Subscribe to our RSS Feed

MH 17 မှ ရုပ်အလောင်းများကို နယ်သာလန်သို့ လွှဲပေးရန် စီစဉ်

From : .. 7day


MH 17 လေယာဉ်ပျက်မှ ယူဆောင်လာသည့် ရုပ်အလောင်းများအနက် ပထမအသုတ်ကို နယ်သာလန်သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇူလိုင်(၁၇)ရက်က ဒုံးကျည်ဖြင့် ပစ်ချခံရသည်ဟု ယူဆရသော အခြေအနေကြောင့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျခဲ့သော လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ (၂၉၈)ဦးစလုံး အသက်ဆုံးရှုံးခဲ့ပြီး ယင်းတို့အနက် အများစုမှာ နယ်သာလန် နိုင်ငံသားများ ဖြစ်ကြသည်။

လေယာဉ်ပျက်ကျသည့် နေရာကို ထိန်းချုပ်ထားသည့် ယူကရိန်း သူပုန်များသည် အလောင်း(၂၈၀)ခန့်ကို ပြန်လည် တွေ့ရှိထားပြီးနောက် ယူကရိန်းအစိုးရ ထိန်းချုပ်ထားသည့် ခါကစ်ဗ်မြို့သို့ ရထားဖြင့် တင်ပို့ပေးမည်ဟု ကတိပြုခဲ့သည်။ သို့သော်လည်း ဇူလိုင်(၂၂)ရက်က ရထားဆိုက်ရောက်လာချိန်တွင် အလောင်းအရေအတွက် (၂၀၀)ဝန်းကျင်သာ ပါလာသည်။

အမေရိကန် ထောက်လှမ်းရေး အရာရှိများ ရုရှားအစိုးရ၏ အားပေးထောက်ခံမှုကို ရရှိထားသည့် ယူကရိန်း သူပုန်များသည် မလေးရှား လေကြောင်းလိုင်းပိုင် MH 17 ကို ယူကရိန်း စစ်လေယာဉ် တစ်စင်းနှင့် မှားယွင်း ပစ်ချမိခဲ့ခြင်း ဖြစ်နိုင်ကြောင်း စွပ်စွဲထားသော်လည်း ရုရှားကိုယ်တိုင် ပါဝင်ပတ်သက်သည့် အထောက်အထားမျိုး မတွေ့ရဟု ပြောကြားထားသည်။

အအေးပေးစနစ် တပ်ဆင်ထားသည့် မီးရထားသည် ရုပ်အလောင်း (၂၀၀)နီးပါးကို တင်ဆောင်ကာ ခါကစ်ဗ်သို့ ဆိုက်ရောက်လာချိန်တွင် လေယာဉ်ပျက်ကျသည့် ဧရိယာ၌ နောက်ထပ် အလောင်းများနှင့် အရေးကြီးသည့် အထောက်အထား ပစ္စည်းများ ရှာဖွေမှု လုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည် ဖော်နေဆဲ ဖြစ်သည်။

ယူကရိန်း အစိုးရသည် ၎င်းတို့ လက်ခံရရှိထားသည့် ရုပ်အလောင်းများကို နယ်သာလန် အစိုးရထံ လက်လွှဲပေးမည်ဖြစ်ပြီး အင်ဒိုဗန်မြို့သို့ ပို့လေကြောင်းဖြင့် ပို့ဆောင်ရန် စီစဉ်ထားသည်။ ခါကစ်ဗ်တွင် ဝမ်းနည်းကြေကွဲမှု အခမ်းအနားတစ်ရပ် ကျင်းပခဲ့ရာ ယူကရိန်း အစိုးရ အရာရှိများ တက်ရောက်ခဲ့ပြီး နယ်သာလန်သို့ လေယာဉ် ဆိုက်ရောက်ချိန်တွင် နယ်သာလန် ဝန်ကြီးချုပ် မာ့ခ်ရူတေးနှင့် ဒတ်ခ်ျတော်ဝင် မိသားစုတို့ပါ စောင့်ကြိုနေမည် ဖြစ်သည်။

နယ်သာလန် အစိုးရသည် ဇူလိုင် (၂၃)ရက်ကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ် ကြေညာထားသည်။ ယူကရိန်း ခွဲထွက်ရေး ပြောက်ကျားသူပုန်များသည် လေယာဉ်ပျက်မှ ရရှိလာသည့် ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ Black Box နှစ်လုံးကို မလေးရှားမှ ကျွမ်းကျင်သူများထံ လွှဲအပ်ခဲ့ရာ ယင်းတို့ကို နယ်သာလန် အာဏာပိုင်များက ထပ်ဆင့် လက်ခံရယူထားပြီ ဖြစ်သည်။ အဆိုပါ Black Box များကိုလည်း ဗြိတိန်နိုင်ငံသို့ ပို့ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်