Subscribe to our RSS Feed
ပြည်သူကိုဗဟိုပြုတဲ့ ပြည်သူ့ အတွက် ရွေးကောက်ပွဲများဆီသို
[ အောက်ပါဆောင်းပါးကို သောကြာနေ့ မှာ အောင်ဇေယတု ဂျာနယ်ကဖေါ်ပြမယ်လို့ သိရပါတယ်]  ရွှေမြင့်မောင်
၂ဝ၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲမှာအချိုးကျကိုယ်စားပြုစံနစ်ကိုကျင့်သုံးမယ်ဆိုရင်တိုင်းရင်းသားပါတီ ၂ဝ ပါဝင်တဲ့ NBF အဖွဲ့ ကဆန္ဒပြမယ်လို့ သိရပါတယ်။
“ထစ်ကနဲရှိဆန္ဒပြ” ရောဂါဟာလူတကာဆီကူးစက်နေပြီထင်ပါတယ်။နိုင်ငံရေးပါတီတွေကလမ်းပေါ်ထွက်ဆန္ဒပြမယ်လို့ ချိမ်းချောက်တာကြားရတော့ပိုအံ့သြမိတယ်။
Monkey see, monkey do တွေဖြစ်ကုန်ရင်မွေးခါစဒီမိုကရေစီနိုင်ငံရေးဟာ သရုပ်ပျက်သွားမလားစိုးရိမ်မိတယ်။
ဆန္ဒပြခြင်းဟာနိုင်ငံရေးပါတီမဟုတ်တဲ့- NGO တို့  activist groups တို့ ကအားထားသုံးစွဲတဲ့နည်းတစ်မျိုးဖြစ်ပါတယ်။ သူတို့လမ်းပေါ်ထွက်တတ်ကြတဲ့ issues တွေကတော့ထိပ်
တန်းနိုင်ငံရေးကိစ္စတွေထက်လူမှုရေး- စီးပွားရေး-ပုဂ္ဂိုလ်ရေးနစ်နာမှုတွေ (grievances) သဘာဝပါတ်ဝန်းကျင်လိုကိစ္စမျိုးတွေမှာလူအများသတိမူမိအောင် (public awareness campaign) မျိုးလုပ်ကြတာမျိုးပါ။
နိုင်ငံရေးပါတီတွေအနေနဲ့ ဒီလက်နက်ကိုအသုံးပြုမယ်ဆိုရင်သုံးခွင့်တော့ရှိတာပါဘဲ။ဒါပေမဲ့ကိုယ့်လက်ထည်း မှာရှိနေတဲ့ခေတ်မှီအော်တိုမက်တစ်မောင်းပြန်သေနတ်ကြီးကိုအသုံးမချတတ်လို့ခလေးတွေဆီကလေးဂွကိုလုယူပြီးပစ်ဘို့ လုပ်သလိုများဖြစ်နေမလား။
နိုင်ငံတကာမှာနိုင်ငံရေးပါတီတွေဟာအစိုးရဘက်ကလုပ်တဲ့နိုင်ငံရေးကိစ္စတစ်ခုခုကိုပါလီမန်ထည်းမှာကန့်ကွက်လို့ မရယင်သပိတ်မှောက် (boycott) တတ်ကြတယ်။
(level playing field) ရှိတယ်။
အဲဒီလိုအပြိုင်အဆိုင်ဆန္ဒပြတာတွေဖြစ်လာရင်PR ကိုအခုထိမသိ၊ စိတ်မဝင်စားသေးတဲ့ပြည်သူတွေကPR ဆိုတာကဘာလဲ လက်ရှိရွေးကောက်ပွဲစံနစ်ရဲ့သရုပ်မှန်ကဘာလဲ- ဘယ်ဟာကဒီမိုကရေစီပိုကျသလဲစတဲ့ မေးခွန်းတွေနဲ့ စူးစမ်းလာလိမ့်မယ်။ ဒါဟာ PR အတွက်တော့ပတ်ဘလစ်စီတီ(publicity) ရစေမဲ့အမြတ်ပဲ။ ဒါကြောင့်ဆန္ဒပြကြမယ်ဆိုရင်လဲလုပ်ကြပါလို့ဘဲပြောရမှာပါ။
ဆန္ဒပြကြမဲ့ကိစ္စကိုသုံးသပ်တာဒီလောက်နဲ့ပဲရပ်ပါမယ်။
အချိုးကျကိုယ်စားပြုစံနစ်ကိုကန့်ကွက်နေကြတဲ့လက်ရှိပါတီကြီးငယ်တွေရဲ့ကန့် ကွက်ချက်တွေကိုကြည့်ရင်ဒီစံနစ်ကသူတို့ပါတီတွေကိုထိခိုက်မှာကိုစိုးရိမ်ကြလို့ ပါတီရပ်တည်ချက်တွေကနေ
ကန့်ကွက်နေကြတာသာဖြစ်နေတယ်။
ဒီစံနစ်ကမဲဆန္ဒရှင်ပြည်သူတွေအပေါ်ဘယ်လိုသက်ရောက်စေလိမ့်မယ် (အကျိုးရှိမလား -အကျိုးယုတ် မလား) ဆိုတဲ့အချက်မျိုးရှူဒေါင့်မျိုးတော့မပါဘူး။ ဒါဟာယခုဆောင်းပါးရှင်ကအဓိကဘဝင်မကျတဲ့အချက်ဖြစ်ပါတယ်။
တိုင်းရင်းသားပါတီတွေရဲ့အဓိကနိုင်ငံရေးရည်မှန်းချက်ကကိုယ့်ပြည်နယ်လို့ သူတို့ သတ်မှတ်ထားတဲ့နေရာတွေမှာတိုင်းရင်းသားပါတီများအာဏာရရေးဖြစ်တယ်လို့ 
