Subscribe to our RSS Feed

Who is Mastermind Behind ?

From : ပြည်သူ့အာဏာ

မဟာသန္တိသုခကျောင်းတိုက်အား ညဘက်တွင် ၀င်ရောက်ဖယ်ရှားခဲ့ခြင်းနှင့်ပတ်သက်၍ အမှန်တကယ် နောက်ကွယ်တွင် မည်သို့ ဖြစ်ပျက်ခဲ့သည်များအား သာသနာရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦး၏ ဖွင့်ဟပြောကြားချက်များကို ကျွန်ုပ်တို့၏ သတင်းထောက်မှ ပေးပို့လာသည်။

ကာယကံရှင်၏ ဆန္ဒအရ ယင်းအရာရှိကြီး၏အမည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုရန် တောင်းခံခဲ့သည်။ အသံဖိုင်တွင် ပါရှိသော ယင်း၏ ပြောကြားချက်တွင် ရှုပ်ထွေးလှသော နောက်ခံများ ပါရှိနေသဖြင့် ရှင်းရှင်းလင်းလင်း ဖြစ်စေရန် မနည်း အစရှာခဲ့ရသည်။

“ဆရာတော်ကြီးတွေက ဒီကျောင်းကိစ္စ သိပ်ပြီး စိတ်ဝင်တစား မရှိလှပါဘူး။ ပီနန် ဆရာတော်ကြီးက သမ္မတကြီးဆီကို မေတ္တာရပ်ခံတယ်။ ဒါကို ကူညီပြီး ရှင်းပေးဖို့ ပြောတယ်။ သမ္မတဘက်ကလည်း ပြေပြေလည်ထည် အေးအေးချမ်းချမ်း ကျောင်းပိုင်ဆိုင်မှု အငြင်းပွားတာကို ဖြေရှင်းချင်တယ်။ ဒါကို ၀န်ကြီးက လက်မခံဘူး။ ဒါက မဟနက ဆုံးဖြတ်ရမှာ သမ္မတက ဆုံးဖြတ်ရမှာ မဟုတ်ဘူး ဆိုပြီး ဆရာတော်ကြီးတွေကို လျှောက်တယ်။ မဟနအပေါ်မှာ သာသနာရေးက သြဇာ ရှိတာလည်း အမှန်ပဲ။ ၄၇ ပါးစုံညီအစည်းအဝေးက ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ ဒေသအာဏာပိုင်က အကောင်အထည်ဖော်ပေးရမယ် ဆိုပြီး ပြောတယ်။ ဒိကိစ္စနဲ့ ပတ်သက်လို့ သာသနာရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ပြောတယ် ဆိုပြီး မြန်မာသံတော်ဆင့် ဂျာနယ်မှာ ပါလာသေးတယ် ထင်တယ်။ သင်္ကြန်မတိုင်ခင် ထွက်တဲ့ ဂျာနယ်မှာ။ ဒီကိစ္စက သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်မှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ သံဃာ့မဟာနာယက ကပဲ ဆုံးဖြတ်ရမယ်။ လူပုဂ္ဂိုလ်တွေ ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး ဆိုပြီး ပြောတယ်။ ဒါက အုပ်ချုပ်ရေးနဲ့ မဆိုင်ဘူး။ မဟနနဲ့ပဲ ဆိုင်တယ် ဆိုပြီး ဆရာတော်ကြီးတွေဆီကို ကျွန်တော်တို့ကို လျှောက်တင်ခိုင်းတယ်။ ၀န်ကြီးကိုယ်တိုင်လည်း တယ်လီဖုန်းနဲ့ လျှောက်တယ်။ လူတွေ့ပြီး ပြောတယ်” ဟု ယင်းအရာရှိကြီးက ဆိုသည်။

