Subscribe to our RSS Feed

၂၀၃၀ မှာ အေအိုင်ဒီအက်စ် ထိန်းချုပ်နိုင်တော့မည်







ကိုထိုက်

လာမည့် ၂၀၃၀ ပြည့်နှစ်တွင် အေအိုင်ဒီအက်စ်ရောဂါကို ထိန်းချုပ်နိုင်မည့် အခွင့်အလမ်းများရှိနေပြီဟု ကုလသမဂ္ဂ အစီရင်ခံစာက အာမခံ ပြောကြားလိုက်သည်။ အားလုံး မျှော်လင့်နေသော အချိန်ကို ရောက်လုပြီ။

အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်အသစ် ကူးစက်နှုန်းများ ကျဆင်းသထက် ကျဆင်းလာနေသလို အိပ်ခ်ျအိုင်ဗွီကြောင့်ဖြစ်သည့် အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပွားနှုန်းလည်း ကျဆင်းသထက် ကျဆင်းလာနေပြီ။ သတင်းကောင်းဖြစ်၏။ သို့သော် အားထုတ်ကြရန် တော့လိုသေးသည်။ နိုင်ငံတကာ အသိုင်း အ၀ိုင်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုကြောင်း ကုလသမဂ္ဂက တိုက်တွန်းလိုက်သည်။ လက်ရှိတွင် အသစ်ကူးစက်မှုများ ကျဆင်းနေသည် မှန်သော်လည်း လက်ရှိ ကျဆင်းနှုန်းသည် အေအိုင်ဒီအက်စ် ရောဂါကို လုံးဝချုပ်ငြိမ်းသွားသည့် အဆင့်ထိ ရောက်အောင် မစွမ်းနိုင်သေး သဖြင့် ထပ်တိုး ကြိုးပမ်းကြရန် ကုလသမဂ္ဂက ဆော်သြ လိုက်သည်။

ကျန်းမာရေး ပရဟိတ လုပ်ငန်းကြီး ဖြစ်သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကလည်း အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူ များထဲ တွင် အေအာတီ ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေး လက်လှမ်းမမီသေး သူပေါင်းများစွာ ကျန်ရှိနေ သေးကြောင်း သတိပေးထားသည်။ လက်ရှိတွင် ကမ္ဘာ တစ်ဝန်း အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ (၃၅) သန်းရှိနေသည်။ ၂၀၁၃ တစ်နှစ်တာအတွင်း အိပ်ခ်ျအိုင်ဗွီ အသစ်ကူးစက်ခံ ရသူ (၂ ဒသမ ၁) သန်းရှိခဲ့သည်။ ၂၀၀၁ ခုနှစ်ကအသစ် ကူးစက်ခံရသူ (၃ ဒသမ ၄) သန်းထိရှိရာ ၂၀၁၃ တွင် (၃၈) ရာခိုင်နှုန်းထိ လျော့နည်းသွားသည်ကို တွေ့နိုင်သည်။



အိပ်ခ်ျအိုင်ဗွီ ကူးစက်ရာမှ အေအိုင်ဒီအက်စ် ဖြစ်ပွားပြီး ကိုယ်ခံအားကျဆင်း သဖြင့် ဆက်စပ်ဖြစ်ပွားသော ရောဂါများကြောင့် သေဆုံးနှုန်းက ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ တစ်ဝန်း ဦးရေ (၁ ဒသမ ၅) သန်း ရှိခဲ့သည်။ ပြီးခဲ့သည့် သုံးနှစ် အတွင်း သေဆုံးနှုန်း ငါးပုံ တစ်ပုံ ကျဆင်းသွားခြင်း ဖြစ်သည်။ တောင်အာဖရိကနှင့် အီသီယိုးပီးယားတွင် အေအိုင်ဒီအက်စ်ကြောင့် သေဆုံးနှုန်း အထိရောက်ဆုံး လျှော့ချနိုင်လာသည် ကိုလည်း တွေ့ရသည်။ အေအိုင် ဒီအက်စ်ဖြင့် သေဆုံးနှုန်း လျော့ကျလာစေသည့် အကြောင်းရင်းများစွာရှိသည်။ အဓိကတစ်ခုမှာ အေအာတီကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးများ လက်လှမ်း မီသူ များပြားလာခြင်းကြောင့် ဖြစ်သည်။

