Subscribe to our RSS Feed

ငြိမ်းချမ်းရေးနှင့် ရှေ့နေများ



ကမ္ဘာတည်သ၍ မြန်မာတည်ရမည်။ မြန်မာတည်သ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရှိနေမည်ဟု ထင်ရသည်။ ကမ္ဘာ့အကြာရှည်ဆုံး ပြည်တွင်းစစ်ရှိနေသာ မြန်မာနိုင်ငံအဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကလည်း ကမ္ဘာ့အကြာရှည်ဆုံး တွေဆုံမှုဟုပင် မှတ်ယူရမည်ထင်သည်။ နိုင်ငံတကာကတော့ မြန်မာလူမျိုးတွေ တော်တော် ညှိရ နှိုင်းရ ခက်တဲ့သူတွေပဲဟု ထင်ကြမည်လားမသိ။ ထင်စရာကလည်း ဖြစ်နေပြီ။

          ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကို ၂၀၁၂ ခုနှစ် မေလဆန်းတွင် သမ္မတရုံးမှ ဒုတိယသမ္မတဦးဆောင်ကာ ဖွဲ့စည်းခဲ့သည်။ ၎င်း၏အောက်တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန     ( Myanmar Peace Center- MPC ) ကို ဖွဲ့စည်းပြီး ဝန်ကြီး၊ဒုဝန်ကြီး ၁၃ ဦးဖြင့် ထပ်မံဖွဲ့စည်းခဲ့သည်။ ဝန်ကြီးများအနက် ဦးအောင်မင်းသာ သမ္မတရုံးဝန်ကြီးဖြစ်၍ ထိထိရောက်ရောက်လုပ်နိုင်သည်။ ကျန်သူတွေက ပံ့ပိုးမှုသာပေးနိုင်သည်။ ဦးအောင်မင်း၏ ထကြွလုံ့လကြောင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လက်နက်ကိုင်အဖွဲ့အစည်းများ ရောက်လာကြ သည်ဆိုက မှားအံ့မထင်။ MPC တွင် မြေပြင်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပညာရှင်များကို သမ္မတကြီးက ခန့်ထားပေးခဲ့သည်။ ဦးအောင်မင်းက ထိုပညာရှင်များနှင့် နီးနီးကပ်ကပ်ထိတွေ့စီမံဆောင်ရွက်သည်။ ထိုသူတွေကလည်း ကျွမ်းကျင်ပညာရှင်ပီသစွာ ဆောင်ရွက်ကြသည်။ ငြိမ်းချမ်းရေးခရီးကား မဝေးလှ။

          သို့သော် ရောက်ကားမရောက်သေး။ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရာ ၁၄ ဖွဲ့မှာ အပစ်အခတ်ရပ်စဲသောအဆင့်သို့ရောက်နေပြီ။ နိုင်ငံရေးအရ ဆွေးနွေးရန်ကျန်သည်။   ၂ ဖွဲ့ကတော့ ဆွေးနွေးဆဲ အဆင့် ဖြစ်သည်။ KIO နှင့် TNLA ကတော့ ငြိမ်းချမ်းရေးပွဲသို့တက်သော်လည်း အပစ်အခတ်က ရပ်မထားပေ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက တိုးတက်မလာခဲ့။ စစ်မြေပြင်တွင် သေဆုံးထိခိုက်ဒဏ်ရာရသော နှစ်ဖက်သော မြန်မာနိုင်ငံသား တပ်ဖွဲ့ဝင်တွေသာများလာခဲ့သည်။ မိဘမဲ့ကလေးများနှင့် မုဆိုးမများသာ တိုးတက်လာခဲ့သည်။ KIA ကို အပြုတ် တိုက်ရမလားဆိုတော့လည်း စကားဝိုင်းဆွေးနွေးပွဲ ရောက်နေပြီမို့ သမ္မတကြီးက မတိုက်စေချင်။ စကားဝိုင်းအတိုင်းသာ သွားစေချင်သည်။ ဒီအတွက် ပညာရှင်တွေ ခန့်ပေးထားသည့် သမ္မတကြီးက တာဝန်ကျေပြီ။

