ဟိုးအရင်တုန်းက ကျွန်တော်တို့အိမ်မှာ တိရိစ္ဆာန်ဆိုလို့ တစ်ကောင်တစ်လေတောင်မရှိဘူး။မိသားစု သုံး
ယောက်တည်းတောင် မနည်းရုန်းကန်နေရတဲ့ဘ၀မှာ ဘယ်သတ္တ၀ါတစ်ကောင်ကိုမှလည်း ဂရုမစိုက်အား။အထူးသဖြင့် အသားဟင်းငါးဟင်းတောင် တစ်ပတ်နေလို့တစ်ရက်မချက်နိုင်တဲ့အိမ် ၊ ဘယ်တော့မှ ထမင်းမပိုတဲ့ အိမ်မှာဘယ်သတ္တ၀ါအတွက်များ စားစရာရှိပါ့မလဲ။ အိမ်မှာ အမေက စိစစ်တယ်။ ထမင်းစားရင် ဘဲဥဆိုတစ်ခြမ်းပဲထည့်ပေးတယ်။ထမင်းဆိုလဲ ကုန်သလောက်ကို ပြောရတယ်။ လိုချင်ရင် ထပ်တောင်းလို့ရပေမယ့် တောင်းတဲ့ထမင်းကိုမကုန်လို့ သွန်ပစ်ဖို့တော့ စိတ်မကူးနဲ့ နီးရာနဲ့ခေါင်းကို အခေါက်ခံရပြီသာမှတ်။အဲ့လို စိစစ်တော့ သိပ်အလေအလွင့်မရှိဘူး။ဒီတော့ သတ္တ၀ါတွေအတွက် ကြွေးဖို့ မရှိဘူးပေါ့..။
တစ်နေ့တော့ ကျွန်တော်တို့ အိမ်ကို ဘယ်ကခွေးမှန်းမသိတဲ့ခွေးပိန်လေးတစ်ကောင်ရောက်လာတယ်။
ကျွန်တော်တို့မိသာစုကတော့ ပုံမှန်အတိုင်းပဲ လည်ပတ်ပါတယ်။စိတ်ထဲမှာ စားစရာမရရင်ခွေးလေးလည်း စိတ်ပျက်ပြီး တစ်ခြားအိမ်သွားမှာပေါ့ လို့တွေးရင်း မောင်းမထုတ်ပဲ ဒီအတိုင်းပဲ ထားလိုက်တယ်။နောက်တော့တစ်ရက် ၊ နှစ်ရက်.၊ ကနေ ၁ ပတ်လောက်ရောက်တဲ့အထိခွေးလေးက မသွားဘူး။ ဗိုက်စာရင် သူ့ဘာသာအခြားအိမ်တွေလိုက်တောင်းစားတယ်။ကျွန်တော်တို့
တွေအပြင်ကပြန်လာပြီဆိုရင် အမြီးလေးနှံ့လို့ကြိုရတာ အမော။ ပြီးရင် အိမ်ကိုပြန်လာတယ်။ဒီလိုနဲ့သတိထားမိရာကနေ နောက်တော့ သံယောဇဉ်ဖြစ်လာတယ်ဆိုပါတော့.။
သံယောဇဉ်ဖြစ်လာတာနဲ့အမျှ အလုပ်ပိုလာတယ်ပဲ ဆိုရတော့မှာပေါ့။အိမ်မှာက ထမင်းပိုဟင်းပိုကသိပ်
မရှိတော့..ဘေးအိမ်တွေကနေ .ဒီခွေးလေးစားဖို့အတွက် လိုက်ယူပြီးကျွေးရတာပေါ့။
သူကို ကျွန်တော်တို့ မိသားစုက “အင်မောင်း” လို့နာမည်ပေးထားတယ်။ သူက အင်းခွေးစပ်ဗျ။ ရင်အုပ် ၊အရပ်အမောင်းတွေကလည်း ခွေးအင်္ဂါနဲ့အညီ ထွားထွားကြိုင်းကြိုင်းဆိုတော့..အရပ်အမောင်းကောင်းတဲ့ အင်းခွေးလေးကို ကျွန်တော်တို့ကးထွေထွေထူးထူးသိပ်စဉ်းစားမနေပဲလက်တန်းထိုးအင်မောင်းလို့ မှည့်ခေါ်လိုက်တာပေါ့။ကြာတော့ အင်မောင်း ကို တစ်မိသားစုလုံးကသံယောဇဉ်ဖြစ်
လာတယ်။ကျွန်တော်ကို အိမ်က ငရုပ်သီးအကြက်မှုန့်လို ၊ အချိုမှုန့်လို တိုလီမိုလီခေါက်တိုဈေးလေးတွေ ၀ယ်ခိုင်းတာက အစ အင်မောင်းက နောက်က တကောက်ကောက်လိုက်တယ်။အဖေနဲ့အမေ ဥပုဒ်ကာလတွေ ဥပုဒ်သွားစောင့်ရင်အင်မောင်း အိမ်မှာလုံအောင်စောင့်လို့ ပြောတာနဲ့ သူက နားလည်သည့်အလား အမြီးကလေးတရမ်းရမ်းနဲ့ အိမ်နားက တစ်ဖ၀ါးမှ မခွါ။အင်မောင်းက ခွေးဆိုပေမယ့် အသိဥာဏ်ရှိတဲ့ခွေး။ လမ်းသွားလမ်းလာတွေကိုလဲ အနှောက်အယှက်မပေးတတ်သလို သခင်စကားဆိုလည်းအရမ်းနားထောင်သလို၊သခင့်မျက်နှာရိပ်မျက်နှာကဲလည်းသိတတ်တဲ့ ခွေးလေး။အရင်