သတိထားစရာ

တိုးတက်မှုများရှိလာ သော်လည်း စိုးရိမ်စရာ များလည်း ကျန်နေသေးသည်။ သတိမထားပါက စိုးရိမ်စရာများက ရထားသော တိုးတက်မှုများ ကိုပါ ထိပါးလာမည် ဖြစ်သည်။ အေအာတီဆေး သောက်သုံးခွင့်ရသူက အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ ၁၀ ဦးတွင် လေးဦးခန့်သာ ရှိသေးသည်။ အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်မှု အားလုံး၏ လေးပုံသုံးပုံသည် နိုင်ငံ (၁၅) နိုင်ငံမှဖြစ်ရာ ထိုနိုင်ငံများတွင် ကူးစက်မှု ထိန်းချုပ်ရေးများ တိုးမြှင့် လုပ်ဆောင်ရန် ကျန်ရှိနေ သေးသည်။

မည်သို့ပင်ဆိုစေ ပြီးခဲ့သည့် ငါးနှစ်အတွင်း အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး တိုးတက်နှုန်းသည် ရှေ့ပိုင်း (၂၃) နှစ်စာ တိုးတက်မှု ထက်ပင် ပိုများခဲ့ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးသည် ယခင်ကလို မှုန်ဝါးဝါး လမ်းပေါ်မှာ စမ်းတ၀ါးဝါး လျှောက်လှမ်းနေရသည့် အနေအထားမျိုး မဟုတ်တော့။ မည်သည့် လုပ်ငန်းများအလုပ် ဖြစ်သည်ကို ထင်ထင်ရှားရှား တွေ့လာရပြီဖြစ်သလို၊ မည်သည့် နေရာများတွင် အခက်အခဲ များ ရှိနေသေးသည်ကိုလည်း မြင်နေရပြီ။ အခက်အခဲကို ကျော်လွှားနိုင်ဖို့လည်း နီးစပ်လာပြီ။ အေအိုင်ဒိအက်စ် တိုက်ဖျက်နိုင် ဖို့ မျှော်လင့်ချက် ရောင်ခြည်က လင်းပသထက် လင်းပလာပြီ။

သို့သော် လက်ရှိရှိန်နှုန်း အတိုင်း ကျေနပ်နေ လို့တော့ မဖြစ်။ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် တိုက်ဖျက်နိုင်နှုန်းကို ပိုမြှင့်တင်မှ အချိန်တိုတိုဖြင့် အမြစ်ပြတ် တိုက်ဖျက်နိုင်မည်ဟု အစီရင်ခံစာက ညွှန်ပြသည်။ အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်မှု ထိန်းချုပ်ရေးကို ၂၀၂၀ မှာ အမြင့်ဆုံးထိ ရှိန်နှုန်းမြှင့်နိုင် မယ်ဆိုရင် ၂၀၃၀ မှာ အသစ်ကူးစက်မှု လုံးဝ မရှိတော့အောင် ထိန်းချုပ်နိုင်မှာ သေချာပါတယ် ဟု UN Aids အဖွဲ့မှ အမှုဆောင် အရာရှိချုပ် မိုက်ကယ် ဆီဒီဘီက ပြောသည်။ UN Aids သည် ကုလသမဂ္ဂ အဖွဲ့ အစည်း တစ်ခုဖြစ်ပြီး အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အထူးပြု အဖွဲ့အစည်းကြီး ဖြစ်သည်။



