Subscribe to our RSS Feed

ထိုင်းမကလို့ ဘရာဇီးမကလို့ ကမ္ဘာ့ချန်ပီယံ ဂျာမဏီပဲဖြစ်ဖြစ် ဖိုင်နယ်ကတော့ ဘယ်သူမှပြောလို့မရတဲ့ပွဲပဲလို့။ သည်းခံမယ်၊ ကြိုးစားမယ်၊ စိတ်ဓါတ်အပြည့်နဲ့ကစားမယ်ဆိုလို့ရှိရင်

From : ..news watch

“ထိုင်းမကလို့ ဘရာဇီးမကလို့ ကမ္ဘာ့ချန်ပီယံ ဂျာမဏီပဲဖြစ်ဖြစ်
ဖိုင်နယ်ကတော့ ဘယ်သူမှပြောလို့မရတဲ့ပွဲပဲလို့။ သည်းခံမယ်၊ ကြိုးစားမယ်၊ စိတ်ဓါတ်အပြည့်နဲ့ကစားမယ်ဆိုလို့ရှိရင် …”



မြန်မာ ယူ ၂၃ ဘောလုံးအသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင်နှင့် မေးမြန်းခန်း
----- ----- ----- -----

မေး - အခုလက်ရှိ မြန်မာအသင်းကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေ၊ အဓိက ကစားသမားတွေထဲက ဒဏ်ရာရထားသူ ရှိ/မရှိ ပြောပြပေးပါဦး

ဖြေ - မရှိဘူးဗျ။ အားလုံး Fit ပဲ။ ဖိုင်နယ် Full Line-up ပဲ။

မေး - ဆီမီးဖိုင်နယ် ဒုတိယပွဲမှာ ထိုင်းက အင်ဒိုကိုကစားသွားတာ ကြောက်ခမန်းလိလိပဲ။ ဂိုးအရှေ့မှာ အင်မတန် ပရိရာယ်ကြွယ်ဝတာ တွေ့ရတယ်။ ကိုသန်းတိုးအောင်အနေနဲ့ ထိုင်းအသင်းကို သုံးသပ်ပေးပါဦး။ နောက် ဖိုင်နယ်မှာ ထိုင်းအသင်းကို ဘယ်လိုပုံစံမျိုးနဲ့ ချည်းကပ်မယ်လို့ ကိုကြည်လွင်နဲ့ တိုင်ပင်ထားပါသလဲခင်ဗျ။

ဖြေ - ထိုင်းအသင်းက ခင်ဗျားတို့ကသာ ထင်နေတာ။ အင်ဒိုနီးရှားနဲ့ ၅ ဂိုးသွင်းတော့ ခင်းဗျားတို့ကတော့ ဂိုးအရေအတွက်ကို ကြည့်တယ်ထင်တယ်။ ကျွန်တော်တို့အမြင်ကတော့ Team Play ကိုကြည့်တဲ့အခါကျတော့ ပထမဂိုးကို ကျွန်တော်ကြည့်တယ်။ အင်ဒိုနီးရှားက အပြန်အလှန်ကစားနေတာဗျ။ အပြန်အလှန်ကစားရင်နဲ့မှ ဂိုးပြတ်သွားတာ။ ခြေကွာပြီးတော့မှ ဂိုးပြတ်သွားတာမဟုတ်ဘူးဗျ။

