From :
..7day
အမေရိကန် အစိုးရသည် အီရတ်အရေးနှင့် ပတ်သက်၍ အမေရိကန် ပြည်သူများအား နောက်တစ်ကြိမ် ထပ်မံလိမ်လည်လာနိုင်ကြောင်း ဘရက်ဒလေ မန်းနင်းက သတိပေး ပြောကြားခဲ့သည်။
အမေရိကန်၏ စစ်ဘက် လျှို့ဝှက်အချက်အလက်များကို WikiLeaksထံ ပေါက်ကြားစေခဲ့မှုအတွက် ထောင်ဒဏ်(၃၅)နှစ် ကျခံနေရသည့် စစ်မှုထမ်းဟောင်းက New York Times သတင်းစာတွင် သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ် ရေးသားပေးပို့ခဲ့ရာ အမေရိကန်သည် အီရတ်အရေးနှင့် ပတ်သက်လျှင် ယခင်ကတည်းက ပွင့်လင်းမှု မရှိခဲ့ဟု ဖော်ပြထားသည်။
WikiLeaksသည် အမေရိကန်၏ စစ်ရေးနှင့် ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက် (၇၀၀၀၀၀)ကျော်ကို ပေါက်ကြားစေခဲ့ပြီး အမေရိကန် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး လျှို့ဝှက်ချက် ပေါက်ကြားမှုကြီးအဖြစ် ထင်ရှားခဲ့သည်။ ထိုစဉ်က မန်းနင်းသည် Wikileaksထံသို့ သတင်းအချက်အလက်များ ပေးပို့ခဲ့သည့် ရင်းမြစ်တစ်ဦးလည်း ဖြစ်ခဲ့သည်။
“ကျွန်တော် လုပ်ဆောင်ခဲ့တာတွေက ဥပဒေကို ချိုးဖောက်ရာ ကျနေမှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော် အဲဒီလို လုပ်ဖြစ်ခဲ့တဲ့ စေ့ဆော်မှုနဲ့ ပတ်သက်လို့တော့ မရှင်းလင်းနိုင်သေးဘူး”ဟု New York Times၏ အယ်ဒီတာ့အာဘော် ဆောင်းပါးအဖြစ် ဖော်ပြမှုတွင် မန်းနင်းက ရေးသားထားသည်။
“ခုချိန်မှာ အီရတ်ဟာ ပြည်တွင်းစစ်ပွဲတစ်ခု စတင်လာပြီ။ အမေရိကန်ကလည်း နောက်တစ်ကြိမ် အီရတ်အရေးမှာ ဝင်စွက်ဖက်ဖို့ စဉ်းစားနေပြန်ပါပြီ။ မပြီးပြတ်သေးတဲ့ ကိစ္စတစ်ခုကို အရေးတကြီး လုပ်ဆောင်သင့်နေပြီ ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ဟာ အီရတ်နဲ့ အာဖဂန် နစ္စတန် နိုင်ငံတွေမှာ ကာလရှည်ကြာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတုန်းက မီဒီယာကဏ္ဍကို ဘယ်လိုချုပ်ကိုင် ကန့်သတ်ထားသလဲ ဆိုတာက အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်လာပါပြီ”ဟုလည်း မန်းနင်းက သုံးသပ်ထားသည်။
အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက စစ်သွေးကြွများ၏ တိုက်ခိုက်မှုများနှင့် ကြုံနေရသည့် အီရတ်နိုင်ငံ၏ အရေးတွင် အမေရိကန်က မည်ကဲ့သို့ ပါဝင် ဆောင်ရွက်ရမည်ကို ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးမှ စဉ်းစားနေကြောင်း ဆိုသည်။
ISIS စစ်သွေးကြွများသည် ယခုအခါ ဘဂ္ဂဒက်မြို့တော်မှ မိုင်ပေါင်း(၅၀)မျှ အကွာထိ ထိုးဖောက် ချဉ်းကပ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း အမေရိကန် အနေဖြင့် အီရတ်သို့ မြေပြင်တပ်ဖွဲ့များ စေလွှတ်မည် မဟုတ်ဟု အိုဘားမားက အခိုင်အမာ ပြောကြားထားသည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်