Subscribe to our RSS Feed

အိုက်ဒီယော်လော်ဂျီခေတ် မကုန်ပါဘူး

“ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကွဲလို့၊ ဖဆပလကွဲလို့ ပြည်တွင်းစစ်ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးရင့်ကျက်မှုအားနည်းပြီး ငါစွဲတွေ လွန်ကဲလို့ဖြစ်ရတာလို့ ထင်ပါတယ်။ နိုင်ငံရေးရင့်ကျက်ဖို့အတွက် အိုက်ဒီယော်လော်ဂျီတွေကို ကောင်းကောင်း ကျေညက်ဖို့ လိုတယ် …”


ဒီလေးငါးလအတွင်း ဂျာနယ်တွေဖတ်ရတာ အရင်ကလို ငါးရှဉ့်နဲ့ ဂဏန်းအကြောင်းလောက် မဟုတ်တော့လို့ ပျင်းစရာမကောင်းတော့ဘူး။ လူတွေအကြောင်း နိုင်ငံရေးအကြောင်းတွေ သူ့ထက်ငါ အပြိုင်အဆိုင် ရေးလာကြလို့ လှုပ်ရှားသက်ဝင်ဖြစ်ပြီး ဖတ်ကောင်းလာတယ်။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဆိုသလို ငယ်ဘဝကို ပြန်တမ်းတ လွမ်းဆွတ်မိတယ်။


မကောင်းလည်း ဖတ်ရတယ်

ဖတ်ကောင်းတာ ကိစ္စမရှိဘူး။ ပိုက်ဆံတော့ တော်တော်ကုန်တယ်။ ဘိန်းစွဲသလိုစွဲပြီး မဖတ်ရမနေနိုင်တော့ အသစ်မပါ သလောက်ဖြစ်ပြီး အဟောင်းတွေချည်း ပြန်ထည့်ထားတဲ့ ဂျာနယ်မျိုးလည်း ဝယ်ဖတ်ရတာကိုး။ သတင်းသမားဆိုတာ ကြိုက်လည်းဖတ်၊ မကြိုက်လည်း ဖတ်ရပါတယ်။ မကောင်းမှန်းသိပေမယ့်လည်း ဒီတပတ် ဘယ်လိုမကောင်းတာလည်း ဆိုတာ သိထားသင့်ပါတယ်။


ရန်/ငါ ပြတ်လို့သာ

ကလိမ်ကကျစ်လုပ်တဲ့ နိုင်ငံရေးသမားနဲ့ ပုတ်သင်ညို နိုင်ငံရေးသမား မရှိမဟုတ်ပါဘူး။ ရှေးက ရှိသလို အခုလည်း ရှိနေတာပါပဲ။ ဒါပေမယ့် နယ်ချဲ့တွေနဲ့ ဖက်ဆစ်တွေကို မစေ့စပ်တမ်း ရန်/ငါမျဉ်းပြတ်ပြတ်နဲ့ တိုက်ခိုက်ခဲ့ကြသူတွေလည်း သိန်းနဲ့သန်းနဲ့ချီ ရှိခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်အားလုံးဟာ နိုင်ငံရေးသမားတွေပါ။ ဖဆပလ ဆိုတဲ့အဖွဲ့ကြီး နှစ်ခြမ်းကွဲ သွားခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် ဖဆပလ ဆိုတဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်တဲ့ နယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေး တပ်ပေါင်းစုကြီးကြောင့် နယ်ချဲ့သမားတွေနဲ့ ဖက်ဆစ်တွေကို အောင်နိုင်ခဲ့ကြတယ်ဆိုတာ မေ့ဖျောက်မပစ်သင့်ပါဘူး။