ထို့နောက် “ဒီကြားထဲမှာ သြဇာကြီးမားတဲ့ သီတဂူဆရာတော်ကြီးတို့လို ဆရာတော်တွေက သမ္မတဆီကို မေတ္တာရပ်ခံတယ် ကြားတယ်။ သန္တိသုခကိစ္စကို ပြေပြေလည်လည် လုပ်ပေးဖို့ပေါ့။ ဒါကိုလည်း သူက ဆရာတော်ကြီးတွေကို ပြောတယ်။ သီတဂူဆရာတော်က မဟနဆုံးဖြတ်ချက်ကို ကျော်လွှားလို့ မရဘူး။ ဒါက ဥပဒေအရ လုပ်ထားတာဆိုပြီး ပြောတယ်။ ၀န်ကြီးက ဥပဒေတွေ အကိုးအကားတွေတော့ ရှာတယ်။ မသိရင် ဦးအံ့မောင်ကို မေးတယ်။ ပြောရရင် တော့ မကောင်းပါဘူး။ ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ နားမလည်နိုင်တော့ဘူး” ဟု ပြောသည်။

၎င်းအရာရှိကြီးက “သာသနာရေးဝန်ကြီးဌာနဆိုတာက အစိုးရနဲ့ သံဃာတွေအကြား၊ ဘာသာရေးအဖွဲ့အစည်းတွေအကြား ပြေလည်အောင် လုပ်ပေးဖို့ ဖွဲ့စည်းထားတဲ့ ၀န်ကြီးဌာနပဲလေ။ အခုကျတော့ အစိုးရနဲ့ သံဃာတွေအကြား ရန်တိုက်ပေးတဲ့ ၀န်ကြီးဌာန ဖြစ်နေတယ်။ ပီနန်ဆရာတော်ဘက်ကလည်း ပြေပြေလည်လည် ဖြစ်စေချင်တယ်။ သမ္မတ ဘက်ကလည်း ပြေလည်အောင် ညှိနှိုင်းပေးချင်တယ် လို့ ပြောတယ်။ ဒါပေမယ့် ၀န်ကြီးက ဒါဟာ အုပ်ချုပ်ရေးနဲ့ မဆိုင်ဘူး။ သမ္မတ မှာ ပြောပိုင်ခွင့် မရှိဘူး။ မဟနကသာ ဆုံးဖြတ်ရမယ်။ မဟန ဆုံးဖြတ်ချက်ကို အာဏာပိုင်အဖွဲ့အစည်းတွေက လိုက်လုပ်ပေးရမယ် ဆိုပြီး ၀န်ကြီးက ဆရာတော်ကြီးတွေကို ပြောတယ်။ ဆရာတော်ကြီးတွေထဲမှာလည်း အမျိုးမျိုးတော့ ရှိတယ်။ သူ့ဘာသာသူ အေးအေးဆေးဆေး နေချင်တဲ့ ဆရာတော်ကြီင်္းတွေ များပါတယ်။ တချို့ပဲ ၀န်ကြီးပြောတာ လက်ခံတယ်။ နောက်ဆုံး ဘယ်လို ဖြစ်လာသလဲ ဆိုတော့ သံဃာ့မဟာနာယကနဲ့ သမ္မတနဲ့ ထိပ်တိုက် တိုးတော့မယ့် အနေအထားအထိ ဖြစ်လာတယ်။ ၀န်ကြီးက ဆရာတော်ကြီးတချို့ကို ပြောတယ်။ ဒီဟာက မတ်လကုန်မှာ ကျောင်းပေါ်က ဆင်းပေးရမှာ၊ အခု မဆင်းဘူး။ သမ္မတကြီးကလည်း ပြေပြေလည်လည် ဖြေရှင်းဖို့ ညှိလာတယ်။ ဒါက သမ္မတ လုပ်ပိုင်ခွင့် မဟုတ်ဘူး။ ဒါကို အပြတ်ရှင်းရမယ်။ သံဃာ့မဟာနယက အဖွဲ့က ဆုံးဖြတ်ထားပြီးသား ကိစ္စကို မြန်မြန် ဖယ်ရှားမှ ရမယ်။ ဒါကို ဖိအားပေးပြီး လုပ်ဖို့ ပြောတယ်။ ဒီလိုလုပ်တာကို အုပ်ချုပ်ရေးက ဟန့်တားရင် အုပ်ချုပ်ရေး တာဝန် ပဲ ဆိုတာ ပြောတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ဥပဒေတွေ၊ စည်းမျဉ်းတွေကို နှံ့စပ်သိမြင်တာက ဦးအံ့မောင်ပဲ။ ဦးအံ့မောင်က ဆရာတော်ကြီးတွေကို ဥပဒေတွေ၊ စည်းမျဉ်းတွေ ရှင်းပြတယ်။ မဟနရဲ့ လုပ်ပိုင်ခွင့် ဆိုတာကို ပြောပေးတယ်။ ဒီလိုနဲ့ မဟနက အစိုးရကို ပြောတယ်။ အဓိက ပြောတာကတော့ ရန်ကုန်တိုင်းအစိုးရပေါ့။ မဟနက ဓမ္မစက်နဲ့ ဖယ်ရှားမယ်၊ အဲဒါကို တိုင်းအစိုးရက အာဏာစက်နဲ့ ကူညီပေး ဆိုပြီး လုပ်တယ်။ အဲဒါကိုမှ အစိုးရဘက်က ကန့်ကွက်ရင်၊ မကူညီရင် ထိပ်တိုက်တိုးတော့မယ်။ ဒီလိုနဲ့ တိုင်းအစိုးရက အဓိကရုဏ်းတွေ မဖြစ်အောင် လုံခြုံရေးတော့ လိုက်ယူပေးမယ်။. အပြင်စည်းမှာပဲ နေမယ်။ သံဃာတွေ ရှင်းတာတော့ ဆရာတော်ကြီးတွေဘာသာပဲ လုပ်ပါ ဆိုပြီး ဖြစ်လာတယ်။ အဲဒီနေ့ညမှာ ရဲမှူးကြီးတွေ ပြောတာက ဒါကိုပဲ ရည်ညွှန်းတာ. အသေးစိတ်ကို သာသနာရေးကို မေးပါဆိုပြီး ဖြေတာ။ ရဲတပ်ဖွဲ့က မဟနက ပြောလို့ လာရတာ။ မဟနကို ဒီလို ညကြီးအချိန်မတော် လုပ်ဖို့ ဘယ်သူက အခါတော်ပေးသလဲ ရှင်းနေပြီ။ ဆရာတော်ကြီးတွေရဲ့ သဘောသက်သက်က ဒီလို အကြမ်းဖက်ပြီး ရှင်းချင်တာမျိုး မရှိဘူး ” ဟု ပြောသည်။