NBF ပြောရေးဆိုခွင့်ရဦးစောသန်းမြင့်ကအတိအလင်းပြောတယ်။
Eleven media ကရေးတဲ့သတင်းတစ်ခုမှာ- NBF တပ်ပေါင်းစုရဲ့နောက်ထပ်ခေါင်းဆောင်တစ်ဦးဖြစ်သူဦးစောဝ်ဆိုင်းဇီ က -
“PRစနစ်အားပြည်နယ်များတွင်ကျင့်သုံးပါက ပြည်နယ်အခြေပြု မျိုးနွယ်စုအခြေပြုတိုင်းရင်းသားပါတီများရရှိထားသည့် မဲအချိုးနည်း၍လူနည်းစုတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ၊လွှတ်တော်တွင်း ပျောက်ကွယ်သွားနိုင်ကြောင်း၊ ဇွန် ၁ဝ ရက်ကသဘောထားထုတ်ပြန်ထားသည်။” လို့ ပြောပါတယ်။
ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီတွေဟာဈေးကွက်သဘောနဲ့ပြောရရင် niche market လို့  ခေါ်တဲ့ အပိုင်စားမဲဆန္ဒနယ်မြေရှိပြီးသားဖြစ်ကြပါတယ်။ဘယ်စံနစ်နဲ့  ရွေးရွေးကိုယ့်လူတွေကိုယ်ပိုင်ရင်မဲတွေလက်မလွတ်နိုင်ပါဘူး။
တကယ်တော့ပါတီတစ်ခုခုရွေးကောက်ပွဲအနိုင်ရရေးဟာ(၁)မဲဆန္ဒနယ်မြေသတ်မှတ်ပုံ၊ (၂) ပါတီတွေအကြား နယ်မြေခွဲဝေယူထားပုံကရွေးကောက်ပွဲနည်းတူအဆုံးအဖြတ်ပေးတာကိုပါတီနိုင်ငံရေးသမားတွေသိပါတယ်။
တိုင်းရင်းသားပါတီတွေလောကမှာတိုင်းရင်းသားနယ်မြေတွေလို့ ဝေါဟာရတီထွင်ပြီးရည်ညွှန်းနေကြတဲ့နေရာတွေမှာနေရှင်နယ်ပါတီကြီးသုံးခုလာရောက်မယှဉ်ပြိုင်စေချင်တဲ့
ကိစ္စမျိုးဟာသူတို့အချင်းချင်းအပေးအယူလုပ် ညှိရမဲ့ကိစ္စမျိုးဖြစ်တယ်။
ဒါကြောင့်တကယ်လုပ်ရမှာကကိုယ့်နယ်မြေလို့မှတ်ယူထားတဲ့ မဲဆန္ဒနယ်ကိုပါတီကြီးတွေလက်ရှောင်ပေးဘို့ လုပ်ရမှာပါ။
လက်ရှိ FPTP စံနစ်မှာတစ်ဦးတည်းရွေးစံနစ်(single member constituency) နဲ့ မဲဆန္ဒနယ်မြေကိုကျဉ်း ကျဉ်းသတ်မှတ်ထားတာ ကို PR ကအမတ်အများအပြားကိုပြိုင်တူရွေးနိုင်တဲ့နယ်မြေကြီးကြီးတွေပြောင်း လဲသတ်မှတ်တယ်။ မဲဆန္ဒရှင်ပြည်သူတွေကိုရွေးချယ်စရာတွေပိုချပေးတယ်(more choice)။ ဒါဟာ ပြည်သူကိုဗဟိုပြုစဉ်းစားပေးတာဖြစ်ပါတယ်။
PR ဟာကစားပွဲနည်းလမ်းတသွယ် (another rule of the game) သာဖြစ်ပါတယ်။
အမတ်လောင်းတွေကိုမြင်းပွဲကပြိုင်မြင်းတွေလိုသဘောထားပြီးပထမပန်းဝင်တဲ့တစ်ကောင်ကိုတည်းသာအနိုင်ပေးပြီးကျန်တဲ့မြင်းတွေဘယ်လောက်ကပ်လိုက်လာနိုင်စေကာမူပယ်ပစ်တဲ့ FPTP စံနစ်ဟာလောင်းကစားပွဲ (Gambling) အတွေးအခေါ်မှာအခြေတည်ထားပြီး Zero –Sum ရလဒ်ကိုထုတ်ပေးတယ်။
မဲဆန္ဒနယ်တိုင်းမှာနေရာအများစီစဉ်ပေးထားပြီးယှဉ်ပြိုင်သူအများကိုခွင့်ပြုပေးတဲ့PR စံနစ်ကတော့ပါတီတိုင်းကိုယ်မဲရ သလောက်အချိုးကျကိုယ်စားပြုခွင့်ရှိတာမို့ဒီမိုကရေစီရဲ့လောကပါလတရားသုံးပါးထည်းက
Egality (Equality)တရားပေါ်မှာအခြေစိုက်ထားပြီး Win –Win ရလဒ်ကို ပေးတယ်။