          ဒါဆိုဘယ်သူ တာဝန်မကျေတုန်း။ ကာချုပ်လား၊ ဦးအောင်မင်းလား။ ဒါလည်း မဟုတ်သေးဘူး။ ကာချုပ်က သမ္မတကြီးက ရပ်ဆိုလို့ လိုင်ဇာကို လက်တစ်ကမ်းအလိုမှာ ထိုးစစ်ရပ်လိုက်သည်။ အသက်ပေးပြီး တိုက်ထားတဲ့ အစိုးရ တပ်သားတွေဘက်က အံကြိတ်သံတွေကြားလိုက်ရသည်။ ဦးအောင်မင်းကလည်း အိမ်ရောင်းပြီး ငြိမ်းချမ်းရေးလုပ်နေသည်။ သူ့ကိုယ်ကျိုးထဲကတောင်ပါနေပြီ။ သူဆွေးနွေးခဲ့လို့ ငြိမ်းချမ်းရေး ခရီးအတော်ရောက်နေပြီ။ ဒါဆို နာမည်ကျော် ဦးအောင်သောင်းကရော ဘာလုပ်နေပါလိမ့်။ ဦးအောင်သောင်းလည်း ထိုနည်းနှင်နှင် ဆောင်ရွက်ပေးခဲ့ဖူးသည်။ သူက အစိုးရဝန်ကြီးမဟုတ်၊ လွှတ်တော်ဘက်က ဖြစ်သည်။ ဒါပေမယ့် အစိုးရအတွက် လုပ်ပေးသည်။ မြန်မာနိုင်ငံကို ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းများနှင့် မိတ်ဆက်ပေးသူ ဦးသိန်းဇော်ကလည်း SSA (ဝမ်ဟိုင်း) နှင့် မိုင်းလားကို ချုပ်ပေးထားသည်။ ဝန်ကြီးဦးစိုးသိမ်းကတော့ ငြိမ်းချမ်းရေး မြန်မြန်ရအောင် ကားအသစ်တွေ တိုင်းရင်းသား လက်နက်ကိုင်တွေကို စီစဉ်ပေးထားလေသည်။

