Subscribe to our RSS Feed

ဦးဆန်းဆင့်သည် သစ္စာဖောက်၍ သစ္စာစူးခြင်း ဖြစ် ဟု ဆို

From : .. ပြည်သူ့အာဏာ

ရမည်းသင်းထောင်သို့ ရောက်ရှိနေသည် ဟု သတင်းကြီးနေသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် သစ္စာဖောက်၍ သစ္စာစူးခြင်းသာ ဖြစ်ကြောင်း စစ်ဘက်အသိုင်းအ၀ိုင်းက ထုတ်ဖော်ဝေဖန်လိုက်သည်။

“တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးသူတိုင်း သိပါတယ်။ အရပ်ဘက် ဥပဒေ သာမက စစ်ဘက် ဥပဒေကိုပါ လိုက်နာရပါတယ်။ လုံခြုံမှုအဆင့်အတန်းရှိတဲ့ စာရွက်စာတမ်းတွေနဲ့ တောက်လျှောက်နေခဲ့ရတာပါ။ ဦးဆန်းဆင့်က ထူးချုပ်ဘ၀က တိုင်ကြားစာ သက်သေတွေ သူ့ဆီမှာ အကုန်ရှိတယ် ဆိုတဲ့ ပြောကြားချက်ကို အခု ပြန်ပြီး အစဖော်နေကြတာ တွေ့ရပါတယ်။ ဒီနေရာမှာ ဦးဆန်းဆင့်အနေနဲ့ ထူးချုပ်တာဝန် ယူထားချိန်က ကိုင်တွယ်ရတဲ့ စာရွက်စာတမ်းတွေကို နောက်လာတဲ့ ထူးချုပ်လက်ထဲကို အားလုံး လွှဲပေးရမယ်။ သူ့လက်ထဲမှာ ဘာတစ်ခုမှ ယူထားလို့ မရဘူး။ တိုင်စာပဲ ဖြစ်ဖြစ်၊ ပစ်စာပဲ ဖြစ်ဖြစ် အားလုံးဟာ ထူးချုပ်ဆိုတဲ့ ရာထူးရယူထားသူကို လွှဲပေးတာပဲ။ ဦးဆန်းဆင့်ကို လွှဲပေးတာ မဟုတ်ဘူး။ ဒီဟာတွေကို အကုန် ယူထားတယ် ဆိုကတည်းက ဦးဆန်းဆင့်ဟာ တစ်ချိန်ချိန်မှာ ဒီဟာတွေ ဖွင့်ချမယ်၊ အသုံးချမယ် ဆိုတဲ့သဘော မျိုးနဲ့ လုပ်တာပဲ လို့ ထင်မြင်မိပါတယ်။ ဒါဟာ ကိုယ်တာဝန်ထမ်းဆောင်ရာ တပ်မတော် ဆိုတဲ့ အဖွဲ့အစည်းကို သစ္စာမဲ့တာပဲ။ တပ်မတော်တစ်ရပ်လုံးရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဖို့ ရည်ရွယ်ထားတဲ့ ဦးဆန်းဆင့်ဟာ သစ္စာဖောက်တဲ့ လုပ်ရပ်ကို လုပ်တာပဲ ဖြစ်တယ်“ ဟု အငြိမ်းစား တပ်မတော် အရာရှိကြီးတစ်ဦးက ပြောသည်။

ရဲဘော်သစ်ဘ၀မှစတင်၍ သစ္စာလေးချက်ကို ရွတ်ဆိုခဲ့ရသူများသာ ဖြစ်ကြောင်း၊ ယင်းသစ္စာလေးချက်နှင့်ပတ်သက်၍ မသင့်မလျော် ပြောကြားခဲ့သည့် ၀န်ကြီး ဦးအောင်မင်းလည်း မကြာမီကပင် ပြန်လည်တောင်းပန်ခဲ့ရကြောင်း၊ ဦးဆန်းဆင့် ထူးချုပ် မဟုတ်တော့သည့်အချိန်မှစ၍ ထူးချုပ်တာဝန်ဖြင့် သိရှိခဲ့ရသည့် သတင်း အချက်အလက်များအားလုံး ၄င်းနှင့် သက်ဆိုင်ခြင်း မရှိတော့ကြောင်း၊ ယခုကဲ့သို့ တာဝန်ထမ်းဆောင်မှုအရ သိရှိထားရသည်များကို ဆက်လက်ယူဆောင်သွားခြင်း သည် စစ်သည်တစ်ဦးချင်း လိုက်နာစောင့်သိရမည့် အခြေခံကျင့်ဝတ်ကို ချိုးဖောက် ခြင်းသာ ဖြစ်ကြောင်း ယင်းက ဆိုသည်။

