Subscribe to our RSS Feed

မဲဆန္ဒရှင်တွေကို ကျေးဇူးတုံ့ပြန်သောအားဖြင့် လူထု၏မူလအခွင့်အရေးများကို ပိတ်ပင်တော့မှာလား (ဆောင်းပါး)

From : .. မောင်ကို
 


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ရေးသားသည့် ဆောင်းပါးများအနက် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၏ အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုင်ရာ စံနှုန်းများနှင့်ကိုက် ညီသော ဆောင်းပါးများကို ရွေးချယ်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ ဆောင်းပါးတွင် ဖော်ပြထားသည့် သုံးသပ်ချက်များသည် ဆောင်းပါးရှင်၏ ကိုယ်ပိုင်ရှုမြင်သုံးသပ်ချက်များသာဖြစ်ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ အယူအဆမဟုတ်ပါ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို စိတ်ဝင်စားသူများ အနေဖြင့်လည်း ဆောင်းပါးများ ရေးသားပေးပို့နိုင်ပြီး သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း၏ မူဝါဒနှင့် ကိုက်ညီပါက ဖော်ပြပေးသွား မည်ဖြစ်ပါသည်။

လွှတ်တော်က ထုတ်ပြန်လိုက်တဲ့ အခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်း ကို သေသေချာချာ ဖတ်ရှုပြီးတဲ့နောက် ဒီဆောင်းပါးကို ရေးသားလိုက်ရပါ တယ်။ ကျွန်တော် နားလည်သလောက်ကတော့ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေဟာ သမ္မတစနစ်ကို အဓိက ဦးတည်ပုံဖော်ထားတာဖြစ်ပြီး ၁၉၄၇ ခုနှစ် အခြေခံဥပဒေ သဘောတရားတွေ စိမ့်ဝင်နေခဲ့ပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲ ပြန်လည်လေ့လာကြည့်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ခဲ့သူတွေဟာ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဖို့ တစ်ပါတီစနစ် ဖွဲ့စည်းပုံဖြစ်တဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို ကိုးကား နိုင်ခြင်းမရှိခဲ့တဲ့ အတွက် ၁၉၄၇ အခြေခံဥပဒေကို အများဆုံး ကိုးကား ရေးသား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ သို့သော်လည်း သမ္မတစနစ်ကို ပုံဖော်နိုင်အောင် အတတ်နိုင်ဆုံးကြိုးပမ်းအားထုတ်ထားတယ်ဆိုတာလည်း တွေ့ရှိရပါတယ်။
အစိုးရသတင်းစာတွေမှာ ဖော်ပြထားတဲ့ ပြင်ဆင်တဲ့ဥပဒေမူကြမ်း၊ အခြေခံဥပဒေ မူလပြဋ္ဌာန်းချက်များနဲ့ နှိုင်းယှဉ်ချက်ဇယားတွေအရ ပထမဆုံးအချက် အနေနဲ့ လွှတ်တော်ကို မေးချင်တာက ပါလီမန်စနစ်ကို ပြန်ပြီး အသက်သွင်းချင်တာလားဆိုတဲ့ မေးခွန်းပါပဲ။ အခွင့်အာဏာဟူသမျှ လွှတ်တော်ကရယူပြီး အာဏာရှင်လွှတ်တော်ပုံစံမျိုး ဖန်တီးနေတာဟာ သိပ်ကို အန္တရာယ်များတဲ့လုပ်ရပ်ဖြစ်ကြောင်း သတိပြုသင့်ပါတယ်။
