Subscribe to our RSS Feed

ရွှေဝါရောင် တော်လှန်ရေးကာလ တပ်မတော်ဗိုလ်မှူးဖြစ်ခဲ့သူ ထုတ်ဝေသည့် Hot News ဂျာနယ်နှင့် ရခိုင်အရေးတွင် စာနယ် ဇင်းကျင့်ဝတ်နှင့် လူမှုကျင့်ဝတ်တို့ ဖောက်ဖျက်ဖော်ပြ ခဲ့သော လျှပ်တစ်ပြက် (ဦးမြတ်ခိုင်)တို့ အကြောင်း ဖွင့်ချခြင်း

From : .. https://www.facebook.com/MyanmarMediaWatch


တပ်မတော်အစိုးရ လက်ထက် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလတွင် တပ်မတော် ဗိုလ်မှူးတာဝန်ဖြင့် ရန်ကုန်မြို့တွင် စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်မှူးဝေဖြိုးမင်း(ငြိမ်း) ထုတ်ဝေသည့် Hot News ဂျာနယ် (ဇွန်၁၉)ရက် ဖြန့်ချိခဲ့ရာတွင် မြန်မာသံတော်ဆင့် သတင်းဂျာနယ်အား ဆရာတော်၊ သံဃာတော်များနှင့် အထင်အမြင် လွဲမှားအောင် စွပ်စွဲပုတ်ခတ် တိုက်ခိုက်ရေးသား ဖော်ပြခဲ့သည်။ ထို့အတူ ယခင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက် မဟာသတင်းဂျာနယ် အပါအ၀င် ထောက်လှမ်းရေးများနှင့် ပူးပေါင်း၍ သတင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် ဦးမြတ်ခိုင်က ၎င်း၏ လျှပ်တစ်ပြက် ဂျာနယ်တွင်လည်း မြန်မာသံတော်ဆင့်နှင့် အလိုတော်ပြည့် ဆရာတော် သတင်းကိစ္စကို ထင်ယောင် ထင်မှား ဖြစ်စေရန် စာနယ်ဇင်း ကျင့်ဝတ် ဖောက်ဖျက်သည့် ရေးသားမှုမျိုးဖြင့် အကျယ်တ၀င့် ရေးသားဖော်ပြခဲ့သည်။

မြန်မာသံတော်ဆင့် အနေဖြင့် မည်သည့် သတင်းဂျာနယ် စာနယ်ဇင်းကိုမျှ တိုက်ခိုက်ဖော်ပြခြင်း မပြုလို သော်လည်း ၎င်းတို့၏ မမှန်မကန် ဖော်ပြမှုမျိုးများ များပြားလာသည့်အခါ လမ်းကြောင်းမှန်သို့ ရောက်စေရန် အလို့ငှာ သတိပေးရေးသား ဖော်ပြရန် တာဝန်ရှိလာသည့် ပြည်သူ့ အကျိုးပြု ပုဂ္ဂလိက မီဒီယာစစ်စစ်တို့၏ ခံယူချက်အတိုင်း တုံ့ပြန်ရမည်သာ ဖြစ်သည်။ မြန်မာသံတော်ဆင့် အနေဖြင့် ၎င်းတို့ဖော်ပြသော အလိုတော်ပြည့် ဆရာတော်နှင့် စပ်လျဉ်းသည့် သတင်းကိုပြန်လည် တုံ့ပြန် ဖြေရှင်းပြီး ဖြစ်ပါသည်။ မြန်မာသံတော်ဆင့်၏ ခိုင်မာသော စာဖတ်ပရိသတ်များက နားလည် သဘောပေါက် လက်ခံပြီးလည်း ဖြစ်ပါသည်။
Hot News ဂျာနယ်သည် ယခင်တပ်မတော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရလက်ထက် နယက ကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီး ဒေါ်ဟေမာ(မမ) အယ်ဒီတာချုပ် ဆောင်ရွက်လျက်ရှိပြီး ထုတ်ဝေသူမှာ တပ်မတော်မှ အသက်မပြည့်မီ အငြိမ်းစားပေးခြင်း ခံရသော ရွှေဝါရောင် တော်လှန်ရေးကာလ ဗိုလ်မှူးဟောင်း ဦးဝေဖြိုးမင်းတို့ စီစဉ် ထုတ်ဝေလျက်ရှိသော ဂျာနယ်တစ်စောင်သာ ဖြစ်ပါသည်။ လျှပ်တစ်ပြက် ဂျာနယ်သည်လည်း ယခင် တပ်မတော်အစိုးရ လက်ထက် ပြန်ကြားရေး ၀န်ကြီးဌာန၏ အာဘော်များကိုသာ အကျယ်တ၀င့် ဖော်ပြလေ့ရှိသော၊ ယခု အစိုးရသစ်လက်ထက် ကြံ့ခိုင်ရေးပါတီ လူကြီးများ၏ ပွဲသတင်းများ ကိုသာ အကျယ်တ၀င့် ဖော်ပြလေ့ရှိသော ဂျာနယ်တစ်စောင် ဖြစ်သည့်အပြင် ၂၀၁၃ ဇွန်လ ရခိုင်အရေးအခင်း၌ ရက်စက်စွာ သတ်ဖြတ်ခံရသော မသီတာထွေး၏ ဓာတ်ပုံကို စာနယ်ဇင်း ကျင့်ဝတ်သာမက လူမှု ကျင့်ဝတ်ကိုပါ ဖောက်ဖျက်၍ ဖော်ပြခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး၌ အစိုးရ၏ တရားစွဲဆို ခံခဲ့ရသော ဂျာနယ် တစ်စောင်လည်း ဖြစ်ပါသည်။ ဦးမြတ်ခိုင်၏ လျှပ်တစ်ပြက် ဂျာနယ်သည် အစိုးရ၏ မီဒီယာဖြစ်သော ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာများနည်းတူ ရခိုင်အရေးတွင် အဆိုပါ ဖော်ပြချက် အရေးအသားများဖြင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်အောင် လှုံ့ဆော် ရေးသား ဖော်ပြခဲ့ခြင်းဖြစ်သည်။