“တပ်မတော်မှာ အားလုံးက လုံခြုံမှုအဆင့်အတန်းရှိတဲ့ စာတွေချည်းပဲ။ ဒါတွေနဲ့ ကျင်လည်နေရတဲ့ တပ်မတော်သားတိုင်း ဒီသဘောတရားကို နားလည်ထားပြီးသား ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ဦးဆန်းဆင့်ကို အခု မွှမ်းနေတဲ့သူတွေကို ပြောချင်တာက ဦးဆန်းဆင့်အကြောင်း ဘယ်လောက်သိထားသလဲ ဆိုတာပဲ မေးချင်တယ်။ သူ့ကြောင့် အမှုချင်းတူပါလျက် တချို့က ကင်းလွတ်ပြီး တချို့က ဘ၀ပျက်ခဲ့ရတယ်။ ဒီအရာရှိတွေနဲ့အတူ သူတို့ရဲ့ မိသားစုတွေ ရှိတယ်။ နေရာကောင်းတွေ ရတဲ့သူတွေက နေရာကောင်းတွေမှာပဲ တ၀ဲလည်လည် တာဝန် ထမ်းဆောင်တယ်။ တောသားတွေက တောက်လျှောက် တောထဲမှာပဲ နေခဲ့ရတယ်။ ထူးချုပ်ဘ၀က သိထားတာတွေ ဖွင့်ချမယ် ဆိုတာက တော်တော်ကို စိတ်ဓါတ် ယုတ်ညံ့တဲ့ လုပ်ရပ် လို့ပဲ ပြောချင်တယ်။ စစ်ဘက်မှာ တာဝန်ထမ်းဆောင်စဉ်က သိရှိထားသမျှကိုသာ ဖွင့်ချမယ် ဆိုရင် ဒါက တပ်မတော်ကို သစ္စာဖောက်တာပဲ။ ဒီလို သစ္စာဖောက်ခဲ့လို့ ဆိုထားတဲ့ သစ္စာ စူးတာ လို့ပဲ မြင်ပါတယ်။ တပ်မမှူး၊ တိုင်းမှူး မလုပ်ဘူးပဲ ဒုတိယဗိုလ်ချုပ်ကြီး တက်လုပ်တော့ ဘယ်လိုလုပ် အောက်သက်ကြေနိုင်မှာလဲ” ဟု တပ်မတော်သား အရာရှိတစ်ဦးက ပြောသည်။

အဖွဲ့အစည်းတစ်ခုတွင်၊ ကုမ္ပဏီတစ်ခုတွင် ၀င်ရောက်လုပ်ကိုင်ပြီး အခြား အလုပ်တစ်ခုသို့ ပြောင်းလဲလုပ်ကိုင်နေသူတစ်ဦးမှ ယခင်အလုပ်ရှင်ဟောင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ ယခင်တာဝန်ရှိသူတစ်ဦးအဖြစ် ကိုင်တွယ်ခဲ့ရသည့် လုပ်ငန်းများ စသည်တို့ကို လူသိထင်ရှား ထုတ်ဖော်ခဲ့လျှင် ယင်းပုဂ္ဂိုလ်အား မည်သို့ သဘောထားကြမည် ဟူသည်မှာ အထင်အရှား သိနိုင်ကြောင်း၊ ဦးဆန်းဆင့်သည် ထိုသို့ တပ်မတော်အပေါ် သစ္စာဖောက်သည့် လုပ်ရပ်ကို လုပ်ကိုင်ခဲ့ခြင်းကြောင့် သစ္စာစူးကာ ယခုကဲ့သို့ ထောင်ဒဏ်ကျခဲရခြင်း ဖြစ်နိုင် ကြောင်း ၄င်းက ဆိုသည်။