ပါလီမန်ဒီမိုကရေစီခေတ်မှ အကွဲအပြဲတွေ ဘာကြောင့်ဖြစ်ခဲ့ရသလဲ၊ စစ်ဘက် အာဏာသိမ်းမှုတွေ ဘာကြောင့် ဖြစ်ခဲ့ရသလဲ၊ လွတ်လပ်ပြီးစ မြန်မာနိုင်ငံ ဒီကနေ့ အချိန်အထိ မပြီးနိုင် မစီးနိုင်တဲ့ ပဋိပက္ခမီးတွေဘာကြောင့် တောက်လောင်ခဲ့ရသလဲ။ ဒါတွေကို ပြည်သူ့ကိုယ်စားလှယ်တွေ နှိုင်းယှဉ် စဉ်းစားလေ့လာမှုတွေ လုပ်ခဲ့ပါသလား။ အင်္ဂလိပ်ပါလီမန်မှာ ''မိန်းမကို ယောကျာ်းဖြစ်အောင်၊ ယောက်ျားကို မိန်းမဖြစ်အောင် မလုပ်နိုင်တာကလွဲလို့ ပါလီမန်ဟာ အရာရာလုပ်နိုင်တယ်'' '' Parliament can do everything
but make a woman a man and a man a woman. '' ဆိုတဲ့ စကားရှိပါတယ်။ ဒါက ပါလီမန်အာဏာရှင်ဖြစ်ကြောင်း ထင်ရှားစေတဲ့စကား ဖြစ်ပါတယ်။ ဒါပေမယ့် သတိထားဖို့က အဲဒီလိုပြောခဲ့တဲ့ ဗြိတိန်နိုင်ငံမှာ အခြေခံဥပဒေဆိုတာ မရှိဘူး ဆိုတာပါပဲ။
Check And Balance ဆိုတဲ့ သဘောတရားကို တဖွဖွ ရေရွတ်ခဲ့ ကြပါတယ်။ ကိုယ်က သူများတွေကို ထိန်းကျောင်းမှုပြုလုပ်ရင် ကိုယ့်ကိုလည်း သူများတွေက ပြန်ပြီး ထိန်းကျောင်းမှု ပြုတာကိုခံနိုင်ဖို့လိုပါတယ်။ အခု ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ မူလအာဏာပိုင်ရှင် ပြည်သူတွေကနေ ရွေးချယ် ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ပေးထား တဲ့ပုဒ်မကို ပယ်ဖျက်ထားပါတယ်။ Right to Recall လို့ခေါ်တဲ့ ဒီပုဒ်မ ကိုဘာကြောင့် ပယ်ဖျက်ရတာလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိလိုပါတယ်။ တောင်ဥက္ကလာပမြို့နယ်၊ တံတားဦးမြို့နယ်၊ ရခိုင်ပြည်နယ် က မြို့နယ်အချို့က ရွေးချယ်တင်မြှောက်ခဲ့တဲ့ အမတ်တွေကို အဲဒီမဲဆန္ဒနယ် က ပြည်သူတွေက ဖြုတ်ချဖို့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြကြောင်း သိခဲ့ရပါတယ်။ လိုအပ်တဲ့ ဥပဒေပြဋ္ဌာန်းထားတာ မရှိသေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေကြမ်းပြုစုပြီး အချိန်ဆွဲလာခဲ့တာ လွှတ်တော် သက်တမ်း ကုန်ဆုံးခါနီး ရက်ပိုင်းပဲလိုတဲ့အချိန်အထိ ဖြစ်ပါတယ်။ အခုတော့ ပေါ်ပေါ်ထင်ထင်ပါပဲ၊ ဒီပုဒ်မကို ပယ်ဖျက်ပစ်မယ်ဆိုတော့ မတင့်တယ်ဘဲ ရုပ်ဆိုးနေမယ်ထင်ပါတယ်။ ဒါဟာမဲဆန္ဒရှင် ပြည်သူတွေကို လှည့်စားရာ၊ မထီမဲ့မြင်ပြုရာ ရောက်နေပါတယ်။ လွှတ်တော်ရဲ့ ဥပဒေ ပြုခွင့်အာဏာကို အသုံးချပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကျိုးစီးပွားတစ်ခုတည်းကို