နောက်တခုက ဘယ်လိုကစားမလဲဆိုရင် ဘောလုံးဆုံးလို့ရှိရင် Line ကနေ့ block လုပ်မယ်ပေါ့။ Line ဆိုတာ ကျွန်တော်တို့ centre back နဲ့ centre forward ပေါ့ အရှေ့ဆုံးက ကစားတဲ့သူနဲ့ အနောက်ဆုံးကစားတဲ့သူနဲ့ အကွာအဝေး မီတာ ၂၀၊ ၃၀ နဲ့အကြားမှာ ကစားမယ်။ ထိုင်းက နောက်တန်းကစားသမားတွေက နောက်မှာချန်ပြီးနေတယ်။ ရှေ့တန်းနဲ့အလယ်တန်းက ပူးပြီးအရှေ့ကိုတက်တယ်။ ဘာကြောင့် သူတို့အဲဒီလိုကစားသလဲဆိုတော့ သူတို့မှာက Long Pass (အဝေးပေးဘော)တွေ၊ Passing Accuracy (အပေးအယူ တိကျမှု)မှာ သူများအသင်းတွေထက် သာတယ်။ နောက် ဘောလုံးအထိန်းအသိမ်းလည်း သူများထက်ကောင်းတယ်။ အဲဒီတော့ သူတို့က ဒီလိုကစားနိုင်တယ်။ သူတို့က pass လုပ်နေရင်းနဲ့ မရဘူးဆိုရင် အနောက်ပြန်ပေးကစားမယ်။ အဲဒီအချိန်မှာ ယောင်မှားပြီးတော့ ၂ ယောက် ၃ ယောက်လောက်နဲ့ pressing သွားမလုပ်နဲ့၊ လုပ်တာနဲ့ ကျွန်တော်တို့ ခံသွားရမယ်။ မပိုင်ဘဲနဲ့ သွားလို့ရှိရင်တော့ ခံရမှာပဲ။ ကျွန်တော်တို့က သူတို့မျှားတဲ့နောက် မလိုက်ဘူး။ အလယ်ကနေ၊ Line ကနေပဲ ချမယ်။ အဲဒီလို ခံလို့ရှိရင် သူတို့က passing ကို အလယ်တန်းတွေ ရှေ့တန်းတွေကို လုပ်လိမ့်မယ်။ လုပ်လို့ရှိရင် ကျွန်တော်တို့က ရအောင်ဖျက်မယ်။ ဒါမျိုးဖောက်လို့မရတော့ဘူးဆိုရင် သူတို့က ဘယ်တောင်ပံ၊ ညာတောင်ပံတွေကို တင်မယ်။ အဲဒီအခါကျရင်တော့ ကျွန်တော်တို့က ပြန်ကျတဲ့ second ball တွေကို မိအောင်ဖမ်းရမယ်။ ကျွန်တော်တို့အနေနဲ့လည်း တယောက်ချင်း သူတို့ကို သွားတိုက်လို့မရဘူး။ ကျွန်တော်တို့က အသင်းလိုက် စုဖွဲ့ကစားမှုကို အခြေခံတာ။ ထိုင်းက စောစောကကျွန်တော်ပြောတဲ့အချက်တွေ အားသာနေတဲ့အခါကျတော့ တိုက်စစ်ဖွင့်တဲ့အခါ ကျွန်တော်တို့က ၆ ယောက် ၇ ယောက်လောက်နဲ့ သွားမှရမယ်။ ၃၊ ၄ ယောက်လောက်နဲ့တော့ အလွယ်လှဘူး။ ဟိုတနေ့ကလို ကောင်းဆက်နိုင်ပေးပြီးတော့ နေလင်းထွန်း သွင်းတဲ့အကွက်မျိုးက ထိုင်းနဲ့ဆိုလို့ရှိရင် ရကောင်းရနိုင်တယ် ဒါပေမယ့် ကမ္မသကာပဲ မသေချာဘူး။ အဲဒီတော့ ကျွန်တော်တို့ Team နဲ့ပဲ သွားမယ်။ ဆင်းတဲ့အခါလည်း အသင်းနဲ့ပဲသွားမယ်။ အဲဒါမျိုးတော့ ကျွန်တော်တို့ စဉ်းစားထားတယ်။ ထရိန်နင်မှာ အဲဒီ အခြေအနေလေးတွေထည့်ဖို့ ကျွန်တော် ဦးကြည်လွင်နဲ့ တိုင်ပင်နေတယ်။

တိုက်စစ်ကိုလည်း team play နဲ့ပဲသွားမှရမယ်။ ခံစစ်ကျတဲ့အခါမှာလည်း အကုန်လုံးပြန်ပြီးတော့ ခံမှရမယ်။ အားလုံးအနောက်ကို ပြုံဆင်းတာတော့ မဟုတ်ဘူးဗျ။ သူ့ position အတိုင်း သတ်မှတ်ထားတဲ့ နေရာကို ပြန်လာရမယ်။

-

မေး - ဒါဆိုရင် ထိုင်းအသင်းက ကစားတာတော့ ကောင်းတယ် သို့သော် ကြောက်စရာမလိုဘူးဆိုတဲ့ သဘောလားခင်ဗျ။