လက်လှမ်းမီဖို့

အေအိုင်ဒီအက်စ်ကြောင့် သေဆုံးနှုန်းများ လျှော့ချနိုင်ရေးတွင် အိပ်ခ်ျအိုင်ဗွီထိန်းဆေးကို ဝေဒနာရှင်တိုင်း လက်လှမ်းမီဖို့ အရေးကြီးသည်။ ပုံမှန်အားဖြင့် အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် ကူးစက်ပြီး ဆယ်နှစ်ခန့် နေမှ ဗိုင်းရပ်စ်သည် ခန္ဓာကိုယ် ခုခံအား စနစ်ကို အနိုင်ယူနိုင်ကာ ခုခံအား ကျဆင်းသည့် အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပွားသည်။ ခုခံအားကျဆင်းလျှင် ခန်္ဓာကိုယ် သည် ရောဂါများဒဏ် ခံနိုင်ရည် မရှိတော့ဘဲ ရောဂါမျိုးစုံ၏ ဖိစီးနှိပ်စက်ခြင်း ကြောင့် နောက်ဆုံးတွင် သေဆုံးရသည်။

ယခုနောက်ပိုင်း ပေါ်လာသော အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးများကား အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကို အသေသတ်နိုင်ခြင်း မရှိသေးသည့် တိုင်ကိုယ်တွင်း ၌ ဗိုင်းရပ်စ်များ မျိုးပွား ပျံ့ပွား ခြင်း မရှိအောင် ထိန်းချုပ်ပေးထားသည်။ သို့ဖြစ်ရာ ဗိုင်းရပ်စ်သည် ဆက်လက်ပျံ့ပွားနိုင်ခြင်း မရှိသောကြောင့် ခုခံအား စနစ်ကို တိုက်ခိုက်ခြင်း မပြုနိုင်ဘဲ ဖြစ်သွားသည်။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ရှိနေသည့်တိုင် ထိန်းဆေးသောက်နေသူ များသည် ပုံမှန် လူတစ်ယောက်နီးပါး သက်တမ်းစေ့ နေထိုင်နိုင်သည်။

အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်နိုင်သည့် လက်နက်ကောင်းများ ရှိနေပြီ။ ကျန်နေသည်ကား ထိုလက်နက်ကို ဝေဒနာရှင် အားလုံးထံ အရောက် ပို့ပေး နိုင်ရေး ဖြစ်သည်။ လက်ရှိမှာပင် လက်နက်ကောင်းကို လက်လှမ်းမမီသေး သူပေါင်းများစွာ ကျန်နေသေးသည်။ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ထားရသူ (၅၄) ရာခိုင်နှုန်းသည် ကူးစက်ခံထားရမှန်း မသိဘဲ ရှင်သန်နေထိုင်နေကြသည်။ ထိုလူများ ထံမှ အခြားသူများ ထံသို့ အိပ်ခ်ျအိုင်ဗွီ ကူးစက်မည့် အန္တရာယ် အလွန်ကြီးသည်။ ကူးစက်ခံထားရသူ များကို ဖော်ထုတ်ကာ ထိန်းဆေးပေး ကုသနိုင်မှ အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်နှုန်းများ ပို၍ပို၍ လျော့ကျသွားမည်။ ကမ္ဘာတစ်ဝန်း အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူ စုစုပေါင်း အနက် (၆၃) ရာခိုင်နှုန်းသည် အေအာတီ ဆေးကဲ့သို့ အိပ်ခ်ျ အိုင်ဗွီထိန်းဆေးကို လက်လှမ်းမမီ သေးဘဲ ဖြစ်နေသည်။