ရှေးရှုရာ ရောက်ပါတယ်။ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတွေမှာဆိုရင် ဒီလို လုပ်ဆောင်ချက်မျိုးဟာ အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှုတွေနဲ့ အရေးယူလို့ရပါတယ်။ မေးချင်တဲ့မေးခွန်းတစ်ခုက အပြန်အလှန် ထိန်းကျောင်းရေးဆိုတဲ့ ယန္တရားကို ဘာဖြစ်လို့ ဖျက်ပစ်ချင်တာလဲဆိုတာပါပဲ။ နောင်အစဉ်အဆက် အာဏာရှင်လွှတ်တော်၊ တစ်ပါတီအာဏာရှင်တွေ ပေါ်ထွန်းလာအောင် ဒီကနေ့ လွှတ်တော်အမတ်တွေက ကြိုးပမ်းခဲ့တယ် ဆိုတာမျိုး ပြောစမှတ် ဖြစ်လာနိုင်ပါတယ်။ အလေးအနက်ထားပြီး ထောက်ပြ လိုပါတယ်။ ပြည်သူ့ကိုယ်စားလှယ်မှန်ရင် မူလအာဏာပိုင်ရှင် ပြည်သူလူထုရဲ့ ထိန်းကျောင်းခွင့်ကို ပယ်ဖျက်ခြင်း မပြုကြဖို့ တောင်းဆိုချင်ပါတယ်။ ကိုယ့်ကို ရွေးချယ် တင်မြှောက်ပေးလိုက်တဲ့ ပြည်သူတွေအပေါ်သစ္စာရှိပါ၊ ရိုးသားကြပါ ဆိုတာကို ပြောချင်ပါတယ်။Right to Recall ပုဒ်မ ဖြစ်တဲ့ပုဒ်မ ၃၉၆ (ခ) ကို ဘာကြောင့် ပယ်ဖျက်ရတယ်ဆိုတဲ့ ရှင်းလင်းချက်နဲ့ ဒီကနေ့အထိ အဲဒီပုဒ်မ အသက်မဝင်အောင် ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ပြည်သူလူထုကို ရှင်းလင်းတင်ပြပေးဖို့ ပြည်သူတစ်ဦးအနေနဲ့ တောင်းဆို လိုပါတယ်။ လွှတ်တော်အနေနဲ့ ပြည်သူလူထုကို ဒီကိစ္စရှင်းလင်းပေးဖို့ တာဝန်ရှိပါတယ်။
ဒုတိယအချက်အနေနဲ့ ပုဒ်မ ၃၉၆ (ခ)ကို ပယ်ဖျက်လိုက်ခြင်းဟာ အခြေခံမူတွေနဲ့ ညီညွတ်ခြင်း ရှိ-မရှိ စဉ်းစားသုံးသပ်ကြဖို့လိုပါတယ်။ အခြေခံ ဥပဒေ၊ အခန်း(၁) အခြေခံမူများ၊ ပုဒ်မ ၃၈ မှာ ဒီလိုမျိုး ပြဋ္ဌာန်း ထားပါတယ်-
''၃၈။ (က) နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက် တင်မြှောက်ခွင့်နှင့်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။
(ခ) ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းထားချက်များနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။''
ပုဒ်မ ၃၉၆ (ခ) ဟာ အခြေခံမူများရဲ့ ပုဒ်မ ၃၈ အရ ပြဋ္ဌာန်းထားခြင်းပဲဖြစ်ပါ တယ်။ မူလမဲဆန္ဒရှင်တွေရဲ့ အထူးအခွင့်အရေးဆိုတာ လွှတ်တော်အမတ်တွေ သဘောပေါက်ကြစေလိုပါတယ်။ ဒီနေရာမှာ လွှတ်တော်အနေနဲ့ နားလည်ဖို့ လိုတာက မူလမဲဆန္ဒရှင် ပြည်သူတွေရဲ့ အခွင့်အရေးကို ပယ်ဖျက်ချင်တယ်ဆိုရင် ပထမဆုံး ပုဒ်မ ၃၈ ကို ပယ်ဖျက်ဖို့လိုပါတယ်။ ပုဒ်မ ၃၈ ကို ပယ်ဖျက်မယ်ဆိုရင် ပြည်သူ့ဆန္ဒခံယူဖို့လိုပါတယ်။ ပုဒ်မ ၄၃၆ ပြဋ္ဌာန်းထားချက်အရ ပြည်သူလူထုရဲ့ သဘောတူညီမှုကို ရယူဖို့လိုပါတယ်။ မူလမဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးကို မူလမဲဆန္ဒရှင် ပြည်သူတွေကို ပြန်ပြီးအတည်ပြုချက် ရယူရခြင်းဖြစ်တယ်ဆိုတာ နားလည်သဘောပေါက်ကြစေလိုပါတယ်။ ဒီအတိုင်းဆိုရင်တော့ ဒီအခြေခံ ဥပဒေကြီးဟာ ရှေ့နောက်မညီတဲ့ အခြေခံဥပဒေဖြစ်လာမှာ ကျိန်းသေပါတယ်။
