Subscribe to our RSS Feed

အနုပညာဖန်တီးတာဟာ အနုပညာအတွက်ပဲဖြစ်ပါတယ်.. အမျိုးဘာသာအတွက် ဝါဒဖြန့်ဖို့ စာရေးတယ်ဆိုရင် ဒါဟာ အနုပညာမဟုတ်တော့ပါဘူး.. ရိုမန်ဘော့ဟာ ဒီလိုအမျိုးအစား ထဲက တစ်ခုပါ.. ~ ရိုမန်ဘော့ကို စာပေအရ ဝေဖန်ခြင်း

From : .. Aung Kaung Myat


တစ်ကယ်တမ်းက ရိုမန်ဘော့ဆိုတဲ့ စာအုပ်ကို ကျနော် အများကြီးမျှော်လင့်ထားတာပါ။ စာအုပ်ကို ဖတ်ပြီးတော့ စာရေးတဲ့သူအတွက်ရော၊ အမှာစာရေးတဲ့သူတွေအတွက်ရော တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ စာအုပ်တစ်ခုလုံးမှာ အဓိကပါတာဆိုလို့ ရိုမန်ဘော့ (စက်တစ်ပိုင်း လူတစ်ပိုင်း) ဖြစ်နေတဲ့သူနဲ့ တွဲတဲ့ အမျိုးသမီးတွေအကြောင်း၊ ၄င်းအမျိုးသမီးတွေနဲ့လိင်ဆက်ဆံမှု၊ အိုရှိုး၊ နစ်ရှေး၊ ဖူးကိုး၊ ဆိုင်မွန် ဒီဗူးဗွား စသူတို့ရဲ့ အတွေးအခေါ်တွေသာပါပါတယ်။

စာအုပ်ဇာတ်ကြောင်းကို မပြောခင် ကျနော့် သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Raphael Ram ပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို ပြန်ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ မှိုလိုပေါက်နေတဲ့ နိုင်ငံရေးကဗျာတွေကို သဘောမကျကြောင်း ပြောတဲ့အခါ သူပြန်ပြောတာက "နိုင်ငံရေးက အရှေ့ရောက်ပြီး အနုပညာက အနောက်ရောက်နေရင် ကဗျာမဟုတ်တော့ဘူး။ အလကားပဲ"။

အနုပညာဖန်တီးတာဟာ အနုပညာအတွက်ပဲဖြစ်ပါတယ်။ အမျိုးဘာသာအတွက်ဆိုရင် ဒါဟာ အနုပညာမဟုတ်တော့ပါဘူး။ ထို့အတူ စာရေးဆရာသိထားတဲ့ သို့မဟုတ် ယုံကြည်တဲ့ အတွေးအခေါ်တွေကို ဝါဒဖြန့်ဖို့ စာရေးတယ်ဆိုရင် ဒါဟာ အနုပညာမဟုတ်တော့ပါဘူး။ အနုပညာဟာ အနောက်ရောက်သွားလို့ ဖြစ်ပါတယ်။ (အားနာနာနဲ့ ပြောရရင်) ရိုမန်ဘော့ဟာ ဒီလိုအမျိုးအစားထဲက တစ်ခုပါ။

