Subscribe to our RSS Feed

နှစ် ၅၀ တောင် ပြည့်ခဲ့ပြီ



မိုးကောင်းကအသက်ကြီးပိုင်းတစ်ချို့ တီးတိုးပြောဆိုသံတွေ မသဲမကွဲကြားနေရတယ်၊ အဲ့ဒီထဲမှာဗမာနဲ့ အခြားတိုင်းရင်းသားတွေမပါဘဲ ကျွန်တော်တို့ ကချင်တွေပဲပြောနေကြတာပါ။  နှစ် ၅၀ ပြည့်အထိမ်းအမှတ် လုပ်မလို့တဲ့၊ အတူလက်တွဲခဲ့တဲ့ ရဲဘော်ဟောင်းတွေအပါအ၀င် တိုင်းအဆင့် အုပ်ချုပ်ရေးမှူးတွေ၊ တပ်မဟာမှူးတွေ၊ အကုန်တက်ရမယ် ဒီလောက်ဆိုသိပြီပေါ့၊ 

       ကျွန်တော် ပြောချင်လိုက်တာ။ ကျောင်းတက်ဆိုတော့လည်းဥာဏ်ရည် မမီလို့ ၄ တန်းနဲ့ထွက်ရ၊ ကြုံရာကျပမ်းလုပ်ကိုင် စားသောက်ပြန်တော့လည်း လက်ကြောမတင်းတဲ့လူ၊ လူမိုက်ဆိုတဲ့ နာမည်ကိုအသုံးချပြီး ထင်ရာရမ်းကားနေတဲ့လူလားလို့ မေးလိုက်ချင်သော်လည်း အသက်ကိုဥာဏ်စောင့်တာမို့ ပြောမထွက်ခဲ့ပါဘူး။ အဲ့ဒီသူဘယ်သူလဲဆိုတော့ ကချင်တိုင်းရင်းသား နာမည်အသုံးချပြီး မိုက်တွင်းနက်နေတဲ့ အင်ဘန်လပဲ ဖြစ်ပါတယ်။ လူသတ်၊ မုဒိမ်းကျင့်၊ မိုက်ကန်းတဲ့အလုပ်တွေ လုပ်ခဲ့တဲ့နှစ်က ၅၀ နှစ်တောင်ရှိခဲ့ပါပြီ။ ကချင်တိုင်းရင်းသားတို့က ဒီလူဆိုးလူမိုက်ကြီး အမြန်ကိစ္စချောပါစေလို့ နေ့စဉ်ပို့ခံနေရတဲ့ မေတ္တာတွေကြောင့်ဘဲ အသက်ရှည်လေရော့သလား ထင်ရပါတယ်။

     အခုလောက်ဆိုရင်တော့ စောက်တလွဲမဏ္ဍိုင်ဆိုတဲ့ကောင်တွေရဲ့ ပိုက်ဆံယူဇောင်းပေးရေးသားချက်တွေ ကြောင့် အင်ဘန်လဆိုတာကိုတစ်ချို့သိနေကြပါပြီ။ မသိသေးတဲ့ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေသိရအောင် အင်ဘန်လ(ခ) အင်ဘန်လအောင်ရဲ့ ကိုယ်ရေးအကျဉ်းလေးပြောပေးပါ့မယ်။ အင်ဘန်လကိုအဖဦးအင်ဘန်ဂမ် (ကွယ်လွန်) အမိဒေါ်လူလန်ရွယ်ဂျား(ကွယ်လွန်)တို့မှ ၂၇-၅-၁၉၄၈ မှာမင်းကုန်းကျေးရွာမိုးညှင်းမြို့နယ်မှာမွေးဖွားခဲ့ပါတယ်။ အခုချိန်မှာတော့ အသက် ၆၆ နှစ်ရှိပြီပေါ့။ ပညာအရည်အချင်းကတော့ စတုတ္ထတန်းမှာ ၃ ခါကျပြီးမိဘတွေကလည်းဆင်းရဲတော့ ကျောင်းထုတ်ခံခဲ့ရပါတယ်။ မွေးချင်း ၄ ယောက်အနက် ဒုတိယမြောက်သား ဖြစ်ပါတယ်။ အသက်လေးရလို့ မိဘတွေရဲ့ တောင်ယာလုပ်ငန်းမှာခိုင်းတော့ လက်ကြောမတင်းဘဲအရက်သမား ဖြစ်လာခဲ့တယ်။ အရက်ပဲသောက်တတ်ပြီးလက်ကြောမတင်းတဲ့ အရက်သမားငပျင်းကိုသူ့ဖခင်ကအိမ်က နှင်ချခဲ့ပါတယ်။ ကြုံရာကျပမ်းလုပ်ကိုင်ရင်းမိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားအစုံရောက်ခဲ့ပေမယ့် လက်ကြောမတင်းတော့ အခြေတကျမရှိခဲ့ဘဲမိန်းမကလည်းတစ်ယောက်ပြီးတစ်ယောက်ယူလိုက်၊ ကွဲလိုက် လုပ်ခဲ့ပြန်တယ်

