Subscribe to our RSS Feed

မဟုတ်မမှန် ရေးသားနေ ပါက The Voice နှင့် 7 Day တို့၏ ကျင့်ဝတ်ဖောက်ဖျက် ဖြစ်စဉ်များအား မြန်မာသံတော်ဆင့်မှ ဖွင့်ချမည် ဟုဆို

From : .. https://www.facebook.com/MyanmarMediaWatch

မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပြည်သူများအား စစ်အစိုးရ ကာလအတွင်း ဖမ်းဆီးနှိပ်ကွပ်ရာ၌ ကမ္ဘာကျော်ခဲ့သော တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးခင်ညွန့် ၀န်ကြီးချုပ် တာဝန်ယူသည့် အစိုးရ၌ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော ဦးဝင်းအောင်၏သား ပိုင်ဆိုင်သည့် 7 Day Daily သတင်းစာ ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက် ဆက်တိုက် မြန်မာသံတော်ဆင့်အပေါ် အများပြည်သူ အထင်အမြင် လွဲမှားစေသည့် သတင်းများအား အကျယ်တ၀င့် တိုက်ခိုက် ဖော်ပြခဲ့သည်။ ၎င်းသတင်းများ ဖော်ပြရာတွင်လည်း အထက်ပါ တပ်မတော် ထောက်လှမ်းရေးများ အကြီးအကျယ် ကိုးကွယ်၍ လူသိများခဲ့သော အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့် ဆရာတော်ကြီး၏ မြန်မာသံတော်ဆင့်ကို စွပ်စွဲ ကြေညာချက်များ ထည့်သွင်း၍ ရေးသား ဖော်ပြခဲ့ခြင်းဖြစ်သည်။ အလားတူ The Voice သတင်းစာမှလည်း မြန်မာသံတော်ဆင့်အား စွပ်စွဲ ဖော်ပြချက်ကို သတင်းရေးသား၍ ထုတ်ဝေခဲ့ပါသည်။

မြန်မာသံတော်ဆင့်မှ အလိုတော်ပြည့် ဆရာတော် မိန့်ကြားချက်များ အသံဖိုင်များ ရှိ၍ အထောက်အထား ဓာတ်ပုံ မှတ်တမ်းများ ပူးတွဲကာ ဖြေရှင်းရန် အသင့်ရှိနေချိန်တွင် ပြန်ကြားရေး ၀န်ကြီးဌာန အဆင့်မြင့်အရာရှိကြီး အချို့နှင့် မူပိုင်ခွင့်ဌာနခွဲ (ယခင် စာပေစိစစ်ရေး) တို့မှ မြန်မာသံတော်ဆင့်အပေါ် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် ပိုင်ဆိုင်သော ဂျာနယ် ဖြစ်သယောင်ယောင် ပြောဆိုထုတ်ပြန် ရေးသားလာခဲ့သည်။ ထိုကဲ့သို့ အစိုးရအဖွဲ့ဝင်ဟောင်း၏ သားတစ်ဦး ပိုင်ဆိုင်သော 7 Day သတင်းစာမှ မြန်မာသံတော်ဆင့်အပေါ် လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတစ်ဦး ပိုင်ဆိုင်သော ဂျာနယ်အဖြစ် ရေးသားခြင်းမှာ မြန်မာသံတော်ဆင့်၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အစိုးရအပေါ် မထောက်မညှာ ဝေဖန်ရေးသားရဲသည့် မြန်မာသံတော်ဆင့်၏ စာဖတ်ပရိသတ်များကိုလည်း အထင်အမြင် သေးရာ ရောက်ပါသည်။

မြန်မာသံတော်ဆင့်အနေဖြင့် မည်သည့် ပြည်ထောင်စုဝန်ကြီးများ၏ အထောက်အပံ့ကိုမျှ ရယူထားခြင်းမရှိဘဲ ကိုယ်ပိုင် ရပ်တည်လျက်ရှိပြီး ပရိသတ်များ အားပေးသည့် ငွေကြေးများဖြင့်သာ သန့်သန့်ရှင်းရှင်း ရပ်တည် ထုတ်ဝေနိုင်သည့် ပုဂ္ဂလိက မီဒီယာစစ်စစ် ဖြစ်ပါသည်။

မြန်မာသံတော်ဆင့်အပေါ် တိုက်ခိုက် ရေးသားသော 7 Day နှင့် The Voice သတင်းစာ ဂျာနယ်တို့၏ စာနယ်ဇင်း ကျင့်ဝတ်သာမက လူမှုကျင့်ဝတ်တို့ကိုပါ ဖောက်ဖျက် ဖော်ပြသော သတင်းများအားလည်း အများ ပြည်သူ သိရှိရန် မြန်မာသံတော်ဆင့်မှ တည်းဖြတ် ဖော်ပြခဲ့ပြီးလည်း ဖြစ်ပါသည်။ မြန်မာသံတော်ဆင့်အပေါ် မဟုတ်မမှန် သတင်းများအား ဆက်လက်ရေးသား ဖော်ပြမည် ဆိုပါက ယခင် တပ်မတော် အစိုးရနှင့် လက်ရှိ အစိုးရအဖွဲ့တို့နှင့် ဆက်နွှယ်မှု ရှိနေသော The Voice နှင့် 7 Day သတင်းစာ ဂျာနယ်တို့၏ အများ ပြည်သူတို့အပေါ် ကျင့်ဝတ်ဖောက်ဖျက်၍ ဖော်ပြခဲ့သော ဖြစ်စဉ်များအား မြန်မာသံတော်ဆင့်မှလည်း တုံ့ပြန် ဖော်ပြရန် အသင့်ရှိနေပါသည်။

မြန်မာသံတော်ဆင့်အပေါ် ထိခိုက်ပုတ်ခတ် ရေးသား ထုတ်ဝေနေသည့် The Voice နှင့် 7 Day သတင်းစာတို့ အနေဖြင့် သတိပြု ဆင်ခြင်နိုင်ရန် ပြင်းထန်စွာ သတိပေးလိုက်ပါသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်