တတိယအချက်အနေနဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတစ်ရပ်ဖြစ်တဲ့Right to Recall ကို ပယ်ဖျက်ဖို့ကြိုးစားခြင်းဟာ နိုင်ငံတော်ရဲ့အခြေခံမူ တစ်ရပ်ကို ပယ်ဖျက်ဖို့ကြိုးစားခြင်းဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေကို မဖြစ်မနေ ပေးအပ်ရမယ့် ဒီအခွင့်အရေးကို ပိတ်ပင်ပယ်ဖျက်ခြင်းဟာ လွှတ်တော် အမတ်နဲ့ ပြည်သူအကြားက ပဋိညာဉ်ကိုချိုးဖောက်ရာရောက်နေပါတယ်။ ဒီအခွင့်အရေးကို ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ရဲ့ပုဒ်မ ၇၈ အရ ပေးအပ် ထားပါတယ်။ ဒါ့အပြင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေ၊ ပုဒ်မ ၁၅ နဲ့ ပုဒ်မ ၁၅၅ တို့အရလည်း ပေးအပ်ထားခဲ့ပါတယ်။ ဒါကြောင့် ၂ဝဝ၈ အခြေခံဥပဒေမှာပါဝင်နေတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေသုံးခုစလုံးမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့တဲ့ ဒီပြဋ္ဌာန်းချက်တွေကို ဘာဖြစ်လို့ ပယ်ဖျက်ဖို့စဉ်းစား ခဲ့ကြတာလဲ နားလည်၍မရနိုင်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ထဲရောက်သွားပြီဆိုတာနဲ့ မိမိတို့ကိုရွေးချယ်ပေးလိုက်တဲ့ မဲဆန္ဒ ရှင်တွေကို လျစ်လျူရှုလို့မရနိုင်အောင် အစဉ်အဆက်အခြေခံဥပဒေရေးဆွဲခဲ့ သူတွေက ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ ဒီပုဒ်မကို သာပယ်ဖျက်လိုက်ပြီဆိုရင် ရှေးလူတွေက အမြော်အမြင်ရှိရှိ လက်နဲ့ရေးခဲ့ တာကို နောက်လူတွေက ခြေနဲ့ဖျက်ရာရောက်ရှိသွားစေနိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လူထုရဲ့ထိန်းကျောင်းမှုစောင့်ကြည့်မှုကို ခံယူဖို့ လိုပါတယ်။ ရဲရဲရင့်ရင့် သတ္တိရှိရှိထိန်းကျောင်းခံရဲဖို့ အရေးကြီးပါတယ်။ ဒါမှသာ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ သက်ဆင်းသည်ဆိုတဲ့အဓိပ္ပာယ် ပြည့်ဝစေမှာဖြစ်ပါတယ်။ လွှတ်တော်ကို ပြည်သူက ပြန်ပြီးထိန်းကျောင်းနိုင်ဖို့၊ လွှတ်တော်အမတ်တွေ အမတ်ဖြစ်ပြီးတာနဲ့ ကိုယ့်ကျေးဇူးရှင်တွေရဲ့ အကျိုးကို ဆောင်ရန် မမေ့စေဖို့ လူထုကိုထိန်းကျောင်းခွင့် အပ်နှင်းထားတာဖြစ်ပါတယ်။