ေ နာက်ဆုံးတော့ ပိုက်ဆံအလွယ်ရတဲ့ ကျင်းသမားဘ၀နဲ့ ဖားကန့်ရောက်ခဲ့ပြီး KIO ထဲကို ၁၉၆၄ ခုနှစ် တောခိုလို့ ရောက်သွားခဲ့ပါတယ်။ KIO ထဲရောက်ပြီးအင်းတော်ကြီးဒေသနန်းမွန်ကျေးရွာမှာနေထိုင်တဲ့ ဒေါ်နန်းဇိမ်းကော့ဖန်နဲ့ ထပ်မံအိမ်ထောင်ပြုခဲ့ပြီးသားသမီး ၇ ဦးထွန်းကားခဲ့ပါတယ်။ KIO တပ်ရင်း (၆)မှာတပ်ခွဲမှူးအဆင့်တာဝန် ထမ်းဆောင်ခဲ့ပြီးသတ်ရဲဖြတ်ရဲလုပ်ရပ်တွေကြောင့် အသက် ၃၀ လောက်မှာတပ်ရင်း( ၆)တပ်ရင်းမှူးဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် တပ်ရင်း (၂၅၃)၊ တပ်ရင်း(၃)တို့မှာတပ်ရင်းမှူးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာဗိုလ်မှူးအဆင့်နဲ့ ဗဟိုဌာနချုပ်ကိုပြောင်းရွှေ့ခဲ့ပြီး KIO ဗဟိုဌာနချုပ် စစ်ထောက်နဲ့ လက်နက်ဂိုဒေါင်မှူး တာဝန်များ ထမ်းဆောင်ခဲ့ပါတယ်။

          အင်ဘန်လဟာ KIO အတွင်းခေါင်းပုံဖြတ်လုပ်ရပ်အများအပြားအပြင် ကျောက်စိမ်း၊ စီးပွားရေးလုပ်ငန်းများမှာလည်းကျောက်စိမ်းမှောင်ခိုလုပ်ငန်း၊ ကယ်ရီလုပ်ငန်းတွေနဲ့လည်း ငွေကြေးအတော်အသင့်ပြည့်စုံပြီး မှောင်ခိုစီးပွားရေးသမားတွေကိုလည်း စည်းရုံးနိုင်တာကြောင့် စီးပွားရေးအခြေအနေပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ လောဘစိတ်ကတော့ ပိုကြီးလာခဲ့ပါတယ်။ ဇာတ်တူသားတောင် စားဖူးတဲ့သူတစ်ယောက်အတွက် ဘယ်လိုအလုပ်မျိုးမဆို လက်နက်ကိုင်နေတဲ့ အင်ဘန်လမကြောက်တော့ပါ။ ၁၉၉၆ ခုနှစ် မြစ်ကြီးနားမြို့နယ် ပမ္မတီးကျေးရွာနေ ဒေါ်လှကြည်ပိုင်တဲ့ဆင်ကိုချော့ခေါ်ပြီး တရုတ်နိုင်ငံမှာတရုတ်ငွေ ၁၀ သိန်းနဲ့ရောင်းချခဲ့လို့ ဒေါ်လှကြည်ကယခင် အမှတ်(၈)ထောက်လှမ်းရေးတပ်ကိုတိုင်တော့မှ ဆက်ဆံရေးရုံးမှတစ်ဆင့် ကန့်ကွက်ချက် အရဆင်တန်ဖိုးကိုပေးလျော်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် လက်နက် ရောင်းဝယ်ရေးလုပ်ငန်းနဲ့ တရားမ၀င် သစ်လုပ်ငန်းတွေလည်းလုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။