လက်ရှိ FPTP နိုင်ငံတွေမှာလူတွေမဲမပေးကြတာကိုဘဲနိုင်ငံရေးသမားတွေအခွင့်ကောင်းယူအသုံးချတယ်။မဲထည့်နေလဲအပိုဘဲဆိုပြီးလူတွေမဲမထည့်ကြလို့ တဘက်မှာလူကောင်းတွေ မဲလက်လွတ်ဖြစ်ကုန်ရင်၊တခြားတဘက်ကလူညံ့တွေလူညစ်တွေကငွေပေးဝယ်တဲ့မဲတွေနဲ့ ရွေးကောက်ပွဲနိုင်အောင်လုပ်ယူလို့ရတယ်။
သူတို့ အတွက်ကတော့မဲလာပေးတဲ့သူနည်းလေကြိုက်လေ-မဲဆန္ဒနယ်ကျဉ်းလေငွေကုန်သက်သာလေပဲ။
PR စံနစ်ကျင့်သုံးနေတဲ့အိမ်နီးချင်းထိုင်းနိုင်ငံမှာဒီအချက်ကိုလူတွေသတိပြုမိအောင်စာ တမ်းတစ်ခုတီရှပ်နောက် ကျောတွေမှာရိုက်နှိပ်ပြီးပညာပေးထားပုံကိုဖတ်ခဲ့ရဘူးတာကိုမှတ်မိနေတယ်။
“Bad politicians are elected by good citizens who do not vote in elections.” တဲ့။
သက်တမ်းရင့်နေတဲ့ FPTP ဒီမိုကရေစီတွေမှာမဲပေးသူရာခိုင်နှူံးနည်းတာထက်ပိုဆိုးတဲ့ - အချက်ကတော့မဲ ဆန္ဒ နယ်တနယ်မှာတစ်ဦးတည်းကိုရွေးချယ်တာမို့အရွေးမခံရတဲ့သူတွေကိုပေးမိတဲ့မဲတွေအားလုံးအဟောသိကံ ဖြစ် ကုန်တဲ့အချက်ဘဲ။
မဲပေးသူနည်းလာတာရယ်၊ ပေးထားတဲ့မဲတွေအရာမထင်ဖြစ်ကုန်တာရယ်ပေါင်းလိုက်ရင် FPTP စံနစ်နဲ့ လုပ်တဲ့ ရွေးကောက်ပွဲတွေဟာပြည်သူ့ ဆန္ဒကိုအကောင်အထည်ဖေါ်ပေးရာမရောက်ဘဲ လူတွေကိုလှည့်စားပြီးနိုင်ငံရေးအာဏာညာယူတာ- အုပ်စိုးခံများထံမှသဘောတူညီချက်ရအောင်ဖန်တီးယူခြင်းဖြစ်နေတယ် (manufacturing consent)။
သီတိုင်းပြင်ဆင်သတ်မှတ်တဲ့ Gerrymandering အလုပ် ကိုလုပ်တယ်။
ဒါတွေအားလုံးဟာ FPTP စံနစ်မှာပေါ်ပေါက်လာတာတွေဖြစ်တယ်။ ဒါမျိုးတွေPR စံနစ်မှာမရှိ ဘူး။PRအပေါ်ပါတီတွေကသဘောထားအမျိုးမျိုးရှိနေကြတာနဲ့ ပါတ်သက်လို့ ကနေဒါနိုင်ငံတိုရန်တိုမြို့မှာ အခြေချနေထိုင်နေ တဲ့ယခင် NLD ကျောက်တံခါးမြို့နယ်ပါတီအတွင်းရေးမှုးဖြစ်ခဲ့သူဦးအောင်တင်က ယခုလိုပြည်ပြည့်စုံစုံချုံငုံသုံးသပ်ထားတယ်။
“ (၁)ပြည်ခိုင်ဖြိုးက (PR)စနစ်ကို ကြိုက်လာတာက စနစ်ဟောင်းအတိုင်းဆိုရင် ပြည်မကော၊ပြည်နယ်ပါ
 သူတို့ မျိုးပြုတ်သွားနိုင်လို့ဖြစ်တယ်။ ခွဲတမ်း ၂၅% ဘဲ ကျန်မယ်။
(၂) NLD က (PR)စနစ်ကို မကြိုက်တာက စနစ်ဟောင်းအရ ၁၉၉၀တုန်းကလို အမတ်ပြတ်နဲ့အနိုင်လုံးဝ မရနိုင်တော့ဘူး။ ပြည်ခိုင်ဖြိုးအပါအဝင်အခြားပါတီငယ်တွေကိုထောက်ခံတဲ့မဲအရေအတွက် အချိုးအရ တက်လာမဲ့အမတ်တွေခွဲတမ်း ခွဲဝေပေးရမှာစိုးရိမ်လို့ဖြစ်တယ်။
(၃) ပါတီငယ်လေးတွေ (PR)စနစ်ကို ကြိုက်ရတာက သူတို့အနေနဲ့ တစ်နိုင်ငံလုံးမှာလူထုထောက်ခံမှုအရ
လွှတ်တော်မှာ ကိုယ်စားပြုခွင့် ရလာမှာဖြစ်လို့ဖြစ်တယ်။
(၄) တိုင်းရင်းသားပါတီငယ်လေးတွေ မကြိုက်တာက မလွန်ဆန်နိုင်သောကြောင့်၎င်း
၊လေ့လာမှုအားနည်းသောကြောင့်၎င်း၊ Brainwash အလုပ်ခံထားရသောကြောင့်၎င်းဖြစ်နိုင်တယ်။
အမှန်ကသူတို့ကပိုကြိုက် သင့်တယ်။
(၅) တိုင်းရင်းသားပါတီကြီးတွေ (PR)စနစ်ကို မကြိုက်တာကသူတို့အနိုင်မရမှာစိုးရိမ်လို့မဟုတ်ဘူး။