ပူးပေါင်းလုပ်နည်း ၂ နည်း

နိုင်ငံရေးပါတီတခုထူထောင်တယ်ဆိုတာ လာရာအရပ်မတူကြတဲ့ အလွှာပေါင်းစုံကလူတွေ ပူးပေါင်းဖွဲ့စည်းထားရတာ ဖြစ်တယ်။ လူတွေဟာ မူလဗီဇနောက်ခံဘဝတွေ မတူကြတာနဲ့အမျှ အတွေးအခေါ် အယူအဆတွေ မတူနိုင်ကြပါဘူး။ အဲဒီလိုမတူတဲ့သူတွေအချင်းချင်း အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်း ၂ မျိုးသုံးကြပါတယ်။ ပထမ နည်းက တူညီတဲ့ ဘုံရပ်တည်ချက်တခုရှာပြီး ဘုံသဘောတူညီချက်တခုနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်တယ်။ အဲဒီအချိန်မှာ တဦးချင်းအယူအဆတွေကို ရှေ့တန်းမတင်ဘဲ ဘုံသဘောတူတာကို လုပ်ကြဖို့ဖြစ်တယ်။ နောက်တနည်းကတော့ အယူအဆတခု အိုက်ဒီယော်လော်ဂျီ တခုကို သက်ဝင်ယုံကြည်ကြသူတွေအချင်းချင်း ပေါင်းစည်းလုပ်ကိုင်ခြင်းဖြစ်တယ်။ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ ဒီမိုကရေစီပါတီ စတာမျိုးတွေဖြစ်တယ်။


ပါတီမှန်ရင် ဝါဒရှိရမယ်

နိုင်ငံရေးပါတီဆိုတာ အိုက်ဒီယော်လော်ဂျီ တခုတော့ ရှိကိုရှိရပါတယ်။ အရင်းရှင်စနစ် အိုင်ဒီယော်လော်ဂျီဖြစ်ဖြစ်၊ ဆိုရှယ်ဒီမိုကရက်ဖြစ်ဖြစ်၊ ဆိုရှယ်လစ် ကွန်မြူနစ်ဖြစ်ဖြစ်၊ အစိုးရအရင်းရှင်စနစ်ဖြစ်ဖြစ်၊ အစ္စလာမ်မစ်ဖြစ်ဖြစ်၊ ခရစ်ယာန် ဒီမိုကရက်ဖြစ်ဖြစ် အယူဝါဒတခုအပေါ်မှာ တည်ဆောက်ရပါတယ်။ အိုက်ဒီယော်လော်ဂျီပေါ်မှာ မတည်ဆောက်ဘဲနဲ့ နောက်ခံဘဝအမျိုးမျိုးက ယုံကြည်မှုအသီးသီးနဲ့လာတဲ့လူတွေဟာ ဘယ်လိုလုပ်ပြီး အတူတကွပူးပေါင်းလုပ်ကိုင်နိုင်ကြမှာ လဲ။ အိုက်ဒီယော်လော်ဂျီမရှိရင် မျက်မမြင် လှမ်းလျှောက်သလိုဖြစ်မှာပါ။ ဟိုတိုး ဒီတိုးနဲ့ လိုရာခရီး မရောက်နိုင်ပါဘူး။ နိုင်ငံရေးလုပ်မယ်ဆိုရင် အိုက်ဒီယော်လော်ဂျီ ရှိကိုရှိရပါတယ်။


တစ္ဆေအခြောက်ခံရသူတွေ

အိုက်ဒီယော်လော်ဂျီခေတ်ကုန်ဆုံးပြီလို့ ဟောနေကြသူတွေက ကွန်မြူနစ်တစ္ဆေအခြောက်ခံရတဲ့ ကွန်မြူနစ်ဟောင်းတချို့နဲ့ လစ်ဘရယ်ဒီမိုကရက်တချို့ဖြစ်ကြတယ်။ အိုင်ဒီယော်လော်ဂျီပဲခေါ်ခေါ်၊ ဝါဒပဲခေါ်ခေါ်၊ သဘောတရားပဲခေါ်ခေါ် ဘယ်လိုပဲ ခေါ်ခေါ် အိုက်ဒီယော်လော်ဂျီဆိုတာ ကွန်မြူနစ်၊ ဆိုရှယ်လစ်သဘောတရားတွေကိုသာ ပြောတာမဟုတ်ပါဘူး။ အဒမ်စမစ် တို့၊ ဂျွန်မေးနဒ်ကိန်းတို့ရဲ့ စီးပွားရေးအယူအဆတွေဟာလည်း အိုက်ဒီယော်လော်ဂျီပါပဲ။ သမ္မတ ရေဂန်တို့၊ ဗြိတိသျှဝန်ကြီး ချုပ် မာဂရက်သက်ချာတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး အယူအဆတွေလည်း အိုင်ဒီယော်လော်ဂျီတွေပါပဲ။ ဒါကြောင့် ရေဂန့် အိုက်ဒီယာတွေကို ရေဂန်နောမစ် (Reaganomic) လို့တောင် ခေါ်ခဲ့ကြပါတယ်။ မာဂရက်သက်ချာရဲ့ အိုက်ဒီယာတွေကို လည်း သက်ချာဝါဒ (Thatcherism) လို့ ခေါ်ခဲ့ကြပါတယ်။