အင်မောင်း အိမ်ကို စရောက်လာတော့ ဟောင်ဖို့နေနေသာသာ သူ့မှာအားမရှိ။ ပိန်ပိန်ညှောင်ညှောင်လေး။ အခုတော့ အိမ်ရောက်တာ လည်း ကြာပြီး ဘေးအိမ်တွေကနေ လိုက်တောင်းကျွေးတဲ့အစားအစာတွေရယ် ၊ နောက်ပိုင်းဂရုစိုက်မှုခံရတာတွေရယ်ကြောင့် အင်မောင်း ၀၀ဖြိုးဖြိုးဖြစ်လာတယ်။ဒီလိုနဲ့ အင်မောင်း ကျွန်တော်တို့အိမ်ရောက်ခဲ့တာ ကျွန်တော် အသက် ၃ ပုံ ၂ ပုံလောက်ကြာခဲ့တယ်။ကျွန်တော်လည်း စာမေးပွဲတွေဘာတွေအောင်၊ ကျောင်းတွေဘာတွေတတ်နဲ့ ဆိုတော့ရွာကိုခွဲခဲ့ရသလို ၊ အင်မောင်းနဲ့လည်း ခွဲခဲ့ရတယ်။အဲ့အချိန်ကစပြီး အင်မောင်းကို မတွေ့ဖြစ်တော့ဘူးဆိုပါတော့။
ဒါပေမယ့် အိမ်ကိုဖုန်းပြောတဲ့အခါတော့ အင်မောင်း အကြောင်းထည့်ထည့်မေးမိတယ်။ အိမ်ကတော့ အင်မောင်းက အားကိုးရကြောင်း ၊ အိမ်ကို ငြိမ်းချမ်းအောင် သူကပဲ လုံခြုံရေးတာဝန်ယူထားကြောင်း၊ညဘက်ဆိုရင် မအိပ်ပဲတောင်အိပ်ရေးအပျက်ခံပြီး အိမ်ငြိမ်းချမ်းအောင်
ဆောင်ရွက်နေကြောင်းစသဖြင့်..အိမ်ကလည်းအင်မောင်းအကြောင်းရွှန်းရွှန်းဝေ ပြောဖြစ်ပါတယ်။
ဒီနှစ်လက်ပံတွေပွင့်တဲ့အချိန် အိမ်ကို ဖုန်းဆက်ဖြစ်တော့..အင်မောင်း..လက်ပံပွင့်တဲ့အချိန်မှာ ရူးသွားပြီလို့
အိမ်ကပြောတယ်။အရင်လို မဟုတ်တော့ပဲ မိသားစုတွေကိုပြန်ဟောင်တယ်။မိသားစုရယ် သူစိမ်းရယ်မခွဲခြားတတ်တော့ပဲ မြင်မြင်သမျှ ဟောင်တယ် ၊လိုက်စွဲတယ်ဖြစ်လာရာကနေ ..နောက်မှ လျှာကြီးတန်းလန်း..နဲ့ သွပ်သွပ်ခါအောင်ရူးပြီး ရွာရိုးကိုးပေါက် လျှောက်သွားရာကနေ..အခုတော့ အိမ်ကိုပြန်မလာတော့ဘူးတဲ့..။တစ်ချိန်က အိမ်ကို သူခိုးရန်ကနေ ငြိမ်းချမ်းအောင်ကာကွယ်ပေးခဲ့တဲ့ အင်မောင်း၊ စားစရာမရှိပိန်ညောင်ညောင်ဘ၀လေးကနေ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ခွေးကြီးတစ်ကောင်ဖြစ်လာခဲ့တဲ့ အင်မောင်း ၊ နောင်ပိုင်း မိသားစုတွေကိုပါ ပြန်ဟောင်လာတဲ့အင်မောင်း ၊သူများသတ်လို့ပဲ သေပြီလား ၊ ခွေးရူးရောဂါနဲ့ ပဲ သေပြီလား။ ဘယ်ဆီရောက်လို့ ဘယ်ဆီပေါက်နေလဲ မသိရပေမယ့်..တစ်ချိန်က..ကျွန်တော်တို့အိမ်က ပိန်ညောင်ညောင်ခွေးကလေးအင်မောင်း….
ကောင်းရာသုဂတိ ရောက်ပါစေလို့သာ ဆုတောင်းရင်း…..
မိုးနတ်မင်း

5 comments:
INMAUNG AUNGMIN!!!
ကောင်းလိုက်တဲ့ပုံပြင်....အံရေား
what.
လှေနံနှစ်ဖက်မနင်းရဘူးလေ။
အင်မောင်းဆိုတာအောင်မင်းပါ ဒီလိုရေးတာသိပ်ကောင်းဗျာ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်