Subscribe to our RSS Feed

ရန်ကင်းလူသတ်မှု တရားခံကို သေဒဏ်ချမှတ်

From : ..7day

ရန်ကင်းမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူသတ်မှုတွင် ပြစ်မှုကျူးလွန်သူကို အရှေ့ပိုင်းခရိုင်တရားရုံးမှ ဇူလိုင် ၂၂ ရက်တွင် သေဒဏ်အမိန့်ချမှတ်လိုက် သည်။

ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက်အတွင်း ပြီးခဲ့သည့် မတ်လ ၁၅ ရက်က ဟင်းဝယ်ရန် နေအိမ်မှ ထွက်လာခဲ့သော မောင်မောင်ကြီးက လမ်းတွင် အရက်သောက်ပြီး ပြန်လာသူ အသက် (၂၂) နှစ်အရွယ် ချစ်ပို(ခ)ဝေယံဖြိုးက မတော်တဆပခုံးချင်းတိုက်မိရာမှ ချစ်ပိုက မကျေနပ်၍ ၎င်းအားလူအများရှေ့တွင် ထိုးကြိတ်ကာ လည်ပင်းကို ဓားရှည်ဖြင့် အချက်ပေါင်းများစွာခုတ်၍ သတ်ခဲ့ကြောင်း ပြစ်မှုထင်ရှား၍ ဇူလိုင် ၂၂ ရက်တွင် တွဲဖက်ခရိုင်တရားသူကြီးက သေဒဏ်အမိန့်ချမှတ်ခဲ့ ခြင်းဖြစ်သည်။

‘‘ချစ်ပို(ခ) ဝေယံဖြိုးသည် အခင်းဖြစ်ပွားစဉ် သေသူအား သတ်သင့်၊ မသင့်စဉ်းစားချိန်ရှိပြီး ဦးလေးဖြစ်သူက လာတားစဉ် ဦးလေးလည်း ဦလေးအလုပ်လုပ်၊ ကျွန်တော်လည်း ကျွန်တော့်အလုပ်လုပ်မယ်ဟု ပြောဆိုကာ မလှုပ်ရှားနိုင်သူကို အသေသတ်ခဲ့ခြင်းပြစ်မှုထင်ရှားခဲ့၍ ၎င်းကို စွဲချက်တင်ပုဒ်မ-၃၀၂(၁)(ခ) အရ သေဒဏ်အမိန့်ချမှတ်သည်’’ဟု တွဲဖက်ခရိုင်တရားသူကြီး ဦးငြိမ်းမြင့်ကပြောသည်။

အဆိုပါအမှုကို တရားသူကြီးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့အတည်ပြုရန် ဆက်လက်တင်ပြမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူကလည်း ခုနစ်ရက်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ အယူခံဝင်နိုင်ကာ တရားခံမိသားစုက အယူခံဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်