စာအုပ်မျက်နှာဖုံးမှာ Not for Conservatives လို့ရေးထားပြီး စာအုပ်ထဲမှာလည်း ကွန်ဆာဗေးတစ် လူ့အဖွဲ့အစည်းကို ဒေါသထွက်နေတဲ့ စာရေးဆရာရဲ့လေသံကိုတွေ့ရပါတယ်။ ကွန်ဆာဗေးတစ်၊ လစ်ဘရယ် အယူဝါဒနဲ့ ပတ်သက်လို့လည်း စာရေးဆရာ (ဒီကလူတချို့လည်း ဖြစ်တယ်လို့ ကျနော်ထင်တယ်) ဝိုးတဝါးဖြစ်နေတာတစ်ခုလည်း ရှိပါတယ်။ တစ်ကယ်တော့ ကွန်ဆာဗေးတစ်အယူဝါဒနဲ့ လစ်ဘရယ်အယူဝါဒနှစ်ခုမှာ ဘယ်ဟာက ပိုကောင်းတယ်၊ ဘယ်ဟာက ပိုဆိုးတယ် မရှိပါဘူး။ မြန်မာနိုင်ငံက ခေတ်ပညာတတ်တွေထဲမှာ ဆိုရင် ကိုယ့်ကိုယ်ကို လစ်ဘရယ်ဖြစ်မှ လူရာဝင်တယ်ထင်ကြတယ် ထင်ကြသလားမသိ အကုန်လုံးက လစ်ဘရယ်လို့ ကြွေးကြော်ကြတာ တွေ့နေရတယ်။ ကွန်ဆာဗေးတစ် အယူဝါဒကြောင့် လူ့အဖွဲ့အစည်းရဲ့ အသေးဆုံးယူနစ်တွေဖြစ်တဲ့ မိသားစုတွေရှိလာတယ်။ ဒီမိသားစုတွေကို အခြေခံပြီး မြို့ရွာတွေနဲ့ လူမှု ပိရမစ်တစ်ခုကို တည်ထောင်နိုင်လာတာပါ။ ထိုနည်းတူပဲ လစ်ဘရယ်ဝါဒကြောင့် လူ့တွေရဲ့အခွင့်အရေးတွေနဲ့ တစ်သီးပုဂ္ဂလဆန်မှုတွေ တိုးတက်လာတာပါ။

ဗြိတိသျှလူမျိုး ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ရဲ့ အကြံပေးစကားတစ်ခုကိုလည်း ပြန်လည် ဝေမျှချင်ပါသေးတယ်။ "စာရေးဆရာဆိုတာ မေးခွန်းမေးဖို့သာဖြစ်ပြီး အဖြေတွေ ပေးနေဖို့မဟုတ်ပါဘူး"။ အောင်ရင်ငြိမ်းဟာ ဒီစည်းမျဉ်းကို ကောင်းကောင်းကြီး ချိုးဖောက်ထားပါတယ်။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် အောင်ရင်ငြိမ်းရဲ့ စာအုပ်မှာ reference ပေးထားတဲ့ တွေးခေါ်ပညာရှင်တွေ စိတ်ပညာရှင်တွေထဲမှာ အိုးရှိုးတစ်ယောက်ကလွဲလို့ ကျန်သူတွေကို ကျနော်လေးစားပါတယ်။ ဒါပေမယ့် အောင်ရင်ငြိမ်းရဲ့ သူလက်ခံတဲ့ တွေးခေါ်မှု စနစ်ကို စာဖတ်သူတွေကို လက်ခံခိုင်းနေတာကို ကျနော် လုံးလုံး မနှစ်မြို့ပါဘူး။ ဒီ့အပြင် တချို့သော အသုံးအနှုန်းတွေ ဥပမာ "ခင်ဗျားတို့ ကွန်ဆာဗေးတစ်လူ့အဖွဲ့အစည်း၊ ခင်ဗျားလိုကွန်ဆာဗေးတစ် တစ်ယောက်ကတော့ လက်ခံနိုင်မှာ မဟုတ်ဘူး" စတာတွေဟာ စာဖတ်သူကို စော်ကားတဲ့ပုံသာပေါ်နေပါတယ်။

