ဇင်းသမား တစ်ယောက် ဖြစ်လို့ စာနယ်ဇင်းတွေအကြောင်း စဉ်းစားမိတာပါ။ ဒီနေ့ထုတ်ဝေနေ တဲ့ ဂျာနယ်ပေါင်းစုံ ၁၅ဝ ဝန်းကျင် ရှိသလို မဂ္ဂဇင်း ‘သဗ္ဗနံ’ပေါင်းစုံ လည်း ၁၅ဝ ဝန်းကျင်ရှိတယ်။ မြန်မာနိုင်ငံစာနယ်ဇင်းသမိုင်းမှာ ဘယ်ခေတ် ဘယ်အခါကမှ ဒါ လောက် များပြားတဲ့ဂျာနယ် မဂ္ဂဇင်း တွေ တစ်ချိန်တည်း တစ်ပြိုင်တည်း မထွက်ဖူးလေတော့ အရေအတွက် အနေနဲ့တော့ အားရစရာ အလွန် ကောင်းတယ်။ ဝမ်းသာစရာ ဖြစ် တယ်။ ဒါပေမဲ့ အရည်အသွေးအနေ နဲ့ပြောရရင်တော့ ဝမ်းသာလောက် တဲ့ အနေအထားထိ မရောက်သေး ဘူးလို့ ပြောရလိမ့်မယ်ထင်ပါတယ်။


၅ဝဝ ကုန်အောင် မရောင်းရ


ဘာကိုကြည့်ပြီး ဒီလိုပြောတာ လဲဆိုတော့ ဂျာနယ် မဂ္ဂဇင်းတွေ ရောင်းရတဲ့စောင်ရေကိုကြည့်ပြီး ပြောတာပါ။ မဂ္ဂဇင်းတွေကို အရင် ဆုံးပြောပါမယ်။ အရေအတွက် အားဖြင့် ၁၅ဝ လောက်ရှိပေမယ့် အဲဒီထဲက ငါးပုံလေးပုံမကတဲ့ မဂ္ဂဇင်း တွေဟာ စောင်ရေ ၁ဝဝဝ တောင် ကုန်အောင်မရောင်းရကြပါဘူး။ အုပ် ရေ ၅ဝဝ ပဲရိုက်ပြီး လက်ဆောင် ပေးတာအပါအဝင် အုပ်ရေ ၂ဝဝ လောက်ပဲကုန်တဲ့မဂ္ဂဇင်းတောင်ရှိ ပါတယ်။ လုံးချင်းစာအုပ်တွေလည်း အလားတူပါပဲ။ ၆ဝ ခုနှစ်၊ ၇ဝ ခုနှစ်တွေ အတွင်းကလို ဘာစာအုပ်ပဲ ရိုက်ရိုက် အနည်းဆုံးအုပ်ရေ ၂ဝဝဝ ရိုက်တဲ့ခေတ်မရှိတော့ပါဘူး။ အုပ်ရေ ၁ဝဝဝပဲရိုက် ကြတော့တယ်။ တချို့ အုပ်ရေ ၅ဝဝ ပဲ ရိုက်ကြတယ်။ ဒါတောင် ကုန်အောင်ရောင်းရတာ မဟုတ်ဘူး။


လူတစ်ရာ တစ်ယောက်ဝယ်ရင် ၆ သိန်း


ဂျာနယ်တွေလည်း သိပ်မထူး ပါဘူး။ အများစုက ထောင်ဂဏန်း လောက်သာရိုက်ကြရပါတယ်။ အ များဆုံးရောင်းရတယ်ဆိုတဲ့ ဂျာနယ် တွေတောင် ၁ သိန်းရိုက်ရတယ်လို့ မရှိသေးပါဘူး။ လေးငါးခြောက် သောင်းလောက်ပဲရောင်းရပါတယ်။ အများစုက ကြော်ငြာကို မျှော်ကိုး ပြီး မှေးလုပ်နေကြတာဖြစ်တယ်။ မျှော်ရင်းမျှော်ရင်း နဲ့ ကြော်ငြာမရလို့ ဆယ့်လေးငါးစောင်ထုတ်ပြီး ရပ် သွားတာတွေလည်း မနည်းတော့ ပါဘူး။ လူဦးရေသန်း ၆ဝ လောက် ရှိတဲ့နိုင်ငံမှာ စောင်ရေ ၆ဝဝဝဝ လောက်ပဲ ရောင်းရတယ်ဆိုတော့ အတော့်ကို နည်းပါတယ်။ လူ ၁ဝဝ မှာ ၁ ယောက်နှုန်းဝယ်ဖတ်တယ် ဆိုရင်တောင် သန်း ၆ဝ ဆိုရင် စောင်ရေ ၆ သိန်းလောက်ထုတ်ရ မှာ ဖြစ်တယ်။ အခု စောင်ရေ ၆ သောင်းလောက်ဆိုတော့ လူ ၁ဝဝ မှာ ဝယ်ဖတ်သူဟာ ဒသမ ဝ၁ သာ ရှိတဲ့သဘောဖြစ်ပါ တယ်။ စိတ်မကောင်း စရာပါပဲ။