အိုက်ဒီယာ ချွတ်ခြုံကျသူသာ ရှိတယ်

ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ် နိုင်ငံရေးနဲ့ နိုင်ငံရေးပါတီဆိုတာရှိနေသရွေ့ အိုက်ဒီယော်လော်ဂျီ ရှိနေမှာသာဖြစ်တယ်။ ခေတ်တွေပြောင်းရင် အိုက်ဒီယာတွေလည်း လိုက်ပြောင်းမှာပဲ။ ဒါ သဘာဝဖြစ်တယ်။ အိုက်ဒီယော်လော်ဂျီက တခုမဟုတ် တခုရှိနေမှာဖြစ်တယ်။ အိုက်ဒီယော်လော်ဂျီ မရှိတဲ့လူသာရှိတယ်။ အိုက်ဒီယော်လော်ဂျီ မရှိတဲ့ခေတ်ဆိုတာ လုံးဝ မရှိနိုင် ဘူး။ အိုက်ဒီယော်လော်ဂျီက ချွတ်ခြုံကျပြီး ပျောက်ကွယ်သွားတယ်ဆိုတာ လုံးဝမရှိဘူး။ ခေတ်တွေ ပြောင်းလဲတိုးတက် တာနဲ့အမျှ လူသားတွေရဲ့ အတွေးအခေါ် အယူအဆတွေလည်း ပြောင်းလဲတိုးတက်ပြီး အိုက်ဒီယော်လော်ဂျီ အသစ် အသစ်တွေ ပေါ်ထွက်လာမှာပဲဖြစ်တယ်။ ဒါဟာ သိပ္ပံနည်းကျ အယူအဆဖြစ်သလို သဘာဝတ္ထဗေဒအရလည်း သဘာဝကျတဲ့ အယူအဆဖြစ်တယ်။ ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ်၊ ဘယ်နိုင်ငံ ဘယ်လူမျိုးမှာဖြစ်ဖြစ်၊ နိုင်ငံရေးကို အိုက်ဒီယော်လော်ဂျီကသာ ဆက်ပြီးဦးဆောင်နေမှာ ဖြစ်ပါတယ်။


မကွဲမှ ထူးဆန်းတာ

နိုင်ငံရေးဆိုတာ အိုက်ဒီယာတွေကိုအခြေခံပြီး လုပ်ကြတာဖြစ်တော့ တယောက်နဲ့တယောက် အိုက်ဒီယာမတူလို့ သဘောကွဲကြတယ်ဆိုတာ အဆန်းမဟုတ်ဘူး။ မကွဲဘဲနဲ့ အားလုံး တသွေးတသံတည်းဖြစ်နေတာကမှ ထူးဆန်းတာ။ အလွှာပေါင်းစုံကရောက်လာတဲ့လူတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတာ၊ ဘယ်လိုနည်းနဲ့မှ အတွေးအခေါ်တွေ တထပ်တည်းကျ တာ မဖြစ်နိုင်ဘူး။ အတွေးချင်း၊ အမြင်ချင်း၊ သဘောပေါက်ပုံချင်း၊ အဓိပ္ပာယ်ကောက်ပုံချင်း အနည်းနဲ့အများတော့ ကွဲပြားခြားနားမှု ရှိကြမှာချည်းပဲ။ ဒါပေမယ့် သဘောထားချင်းမတူတာနဲ့ ရန်သူဖြစ်သွားကြတာမှ မဟုတ်တာ။ အခြေခံ သဘောတရားတွေ တူညီကြတယ်၊ ရည်မှန်းချက်ပန်းတိုင်းချင်းတူကြတယ်ဆိုရင် အတူတွဲပြီး ဆက်လုပ်လို့ရပါတယ်။ အတ္တအကျိုးစီးပွားကို အလွန်အမင်း ရှေ့တန်းမတင်ကြရင် သဘောမတူကြလည်း ဘယ်တော့မှ ရန်မဖြစ်ပါဘူး။ အတ္တလွန်ကဲလို့ ရန်ဖြစ်ကြတာပါ။