ယင်းအရာရှိကြီးက ဆက်လက်၍ “ပြောရရင်တော့ သံဃာမဟာနာယက ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ သံဃာတွေကို သံဃာ့အဖွဲ့အစည်းဥပဒေအရ ဖမ်းဆီးပြီး လူဝတ်လဲ အရေးယူလို့ ရတယ် ဆိုတဲ့ အချက်ကို ပြောတာက ၀န်ကြီး ဦးဆန်းဆင့်ပါပဲ။ ဆရာတော်တချို့ အမျက်ထွက်လာပြီး ဒါတွေ လုပ်ဆောင်လာအောင် သွေးထိုးပေးတဲ့သဘောပေါ့။ တစ်ကယ်တမ်း ဆုံးဖြတ်ချက် ချမှတ်တာက ဆရာတော်ကြီးတွေ ဖြစ်နေတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်တွေ ဖြစ်ပေါ်လာအောင် နောက်ကွယ်က သွေးထိုးပေးတာတွေက ညင်သာတယ်၊ အကွက်စေ့တယ်၊ ဥာဏ်များတယ် လို့ ပြောရမှာပဲ။ မဟနထဲမှာ ၀န်ကြီး စည်းရုံးထားတဲ့ ဆရာတော် တချို့ရှိတယ် လို့ပဲ ပြောရမှာပဲ။ ဒီဆရာတော်တွေက မဟနထဲမှာ တက်ကြွတယ်။ ဦးဆောင်တယ် ပေါ့ဗျာ။ ကျွန်တော်တို့ သာသနာရေးမှာ နေလာတာ ကြာလှပြီ။ ဒီလိုမျိုး တစ်ခါမှ မကြုံဘူးဖူး။ ဘုန်းကြီးကိစ္စဆိုတာ အရမ်းကို ရှုပ်ထွေးတာမို့လား။ ဒီအရှုပ်အထွေးတွေကို ပိုပြီး ရှုပ်အောင် သာသနာရေးက ၀င်လုပ်နေသလို ခံစားရတယ်။ ပြောရရင်တော့ မကောင်းဘူးပေါ့ဗျာ။ ကျွန်တော်တို့ ဌာနက သံဃာ့ကိစ္စ ပြေလည်အောင် ရှင်းပေးရမယ့် အစား အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပေါက်ဆိန်နဲ့ ပေါက်ရအောင် ၀င်လုပ်နေခဲ့တာပဲ။ အခုတော့ သူ့စရိတ်နဲ့ သူ သွားတာပဲ။ သမ္မတက သူ့ကို ခန့်ထားတာဗျာ။ ၀န်ကြီးဆိုတာ သမ္မတကို တာဝန်ခံရမယ် ဆိုပြီး အခြေခံဥပဒေမှာလည်း ရေးထားတာပဲဗျာ။ အဲဒါ သမ္မတကို ချောက်ကျအောင် ချတယ်၊ အခန့်မသင့်ရင် ဦးဆန်းဆင့်လုပ်တဲ့ ကိစ္စကြီးက သံဃာ့အရေးအခင်းတွေ၊ ရွှေဝါရောင်တော်လှန်ရေးတွေ ဖြစ်လာနိုင်တယ်။ အဆိုးဆုံးက ဗုဒ္ဓဘာသာ ညှိုးနွမ်းမယ်၊ ဆရာတော်ကြီးတွေ နာမည်ပျက်နယ်၊ သိက္ခာကျမယ်၊ ပြီးတော့ကျ ဆရာတော်ကြီးက သူပြောသလိုလည်း လုပ်ကြရော သူက ရှောင်နေတယ်။ အောက်က ညွှန်ချုပ်တွေ၊ ဒုညွှန်ချုပ်တွေကို ၀င်ပြီး တာဝန်ခံခိုင်း၊ မီဒီယာတွေကို ရှင်းခိုင်းနဲ့ လုပ်တယ်။ သံဃာ့ဂိုဏ်းသင့်အောင် လုပ်လို့ ဒီလိုဖြစ်သွားတာ လို့ပဲ ထင်ပါတယ်” ဟု ဆိုသည်။