မြန်မာသံတော်ဆင့် အနေဖြင့် မည်သည့် လှုံ့ဆော်မှုများမှ ပြုလုပ်ခြင်းမရှိဘဲ အစိုးရမှပြောလျှင် ပြောသည့်အတိုင်း၊ ပုဂ္ဂလိကတို့မှ ဆိုင်ရာဆိုင်ရာ ပြောလျှင် ပြောသည့်အတိုင်း မခြွင်းမချန် အမှန်တရားဘက်မှ ရပ်တည်၍ ရေးသား ဖော်ပြလျက်ရှိပါသည်။ မြန်မာသံတော်ဆင့်သည် မည်သည့် ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှု ကိုမျှ နောက်တွန့်ခြင်း မရှိဘဲ စာဖတ်ပရိသတ် ပြည်သူများအပေါ်ကိုသာ သစ္စာခံ၍ ရပ်တည်နေသည့် မူဝါဒ အတိုင်း လျှောက်လှမ်းလျက်ရှိပါသည်။ ပုဂ္ဂလိက မီဒီယာစစ်စစ် ဖြစ်သော မြန်မာသံတော်ဆင့် အပေါ်ယခင် တပ်မတော်အစိုးရ အာဏာရှင်ဟောင်းများ၏ ဂျာနယ်များမှ တိုက်ခိုက် မှုများသည် အများပြည်သူတို့၏ နိုင်ငံရေး သမိုင်းမှတ်တမ်းတွင် အာဏာရှင်များ အလိုကျ လုပ်ရပ်များအဖြစ် ဟူ၍သာ မြန်မာသံတော်ဆင့်မှ ရှုမြင် ပါကြောင်း အယ်ဒီတာအဖွဲ့မှ မြန်မာသံတော်ဆင့်သို့ နေ့စဉ် မေးမြန်း အားပေးလျက်ရှိကြသော စာဖတ် ပရိသတ်များအား တုံ့ပြန် ဖြေကြားထားပါသည်။

လျှပ်တစ်ပြက်ဂျာနယ် အတွဲ(၄)၊ အမှတ်(၈၇) တွင် ““…ဓားစာခံဖြစ်ခဲ့ရဟု မိန့်ကြား”” ခေါင်းစဉ်ဖြင့် စာနယ်ဇင်း ကောင်စီသို့ တိုင်ကြားစာ၊ မြန်မာသံတော်ဆင့်မှ သဘောထား ကြေညာချက်တို့ ထည့်သွင်းလျက် ဦးမြတ်ခိုင်မှ မေးမြန်း၍ ဆရာတော်နှင့် ဦးကုမာရ(ဦးဇင်းဘီလူး) အင်တာဗျူး ဖော်ပြခဲ့ရာ ၎င်းအင်တာဗျူးအနေဖြင့် မည်သည့် နေ့ရက် အချိန်ကာလ ဖော်ပြထားခြင်းမရှိဘဲ မြန်မာသံတော်ဆင့်မှ ကြေညာချက် ထုတ်ပြန် ဖြေရှင်းထားပြီး နောက်ပိုင်းမှ ပြောကြားထားသည့် အသွင်သဏ္ဌာန်ဖြင့် ဖော်ပြ ထားသည်ကို တွေ့ရသည်။

ထိုသို့ ဖော်ပြခြင်းမှာ စာနယ်ဇင်းသမား တစ်ဦးအနေဖြင့် ထင်ယောင်ထင်မှား ဖြစ်စေသော၊ ပြဿနာရပ်များကို ပိုမိုကြီးထွားစေရန် လှုံ့ဆော်သော သဘောပင်ဖြစ်ကြောင်း တွေ့ရှိရသည်။ လျှပ်တစ်ပြက် ဂျာနယ်သည် ယခင် တပ်မတော်အစိုးရ လက်ထက် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်း၍ သတင်းများ ရေးသားခြင်း၊ တပ်မတော် ထောက်လှမ်းရေး အာဏာပိုင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခြင်း၊ အစိုးရသစ် လက်ထက် ရခိုင်အရေးပဋိပက္ခ ဖြစ်ပွားနေချိန်တွင် အသတ်ခံရသော ရခိုင်အမျိုးသမီး မသီတာထွေး၏ ဓာတ်ပုံကို စာနယ်ဇင်း ကျင့်ဝတ်သာမက လူမှုကျင့်ဝတ်ကိုပါ ဖောက်ဖျက်၍ ဖော်ပြခဲ့ခြင်း စသည်တို့ကို စဉ်ဆက်မပြတ် ဖော်ပြလေ့ရှိခဲ့သည်။