ဘယ်စနစ်သုံးသုံး သူတို့ဒေသတွေမှာ သူတို့နိုင်မှာ သူတို့သိတယ်။
သူတို့မကြိုက်ရခြင်းက -
၁။ NLD နဲ့ ပြည်ခိုင်ဖြိုးကို အမတ်နေရာအချို့ ခွဲဝေပေးရမှာကြောက်လို့ဖြစ်တယ်။(ဒါကို နားလည်နိုင်တယ်။)
၂။ သူတို့ပြည်နယ်အသီးသီးရှိ လူမျိုးစုငယ်တွေကိုလည်း အမတ်နေရာအချို့ကို မလွဲမသွေခွဲဝေပေးရမှာ
ကြောက်လို့ဖြစ်တယ်။ (ဒါကိုတော့ နားမလည်နိုင်ပါ။)
ဒါကြောင့် (PR)စနစ်ကို အချို့နိုင်ငံရေးပါတီတွေကထောက်ခံခြင်း၊ ကန့်ကွက်ခြင်းဆိုတာသူတို့ပါတီ
အကျိုးကိုလိုက်ပြီး ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းသာဖြစ်တယ်။
(PR) စနစ်ကောင်းလားမကောင်းလားဆိုတာ ကြိုက်တဲ့နိုင်ငံရေးပညာရှင်ကိုမေး။
အားလုံးကကောင်းတယ်ပြောမှာဖြစ်တယ်။
(PR) စနစ်ကရှုပ်ထွေးတယ်ဆိုတဲ့စကားနဲ့ ပတ်သက်လို့ကတော့
ရှင်းအောင်လုပ်လို့ရပါတယ်လို့ ဖြေနိုင်ပါတယ်။ ”လို့ သူ့  facebook wall
မှာပြည့်ပြည့်စုံစုံသုံးသပ်ထားတယ်။
အချိုးကျကိုယ်စားပြုရေးစံနစ်လို့ပြောလိုက်ရင်ကျနော်တို့ အားလုံးပထမဆုံးပြေးမြင်မိကြတာ
ကနိုင်ငံရေးပါတီတွေအကြားအမတ်နေရာဝေစုခွဲဝေရေးနည်းတစ်ခုလို့ဖြစ်ပါတယ်။
ဒါဟာတစ်ဝက်ပဲမှန်ပါတယ်။ အချိုးကျဝေစုကိုသာအာရုံပြု နေကြလို့ ပါ။(ပြည်သူကိုပြည့်ပြည့်ဝဝ)
ကိုယ်စားပြုပေးခြင်းဆိုတဲ့ပထမအပိုင်းကိုတော့ပြောစရာလိုလို့ လားလို့ ထင်တတ်ကြပါတယ်။
ယခုဆောင်းပါးရှင်ရဲ့အလိုကတော့ရွေးကောက်ပွဲတစ်ခုမှာပြည်သူက
ပေးတဲ့မဲပြားတိုင်းအလဟဿ       ဖြစ် - မဖြစ် (Does every vote count?) ဆိုတဲ့
အချက်ကိုပထမဆုံးအရင်ကြည့်သင့်တယ်လိုထင်ပါတယ်။
ဒီနေရာမှာပထမရသူအနိုင်(First Past the Post - FPTP) စံနစ်ရဲ့အဓိကချို့ ယွင်းချက်ကြီးကို
ကျနော်တို့  တွေ့ ရတော့တာပါဘဲ။ အဲဒီစံနစ်အရ Single Member Constituency တွေမှာ
ဝင်ရောက်ယှဉ်ပြိုင်သူဘယ်နှစ်ဦးရှိရှိပထမရသူတစ်ဦးတည်းကိုသာရွေးတဲ့အခါသူ့ ကိုပေးတဲ့မဲတွေသာ
အဓိပ္ပါယ်ရှိပြီးသူကိုမပေးဘဲအခြား သူအားလုံးကိုပေးတဲ့မဲတွေအားလုံးအလဟဿ      (အဟောသိကံ) ဖြစ်ကုန်တယ်။
ဒါကြောင့်ယှဉ်ပြိုင်သူနှစ်ဦးထည်းမဟုတ်ဘဲသုံးလေးငါးခြောက်ဦးရှိတဲ့နေရာတွေမှအနိုင်ရသူဟာစုစုပေါင်း
ထည့်မဲ အား လုံးရဲ့သုံးပုံတစ်ပုံ +၁ - သို့မဟုတ်လေးပုံတစ်ပုံလောက်နဲ့ အမတ်ဖြစ်လာနိုင်ကြတယ်။
ကျန်မဲအများစုကတော့သွားလေရော့အမှိုက်ပုံးထည်းသို့ဘဲ။ တနိုင်ငံလုံးမှာဒီစံနစ်နဲ့ မဲပေးလိုက်ကြ
တဲ့အခါအဲသလိုပြည်သူတွေဆုံးရှူံးရတဲ့မဲပေါင်းဟာသန်းပေါင်း ဆယ်ဂဏန်းမကရှိလာတယ်။
အနိုင်ရတယ်ဆိုတဲ့ ပါတီဟာလဲတပြည်လုံးထည့်မဲစုပေါင်းရဲ့တစ်ဝက်ထက်နည်းတဲ့မဲနဲ့
(ဥပမာကနေဒါကရွေးကောက်ပွဲတစ်ခုမှာ လစ်ဘရယ်ပါတီဟာမဲစုစုပေါင်းရဲ့၂၅%လောက်
ရယုံနဲ့ နိုင်ပြီးအစိုးရတက်ဖြစ်ဘူးတယ်) အဆုံးအဖြတ် ပေးလိုက်ကြတယ်။