လက်တစ်ဆုပ်စာ အတွက်သာ လုပ်လို့
အကြောင်းတွေက တော့ အများကြီးရှိမှာပါ။ အဲဒီထဲကတစ်ခု ကတော့ ဂျာနယ်မဂ္ဂဇင်းတွေက တိုင်းပြည်ရဲ့ လူများစုကြီး အတွက် ဦးတည်ရည်စူးပြီး ထုတ် တာ မဟုတ်ဘဲ မြို့နေပညာတတ် လက်တစ်ဆုပ်စာအတွက်ပဲ ရည် ရွယ်ထုတ်ဝေတဲ့သဘောဖြစ်နေတာ လို့ပဲထင်မြင်ယူဆတယ်။ လက်တစ် ဆုပ်စာအတွက်ပဲ လုပ်တဲ့ အတွက် လက်တစ်ဆုပ်စာလောက်ကပဲ ဝယ် ဖတ်ကြတာနေမှာပေါ့။ လက်တစ် ဆုပ်စာအတွက်ပဲ ရည်ရွယ်တယ်လို့ ပြောရတာကဒီလိုပါ။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၈ဝ ရာခိုင်နှုန်းလောက်က မြို့ငယ်လေးတွေနဲ့ကျေးလက်ဒေသ တွေမှာ နေထိုင်ကြပြီး လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဒါမှမဟုတ် သီးနှံကုန်သွယ်ရေး လုပ်ငန်းနဲ့ အသက်မွေးကြသူတွေဖြစ်ပါတယ်။


ဖိနပ်ဝယ်တာ၊ စကတ်ဝယ်တာ


ကျေးလက်ဒေသနေ လူတွေ က မော်ဒယ်တွေ ဖိနပ်ဝယ်ထွက် တာ၊ စကတ်ဝယ်ထွက်တာမျိုးတွေ ကို စိတ်မဝင်စားပါဘူး။ အလှူမှာ ရှင်လောင်းလှည့်ဖို့ မြင်းငှားရင် ဘယ် ဈေးရှိတယ်၊ ဆင်ငှားရင်ဘယ်ဈေး ပေါက်တယ်၊ ဘယ်သူ့အလှူမှာ ဘာကျွေးပြီး ဘယ်ဆိုင်းငှားမယ်၊ ဘုရားပွဲကျရင် ဘယ်အငြိမ့်၊ ဘယ် ဇာတ်ငှားမယ် ဆိုတာမျိုးတွေပဲ သူ တို့အတွက် အရေးကြီးတာပါ။ လေးဖြူတို့၊ ဖြူဖြူကျော်သိန်းတို့ကို သဘောကျပေမယ့် သူတို့ဆီ ရောက်တာမှမဟုတ်တာ။ ငှက်ပျော တော မင်းသားနဲ့ ဆိုင်းမင်းသမီးကို ပဲ သူတို့က မျှော်ကြတယ်။


မအပ်မရာတွေ


ဂျာနယ်တွေထဲမှာပါတဲ့ ကုန် ပစ္စည်းဈေးနှုန်းတွေကလည်း သူတို့ နဲ့ မအပ်မရာတွေဆိုတော့ ဝယ် ဖတ်ပြီး ဘာလုပ်ရမှာလဲ။ သူတို့ စိတ်ဝင်စားတာက မြေဆီဈေး၊ ပိုး သတ်ဆေးဈေး၊ ကောက်စိုက်သမ ဈေး၊ ရေစုပ်စက်ငှားခဈေး၊ နွားဈေး၊ ကျွဲဈေး၊ ဆိတ်ဈေး၊ ဝက်ဈေး။ ဂျာနယ်တွေထဲပါတာက LED တီဗီ၊Flat TV ၊ လေအေးစက်၊ အဝတ် လျှော်စက်၊ ရေခဲသေတ္တာ၊ ဒစ်ဂျစ် တယ်ကင်မရာ၊ အမ်ပီသရီး၊ အမ်ပီ ဖိုး၊ မိုဘိုင်းဖုန်းဆိုတာတွေရဲ့ဈေးနှုန်း တွေချည်းပဲ။ ဝယ်ဖို့၊ စိတ်ဝင်စားဖို့ ဆိုတာထား LED တို့ Flat တို့ ဆို တာတွေဟာ ဘာမှန်းတောင် သိ တာ မဟုတ်ကြဘူး။