          လူ၊ လက်နက်အင်အားတောင့်တင်းပြီးငွေကြေးတောင့်တင်းလာတဲ့ အင်ဘန်လဟာ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ ဦးလဆန်အောင်ဝါနဲ့အတူ KIA စစ်ဦးစီးချုပ် မလိဆွတ်ဇော်မိုင်အားစစ်ဦးစီးရာထူးမှဖြုတ်ချပြီး ၎င်းကိုယ်တိုင် ဒုတိယစစ်ဦးစီးချုပ်ရာထူးကိုရယူခဲ့ပါတယ်။ ၎င်းနောက် စစ်ဦးစီးချုပ် ရာထူးကိုရယူခဲ့ကာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလမှစပြီး စစ်ကော်မရှင်ဥက္ကဋ္ဌရာထူးကိုရယူခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ  ဗဟိုကော်မတီ အစည်းအဝေးပြုလုပ်ပြီး  KIO (ကချင်) ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၃-၂-၂၀၁၂ ရက်နေ့မှာတော့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်မှ ကိုယ်တိုင်ခန့် ဗိုလ်ချုပ်ကြီးအဆင့်ကိုရောက်ရှိခဲ့ ပါတော့တယ်။

          ကျွန်တော်လည်းကချင်တစ်ယောက်ပါ၊ ကျွန်တော်လည်းလူသားပဲဗျာ၊ ကိုယ့်သားသမီး၊ ကိုယ့်ဆွေမျိုး၊ ကိုယ့်လူမျိုးကို နှစ်သက်ပါတယ်။ ယခုအခြေအနေက အင်ဘန်လရဲ့ကျေးဇူးကြောင့် ကချင်ဆိုရင် သူပုန်လို့ ထင်နေပြီ၊ မြန်မာနိုင်ငံမှာမဟုတ်ဘူးနော်၊ ကမ္ဘာကပါထင်နေပြီ။ KIA ဆိုတာကချင်စစ်သားအများစုပါတာမှန်ပါတယ်။ ဒါပေမယ့် ကချင်စစ်သားတွေ ဘာလို့တောကြိုအုံကြားမှာသားတစ်ကွဲ၊ မယားတကွဲလက်နက်စွဲကိုင် တော်လှန်ခဲ့ကြတယ်ဆိုတာ ကချင်လူမျိုးတစ်ယောက်ဖြစ်တဲ့ ကျွန်တော်သိပ်သိတာပေါ့ဗျာ။ အဖြေကတော့ ၀ါဒမှိုင်း၊ အကြောက်တရားနဲ့ ဆင်ခြင်တုံတရားနည်းပါးမှုတွေကြောင့်လို့ ပြောချင်ပါတယ်။ ဘာဝါဒမှိုင်းတွေလည်းဆိုတော့ ဗမာတွေဟာ လူမျိုးကြီးဝါဒကို လက်ကိုင်ထားပြီးတို့ကိုဖိနှိပ်ခဲ့တယ်၊ ဖိနှိပ်နေတယ်၊ ဖိနှိပ်လိမ့်ဦးမယ်ဆိုတာကို သူတို့အသိစိတ်မှာအရိုးစွဲအောင် ရိုက်သွင်းပေးလိုက်တာကြောင့်ဖြစ်ပါတယ်။ ဒီဝါဒကိုအခြေပြုပြီးအကြောက် တရားတွေ ပိုပိုကြီးထွားလာအောင် လှုံ့ဆော်ဖန်တီသူတွေကတော့ သူတို့ရဲ့ခေါင်းဆောင်ကြီးတွေပဲပေါ့ဗျာ။