နောက်ဆုံး စတုတ္ထအချက်အနေနဲ့ ဒီကိစ္စဟာ တစ်နိုင်ငံလုံးအတွက်သာမက နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်ပါ အရေးကြီးလှတဲ့အတွက် နိုင်ငံသား တွေ ဘယ်လိုနိုင်ငံမျိုး တည်ဆောက်ချင်သလဲဆိုတာ ရှင်းရှင်းလင်း လင်းဖြစ်စေဖို့ လူထုသဘောထားကိုရယူဖို့ တောင်းဆိုလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက် လွှတ်တော်ရဲ့ဥပဒေကြမ်းဟာ ပါလီမန်စနစ်ကိုပြန်လည်အသက်သွင်းနေခြင်းပဲဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သမ္မတစနစ်နဲ့ သွားချင်သလား၊ ပါလီမန် ဒီမိုကရေစီစနစ်ကိုပဲပြန်ပြီးသွားချင်သလား မေးဖို့လို ပါတယ်။ နိုင်ငံကို ဘယ်စနစ်၊ ဘယ်ပုံစံနဲ့ထူထောင်ချင်သလဲဆိုတဲ့ မေးခွန်းကို ရှင်းရှင်းလင်းလင်းဖြစ်အောင်မေးဖို့၊ အဖြေရှာဖို့ လိုပါတယ်။ ဒါဟာ အနာဂတ် နိုင်ငံတော်အတွက် သိပ်ကိုအရေးကြီးပါတယ်။ ပြည်သူထဲက ပြည်သူ တစ်ယောက်အနေနဲ့ ဖြစ်စေချင်တာပြောပါဆိုလို့ရှိရင် သမ္မတစနစ်သွားမယ် ဆိုရင် သမ္မတစနစ်ကိုပီပီပြင်ပြင်ဖြစ်အောင် အခြေခံဥပဒေပြင်ပေးပါ။ ပြည်သူ တွေကိုယ်တိုင် သမ္မတကိုတိုက်ရိုက်ရွေးချယ်တင်မြှောက်တဲ့ အခွင့်အရေးတွေ ရရှိလာအောင် အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတရွေးကောက်တင်မြှောက်ပုံမျိုး၊ အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးချယ်ရေးစနစ်လိုမျိုး၊ တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတရွေးချယ်ရေးစနစ်လိုမျိုးဖြစ်အောင် ပြင်ဆင်ပေးပါ။ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့နဲ့ လူထုအနေနဲ့ တိုက်ရိုက်သမ္မတရွေးချယ်ခွင့်ရရှိအောင် ၂ဝဝ၈ အခြေခံဥပဒေ ကိုပြောင်းလဲပစ်လိုက်ပါ။ လူထုကို တိုက်ရိုက်ရွေးချယ်တင်မြှောက်ခွင့်ပေး လိုက်ပါ။ ပြီးတော့ လူထုကိုပြန်လည်ဖြုတ်ချခွင့် ပေးလိုက်ပါ။ ဒါဟာ အာဏာ (၃)ရပ်ရဲ့ မူလပိုင်ရှင်ပြည်သူလူထုရဲ့ ရပိုင်ခွင့်ဖြစ်တာကြောင့် ထိခိုက်ခံလို့ မရပါဘူး။


ဒီမိုကရေစီအပြောင်းအလဲမှာ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍဟာသိပ် ကိုအရေးကြီးပါတယ်။ ဒါပေမယ့် လွှတ်တော်အာဏာရှင်စနစ်ကိုတော့ လုံးဝမလိုချင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကိုပြန်ကြည့်လိုက်ရင် ပါလီမန် စနစ်ကိုကျင့်သုံးခဲ့ပြီးပါပြီ။ ဒီပါလီမန်စနစ်ရဲ့ အားနည်းချက်နဲ့ နိုင်ငံရေးသမားတွေရဲ့ လောဘ၊ အာဃာတတွေကို နိုင်ငံ့ အရေးအရာဆုံးဖြတ်တဲ့ ပါလီမန်ထဲသယ်ယူ အသုံးချခဲ့တာတွေကြောင့် တိုင်းပြည်ပြိုကွဲရမယ့် အခြေအနေအထိရောက် ရှိခဲ့တဲ့ သမိုင်းသင်ခန်းစာ ရှိပြီးဖြစ်လို့ပါပဲ။ တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီးပါပြီ။ တိုင်းပြည် ချွတ်ခြုံကျပြီး ဆင်းရဲတွင်းထဲရောက်ရှိခဲ့ရပါတယ်။ တိုင်းပြည်နောက်ကျကျန် ရစ်ခဲ့ပြီး သူများနိုင်ငံတွေက ဖြတ်ကျော်သွားခဲ့ပါတယ်။ အခုHybrid သမ္မတစနစ်နဲ့ ကျင့်သုံးလာတာ ငါးနှစ်ပြည့်ပါတော့မယ်။ အနည်းဆုံး လူရိုသေ ရှင်ရိုသေတော့ ဖြစ်လာခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။
အခြေခံဥပဒေပြင်ရမယ်ဆိုတာ လက်ခံပါတယ်။ ပြင်ချင်ရင်လည်း ရဲရဲကြီး ပြင်ပါ။ လူထုကိုရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြပါ။ လူထုရဲ့ သဘောထားကို ရယူပါ။ ပါလီမန်စနစ်ကို လူထုကကြိုက်ရင် ပါလီမန် ဒီမိုကရေစီကိုပြန်သွားပါ။ သမ္မတစနစ်ကိုလူထုကလိုလားရင် သမ္မတ စနစ်ကိုပြတ်ပြတ်သားသား ပုံဖော်ပါ။ လက်ရှိ လွှတ်တော်ထဲက အမတ်တွေ ဟာ လူထုကိုယ်စားရွေးကောက်တင်မြှောက်ထားတဲ့ တစ်ဆင့်ခံကိုယ်စား လှယ်တွေဖြစ်ပါတယ်။ အမှန်ကတော့ အခြေခံဥပဒေ ပြင်တော့မယ်ဆိုရင် ကိုယ့်မဲဆန္ဒနယ်က ပြည်သူတွေဆီပြန်သွား၊ မဲဆန္ဒရှင်တွေရဲ့ သဘောထား ကိုရယူ၊ ပြီးတော့မှ လွှတ်တော်ထဲကိုပြန်သွား၊ ကိုယ့်ကိုရွေးချယ်ပေးခဲ့တဲ့ လူထု သဘောထားအတိုင်း ရပ်တည်ရမှာဖြစ်ပါတယ်။ ကိုယ်တစ်ဦးတည်း သဘောထားနဲ့ ရပ်တည်မရတာကို နားလည်သဘောပေါက်ဖို့လိုပါတယ်။ လွှတ်တော်ထဲမှာ မဲပေးမှုတိုင်း၊ ဆွေးနွေးမှုတိုင်းမှာ လွှတ်တော်အမတ် တစ်ဦးချင်း မဲပေးနေတာ၊ ဆွေးနွေးနေတာမဟုတ်ဘူး၊ ဒီအမတ်ကိုရွေးချယ် ပေးလိုက်တဲ့ ပြည်သူတွေရဲ့ သဘောထားကို ကိုယ်စားပြုပေးနေတယ်ဆိုတာ သတိပြုစေလိုပါတယ်။ ဒီလိုမျိုးမူလမဲဆန္ဒရှင် ပြည်သူတွေကို ပြန်လှည့် မကြည့်ဘူး၊ ဂရုမစိုက်ဘူးဆိုရင် ပြည်သူတွေက ဒီလိုအမတ်မျိုးကိုဖြုတ်ချ ပစ်ရမှာပါပဲ။ ဒါကတကယ့်ကို ပီပြင်တဲ့Check And Balance သဘော တရားပါ။ လူထုကို လေးစားမှုနဲ့ပေးထားတဲ့ ဒီလိုပုဒ်မမျိုးကို အဲဒီလူထုကပဲ တင်မြှောက်ပေးလိုက်တဲ့ လွှတ်တော်အမတ်တွေက ပြင်ဆင်ဖို့ကြိုးစား လာခဲ့တာဟာ အမှန်တော့ ဝမ်းနည်းစရာကောင်းပါတယ်။
နေပြည်တော်က လွှတ်တော်ခန်းမကြီးတွေထဲမှာ ပထမအကြိမ် လွှတ်တော် အစည်းအဝေးတွေကျင်းပခဲ့တဲ့ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က လွှတ်တော် အမတ်တွေရဲ့ ခံစားခွင့်၊ ရပိုင်ခွင့်တွေကို ပြန် စဉ်းစားပြီး လက်ရှိအချိန်မှာ လွှတ်တော် အမတ်တစ်ဦးချင်း ဘာတွေဘယ်လို တိုးတက်ရရှိလာပြီလဲဆိုတာသတိပြုစေလိုပါတယ်။ 