နောက်ထပ်စိတ်ပျက်မိတာကတော့ စာဖတ်သူကို သူပြောချင်နေတာတွေ အတင်းပြောပြနေတဲ့အချက်ပါ။ အောင်ရင်ငြိမ်းဟာ ဝတ္ထုရေးနေတာလို့ ကျနော်ထင်ပါတယ်။ အတန်းတစ်တန်းမှာ လက်ချာပို့ချနေတာ မဟုတ်ပါဘူး။ ဇာတ်ကောင်တွေရဲ့ စကားပြောခန်းတွေဟာ သဘာဝကျမှု ပျောက်ဆုံးနေပါတယ်။ ကျနော် မနှစ်မြို့ဆုံးအချက်ကတော့ စာဖတ်သူကို အိုးရှိုးပြောတဲ့စကားတွေ နစ်ရှေးပြောတဲ့စကားတွေထိုင်ပြောနေတာပဲ ဖြစ်ပါတယ်။ ဝတ္ထုရေးသူတစ်ယောက်ဟာ သူ့ရဲ့အတွေးတွေကို စာဖတ်သူကို ပေးချင်တာ သဘာဝပါပဲ။ ဒါပေမယ့် George Orwell ဟာ Animal Farm မှာ အာဏာရှင်ဗဟိုပြုစနစ် (ဝါ) ကွန်မြူနစ်စနစ်အကြောင်း တိုက်ရိုက်ဝေဖန်ထားတဲ့ တစ်ကြောင်းတစ်လေများပါပါသလား။ ဒါမှမဟုတ် Kobo Abe ရဲ့ The Woman in the Dunes မှာ ဖြစ်တည်မှုပဓါနဝါဒအကြောင်း ဘယ်တွေးခေါ်ပညာရှင်က ဘယ်လိုပြောခဲ့တာဆိုပြီး စာဖတ်သူကို တိုက်ရိုက်လက်ချာပေးနေတာများရှိပါသလား။ ဝတ္ထုအရေးအသားဟာ သာမန် စကားပြေအရေးအသားနဲ့ မတူတဲ့အချက်ဟာ ဇာတ်ကြောင်းကနေ စာဖတ်သူကို မိမိဘာသာ မေးခွန်းမေးစေပါတယ်။ ရိုမန်ဘော့မှာ ဒါဟာ သိသိသာသာပျောက်ဆုံးနေပါတယ်။

ရိုမန်ဘော့ရဲ့ စကားပြေရေးသားပုံဟာလည်း ပျော့ပျောင်းမှုမရှိဘဲ စကားပြေကောင်းတစ်ပုဒ်မှာ ပါဝင်သင့်တဲ့ ဥပမာအလင်္ကာနဲ့ ရူကပအလင်္ကာတို့ အတော်လေးနည်းပါတယ်။ စာဟန်ကလည်း သွက်ခြင်းမရှိဘဲ မိမိရေးလိုတဲ့ လိင်ကိစ္စ၊ လူမှုရေးဆိုင်ရာ အတွေးအခေါ်တွေကိုပဲစုပြုံထည့်ထားတာ အရုပ်ဆိုးလွန်းပါတယ်။

ဒီစာအုပ်ကို ဝေဖန်တာ စာပေရှုထောင့်ကဝေဖန်တာသာ ဖြစ်ပြီး ယဉ်ကျေးမှုဘက်က လုံးဝမပါပါဘူး။ freethinker တစ်ယောက်မှာ အဓိကထားရှိရမယ့်အချက်က လွတ်လပ်စွာတွေးခေါ်ဖို့ပဲဖြစ်ပါတယ်။ ဒါကိုပြောင်းပြန်လှန်လိုက်လို့ရှိရင် အခြားသူတွေကိုလည်း လွတ်လပ်စွာ တွေးခေါ်စေရပါမယ်။ အောင်ရင်ငြိမ်းမှာတော့ ဒီအချက်ပျောက်ဆုံးနေပြီး သူသဘောကျတဲ့ လူနေမှုစနစ်သစ်ကိုပဲ စာဖတ်သူကို ယုံခိုင်းနေတာဟာ ဝိရောဓိဖြစ်ပါတယ်။