          KIA ရဲ့ခေါင်းဆောင်ကြီးတွေက မူလကတော့ မူဝါဒသက်သက်ကိုပဲ ကိုင်စွဲခဲ့ပေမယ့် နောက်ပိုင်းမှာအာဏာရဲ့အရသာကိုသိလာကြတော့ ဒီအာဏာနဲ့ပဲအရာရာကိုစီမံခန့်ခွဲကြတယ်၊ အရာရာကို ကြီးစိုးကြတယ်၊ အတ္တကိုရှေ့တန်းတင်လာခဲ့ကြတယ်။ အမျိုးသားကောင်းစားရေးဆိုတဲ့ စကားလုံးလှလှနဲ့ ငါးပွက်ရာငါးစာချတတ် လာကြပါတယ်။ တကယ့် တကယ်က အမျိုးသား ကောင်းစားရေးလို့သာပြောနေတာပါ။ KIA တပ်ဖွဲ့အတွင်းမှာလူတန်းစေ့ ကောင်းစားရေးကိုတောင် ဖြစ်မြောက်အောင် လုပ်မပေးနိုင်ခဲ့ကြပါဘူး။ စားဖို့အတွက် ရိက္ခာတောင် မလောက်လို့ ညဘက်ကျရင် တောပစ်ရှာ၊ နေ့ဘက် ရွာထဲမှာအသီးအရွက်တောင်းဒီလိုနဲ့ ဆက်ကြေးကောက် လမ်းပေါ်တွေကို လစ်သလိုဆင်းပြီး ပိုက်ဆံတောင်းကြရပြန်ပါလေရော။ အောက်ခြေနင်းပြားသူတို့ကတော့ လှေတံခါးပဲမဟုတ်ပါလား။ ခေါင်းဆောင်တွေရဲ့ တစ်ဖက်လှည့် သွေးထိုးမှုတွေကြားမှာအဓမ္မအကြမ်းဖက် ကိုင်မှုတွေကြားမှာဇွတ်တရွတ်ခေါ်လာပြီးလက်ထဲသေနတ်အတင်းထိုးထည့်လို့ ကြောက်ကြောက်လန့်လန့်နဲ့ ပစ်ခတ်နေရမယ့်သူတွေ တစ်ပုံကြီးရှိနေပါတယ်။

          ခေါင်းဆောင်တွေကတော့ အာဏာမှာယစ်မူး၊ ကာမဂုဏ်မှာအပျော်ကျူးပြီးသားသမီးတွေကို နိုင်ငံရပ်ခြားပို့ ပညာသင်ခိုင်း၊ တစ်ဖက်နိုင်ငံတွေမှာစီးပွားရေးလုပ်ငန်းတွေနဲ့ အိုးအိမ်ခြံမြေတွေနဲ့ အခြေစိုက်၊ အဲယားကွန်းပေါ်ကတိုက်ကွ…… တိုက်ကွ လုပ်နေနိုင်တာပေါ့၊ ဒီလိုတွေလုပ်တော့ ဘယ်သူတွေအကျိုးယုတ်ပြီးဘာတွေအမြတ်ထွက်သလဲ၊ ဒေသတွင်းမတည်ငြိမ်မှုတွေဖြစ်၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်၊ စားနပ်ရိက္ခာတွေရှားပါး ပြည်သူလူထုတွေပဲ ကျီးလန့်စာစားနေရတာပါ။

