Subscribe to our RSS Feed

ပါတီပုံရိပ်ထိခိုက်စေသူများ ပါတီမှထုတ်ပစ်ရန် ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ ဆုံးဖြတ်ထား

From : .. 7day


အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ပါတီပုံရိပ်ကို ထိခိုက်စေပြီး ပြည်သူလူထု မကြိုက်နှစ်သက်သည့် သူများကို ထုတ်ပယ်ရန် ပါတီဗဟိုက ဆုံးဖြတ်ထားကြောင်း သတင်းရရှိသည်။

နိုင်ငံရေး ဦးဆောင်ပါတီတစ်ခု ဖြစ်နေသည့်အတွက် ပြည်သူလူထု မလိုလားသူများ၊ မကြိုက်နှစ်သက်သူများရှိနေပါက ပါတီ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည့်အတွက် ပါတီဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးတင့်ဇော်ကပြောသည်။

ပါတီပုံရိပ်ကို ထိခိုက်စေသူများအား အရေးယူမှုများ စတင် ပြုလုပ်နေပြီဖြစ်ပြီး ယင်းပုဂ္ဂိုလ်များကို လုပ်ငန်းတာဝန်များ ပေးအပ်ခြင်းမရှိတော့ဘဲ ပြည်သူလူထုမှ ထောက်ခံမှုရှိနိုင်သည့်သူများကိုသာ တာဝန်ပေးအပ်မှုမျိုးကို လုပ်ဆောင်နေသည်ဟု ဦးတင့်ဇော်က ဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကို ပြည်သူ့ပါတီတစ်ခု ဖြစ်စေရန် ပြောင်းလဲနေသည့်အတွက် ပြည်သူလူထု ထောက်ခံမှုမရှိသူများကို လဲလှယ်ခြင်းသည် ဖြစ်သင့်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း နယ်မြို့အချို့၌ ပြုလုပ်ခဲ့ကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ရန် ထောက်ခံသည့် ဆန္ဒထုတ်ဖော်မှုအချို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်အချို့ ပါဝင်ခဲ့ကြသည်ဟု မီဒီယာများ၌ ရေးသားဖော်ပြခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နေရာအများစု အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ကာ လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အင်အားအကြီးဆုံးပါတီတစ်ခု ဖြစ်သည်။

သို့သော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ အနိုင်ရရှိခဲ့ခြင်းမရှိပေ။

ယခုနှစ်ပွင့်လင်းရာသီတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လစ်လပ်မဲဆန္ဒနယ် နေရာ ၃၀ လုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။


.. www.MyanmarExpress.net
 

3 comments:

ဒီလိုလုပ်မယ်ဆိုရင်အကောင်းဆုံးပေါ့ဗျာ

ဟုတ်​ပါ့မလား​မောင်​ကာလုရဲ့.......

အောင်​မင်းနဲ့စိုးသိန်းကိုလည်းထုတ်​ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်