ပညာရှင်တွေဘက်ကြည့်ပါက ပညာရှင်ထဲတွင် ဦးညိုအုန်းမြင့်လို တိုင်းရင်းသားလက်နက်ကိုင်တွေရော၊ ပြည်ပ NGO တွေနှင့်ရောနှံ့စပ်သူတွေရှိသည်။ သူက နယ်နယ်ရရမဟုတ်။ နအဖ ခေတ်က ပြည်ပအခြေစိုက် NLD-LA ၏ အကြီးအကဲ တစ်ယောက်ဖြစ်သည်။ ဒေါက်တာဇော်မင်းဦးလို အမေရိကန်ဒုသမ္မတနှင့် လက်တွဲလုပ်ခဲ့တဲ့ ပဋိပက္ခများစီစစ်ရေးနှင့် ဆုံးဖြတ်ချက် ချမှတ်ရေးပါရဂူတွေရှိသည်။ နအဖခေတ်က  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ မူဝါဒတွေ ချမှတ်ရာတွင် အဓိကအခန်းမှ ပါဝင်ခဲ့သူဖြစ်သည်။ အမေရိကန်စစ်တပ်တွင်လည်း ညွှန်မှူးအထိလုပ်ဖူးသည်။ အာဖဂန်အရေးလည်း ပါဝင်ခဲ့သူပညာရှင်ဖြစ်သည်။ ဦးအောင်နိုင်ဦးလို DDR ခေါ် တပ်များဖျက်သိမ်းရေး။ လက်နက် ဖြုတ်သိမ်းရေး၊ ပြန်လည်နေရာ ချထားရေး ကျွမ်းကျင်သူ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူတွေရှိသည်။ သူက မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက်တစ် တပ်ဦးတွင်ပါဝင်ဦးဆောင်ခဲ့သူဖြစ်သည်။
 ဒေါက်တာဆလိုင်းငွန်ကျုံးလျန်လို ဥပဒေပါမောက္ခတွေ ပါသည်။ ဦးတင်အောင်မိုးလို ဆွေးနွေးပွဲများ စီစဉ်ကျင်းပမှု နိုင်ငံတကာအတွေ့အကြုံကြီးသူတွေပါသည်။ ထို့ပြင် နအဖ လက်ထက် ပြည်တွင်းတွင် နေရာကောင်းကောင်းရခဲ့သော ဦးလှမောင်ရွှေတို့၊ ဦးတင်မောင်သန်းတို့လို UMFCCI က သူဋ္ဌေးတွေပါသည်။ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာသန့်မြင့်ဦးတို့လို အပြောကောင်း၊ အဟောကောင်း ထက်မြက်သည့် ပညာရှိတွေပါသည်။ ပညာရှင်အဖွဲ့တွင် နအဖကို တော်လှန်ခဲ့သူ၊ မြန်မာပြည်တရုတ်လက်ထဲကျအောင် စီးပွားရေး ပိတ်ဆို့ခဲ့သူ၊ နအဖ လက်ထက်ရောက်မှ ကြီးပွားသူ၊ နအဖကို ဝေဖန်ရင်း ပါရဂူကျမ်းရသွားသူ စသည်ဖြင့် ပညာရှင်တွေ စုံလှသည်။ နိုင်ငံတကာ အလှူရှင်အဖွဲ့များထိ ပေါက်ရောက်သူတွေလည်းပါသည်။

          ထိုအဖွဲ့က ပညာရှင်တွေသည် ပြောရလျှင် အစိုးရဘက်ရော၊ တိုင်းရင်းသားလက်နက်ကိုင်များရော မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်ခဲ့သူများဖြစ်သည်။ သမ္မတကြီးက ကြားလူအဖြစ် ထိုသူတွေကို ရှေ့နေငှားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာသိ ပုဂ္ဂိုလ်တွေလည်းပါသည်။ UN ကိုအိပ်ကပ်ထဲထည့်နိုင်သူတွေလဲပါသည်။ ထိုရှေ့နေအဖွဲ့က နှစ်ဖက်လုံးအတွက် ဝင်ဆံ့သည်။ အကြောင်းလည်းသိသည်။ နိုင်ငံတကာ အတွေ့အကြုံလည်းရှိသည်။ ထို့ကြောင့် အစိုးရဘက်မှ လိုအပ်သည်ကို ပံ့ပိုးစေ၍ မြေပြင်တွင် သူတို့က လုပ်ငန်းများဆောင်ရွက်ပေးကြသည်။ သမ္မတကလည်း အခွင့်အရေး ပေးသည်။ ဦးစိုးသိန်းကလည်း ကားတွေပေးသည်။ ဦးအောင်မင်းကလည်း အိမ်ရောင်းပေးသည်။ မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ရှင်သန်စေလိုသော အနောက်ဥရောပနိုင်ငံတွေကလည်းထောက်ပံ့ပေးသည်။ အထူးသဖြင့် နော်ဝေမှ ငြိမ်းချမ်းရေးအလှူရှင်အဖွဲ့၏ အထောက်အပံ့ကို ကောင်းကောင်းရရှိသည်။ ဆွေးနွေးပွဲတိုင်း နိုင်ငံတော်မှ ငွေကြေး အမြောက်အများအကုန်ခံကာ ပြည်သူ့ဘဏ္ဍာငွေများမှ ကျခံလည်းဆောင်ရွက်ပေးသည်။

          တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ လိုင်ဇာညီလာခံတွင် NCCT ကိုဖွဲ့စည်းခဲ့သည်။ တစ်ဖွဲ့ချင်းမဟုတ်တော့။ စုပေါင်းအဖွဲ့ဖြင့် ပြည်ထောင်စုအစိုးရနှင့်ဆွေးနွေးမည်။ KNUလို တိုင်းရင်းသားများဘက်ကလည်း ငြိမ်းချမ်းရေး လိုချင်သည်။ နှစ်ပေါင်းများစွာ တိုက်လာသည်မှာ အကျိုးမရှိဘဲ ပြည်သူသာနစ်နာပြီး တိုင်းပြည်ဒုက္ခရောက်သည်ကို သဘောပေါက်သည်။ NCCT နှင့်အစိုးရအဖွဲ့ ဆွေးနွေးတာ ၉ ကြိမ်ရှိပြီဖြစ်သည်။ သို့သော် အရွေ့ကားနှေးလှသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် KIA လို အခွင့်သာပါက ပြည်ထောင်စုမှ ခွဲထွက်မည့်သူတွေလည်းရှိသည်။ ဗိုလ်မှူးကြီး ခွန်ဥက္ကာလို ၀ မရှိဘဲ ဝိ လုပ်ချင်သူတွေရှိသည်။ UWSA နှင့် မိုင်းလားအဖွဲ့လို မီးစင်ကြည့်ကမည့်သူတွေ ရှိသည်။ KIA တစ်ဖွဲ့ပင် ၁၅ ကြိမ် ဆွေးနွေးပြီးချေပြီ။ 

           သို့သော် ယမ်းငွေ့ကားမပြယ်။ ထို့ပြင် ဗိုလ်ချုပ်ဂွမ်မော်က အမေရိကန်မှပြန်လာပြီး ကချင်လူထုက လွတ်လပ်တဲ့သမ္မတနိုင်ငံထူထောင်လိုကြောင်း ပြောသံထွက်လာသည်။ MPC က တုန့်ပြန်မှု မသိရသေး။ ကချင်မြေက မြန်မာ ပြည်မြေပုံမှ ပျောက်လုလု ဖြစ်တော့မည်။ ဒိုင်ယာလော့ခ်သမားတွေက လာမည့်ဆွေးနွေးပွဲအတွက် အရက်ပုလင်း ဝယ်ကောင်းတုန်းပင်။ ဆွေးနွေးပွဲတွေကို စရိတ်သောက်သောက်လဲ အကုန်ခံလုပ်နေသော်လည်း အခြေအနေသိသိသာသာ တိုးတက်မလာဘဲ စုပေါင်းအရက်သောက် စားပွဲကြီးလုပ်ပြီး ပြန်သွားသည်က များနေသည်။ နိုင်ငံဘဏ္ဍာငွေ ပြည်သူ့အသုံးစရိတ်တွေဖြင့် သောက်စားမူးယစ်ပျော်ပါးလိုက်ကြသည်။ MPC ရုံးအဖွဲ့ကလူတွေသာ ချမ်းသာလာကြသည်။ ပါမစ်တွေ တစ်ခုပြီးတစ်ခု ရလာသည်။ ကချင်ပြည်နယ်မှာတော့ ကလေးတွေ ကျောင်းပိတ်နေဆဲ၊ နှစ်ဖက်စစ်သားတွေ သေနေဆဲ၊ ဆေးဝါးပြတ်လပ်နေတဲ့ လူနာတွေရှိနေဆဲပင်ဖြစ်သည်။