ဒါတွေကိုထည့်မတွက်ဘဲဘယ်အတွက် လှည့်ကွက်မျိုးစုံသုံးပြီး KIA ခေါင်းဆောင်ပိုင်းကမိုက်လုံးကြီးနေတာလဲ။ ခေါင်းဆောင်ပိုင်းဆိုလို့ ဆွန်လွတ်ဂွမ်မော်(ခ) အက်စ်ဂွမ်မော်ဟာလည်း ကျွန်တော့်သူငယ်ချင်းအရင်းကြီးပါဘဲ။ ဂွမ်မော်ကအဖဦးတပ်လွတ်ထူး(ကွယ်လွန်)၊ ဒေါ်ဂျီတေလွတို့မှ ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့မှာ ၅-၁-၁၉၆၃ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ အသက် ၅၀ ကျော်နေတဲ့ သူငယ်ချင်းတွေထဲက မန္တလေးမှာ ၀ိဇ္ဇာဘွဲ့(စိတ်ပညာ) အတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ မတူကွဲလွဲတဲ့ယုံကြည်ချက်တွေနဲ့ KIO မှိုင်းမိသွားခဲ့ရတဲ့ သူငယ်ချင်းဖြစ်ကာ သူလည်းလက် ရှိအနေအထားအရ ကချင်လူမျိုးတွေကိုခြောက်လှန်ခဲ့တာ နှစ် ၅၀ တောင် ပြည့်သွားပြီဖြစ်တဲ့ မိုက်မဲတဲ့ လုပ်ရပ်တွေကျူးလွန်ထားတဲ့ လူဆိုးလူမိုက်ကြီးလက်အောက်ကကစားစရာအရုပ် ဖြစ်နေတာမို့ ကချင်ပြည်သူလူထုကို သူလည်းကယ်နိုင်မည်မထင်ပေ။

          ဒါကြောင့် ကိုယ်ချင်းစာစိတ်ခေါင်းပါးခြင်း၊ ကိုယ်ကျိုးစီးပွားကိုမစွန့်လွှတ်နိုင်ခြင်း၊ တရားဥပဒေဘောင်တွင်းကထက် တရားဥပဒေပြင်ပမှ လက်လွတ်စပယ်ဖြင့် အာဏာလက်တစ်ဆုံးသုံးလုပ်ရဲကိုင်ရဲသည်ကိုပိုမိုနှစ်ခြိုက်ခြင်း၊ အာဃာတ၊ သံသယတွေ ကြီးထွားခြင်းဆိုတာနဲ့ ပြည်ပနိုင်ငံအချို့ အဖွဲ့အချို့ရဲ့ သွေးထိုးလှုံ့ဆော်ခြင်းတွေ ကပ်နေတဲ့ အင်ဘန်လဆိုတဲ့ လူဆိုးလူမိုက်ကြီး ပျောက်ကွယ်သွားဖို့ရာ ဘုရားသခင်ကိုသာ တိုင်တည် ရတော့မှာပဲဖြစ်ပါတယ်။
ဘရမ်မိုင်(မိုးကောင်း)

2 comments:

လူသတ် ဓားပြတိုက်မုဒိန်းကျင့် ။ ဗမာစကားပြောတဲ့သူအကုန်ရန်သူလိုသဘော ထားပြီးရက်ရက်စက်စက်သတ်ခဲ့လို့ မနောမြေ သွေးညှီနံ့ဝေခဲ့ရတာ ကေအိုင်အေကြောင့်ဆိုတာပြည်တွင်းက အီယောင်ဝါးလဘာဂျာမီဒီယာတွေသိဖို့အချိန်တန်ပီ။ ပုံ။ ကေအိုင်အေကြောင့်မိသားစုသေကြေဘဝပျက်ခဲ့ရတဲ့က ချင်ပြည်နယ်သားတဦး

အပြတ်တိုက်လိုက်တော့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်