ဒါကြောင့်ဒီရွေးကောက်ပွဲစံနစ်အရဘယ်တော့မှပြည်သူကိုတကယ်တမ်းကိုယ်စားပြုတဲ့
အစိုးရတရပ်ကိုမရနိုင်ဘူး။ ဒီအချက်ကိုတိုက်ဖျက်ဘို့  PR စံနစ်ကိုကြံစည်တီထွင်လာကြတာဖြစ်တယ်။
FPTP စံနစ်ရဲ့ဆိုးကျိုးတွေထည်းမှာအဆိုးဝါးဆုံးကတော့လက်တွေ့ အရနှစ်ပါတီ
(ကြီးစိုး)စံနစ် (putatively a bi-party system) ကိုမွေးဖွားပေးတာပါဘဲ။
ဒီစံနစ်ရှိတဲ့နိုင်ငံတိုင်းမှာပါတီကြီးနှစ်ပါတီကြီးစိုးစံနစ်ဖြစ်နေတယ်။
ကျန်ပါတီတွေအားလုံးဟာပါတီကြီးနှစ်ခုရဲ့နိုင်ငံရေးလက်ဝါးကြီးအုပ်မှုအောက်မှာ-
သို့ မဟုတ်အရှိန်အဝှာ အောက်မှာလူထုရဲ့အားကိုးမှုကိုမခံရတော့ဘဲအလိုလိုချောင်ထဲရောက်
ကုန်တယ်(marginalized)။
ပါတီ ငယ်ကလေးတွေကိုရံဖန်ရံခါသာသူတို့ နှစ်ဘက်အားပြိုင်တဲ့အခါကိုယ့်ဘက်ကပါဘို့ 
သိမ်းသွင်းတာမျိုးဘဲလုပ်တယ်။ အထူးသဖြင့်ရွေးကောက်ပွဲနီးတဲ့အချိန်မျိုးမှာဖြစ်တယ်။
ကျန်တဲ့အချိန်တွေမှာတော့ပါတီငယ်တွေကိုဘယ်လိုဆက်ဆံတယ်ဆိုတာမြန်မာနိုင်ငံ
တဖက်မှာတော့ပါတီကြီးနှစ်ခုဟာသူတို့အချင်းချင်းကျတော့
“သူဖြူရင်-ငါမဲ” နိုင်ငံရေး (adversarial politics) ကိုကျင့်သုံးတယ်။
ပါတီတစ်ခုကလုပ်သမျှကိုတခြားပါတီကအပြစ်ရှာတဲ့အလုပ်ကိုဘဲဦးစားပေးလုပ်နေကြလို့ 
လူထုတွေကြားထည်းကအချောင်နစ်နာရတာတွေဒုနဲ့ဒေးရှိနေတယ်။ ခုလောလောဆယ်မှာကို
အမေရိကန်ပြည် ထောင်စုမှာလက်တင်အမေရိကားကနေနှစ်စဉ်လူသန်းနဲ့ချီခိုးဝင်နေတဲ့ကိစ္စကို
ဒီမိုကရက်တစ်ပါတီကသမတအိုဘားမားနဲ့ ရီပါတ်ဘလစ်ကန်တွေလွှမ်းမိုးထားတဲ့လွှတ်တော်တို့ 
အကြားအားပြိုင်မှုကြောင့်ဘာမှထိထိရောက်ရောက်မဖြေရှင်းနိုင်ဖြစ်နေတယ်။
အမေရိကန်ပြည်ထည်းမှာခိုးဝင်နေထိုင်သူလက်တီနို (Latino) ဆယ့်တစ်သန်း အထိရှိလာနေပြီ။
ဒီလိုပါတီကြီးနှစ်ခုအကြားပြိုင်ဆိုင်မှုဟာရွေးကောက်ပွဲနားနီးလာရင်ပိုဆိုးလာပြီးတဘက်နဲ့
တဘက်မူကော လူကိုပါအပုပ်ချတဲ့တိုက်ပွဲတွေ (negative campaigns)ကိုလူထုကရွံရှာလာတဲ့
အထိအပြိုင်အဆိုင်လုပ်ကြ တယ်။
အတိပ်ကပါလီမန်ခေတ်မြန်မာနိုင်ငံမှာပထစပါတီနဲ့တည်မြဲဖဆပလတို့ ရဲ့နှစ်ပါတီ
အကြား adversarial politics ရဲ့ဒဏ်ကိုလူထုတွေအလူးအလှိမ်ခံခဲ့ရတယ်။
တဘက်နဲ့ တဘက်ဟုတ်တာတွေ ရောမဟုတ်တာတွေရောအိပ်သွန်ဖာမှောက်ပြောကြရေးကြ
တိုက်ခိုက်ကြလို့လူထုကပါတီနိုင်ငံရေးကိုစိတ်ပျက်လာနေတဲ့အချိန်မှာစစ်တပ်ကအာဏာသိမ်း
လိုက်တော့ “ပွဲပြီးသွားရော”  ဖြစ်ခဲ့ကြပြီးအခုထိနလန်မထူကြသေးဘူးမဟုတ်ပါလား။
လူထုအတွက်ဖြစ်တဲ့ဒီိမိုကရေစီစံနစ်မှာနိုင်ငံရေးကိုလူထုစိတ်ကုန်အောင်လုပ်နိုင်တာဟာ
အဲဒီ့ပါတီကြီးနှစ်ခုတစ်လှည့်စီမင်းမူတဲ့စံနစ်ဖြစ်ပြီး - အဲဒီစံနစ်ကိုမွေးဖွားပေးလိုက်သူကတော့
ပထမရသူအကုန်ယူ- မဲဆန္ဒနယ်တစ် နယ်မှာအမတ်တစ်ဦးတည်းသာရွေှးတဲ့ရွေးကောက်ပွဲစံနစ်
(Winner takes all/ First Past the Post system) ဖြစ်တယ်။
ဒီအချက်တွေဟာယျေဘူယျဥပမာတွေမဟုတ်ဘဲသက်တမ်းရင့်နှစ်ပါတီစံနစ်နှင့်FPTP ရွေးကောက်ပွဲစံနစ်
ဒါကြောင့်အဲဒီနိုင်ငံတွေမှာFPTP ကနေ  PR စံနစ်ကိုပြောင်းဘို့အားထုတ်နေတဲ့နိုင်ငံရေးအင်အားစုတွေ
ဆိုရင်ပြည်နယ်လေးခု (အင်္ဂလန် - ဝေလ - စကော့တလန်နှင့်မြောက်ပိုင်းအိုင်ယာလန်)ရှိတဲ့အနက်စကော့
တလန်နဲ့ ဝေလနယ် ပါလီမန်ရွေးကောက်ပွဲတွေသာမကမဟာလန်ဒန်လွှတ်တော်
(Greater London Assembly) တို့ မှာပါ PR  စံနစ်ကိုသုံးနေပြီဖြစ်တယ်။
ရှစ်ဆယ့်ရှစ်လွန်ကာလမြန်မာ့နိုင်ငံရေး၂၆ နှစ်တာအတွင်းမှာရွေးကောက်ပွဲနှစ်ကြိမ်သာကျင်းပနိုင်ခဲ့တယ်။
ပါတီစုံစံနစ်ကတော့၁၉၉ဝ ကနေစတွက်ရင်သက်တမ်း ၂၄ နှစ်ရှိပြီ။ ဒါပေမဲ့ FPTP စံနစ်ကြောင့်ပါတီကြီးနှစ်ခု
စံနစ်(NLD vs. NUP/ NLD vs.USDP) သာအဖတ်တင်နေပြီးအထက်ကပြောခဲ့တဲ့ adversarial politicsကို
ဘဲဆက်ကစားနေကြပါတယ်။ လူထုအကျိုး -ဒီမိုကရေစီအကျိုးကိုထိထိရောက်ရောက်လုပ်ချင်လုပ်ချင်တဲ့
လူတွေဟာပါတီငယ်ကလေးတွေဆီမှာပြန့်ကျဲနေတယ်။ဦးသိန်းညွန့် တို့ လိုပုဂ္ဂိုလ်တွေကိုကြည့်ရင်သိနိုင်တယ်။
ဒါကြောင့်ပါတီငယ်ကလေးတွေကိုသူတို့နဲ့ ထိုက်သင့်တာရအောင်ဖန်တီးပေးခြင်းဟာလူထု
အကျိုးစီးပွားဘက်ကိုခြေဦးလှည့်ပေးမဲ့ခြေလှမ်းဖြစ်တယ်။ဒီခြေလှမ်းကိုဘယ်သူ့ ကိုမှမနစ်
နာအောင်လှမ်းလို့ လဲရနိုင်ပါတယ်။ လှမ်းနိုင်ဖို့ကတော့  stake holder တွေအားလုံး
ရင့်ကျက်ဘို့ အမြင်ကျယ်ဘို့ လိုပါတယ်။
တနည်းပြောရယင် PR သို့ပြောင်းလဲကျင့်သုံးရေးဟာဟာဗမာလူများစုနိုင်ငံရေးလောကဘက်ခြမ်းမှာဖြစ်နေ
တဲ့နှစ်ပါတီကြီးစိုးစံနစ်ကိုဖျက်သိမ်းပေးမဲ့အားထုတ်မှု (struggle) တစ်ခုဖြစ်ပါတယ်။  တိုင်းရင်းသားတွေရရှိ ပြီးဖြစ်နေတဲ့မဖြစ်စလောက်နိုင်ငံရေးအကျိုးစီးပွားကလေးကိုထိပါးရန်မရည်ရွယ်ဘူး။အမှန်ကရွေးကောက်ပွဲ စံနစ်သစ်အခြေကျသွားရင်ရလာမဲ့နိုင်ငံရေးအကျိုးစီးပွားဟာလက်ထည်းကအကျိုးစီးပွားထက်ပိုပါလိမ့်မယ်။
တိုင်းရင်းသားတွေရထားပြီးသားလက်ရှိကိုမထိခိုက်အောင်လုပ်ယူနိုင်တဲ့ PRနည်းစံနစ်တွေတစ်နည်းမကရှိ
ပါတယ်။
(မြန်မာနိုင်ငံနဲ့ သင့်တော်မဲ့ PRစံနစ်သုံးမျိုးကိုယခင်ဆောင်းပါးများတွင်မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။)
၁၉၉ဝနောက်ပိုင်းပါတီစုံစံနစ်စဖွင့်ပေးလိုက်တဲ့အခါဗမာလူများစုကအချင်းချင်းရန်ဖြစ်လို့ကောင်းနေကြချိန်မှာ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေဟာမိမိတို့ ဒေသပြည်နယ်တွေမှာတရားဝင်နိုင်ငံရေးအမြစ်စွဲဖို့အခွင့်
အရေးရသွားကြပါတယ်။ ဒီအမြစ်ကိုခိုင်မာစေချင်တာ၊ ပိုရှင်သန်အားကောင်းချင်တဲ့ဆန္ဒနဲ့အားထုတ်ကျိုးပမ်း
တဲ့အချက်ဟာတရားတယ် (legitimate) လို့ လဲလက်ခံပေးပါတယ်။