ခေါင်းစဉ်ကစမဖတ်တတ်


တခြားသိစရာတွေပါတယ် ဆိုပေမယ့် ခေါင်းစဉ်ကစပြီး ဘာ တွေမှန်းမသိတော့ ဖတ်ချင်စိတ် ဘယ်ရှိမှာလဲ။ UMFCCI နဲ့ JICA တွေ့ဆုံဆွေးနွေးတDesigner Juliet နဲ့ One Second Interview တဲ့။ ဂရပ်စ်ရု(တ်)ကို အ ရောက်သွားပါတဲ့။ Infrastructure တွေ မပြည့်စုံသေးတဲ့။ ကဲအဲဒါတွေ က ဘာတွေလဲ။ မြန်မာအများစု နားလည်ပါ့မလား။ မြို့က ပညာ တတ်တစ်ယောက်တောင် စီးပွား ရေး လောကထဲကမဟုတ်ရင်UMFCCI ဆိုတာ ဘာမှန်းသိမယ် မထင်ဘူး။ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်ကြီးများအသင်းကို မြန်မာလို အတိုကောက်ရေးလို့ မရ ဘူးလား။ သူတို့အသင်းကပေးမ ထားလည်း စာနယ်ဇင်းတွေက ပေး လိုက်ပေါ့။ ရှေးက ဖဆပလတို့၊ မဆလတို့ဆိုတာ သတင်းစာတွေ က ရေးရင်းနဲ့ တွင်သွားကြတာတွေ ပဲ။ UMFCCI ကို ‘ကစလသ’ လို့ ပေးလိုက်ရင် မဖြစ်ဘူးလား။ ဒါမှ မဟုတ်လည်း ကုန်သည်ကြီးများနဲ့ ဂျပန်အဖွဲ့ တွေ့ဆုံဆွေးနွေးလို့ ရေး ရင်လူတိုင်း နားလည်နိုင်တာပေါ့။


မန်းလေပြဲလေ


ဂျာနယ်နာမည်တွေ ဘိုလို မှည့်ကြတာကို ရေးရင်းရေးရင်းနဲ့ အခုဆို သတင်းခေါင်းစဉ်တွေအထိ ဘိုလိုရေးပြီး တပ်ကုန်ကြပြီ။ ‘ပြော လေကဲလေ၊မန်းလေပြဲလေ’ ဆိုတဲ့ ကိန်းဆိုက်နေပြီ။ ဒါလောက် ဘို ဖြစ်ချင်ကြရင် တစ်စောင်လုံး ဘိုလို ရေးပြီး ထုတ်ကြပါတော့လား။ ပြော တဲ့လူကပဲ လွန်သလား။ ကြည့် ပါဦး။ ‘ဂရပ်စ်ရု(တ်)’တဲ့။ ရေးထားပုံက။ အမှတ်တမဲ့ ဖတ်ပြီးကြောင်သွားတယ်။ နောက်မှါမျေမသသအ ဆို တာကို မြန်မာအသံထွက် ပြီး ရေးလိုက်တာပါလား လို့ သိလိုက်တယ်။ အခြေ ခံတို့၊ အောက်ခြေတို့ ရေး လို့မရဘူးလား။ မြန်မာစာ သတ်ပုံမှားတာတွေတောင် ပြောမကုန်နိုင်ဖြစ်နေတဲ့ အထဲ အင်္ဂလိပ်စာလုံးပေါင်းတွေပါ သတ်ပုံမှားကြတော့ ဘာအဓိပ္ပာယ်မှ ကို မှန်းကြည့်လို့မရနိုင်တော့ဘူး။


ဘိုယိမ်းကနေကြလို့


နာဂစ်ဘေးဆိုးကြီးကြုံတွေ့ရ ပြီးနောက်ပိုင်းမှာ ရေကြောင်း ကူး သန်းသွားလာနေသူတွေနဲ့ ကျေး လက်ဒေသကတောင်သူလယ်သမား တွေ၊ ရေလုပ်သားတွေဟာ မိုးလေဝ သသတင်းကို ရေဒီယိုကတစ်ဆင့် မပျက်မကွက် နားထောင်လာကြ တယ်။ အဲဒီမတိုင်ခင်ကဆိုရင် မိုး လေဝသသတင်းကို ဘယ်သူမှ စိတ်ဝင်စားတာ မဟုတ်ပါဘူး။ အခု တော့ မိုးလေဝသသတင်းဟာ နား ထောင်ဖို့ လိုအပ်တယ်ဆိုတာ သိ လာကြတဲ့အတွက် နားထောင်လာ ကြတယ်။ မြန်မာစာဖတ် ပရိသတ် က ဂျာနယ်တွေအပေါ်မှာ မိုးလေ ဝသသတင်းလောက် စိတ်ဝင်စား လာကြပြီဆိုရင် စောင်ရေ ၆ သိန်း ထုတ်ရဖို့ မခက်တော့ပါဘူး။ ဒါပေမဲ့ အခုလို ဂျာနယ်တွေ ဘိုစိတ်ပေါက် ပြီး ဘိုယိမ်းကနေလို့ကတော့ ဒသမ ဝ၁ ကနေတက်လာစရာအကြောင်း မမြင်မိပါဘူးလို့ပဲ ပြောလိုက်ချင်ပါ တယ်။



လူထုစိန်ဝင်း



Myanmar Express