ထို့အပြင် ဦးအံ့မောင်နှင့် ပတ်သက်၍လည်း “သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ကြိုတင်ပြီး စီစဉ်ထားတာလည်း အမှန်ပဲ။ အစက သူကိုယ်တိုင်၊ ဒါမှမဟုတ် ဒုဝန်ကြီးတွေ ရှင်းဖို့ လုပ်ထားတာ။ ဦးအံ့မောင်က သမ္မတရုံး အကြံပေး ဆိုတော့ သမ္မတရုံးကပဲ လုပ်သလိုလို ထင်ယောင်ထင်မှားဖြစ်အောင် ဦးအံ့မောင်ကို ဦးဆောင်ခိုင်းလိုက်တာ။ လူတွေက ထင်ကြတာက သမ္မတကပဲ လုပ်ခိုင်းသလိုလို၊ သူကပဲ သမ္မတခိုင်းတာ မလုပ်ချင်သလိုလို၊ မီဒီယာမှာလည်း ဖွတယ်။ ပြောရရင် ကြောက်စရာကောင်းတယ်။ ဦးအံ့မောင်က သာသနာရေးမှာပဲ ကမ္ဘာအေးမှာပဲ ရုံးခန်းပေးထားတာ။ သာသနာရေးဆိုင်ရာကိစ္စတွေကို ၀န်ကြီးဆီ အဓိက အကြံပေးရတာ။ ကြာလှပြီ။ အရင်တုန်းက နယကရုံးအကြံပေး။ အခု အစိုးရသစ် တက်လာတော့ သမ္မတကြီးက အရင်တုန်းကလည်း လုပ်ကိုင်ခဲ့တာ၊ သာသနာရေးဝန်ကြီးဌာနအတွက်လည်း အကူအညီရမယ်၊ ဆေးဖိုးဝါးခ ရပါစေဆိုပြီး လစာ ဆက်ပြီးပေးထားတာ လို့ သိရတယ်။ သမ္မတရုံးနဲ့ အဆက်အသွယ် ရှိတယ်ဆိုတဲ့အသံမကြားဖူးပါဘူး။ ဟိုတစ်လောက ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ပြောထားတာ အမှန်ပါပဲ” ဟု ရှင်းပြသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်