          ငြိမ်းချမ်းရေးလိုချင်သော လက်နက်ကိုင်တိုင်းရင်းသားများနှင့် ၎င်းတို့နှင့်လက်တွေ့ရင်ဆိုင်နေသာ အစိုးရတပ်နှင့် ထိပ်တိုက်ဆွေးနွေးသင့်သည်။ ပြီးခဲ့သော ရန်ကုန်ဆွေးနွေးပွဲတုန်းက အစိုးရစစ်တပ်က ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ တက်တော့ ကိစ္စတော်တော်ပြတ်သည်။ နှစ်ဖက်ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တာတွေ့ရသည်။ ကြားပွဲစား ရှေ့နေတွေနှင့် မပြီးတာတွေ ပြီးကုန်သည်။ ဒီအတိုင်းဆက်သွားရင် အဖြေတစ်ခုထွက်နိုင်သည်။ ပဋိပက္ခသည် ဆွေးနွေးပွဲများဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်က အကောင်းဆုံးဖြစ်သည်။ နောက်ဆုံးနည်းကတော့ အင်အားသုံးဖြေရှင်းခြင်းဖြစ်သည်။ အီရောအီရောလုပ်နေခြင်းထက် ပြတ်သားတဲ့ အဖြေထွက်ဖို့လိုသည်။ ကမ္ဘာတည်သ၍ ကျင်းပနေမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတော့ မဖြစ်ချေ။ နိုင်ငံရေးဆွေးနွေပွဲအဆင့်ပြတ်ဖို့လိုသည်။ အစိုးရသက်တမ်းမကုန်မီ ၆ လမတိုင်မီ ပြတ်သင့်သည်။ အခြေခံဥပဒေပြင်ဆင်ရေးကလည်း ရွေးကောက်ပွဲမတိုင်မီ ၆ လဟုအချိန်ကန့်သတ်ပေးထားသည်။ တော်ကြာ တိုင်းရင်းသားလက်နက်ကိုင်တွေ အခြေခံဥပဒေအပေါ် မဆွေးနွေးရ ဖြစ်ပေလိမ့်မည်။

          အခုလို အချိန်ဆွဲနေခြင်းက ပုံပြင်တစ်ခုကို သတိရမိသည်။ စစ်တပ်က ဗိုလ်ချုပ်ကြီးတွေ တိုင်းရင်းသားတွေနှင့် ထိပ်တိုက်ဆွေးနွေးတော့ အမြန်ပြီးစရာတွေ ဖြစ်လာ၍ ရှေ့နေသားအဖပုံပြင်ကို သတိရမိခြင်းဖြစ်သည်။ ရှေ့နေ ပေါက်စလေးက သူ့အဖေရှေ့နေကြီးကို အဖေရေသားတော့ အဖေ့လက်ထက်ကမပြတ်တဲ့ တရားမမှုကြီးကို သားဒီနေ့ပဲ အပြတ်ဖြတ်ခဲ့ လိုက်တယ်တဲ့။ သူ့အဖေက သူ့သားကို ချီးကျူးခြင်းမပြုဘဲ မင်းတော်တော်မိုက်တဲ့ ကောင်ပါလားကွာ ဒီအမှုနှင့်မင်းကို ဘွဲ့ရအောင် ကျောင်းထားခဲ့တာကွ၊ မင်းဒီအဆင့်အထိရောက်အောင် ဒီအမှုကရတဲ့ ရှေ့နေခနှင့် လုပ်ပေးခဲ့တာတဲ့။ ခုလည်း MPC က ရုံးအဖွဲ့တွေ ဗိုလ်ချုပ်ကြီးတွေကို အဲလိုပြောမလား မသိဘူး တွေးမိပါသည်။ ဘာပြောပြော ဦးအောင်မင်းကတော့ ကျေးဇူးတင်မှာပါ။ သူနောက်ထပ်အိမ်တစ်လုံး မရောင်းရတော့၍ ဖြစ်ပါသည်။

      မြန်မာလူမျိုးတွေ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုကြည့်ပြီး ညှိရနှိုင်းရခက်တယ်လို့ နိုင်ငံတကာက မထင်သင့်ပေ။ ဘယ်လောက် ညှိတတ်တယ်ဆိုတာ MPC ရုံးအဖွဲ့ရဲ့ ကြီးပွားမှုကို ကြည့်ရင်သိနိုင်ပါသည်။ MPC ရုံးအဖွဲ့က ပညာရှင်တွေ ဘယ်လောက် တော်တယ်ဆိုတာ ခုလောက်ဆို လုပ်ငန်းကော်မတီက ၅၂ ဦးသော အစိုးရမင်းများ သဘောပေါက် လောက်ပါသည်။ ပွဲစားမလို ပိုင်ရှင်ကိုယ်တိုင်ရောင်းမည်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ့ရင်း သတိရလို့ ရေးမိတဲ့စာလေးပါ။  ပွဲစားကတစ်ဆင့် ဆိုတော့ ပိုကြာပြီး ပိုကုန်သလားလို့ပါ။

ဖိုးစည်

5 comments:

They are just use mouth for peace.