သို့ သော်တိုင်းရင်းသားညီအစ်ကိုတော်တွေရဲ့အတွေးထည်းမှာ“ဗမာအခက်-တိုင်းရင်းသားအချက်”
ဆိုတဲ့ အတွေးမျိုးမရှိစေချင်ဘူး။ အကြောင်းကတော့“ဗမာ” နဲ့  “တိုင်းရင်းသားတွေ”  ဆိုတဲ့အမှတ်
သညာဟာနိုင်ငံရေးသမားတွေရဲ့လောကမှာဘဲရှိပါတယ်။ [ဗမာလဲတိုင်းရင်းသားပါဘဲဟူသော
ပြည်သူလူထုတွေရဲ့နေ့ စဉ်ဘဝမှာလူမျိုးမရွေး -ဘာသာ မရွေးနိုင်ငံသားတွေဟာတစ်နိုင်ငံလုံး
မှာရောနှောနေထိုင်လုပ်ကိုင်စားသောက်နေကြတာဖြစ်ပါတယ်။
ရင်တိုင်းရင်းသားတွေလဲ “ခက်”နေမှာဖြစ်ပါတယ်။ ဗမာတွေအဆုံးအစမရှိဆက်ပီး “ခက်” နေကြရင်
ဥပမာရခိုင်ပြည်နယ်မှာဘင်္ဂလီတွေခိုးဝင်နေတဲ့ကိစ္စကို ဘဲကြည့်ပါ။အစိုးရနဲ့ NLD ဘယ်သူကမှ
ပြတ်ပြတ်သားသားတာဝန်ယူဖြေရှင်းမပေးပါဘူး။ ခိုးဝင်ဘင်္ဂလီ တွေကိုလူစာရင်းကောက်စီစစ်
အရေးယူရမဲ့ကိစ္စကလေးကိုတောင်ပြတ်ပြတ်သားသားမလုပ်ရဲဘူး။
မှားရင်သမိုင်းတရားခံအဖြစ်စွပ်စွဲခံရမှာကိုရင်ဆိုင်ရဲတဲ့ခေါင်းဆောင်သတ္တိမျိုးတွေမရှိကြဘူး။
မရှိရတဲ့အကြောင်းရင်းကလဲ "သူဖြူ ရင်-ငါမဲ"ပါတီနိုင်ငံရေး
(adversarial politics, partisan politics)ကြောင့်ပါ။
FPTP စံနစ်ကမွေး ထုတ်လိုက်တဲ့နိုင်ငံရေးပေါ့။
ဒါကိုအမျိုးသားစည်းလုံးညီညွတ်ရေးပျက်ပြားနေတယ်- အမျိုးသားခေါင်းဆောင်မရှိဘူးတို့ စတဲ့သမရိုး
ကျ နိုင်ငံရေးဝေါဟာရတွေနဲ့ ပြောရင်လဲပြောလို့ရတယ်ပေါ့။ ဘာဘဲခေါ်ခေါ်ရခိုင်ပြည်သူတွေကတော့
ဒီစံနစ်ရဲ့ ဒဏ်ကိုလူးလှိမ့်ခံစားနေရတယ်။ ဒါပေမဲ့စံနစ်ဆိုတာကဝေးသောအကြောင်းရင်း
(remote cause/ remote origin) ဖြစ်နေတော့ရုတ်တရက်မသိနိုင်မမြင်နိုင်ကြဘူး။
မြန်မာနိုင်ငံဟာ FPTP စံနစ်ကို ကိုလိုနီစံနစ်ရဲ့အမွေတစ်ခုအဖြစ်ရခဲ့တာသာဖြစ်တယ်။
ဒီစံနစ်ကိုတစ်ခါမျှ စီစစ်ဝေဘန်ခြင်းမပြုဘဲတစ်လျှောက်လုံးယုံကြည်စိတ်ချစွာ
လက်ခံသုံးစွဲခဲ့တာဖြစ်တယ်။
ဒါပေမဲ့ခုအချိန်ဟာဒီမိုကရက်တိုက်ဇေးရှင်းလှေခါးနောက်ထပ်တထစ်တက်ရမဲ့အချိန်ကျပြီ။
မြန်မာနိုင်ငံသားတွေဟာဒီမိုကရေစီရွေးကောက်ပွဲနဲ့ကြုံဘူးတာလွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကျော်
အတွင်းနှစ်ကြိမ်သာ (၁၉၉ဝ နှင့် ၂ဝ၁ဝ)ရှိသေးတယ်။ တစ်ကြိမ်နှင့်တစ်ကြိမ်ကြားမှာက
လဲနှစ်ပေါင်း၂ဝ တောင် ခြား နေတယ်။ ဒီတော့ဘယ်သူမှရွေးကောက်ပွဲတွေရဲ့
သဘာဝကိုသေသေချာချာဆန်းစစ်ဘို့ အခွင့်အရေးမရခဲ့ဘူး။
ဒီရွေးကောက်ပွဲနှစ်ခုစလုံးကလဲပုံမှန်မဟုတ်တဲ့နိုင်ငံရေးတဘက်စောင်းနင်းအခြေ
အနေအောက်မှာစစ်မှန်သောပြိုင်ဆိုင်မှုမရှိ၊ရွေးကောက်ပွဲမလုပ်ခင်ကတည်းကအဖြေကြိုတင်
သိနေကြတဲ့ပွဲမျိုးတွေဖြစ်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ ၁၉၉ဝ နဲ့ ၂ဝ၁ဝခုနှစ်ရွေးကောက်ပွဲ ၂ခုဟာ
ပါတီစုံဆိုသော်လည်းပါတီကြီးနှစ်ခုသာ - တစ်ဘက်ကအစိုးရအာဏာနောက်ခံနဲ့ 