ထိုကဲ့သို့ စာနယ်ဇင်းသမား တစ်ဦးအနေဖြင့် အမေး၊ အဖြေ အင်တာဗျူးကို အချိန်ကာလ ပြဋ္ဌာန်းချက် မပါဘဲ ထည့်သွင်းခဲ့ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စာနယ်ဇင်းလောက၌ အင်တာဗျူး အတတ်ပညာတွင် အထင်ကရ ပုဂ္ဂိုလ်ဖြစ်သည့် သတင်းစာဆရာ ဦးဟိန်းလတ်က-

““အဲဒါ ကျင့်ဝတ် မညီဘူးလေ။ Date မပါရင် မရဘူးလေ။ တစ်ချိန်တုန်းက ပြောတဲ့ဟာကို လိုတဲ့အခါမှာ ၀င်သုံးတယ်။ ဒါကဗျာ ခင်ဗျားရိုးရိုးပဲ စဉ်းစားကြည့် လူကောင်းတစ်ယောက် ဆိုရင်လည်း မလုပ်ဘူး။ စာနယ်ဇင်း သမားဆိုရင် ပိုတိကျတဲ့အတွက် ပိုမလုပ်ဘူး။ အဲလိုသာဆို တစ်သက်လုံး ဘယ်ပြီးတော့မလဲဗျာ။ ပြောစကားတွေမှတ်ထား။ လူဆိုတာ ပြောင်းလဲတတ်တယ်။ မပြောင်းလဲရင် လူမဟုတ်ဘူး။

အဲဒီသတင်းပေါ် မူတည်ပြီးတော့ နောက်ကြောင်းပြန်တဲ့ ကိစ္စမျိုးတွေ၊ ဒီ သတင်းအပေါ်မှာ ဝေေ၀၀ါးဝါးဖြစ်သွား အောင်၊ စာဖတ်သူ သံသယ၀င်သွားအောင် လုပ်ရင်တော့ ဒါကမှားတယ်။ ဒါပေမဲ့အဲဒါ ကလည်း စာဖတ်တဲ့ သူက သိတာ၊ တမင်ဖြစ်စေချင်လို့ ပြည့်ပြည့်၀၀ စာဖတ်သူကို သိစေချင်လို့ ပေးတာလား။ သို့မဟုတ် အဲဒီလူကို အဆင်း ဘီးတပ်ပေးဖို့ ထည့်တာလား ဆိုတာကတော့ စာဖတ်ပရိသတ်က သိတယ်။ အဲဒီတော့ စာဖတ် ပရိသတ်ရဲ့ မှတ်ကျောက်ပဲ။ စာဖတ်ပရိသတ်ကို ဝေေ၀၀ါးဝါးဖြစ်ပြီးတော့ ရေးနေတဲ့ ပုံစံဟာ ဘယ်ဦးတည်ချက် ကို သွားနေသလဲ ဆိုတာမျိုးကို စာဖတ်ပရိသတ်က မြင်ယောင်သွားမယ်””ဟု မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။

ဦးမြတ်ခိုင်သည် လက်ရှိ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၌ ပါဝင်ပြီး တပ်မတော်အစိုးရ ၀န်ကြီးအချို့နှင့် ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အချို့၏ အားကိုးအားထား ပြုခြင်းကို ခံရသူ တစ်ဦးဖြစ်ကာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက ကြံ့ခိုင်ရေးကို ထောက်ခံရန် စည်းရုံးလှုံ့ဆော် ထုတ်လွှင့်ပြသသည့် တေးသီချင်း ဇာတ်လမ်းများ၌ ဦးမြတ်ခိုင်၏ လျှပ်တစ်ပြက် ဂျာနယ်မှ တက်တက်ကြွကြွ ပါဝင်သူအချို့် ရှိခဲ့သည်။


.. www.MyanmarExpress.net
 

2 comments:

မြန်မာသံတော်ဆင့် is childishly crying "FOUL" to its rival media. How funny.

ဟောင်စမ်းကွာ သံတော်ဆင့်
" ... မူတည်ပြီးတော့ နောက်ကြောင်းပြန်တဲ့ ကိစ္စမျိုးတွေ၊ ဒီ သတင်းအပေါ်မှာ ဝေေ၀၀ါးဝါးဖြစ်သွား အောင်၊ စာဖတ်သူ သံသယ၀င်သွားအောင် လုပ်ရင်တော့..." တဲ့
မင်းဂျာနယ်တစ်ခုလုံးလည်း နောက်ကြောင်းလှန်တဲ့ ဂျာနယ်ဘဲ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်