ပြည်တွင်းငြိမ်းချမ်းရေးအကြောင်းပြောရင် ဒီလိုလက်နက်ကိုင်တော်လှန်ရေးတွေ ဘယ်ကစဖြစ်လာသလဲ ဆိုတာကို အရင်စဉ်းစားကြည့်ရအောင်၊ ပြီးမှ ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်/မရနိုင် ဆက်စဉ်းစားတာပေါ့။ face book မှာ BBC Burmese ကတင်ထားတဲ့ post လေးတစ်ခုဖတ်မိရင်း စဉ်းစားဖြစ်သွားတာပါ။ ဒီ post မှာ စောတာမလာဘော သေတဲ့သတင်းလေးရေးထားပြီး သူ့ရဲ့ ကိုယ်ရေးအကျဉ်းလေးကို ဖော်ပြထားပါတယ်။ သူက မော်လမြိုင် မော်တလိန်းဂျပ်ဆင်ကျောင်းမှာ ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်စစ်တပ်ရဲ့ ကရင်ရိုင်ဖယ် တပ်ရင်း (၁) မှာ ၀င်ရောက်အမှုထမ်းခဲ့တယ်တဲ့ဗျာ။ အင်္ဂလိပ်ကျွန်ဘ၀မှာ မြန်မာတွေကို လုံးဝ စစ်ပညာ မသင်ပေးခဲ့ပေမယ့် တိုင်းရင်းသားတွေကိုတော့ စစ်ပညာသင်ပေးရုံသာမက သူတို့စစ်တပ်မှာပါ တာဝန် ထမ်းဆောင်စေခဲ့ကြောင်း တွေ့ရှိရပါတယ်။ ၄၈ မှာလွတ်လပ်ရေးရပြီး ၄၉ မှာ ဒီတပ်ရင်းတစ်ခုလုံး တောခိုသွားတယ်လို့ ဖော်ပြထားတာလည်းတွေ့ရပါတယ်။ ဒါကိုကြည့်ရင် နယ်ချဲ့တွေဟာ မတတ်သာလို့ လွတ်လပ်ရေးပေးရရင် တိုင်းပြည်ကို အနှောက်အယှက်ပြုဖို့ တိုင်းရင်းသားတွေကို စစ်ပညာသင်ပေး လက်နက် တပ်ဆင်ပေးပြီး မွေးမြူထားတာ အထင်အရှားပါဘဲ။ ဒါဟာ နယ်ချဲ့ရဲ့ ကျွန်တော်တို့ တိုင်းပြည်အပေါ်ထားခဲ့တဲ့ စေတနာပါဘဲ။ ဒီနယ်ချဲ့ တွေရဲ့ ကောက်ကျစ်မှုတွေကိုသေချာတွေးကြည့်လိုက်ပါ။ လွတ်လပ်ရေးမပေးရင်မရတော့တဲ့အချိန်မှာ နောက်ဆုံးကျည်ဆံအဖြစ် ဗိုလ်ချုပ်နဲ့ သူ့လက်ရုံး ခေါင်းဆောင်ကောင်းတွေ စုဝေးနေချိန် အချိန်ကောင်းကို ရွေးပြီး လုပ်ကြံသတ်ဖြစ်ခဲ့တာကလည်း အထင်အရှားတစ်ခုပါ။ ဒါပေမယ့် ပြည်သူတစ်ရပ်လုံးလိုလားနေတဲ့ လွတ်လပ်ရေးကို မပေးလို့မရတော့ဘူးဆိုတော့ ပေးခဲ့ပါတယ်။ လက်ဆောင်ကတော့ လွတ်လပ်ရေးကို အနှောက် အယှက်ပြုမယ့် ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေပါဘဲ။ ဒီအဖွဲ့အစည်းတွေဟာ ဗိုလ်ချုပ်ဦးဆောင်တဲ့ လွတ်လပ် ရေးကြိုးပမ်းမှုမှာ မပါဝင်ဘဲ နယ်ချဲ့တွေရဲ့ လက်အောက်မှာ ဘာလို့တာဝန်ထမ်းဆောင်ခဲ့ကြတာလဲ ? တိုင်းတပါးသားလက်အောက်မှာတောင် တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဒီတပ်တွေဟာ လွတ်လပ်ရေးရတော့မှ ဘာလို့တောခိုတာလဲ ? ဒီမေးခွန်း တွေကိုဖြေဖို့ရာ အခက်အခဲမရှိနိုင်ပါ။ ဒါတွေဟာ နယ်ချဲ့လူယုတ်မာတွေရဲ့ အကွက်ကျကျကြံစည်မှုပါ။ သူတို့က ဗိုလ်ချုပ်နဲ့သူ့လက်ရုံးတွေကို သတ်လိုက်ရင် လွတ်လပ်ရေးပေးစရာမလိုတော့၊ မဖြစ်မနေပေးခဲ့ရရင်လည်း ခေါင်းဆောင်မည့်သူမရှိနိုင်တော့၊ ဒီအခြေအနေမှာ သူတို့မွေးထားတဲ့ ဒီလက်နက်ကိုင်တွေက ၀ိုင်းဝန်းထိုးနှက်လိုက်ရင် ဒီနိုင်ငံ ကို တစ်ဖက်လှည့်နဲ့ ပုံစံတစ်မျိုးနဲ့ ပြန်လည် သိမ်းပိုက်နိုင်မယ်ဆိုတဲ့အကြံနဲ့ စီစဉ်ခဲ့တာပါ။ တကယ်လည်း ဒီအတိုင်းဖြစ်ခဲ့တာဘဲ။ လွတ်လပ်ရေးရတာနဲ့ ချက်ခြင်းဘဲ သူတို့တောခိုခဲ့တယ်။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို ပြန်လည်တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့်  သူတို့ထင်သလိုဖြစ်မလားဘူး။ ဗိုလ်ချုပ်သင်ပေးခဲ့တဲ့ စစ်ပညာဟာ လွတ်လပ်ရေးကို ထိန်းသိမ်းဖို့ လုံလောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုအချိန်အထိ အချုပ်အခြာအာဏာကို ထိန်းသိမ်းနိုင်ခဲ့တာပါ။ အခုအချိန်ထိလည်း BBC က ကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးကို အမျိုးမျိုး မျက်စိလှည့် ပြီး တိုင်းပြည်အတွင်း စိတ်ဝမ်းကွဲအောင် သမိုင်းပေးတာဝန်အဖြစ်ဆောင်ရွက်နေဆဲပါ။ တာမလာဘောတို့ဆိုရင်လည်း တစ်ဖက်နိုင်ငံမှာ အခြေချနေနိုင်အောင် သူတို့ကူညီထားတုန်းပါ။ ဒါကြောင့် သူကွယ်လွန်တဲ့ အိမ်လိပ်စာကိုကြည့်ရင် ထိုင်းနိုင်ငံမှာပါ။ ကရင်အမျိုးသားတွေအတွက်လုပ်တာဆိုရင် ဘယ်လောက်ဘဲ ခက်ခဲကြမ်းတမ်းပါစေ ကရင်ပြည်နယ်ထဲမှာဘဲနေသင့်တာပေါ့။ သူများနိုင်ငံမှာ ဘယ်က အထောက်အပံ့နဲ့နေနတာလည်း စဉ်းစားသင့်ပါတယ်။ အချုပ်ပြောလိုတာကတော့ နယ်ချဲ့တွေရဲ့ ကောက်ကျစ် မှုတွေကို လျစ်လျူရှုနေသမျှ ကျွန်တော်တို့အချင်းချင်းစိတ်ဝမ်းကွဲနေမှုဟာ ဘယ်တော့မှပြီးမှမဟုတ်ဘူး။ ဒီတာဝန် ကို BBC ကဆက်လက်နေတာကိုလည်း သတိရှိကြပါ။ ဒီနယ်ချဲ့အမျိုးယုတ်တွေ နောက်ထပ်တဖန် ပြန်ဝင်မလာနိုင်အောင်၊ ဗိုလ်ချုပ်အသက်နဲ့ရင်းပြီးရယူခဲ့တဲ့ အချုပ်အခြာ ဘယ်လိုပုံစံနဲ့မှ မဆုံးရှုံးရအောင် သတိရှိရှိ ကာကွယ်ကြပါစို့။