အထူးသဖြင့် အာဖရိကတိုက် ဆာဟာရ သဲကန္တာရ တောင်ပိုင်းခြမ်းဒေသများသည် အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်နှုန်း အများဆုံးနေရာများဖြစ် သည်။ ကျန်နေသေးသည့် ကူးစက်ခံထားရသူ သန်းပေါင်းများစွာထံ အိပ်ခ်ျအိုင်ဗွီထိန်းဆေးများအရောက်ပို့နိုင်ပါက ကမ္ဘာတစ်ဝန်းနှစ်စဉ် အေအိုင်ဒီအက်စ် ကြောင့် သေဆုံးသူ (၁ ဒသမ ၅) သန်းခန့် လျှော့ချနိုင်သွားမည်။ ဖွံ့ ဖြိုးဆဲနိုင်ငံများဘက်တွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ထားရသူ (၁၂) သန်းကျော်ထိ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးများ ဖြန့်ဖြူး ပေးထားနိုင်ပြီဖြစ် သော်လည်း လိုအပ်နေသူ ပမာဏ၏ ထက်ဝက်ခန့်သာ ရှိသေးရာကျန် ထက်ဝက်ခန့်အတွက်လည်း လုံလောက်အောင် ဖြန့်ဖြူးပေးနိုင်ဖို့ လိုကြောင်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့  (MSF) မှ ဆေးဝါးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ဂျနီဗာကွန်က ပြောသည်။

နိုင်ဂျီးရီးယားနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူ (၈၀) ရာခိုင်နှုန်း ထိန်းဆေး လက်လှမ်းမမီသေး။ မည်သူမျှ ပြတ်ကျန်မနေခဲ့အောင် ဂရုစိုက်ဖို့ လိုမည်ဟု ဒေါက်တာကွန်က ပြောသည်။ အထူးသဖြင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုရှိ သော်လည်း ကူးစက်နှုန်း မများသေးသည့် ဒေသများသည် ဦးစားပေး မခံရဘဲ ဖြစ်နေသည်။ ကူးစက်နှုန်းမများသေးခင်မှာပင် ထိန်းဆေးများ လုံလောက်အောင် ထောက်ပံ့နိုင်ပါက ကူးစက်မှု လုံးဝမရှိအောင်နှင့် လုံးဝ ပျောက် သွားအောင် လုပ်နိုင်မည်ဟု ဒေါက်တာ ကွန် က ထောက်ပြသည်။ တိုက်ပွဲများ၊ ပဋိပက္ခဒေသများ သည်လည်း အိပ်ခ်ျအိုင်ဗွီဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဟာကွက်နေရာများ ဖြစ်နေကြောင်း ၎င်း က ဆက်လက် ပြောကြားသည်။

တချို့နိုင်ငံတွေမှာ တော်တော်ကြီး နောက်ကျမှ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးပေးနိုင်လို့ အသက်မကယ်နိုင်တာမျိုး ကြုံရတယ်။ အိပ်ခ်ျအိုင်ဗွီရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေဆီကနေ ကလေးတွေဆီ မကူးအောင် အချိန်မီ ကာကွယ်မပေးနိုင်တာမျိုးတွေလည်း ရှိနေတယ် ဟု ဒေါက်တာကွန်က ပြော သည်။ အေအိုင်ဒီအက်စ် ဖြစ်ပွားသူ အများဆုံးရှိရာ တစ်နိုင်ငံဖြစ်သော တောင်အာဖရိကမှ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လှုပ်ရှားမှု အဖွဲ့  Treatment Action Campaign အဖွဲ့ခေါင်းဆောင် မားကတ်စ်လောကလည်း မျှော်လင့်စကား ပြောကြားသည်။

တောင်အာဖရိကမှာ လက်ရှိမှာကိုပဲ တစ်နေ့ကို အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်သူ တစ်ထောင်လောက် ရှိနေသေးတယ်။ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှုပိုင်း ကတော့ ကောင်းလာပါပြီ။ ဝေဒနာရှင်တွေ အသက်ရှည်ရှည် နေနိုင်လာပြီ။ ဒါပေမဲ့ အသစ် ကူးစက်မှုတွေ ကတော့ ရှိနေသေး တာပဲ။ အသစ် ကူးစက်မှုတွေ ကျဆင်းသထက် ကျဆင်း သွားအောင် လုပ်နိုင်မှ အိပ်ခ်ျအိုင်ဗွီ အေအိုင် ဒီအက်စ် တိုက်ဖျက်ရေး မျှော်လင့်ချက် ရောင်ခြည် ပိုလင်းသထက် လင်းလာမယ်

Ref: Aids can be 'under control by 2030' By James Gallagher

- Messenger

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်