တခြားတဘက်ကပုဂ္ဂိုလ်ကိုးကွယ်မှုအရှိန်အဝှာအားကိုးနဲ့  -
ယှဉ်ပြိုင်သွားကြတာဖြစ်ခဲ့တယ်။
တိုင်းရင်းသားပါတီတွေကတော့လူမျိုးရေးကဒ်နဲ့ အလွယ်တကူဖြတ်သန်းသွားခဲ့ကြတာဖြစ်တယ်။
တခြားဒီမိုကရေစီနိုင်ငံတွေမှာလိုလူထုတွေကိုနိုင်ငံရေးသဘောတရားတွေ -လမ်းစဉ်
လုပ်ငန်းစဉ်တွေရှင်းလင်း တင်ပြပြီးနိုင်ငံရေးချင်းပြိုင်ကြတဲ့ပွဲတွေမဟုတ်ခဲ့ဘူး
နိုင်ငံရေးအဆင့်အတန်းအတော်နိမ့်တဲ့ရွေးကောက်ပွဲတွေ ဖြစ်ခဲ့တယ်။
ရလဒ်ကတော့ဒီရွေးကောက်ပွဲများကြောင်ြ့ပည်သူတွေ- အထူးသဖြင့်အခြေခံလူတန်းစားတွေ
ရဲ့ဘဝတွေဘာမှမတိုးတက်၊မပြောင်းလဲခဲ့ဘူး။ ဒါ့ကြောင့်အနာဂါတ်ရွေးကောက်ပွဲတွေမှာ
လူထုကရွေးကောက်ပွဲတစ်ခု တိုင်းရဲ့ နောက်ပိုင်းကာလမှာမိမိတို့ ဘဝတွေဘာထူးခြားလာမလဲ၊
ကိုယ်ပေးလိုက်တဲ့အသဲကြားကမဲတစ်ပြား ခရီးရောက် ရဲ့လားပြည်သူတွေကပြန်လည်
ဆန်းစစ်သင့်တဲ့အချိန်ကျလာပြီဖြစ်သလို၊နိုင်ငံရေးအင်အားစုတွေကလဲ
တရားမျှတတဲ့ပြိုင်ဆိုင်မှုအစစ်ကိုလိုလားလာကြတယ်။
ပြိုင်ဆိုင်မှုအစစ်အမှန်ဖြစ်ဖို့ က ပြင်ညီကစားကွင်း (Level playing field)လိုအပ်တယ်။
အချိုးကျကိုယ်စားပြုရေးစနစ် (PR) ဟာ ပြင်ညီကစားကွင်းဖြစ်တယ်
ဆိုတာကိုရှင်းပြစရာမလိုအောင်ရှင်းနေတယ်။
ပါတီစုံစံနစ်နဲ့အထွေထွေရွေးကောက်ပွဲတွေဟာ ၁၉၈၈ ခုနှစ်ကလူထုအုံကြွမှုကြီးရဲ့
အသီးအပွင့်ဖြစ်တယ်။ တိုင်းရင်းသားတွေအပါအဝင်လူတိုင်းနိုင်ငံရေးပါတီတည်ထောင်ခွင့်၊
ရွေးကောက်ပွဲဝင်ခွင့်ရလာကြတာတွေဟာ "၁၉၈၈" ရဲ့ဂုဏ်ကျေးဇူးဖြစ်တယ်။
အခုအချိန်မှာဒီအသီးအပွင့်ကိုအဲဒီတုံးကတက်တက်ကြွကြွပါဝင်ခဲ့တဲ့သူတွေ
ကောမပါဝင်ခဲ့တဲ့သူတွေကော - တစိပ်တစ်ဒေသလောက်သာပါဝင်ခဲ့တဲ့လူတွေကော
- ဆန့် ကျင်ခဲ့တဲ့လူတွေကိုပါခွဲခြားမှုမထားအားလုံးကိုပြိုင်တူခံစားခွင့်ရှိနေစေတာဖြစ်ပါတယ်။
သို့ သော် ၁၉၉ဝခုနှစ်ရွေးကောက်ပွဲမှသည်၂၄ နှစ်ကြတဲ့အခုအချိန်မှာတော့ပါတီစုံစံနစ်
ဆိုရင်တကယ့်ပါတီစုံဖြစ်လာဖို့ ရွေးကောက်ပွဲစံနစ်ကိုစစ်ဆေးကြည့်ဘို့ လိုလာတယ်။
ရွေးကောက်ပွဲစံနစ်ဟာပြည်သူကိုအကျိုးပြုဘို့ ဆိုရင်ပြည်သူကိုဗဟိုပြုတည်ဆောက်ပေး
ထားမှဖြစ်မယ်။ နိုင်သူအကုန်ယူ (winner take all) ဆိုရင်ပြည်သူကိုအကျိုးမပြုဘူး။
ဒီစံနစ်ကိုဖက်တွယ်နေရင် "၁၉၈၈" ရဲ့အသီးအပွင့်ကိုစားသုံးရင်း
"၁၉၈၈" ကိုသစ္စာဖေါက်နေ ရာကျတယ်။
.. www.MyanmarExpress.net
2 comments:
အလွန်ကောင်းမွန်ပါ၏ ။ ဒီလိုစာမျိုးဖတ်ရခဲ သိရခဲပါဘိ ။
တစ်နိုင်ငံလုံးသိရအောင် ဖြန့် ဖြူး ချင်ပါဘိ ။ ။
Yes. Extremely informative and educational presentation. Some one should print it and distribute to the public. It would be of great service to the country. .
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်