ဆွေးနွေးမ နေနဲတိုက်လိုက်တော့

THE ABOVE COMMENT DATED 27 JUNE 2014
18;53 HOURS IS 100 PERCENT RIGHT.
THANK YOU FOR THE GOOD COMMENT.

WE NEED TO STAY UNITED FOR THE BENEFIT
OF THE COUNTRY AND THE PEOPLE.

PLEASE STUDY THE RECORDED HISTORY OF
MYANMAR NAING GAN DAW.
WHY ? MYANMAR LOST 3 WARS AGAINST
BRITISH.
WHY ? BRITISH RULED MYANMAR FOR MORE THAN 120 YEARS
WHY? MYANMAR UNDER JAPANESE OCCUPATION.
WHY? BOGOKE AUNG SAN AND LEADERS WERE
ASSASSINATED BY WHO?
WHY? MYANMAR HAVING CIVIL WARS
FROM 1948 TO 2014 ?
WHY? PERIOD 1962 TO 1988.
WHY? PERIOD 1988 TO 2010

WHY? POLITICIANS AND PARTIES ARE FIGHTING
EACH OTHERS.

EVERY BODY NEED TO CHANGE POLITICAL
AMBITIONS FOR THE BENEFIT OF COUNTRY,
PEOPLE,CULTURE AND FAITHS.

MYANMAR CANNOT TRUST ALL FOREIGN GOD FATHERS,DESTROYERS AND TROUBLE
MAKERS.

PLEASE OPEN THE EYES AND SEE THE ENEMIES.

BETTER STOP FIGHTING EACH OTHERS.

BETTER STAY UNITED AND FIGHT ALL ENEMIES
BY ALL MEAN.

SEE THE TRUE AND WAKE UP ALL M YANMAR.

လေား​လေားဆယ်​မင်းတပ်​ကုန်းကအဖိုးကြီးကိစ္စကိုအရင်​ရှင်း
ဗိုလ်​ချုပ်​​အောင်းဆန်းနဲ့ရဲး​ဘော်​သုံကျိတ်​​ခေါ်လာတဲ့ဂျပန်​​တွေကသူအ​ဖေကိုမုဒိန်းကျင့်​ပြီးသတ်​သွားလို့တဲ့..
ဗိုလ်​ချုပ်​ကသူအ​ဖေကိုသတ်​တယ်​ဆိုပြီး​အော်​​အော်​ခ​လေးကျ​နေတာပဲးငိုငို​နေတယ်​...မင်းနစ်​နာ​ကျေး​လေး​ပေးပြီးသွား​ချော့လိုက်​ပါကွာ...​နောက်​ပြီးဗိုလ်​ချုပ်​​ကောင်း​ကြောင်းသိပ်​မ​ရေးနဲ့အဖိုးကြီးကသူ့အ​ဖေသတ်​တဲ့လူ​ကောင်း​ကြောင်း​ရေးတဲ့မင်းကိုပြဿနာလာရှာ​နေအုံးမယ်​.......

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်