ဂိုဏ်းတွေစုထားတဲ့ ပါတီ

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် ၆၀ လောက် အာဏာရယူထားနိုင်ခဲ့တဲ့ LDP ပါတီကြီးဆိုရင် ဂိုဏ်းအုပ်စုတွေအများကြီးနဲ့ တည်ဆောက်ထားတာဖြစ်တယ်။ သူ့ဂိုဏ်းငါ့ဂိုဏ်း အသာစီးရဖို့ နေ့တိုင်းယှဉ်ပြိုင်နေကြရတယ်။ ဒါပေမယ့် ရှေးရိုးစွဲ အယူအဆတွေ ကိုင်စွဲတာချင်း၊ စီးပွားရေးလုပ်ငန်းကြီးတွေကို အကာအကွယ်ပေးတဲ့ အယူအဆချင်းတူနေကြတော့ လက်တွဲပူးပေါင်းနေနိုင်၊ လုပ်နိုင်ခဲ့ကြတယ်။ အရေးကြီးတာက ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့အစွဲကြီး ချွတ်နိုင်ဖို့ဖြစ်တယ်။ အယူအဆမတူတာတွေကို သည်းခံတတ်မှ သဘောထားကွဲတာတွေကို ကြည်ကြည်ဖြူဖြူ လက်ခံနိုင်မှ ရင့်ကျက်တဲ့ နိုင်ငံရေးသမားလို့ ခေါ်နိုင်ပါတယ်။


နိုင်ငံရေး ရင့်ကျက်ဖို့လို

နိုင်ငံရေးမှာ သဘောထားကွဲမူဆိုတာ ရှိမြဲပဲ။ ရှေးကရှိသလို အခုလည်းရှိတာပဲ။ ကမ္ဘာမှာရှိသလို မြန်မာမှာလည်း ရှိတာပဲ။ အဆန်းမဟုတ်ပါဘူး။ ဝံသာနုခေတ်က ကွဲခဲ့သလို ဂျီစီဘီအေလည်း ကွဲခဲ့တာပဲ။ ဒို့ဗမာအစည်းအရုံးလည်း ကွဲတာပဲ။ ရဲဘော်သုံးကျိပ်လည်း ကွဲတာပဲ။ ကွန်မြူနစ်တွေကွဲသလို ဆိုရှယ်လစ်တွေလည်း ကွဲတာပဲ။ ဖဆပလလည်း ကွဲတာပဲ။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကွဲလို့၊ ဖဆပလကွဲလို့ ပြည်တွင်းစစ်ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးရင့်ကျက်မှုအားနည်းပြီး ငါစွဲတွေ လွန်ကဲလို့ဖြစ်ရတာလို့ ထင်ပါတယ်။ နိုင်ငံရေးရင့်ကျက်ဖို့အတွက် အိုက်ဒီယော်လော်ဂျီတွေကို ကောင်းကောင်း ကျေညက်ဖို့ လိုတယ်။ ကျေညက်ဖို့ ကျမ်းရင်း ကျမ်းခိုင်တွေ ဖတ်ရပါမယ်။ အိုက်ဒီယော်လော်ဂျီခေတ် မကုန်ပါဘူး။ အိုက်ဒီယော်လော်ဂျီဆိုတာ ချွတ်ခြုံကျပြီး ကွယ်ပျောက်သွားရိုးမှ မရှိတာ၊ အိုက်ဒီယော်လော်ဂျီ ချွတ်ခြုံကျတဲ့သူမျိုးသာ ရှိပါတယ်။


လူထုစိန်ဝင်း

သစ္စာ သတင်းဂျာနယ်

အတွဲ ၂၊ အမှတ် ၁၀၊ ၂၀ အောက်တိုဘာ ၂၀၀၉၊ အင်္ဂါနေ့ထုတ် မှ

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်