ရိုမန်ဘော့စာအုပ်ကို ဝေဖန်ပြစ်တင်သံတွေ၊ တားမြစ်ပိတ်ပင်ဖို့လုပ်မယ်လို့ ကြားရပါတယ်။ ကမ္ဘာပေါ်မှာ ပထမဦးဆုံး အဝေဖန်ခံရတဲ့ စာအုပ်မဟုတ်လို့ သိပ်တော့မအံဩပါဘူး။ ကမ္ဘာပေါ်မှာ များမကြာသေးခင်က Murakami ရဲ့ Norwegian Wood ထွက်တုန်းကလည်း ဂျပန်ယဉ်ကျေးမှုနဲ့ မအပ်စပ်ဘူးလို့ဝေဖန်ခံရပါတယ်။ Toni Morrison ရဲ့ The Bluest Eye ထွက်တုန်းကလည်း အမေရိကန်ကျောင်းတွေမှာ မပြဌာန်းဖို့ ကန့်ကွက်မှုတွေ လုပ်ကြပါတယ်။ ဒီစာအုပ်နှစ်အုပ်လုံးမှာ သာမန်စာအုပ်ထက်လွန်ကဲတဲ့ လိင်မှုရေးရာတွေပါကြပါတယ်။ ဒါပေမယ့် ဘယ်အရာကများ ဒီဝတ္ထုနှစ်အုပ်ကို ဝေဖန်မှုတွေကို ကျော်လွှားပြီး အောင်မြင်စေပါသလဲ။ သေချာတာကတော့ လိင်မှုရေးရာတွေပါလို့ ဒီစာအုပ်တွေနာမည်ကြီးတာမဟုတ်ပါဘူး။ Norwegian Wood မှာ တိုတောင်းပြတ်သားပြီး ကြိယာတွေပေါပေါများများသုံးနိုင်တဲ့ ရေးဟန်၊ လူ့တွေရဲ့ အထီးကျန်ဆန်မှု ဝေဒနာ၊ လူ့ဘဝရဲ့ စိမ်းကားလွန်မှု၊ သေခြင်းတရား၊ ခွဲခွာရခြင်း စတာတွေကို ကောင်းကောင်းထင်ဟပ်နိုင်ပါတယ်။ The Bluest Eye မှာတော့ ဇာတ်ကြောင်းပြောခြင်းကို ပထမနာမ်စားတစ်လှည့် တတိယနာမ်စားတစ်လှည့်သုံးနိုင်တဲ့ အတတ်ပညာ၊ လူဖြူတွေအတိုင်း မျက်လုံးအပြာဖြစ်ချင်တဲ့ အာဖရိကန် လူမည်းမလေးတစ်ဦးရဲ့ ဆန္ဒကို အလှပဆုံး ဖော်ကျူးမှုဟာ စာအုပ်ကို ကယ်တင်လိုက်ပါတယ်။

စာပေအသေခံဗုံးခွဲဖို့လေ့ကျင့်နေမယ့်အစား မြန်မာစကားပြေကို လျော်ညီမယ့် အင်္လကာ၊ ကောင်းမွန်တဲ့ စကားပြောတည်ဆောက်မှု၊ ခိုင်မာတဲ့ဇာတ်လမ်းကျောရိုးနဲ့ပဲ ရေးတတ်အောင်ကြိုးစားရဦးမှာပါ။


.. www.MyanmarExpress.net
 

2 comments:

သူက​ဖောက်​ထွက်​တာမဟုတ်​ဘူး
ဖောက်​ဖျက်​တာလူ့ကျင့်​ဝတ်​ကိုတိရစာန်​လို​နေချင်​​နေတာ

ဒီကောင်ကနာမည်ကြီးဖို့လုပ်တာပါ။ ဟိုတစ်လောက အခြောက်နှစ်ကောင်နာမည်ကြီးချင်လို့ မင်္ဂလာဆောင်သလိုပါပဲ။ ဒီတော့ ဒီကောင့်စာအုပ်တွေဝေဖန်မနေပါနဲ့ဗျာ၊ အလကားနေရင်း ဘ၀င်မြင့်နေပါအုံးမယ်။ ဘာမှပြောမနေကြပါနဲ့၊ အဲလူတကာကိုဖတ်စေချင်ရင်တော့ မြန်မာအောစာအုပ်များဆိုတဲ့ ၀က်ဆိုဒ်တွေမှာတင်ပေးလိုက်ကြပေါ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်