ဖြေ - ကြောက်စရာတော့ မလိုဘူး။ ကျွန်တော်တို့ ကစားသမားလေးတွေကိုလည်း ပြောထားတယ် ထိုင်းမကလို့ ဘရာဇီးမကလို့ ကမ္ဘာ့ချန်ပီယံ ဂျာမဏီပဲဖြစ်ဖြစ်
ဖိုင်နယ်ကတော့ ဘယ်သူမှပြောလို့မရတဲ့ပွဲပဲလို့။ သည်းခံမယ် ကြိုးစားမယ်၊ စိတ်ဓါတ်အပြည့်နဲ့ကစားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ပရိသတ်အားကလည်း နည်းတာမဟုတ်ဘူး။ တပြည်လုံးရော စင်္ကာပူပရိသတ်ရောရှိနေတော့ ကြိုးစားမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့မျှော်မှန်းတဲ့ရလဒ်က ဖြစ်လာပါလိမ့်မယ်။

-

မေး - ဟုတ်ကဲ့ နောက်မေးခွန်းတခုကတော့ ကိုသန်းတိုးအောင်တို့ရဲ့ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး မေးချင်တာပါ။ ဘာလို့လဲဆို တိုက်ဆိုင်မှုလေးတွေ ရှိနေလို့ပါ။ ၉၃ ဆီးဂိမ်း ကိုသန်းတိုးအောင်တို့၊ ကိုကြည်လွင်တို့ ခေတ်ပေါ့နော်။ အဲဒီတုန်ကလည်း စင်္ကာပူ ကာလန်းကွင်းမှာပဲ ထိုင်းအသင်းနဲ့ ဗိုလ်လုခဲ့ရတယ်။ အခုတခါ အစ်ကိုတို့ ၉၃ မျိုးဆက်ကစားသမား ၂ ဦးက အုပ်ချုပ်သူအဖြစ်၊ နည်းပြအဖြစ်နဲ့ မြန်မာ ယူ ၂၃ ဘောလုံးအသင်းကို ဖိုင်နယ်ရောက်အောက် နောက်တကြိမ် ထပ်မံ စွမ်းဆောင်ပေးခဲ့ပြီ။ ဒါနဲ့ပတ်သက်လို့ ရင်ထဲက ခံစားချက်၊ အမှတ်တရဖြစ်ရပ်လေးတွေများရှိရင် ပြောပြပေးပါဦး။

ဖြေ - အမှတ်တရဖြစ်ရပ်ဆိုတာကတော့ ဖိုင်နယ်မှာကျွန်တော်တို့က ၄-၃ နဲ့ရှုံးခဲ့တာ။ အဲတုန်းက ထိုင်းကတော့ ပီယာပွန်တို့၊ ဇေတွန်းတို့၊ နောက်ပြီးတော့ အလယ်တန်းက အာတာပေါတို့ ကစားတာပေါ့။ အဲဒီတုန်းက ကိုင်တီဆတ်ဆိုတာ အရန်ပဲရှိသေးတယ်။ ကျွန်တော်ရွတ်ပြတဲ့ ထိုင်းကစားမားတွေက တကယ်တမ်းတော့ ကိုင်တီဆတ်တို့ထက်တောင် ကောင်းသေးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သူတို့တွေက ၂၉၊ ၃၀ တွေဖြစ်နေပြီ။ ကျွန်တော်တို့တွေက ၂၄၊ ၂၅၊ ၂၆ ပဲ ရှိသေးတယ်။ အဲဒီအခါမှာ သူတို့နဲ့ ကျွန်တော်တို့က level လိုဖြစ်သွားတယ်။ ဒုတိယပိုင်းမှာဆို သူတို့တောင်မှ နည်းနည်းလေး ကျလာတယ်။ ဘေးကန်တာတွေဘာတွေ ဖြစ်လာတယ်။ ဘာကြောင့် ရှုံးရလဲဆိုတော့ ၃-၃ ဖြစ်ပြီးတော့မှ ကိုင်တီဆတ်ဝင်လာပြီးတော့မှ ဟိုဘက် Narrow Angle ကနေပြီးတော့ သူလည်းမြင်ရတာမဟုတ်ပါဘူးဗျာ နောက်ပြန်လှန်တိုက်လိုက်တာမှာ ကျွန်တော်တို့ ဂိုးပေးလိုက်ရတယ်ပေါ့ဗျာ။ အဲဒီဂိုးကို ကျွန်တော်တို့က (goal by luck) ကံအားဖြင့်ပေးရတဲ့ဂိုးပေါ့။ အဲဒီလိုဆိုတော့ ကျွန်တော်တို့က ဒီနေ့ ထိုင်းနဲ့ပြန်တွေ့မယ်ဆိုတဲ့အခါကျတော့ ခင်ဗျားတို့ပြောသလိုပေါ့ အကြွေးဆပ်မယ်ဆိုရင် ကျွန်တော်တို့က ဒီလို goal by luck နဲ့ပဲ ပြန်ရကောင်းရနိုင်တယ်။ ဒါမျိုးဖြစ်လာနိုင်တယ်။ ဖြစ်လာမယ်လို့လည်း မှန်းထားတယ်။