“အခု မီဒီယာတွေမှာ ပါနေတာ တစ်ခုရှိပါတယ်။ ဦးဆန်းဆင့်ကို ဧရာဝတီတိုင်း လွှတ်တော်မှာပဲ ဆက်ထားဖို့ ပြည်သူတွေက ဆန္ဒပြခဲ့ကြတယ် ဆိုတဲ့ သတင်း။ ဒီသတင်းက ဘယ်ကထွက်လာတာလဲ၊ ဘယ်သူတွေ ဆန္ဒပြခဲ့ကြတာလဲ။ ဒါတွေကို အသေးစိတ် လေ့လာဖို့ လိုပါတယ်။ ဒါက ဦးဆန်းဆင့် ကိုယ်တိုင် လုပ်ခဲ့တာပါ။ ဆန္ဒပြတာလည်း သူ့အမျိုးတွေ၊ သူနဲ့ ဆွေမျိုးမကင်တဲ့သူ လယ်သမား တွေ၊ သူတို့ကို စည်းရုံးခဲ့တာက ဦးဆန်းဆင့်အစ်ကိုနဲ့ လယ်သမားအရေး တက်ကြွလှုပ်ရှားခဲ့တဲ့ နေမျိုးဇင်နဲ့ အပေါင်းအပါတွေပဲ။ နေမျိုးဇင်ကို ဦးဆန်းဆင့် တပည့်တွေက ဆက်သွယ်ပြီး ဆန္ဒပြပွဲတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ နေမျိုးဇင်ကို ငွေကြေး လိုသလောက် ထုတ်ပေးခဲ့တယ်။ ဒါနဲ့ပဲ ဦးဆန်းဆင့် ကို တိုင်းလွှတ်တော်မှာပဲ ထားဖို့ တောင်းဆို တယ် ဆိုပြီး ဖြစ်လာတယ်။ ဒီသတင်းကို Hot News နဲ့ မြန်မာသံတော်ဆင့် ဂျာနယ်တွေမှာ အကျယ်တ၀င့် ဖော်ပြခဲ့တယ်။ Hot News ဂျာနယ်က ဦးဆန်းဆင့် ဒုတိုင်းမှူးဘ၀မှာ တိုင်းမှူးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်မောင်သန်းရဲ့ သမီး မမ ထုတ်ဝေတဲ့ ဂျာနယ်။ မြန်မာသံတော်ဆင့် ဆိုတာက ဦးဆန်းဆင့်ရဲ့သား ဥက္ကာ ဆန်းဆင့်ကတစ်ဆင့် CP Bank က ဒုဥက္ကဌ ငွေထုတ်ပေးထားတာ။ ဒါတွေက ပြောရရင် လုပ်ဇာတ် ဖန်တီးပြီး မီဒီယာကနေ့ လူသိထင်ရှားဖြစ်အောင် လုပ်ခဲ့တာပဲ။ အဲဒီတုန်းက ဦးဆန်းဆင့် ကိုယ်တိုင် ကျွန်တော်တို့ကို ပြောတယ်။ သူ ပြည်ထောင်စုဝန်ကြီးနေရာပဲ သွားတော့မယ် ဆိုပြီး ပြောတယ်။ နောက် သိပ်မကြာပါဘူး ငါ အိပ်လို့တောင် မပျော်ဘူး။ ဝေခွဲမရဖြစ်နေတယ် ဆိုပြီး မသွားချင်ဘူး ဆိုတာ ပြောပြန်တယ်။. အစက သူကိုယ်တိုင် သွားချင်ပါတယ် ဆိုပြီး တရားဝင် စာတွေဘာတွေနဲ့ ပြန်ကြားခဲ့တာပဲ။ ပြီးတော့ ကျွန်တော်တို့ ဧရာဝတီတိုင်းလွှတ်တော်မှာလည်း သူ့သတင်းပါတဲ့ ဂျာနယ်တွေကို မယူမနေရ ယူရတယ်။ သူက တစ်ပြားမှ မပေးဘူး။ Hot News နဲ့ မြန်မာသံတောင်ဆင့် ဂျာနယ်တွေဆိုရင် တောက်လျှောက် ယူရတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ယူရတာ” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ဦးဆန်းဆင့်အား လွှတ်တော်ဥက္ကဌအဖြစ် ဆက်လက်ထားရှိရန် ဆန္ဒပြခြင်းကို နေမျိုးဇင်က ဦးစီး စီမံဆောင်ရွက်ပေးခဲ့ပြီး ရေကြည်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများကို ဆန္ဒပြစေခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် အတွင်းကျကျ မသိရှိသူများအတွက် ဦးဆန်းဆင့်ကို ဒေသခံ ပြည်သူများ က ထောက်ခံထားသည်ဟု ထင်မြင်စေရန် စီစဉ်ထားပြီး ဖြစ်ကြောင်း၊ ထိုသို့ မီဒီယာကို အသုံးချ၍ ထင်ပေါ်ကျော်ကြားမှုကို လိုချင်နေရင်တော့ Foul ဖြစ်ကာ ယခုလို ဖြုတ်ချခြင်း ခံရမည်သာ ဖြစကြောင်း၊ ဦးဆန်းဆင့်အား ချီးမွမ်းခန်း ဖွင်ထားကြသူများကြောင့် ဖြစ်ကြောင်း ၄ငးက ဆိုသည်။

ဦးဆန်းဆင့်သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်က သာသနာရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အကျင့်ပျက်ခြစားမှု သက်သေအထောက်အထားများ မိမိတွင် ရှိနေကြောင်း၊ တပ်မတော် စစ်ရာထူးခန့်ချုပ်တာဝန် ထမ်းဆောင်စဉ်က အဆိုပါ အချက်အလက်များကို မှတ်တမ်းပြုစု ထိန်းသိမ်းကိုင်တွယ်ဆောင်ရွက်ရကြောင်း၊ အချို့သော တိုင်ကြားစာများမှာ ကတ္တီပါအဖုံး ရွှေစာလုံးများဖြင့် ရေးသားထားသည့် တိုင်ကြားစာများလည်း ပါဝင်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိုပြောဆိုချက် သတင်းကို မြန်မာပို့စ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၄ တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်