-

မေး - ကိုကြည်လွင်နဲ့ ကိုသန်းတို့အောင်တို့ ၉၃ ဆီးဂိမ်းနဲ့ပတ်သက်လို့ ပြန်လည်ပြောဆိုကြတာ စမြုံ့ ပြန်ဖြစ်ကြတာမျိုးရော ရှိပါသလား။

ဖြေ - မပြောဖြစ်ဘူးဗျ။ သူနဲ့ ကျွန်တော် အဲဒီတုန်းကအကြောင်းတွေ လုံးဝမပြောဖြစ်ဘူး။ ဘာကြောင့် မပြောလဲဆိုတာက ကျွန်တော်တို့က အဲဒီတုန်းက ရှုံးခဲ့ရတာကိုး။ ဒါကြောင့် ကျွန်တော်တို့က အဲဒီအကြောင်းကို စမြုံ့မပြန်တော့ဘူး။

ဒီအတွက်လည်း ကျွန်တော်တို့က ဟာ မင်းတို့ကို မရရအောင် လက်စားချေမှာပဲဆိုတဲ့စိတ်မလည်း မရှိဘူး။ ကျွန်တော်တို့ဘက်က အကောင်းဆုံးဖြစ်အောင် ကစားမယ်။ ရွှေတံဆိပ်ရအောင် ကြိုးစားမယ်။ ကျွန်တော်တို့ဆီမှာ လက်စားချေတာတွေ ဘာတွေမရှိဘူး။ ကျွန်တော်တို့ ဘောလုံးကစားနေတာ။ ဟုတ်တယ်နော်။ ဘောလုံးဆိုတာ ဒီတပွဲနဲ့ပဲ ပြီးသွားတာမျိုးမဟုတ်ဘူးလေ။ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ကလည်း ဗမာက ထိုင်းကိုရှုံးဖူးတာပဲ။ ဟုတ်တယ်နော်။ အဲဒီတုန်းက မီဒီယာ မကျယ်ပြန့်တဲ့အခါကျတော့ ဘယ်သူမှ မဖော်ပြနိုင်ဘူး။ နောင်နှစ်တွေ နောင်လာမယ့် ဆီးဂိမ်းတွေမှာလည်း ထိုင်းနဲ့က တွေ့ဦးမှာပဲ။ အဲဒီတော့ ကျွန်တော်တို့ဘက်က အကောင်းဆုံးကစားမယ်။ ဘယ်လိုမှ ကြောက်စရာအကြောင်းမရှိဘူး။

-

မေး - နောက်ဆုံးအနေနဲ့ မြန်မာပရိသတ်ကို ဘယ်လိုစကားလက်ဆောင် ပါးလိုပါသလဲခင်ဗျ။

ဖြေ - ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာကတော့ ထိုင်းရော မြန်မာရော ၂ သင်းစလုံးက ကျွန်တော်တို့ အိတ်ထောင်ထဲမှာ ငွေတံဆိပ်တွေက ၂ သင်းစလုံးမှာရှိနေပြီ။ အဲဒီတော့ ရွှေကိုဘယ်သူလဲနိုင်မလဲဆိုတာပဲ။ ကျွန်တော်တို့ မြန်မာ ၁ ပြည်လုံးကလည်း ရွှေလိုချင်ကြတယ်။ ကျွန်တော်တို့မြန်မာတွေက ပြည်ပရောက်ရင် ကိုယ့်ကိုယ်ကို ရွှေလို့ခေါ်တဲ့အခါကျတော့ ကျွန်တော်တို့ မြန်မာပြည်သူတွေအားလုံးက လိုချင်နေတဲ့ရွှေကို မရရအောင် ကန်မယ်လို့ အဲဒါလေးပြောချင်ပါတယ်။

Photo - MFF
မြန်မာ ယူ ၂၃ ဘောလုံးအသင်းနည်းပြ ဦးကြည်လွင်(ယာ)နှင့် အုပ်ချုပ်သူ ဦးသန်းတိုးအောင်


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်