မိမိကိုယ်တိုင်ဘာတွေ ပြောင်းလဲသွားပြီလဲဆိုတာ ပြောရရင် အနည်းဆုံးတော့တစ်လဆယ်သိန်း၊ တစ်လအသုံးစရိတ်ခြောက်သိန်း စုစုပေါင်းတစ်လကို ဆယ့်ခြောက်သိန်း ရရှိနေပါပြီ။ ကဲဒါဆိုရင်အဲဒီလို ခံ့ခံ့ညားညားကြီးဖြစ်စေဖို့ တင်မြှောက် ပေးလိုက်တဲ့ပြည်သူတွေရောဘာတွေတိုးတက်လာပြီလဲ။ ပြည်သူတွေမှာ တော့ အခြေခံဥပဒေကပေးထားတဲ့အခွင့်အရေးတောင်ပယ်ဖျက်ခံရတော့ မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။ ဒီလွှတ်တော်သက်တမ်းမှာ လွှတ်တော် အမတ်တွေရဲ့အကျိုးစီးပွား၊ ရပိုင်ခွင့်တွေဘယ်လောက်အထိလုပ်ဆောင် နိုင်ခဲ့သလဲ ဆိုတဲ့အချက်ကို အကျယ်ချဲ့ပြီးမရေးလိုပါဘူး။ တော်တော်ကြီးကို လုပ်ခဲ့ကြတယ်ဆိုတာပြည်သူတွေကသိပါတယ်။ အခုပြင်ဆင်တဲ့ ဥပဒေ ကြမ်းမှာ သမ္မတရဲ့အခွင့်အာဏာတွေကို လျှော့ချထားတာတွေထင်ထင် ရှားရှားတွေ့မြင်ရသလိုမဏ္ဍိုင်(၃)ရပ်အကြားအရှုပ်ရှုပ်အထွေးထွေး ဖြစ်စေ မယ့်ပြင်ဆင်ချက်တွေပါရှိနေတာကိုလည်း တွေ့ရှိရပါတယ်။ တရားရေး မဏ္ဍိုင်ရဲ့ လွတ်လပ်မှုကို ကန့်သတ်တဲ့ပြင်ဆင်ချက်တွေ ပါဝင်နေတာ တွေ့ရှိရတဲ့အတွက် လွတ်လပ်မှုမရှိတဲ့ တရားစီရင်ရေးစနစ်ကို ဖြစ်ပေါ်လာ စေမှာဖြစ်ပါတယ်။ မဏ္ဍိုင်ကြီး တစ်ရပ်ရပ်က သြဇာကြီးထွားလာပြီး အာဏာရှင်ဆန်ဆန်ထိန်းချုပ်တာတွေ မဖြစ်အောင်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဆိုတာထည့်သွင်းဖွဲ့စည်းထားပါတယ်။ ဒါပေမယ့်လက်ရှိ အနေအထားမှာ ခုံရုံးဆိုတာဟာလည်း လွှတ်တော်ရဲ့ဥပဒေပြင် ဆင်ချက်တွေကြောင့် သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်ဖို့ခက်ခဲနေပါတယ်။ ခုံရုံး အပါအဝင် တရားစီရင်ရေးမဏ္ဍိုင် တစ်ရပ်လုံးဟာ လွတ်လပ်စွာရပ်တည် နိုင်ရမယ်၊ သီးခြားရပ်တည်ရမယ်၊ မည်သူ့ သြဇာလွှမ်းမိုးမှုအောက်ကိုမှ ရောက်လို့မရပါဘူး။

တရားဥပဒေအထက်မှာ ဘယ်သူမှ ရှိလို့မရပါဘူး။ လွှတ်တော်အပါအဝင် ဘယ်သူမှ ဥပဒေအထက်မှာ နေချင်လို့မရပါဘူး။ လွှတ်တော်ကို ပြန်ပြီး ထိန်းကျောင်းနိုင်မယ့် ခုံရုံးဟာ ဥပဒေပြင်ဆင်ချက်တွေကြောင့် လွတ်လပ် စွာ ရပ်တည်နိုင်မှုအားနည်းခဲ့ရပြီး ဖြစ်ပါတယ်။ ယခုတစ်ခါ ပြည်သူ လူထုရဲ့ ပြန်လည်ထိန်းကျောင်းခွင့်ကိုပယ်ဖျက်ဖို့အားထုတ်လာတာကို တွေ့ရပါတယ်။ ဒါဟာ ကိုယ့်ကိုတင်မြှောက်ပေးလိုက်တဲ့ လူထုရဲ့ကျေးဇူး တရားကိုမသင့် မလျော် ပိတ်ပင်တဲ့လုပ်ရပ်ဖြစ်တာကြောင့် အချိန်မီ တားဆီး ကာကွယ်ကြဖို့ လိုပါတယ်။ မဲဆန္ဒရှင်တွေကို ကျေးဇူးတုံ့ပြန်သောအားဖြင့် မူလအခွင့် အရေးတွေ ပယ်ဖျက်လိုက်သည်ဆိုတာမျိုးက ကြားလို့တောင် မကောင်းနိုင် ပါဘူး။


အချုပ်အားဖြင့်တင်ပြရရင် အခြေခံဥပဒေပြင်ဆင်တဲ့ဥပဒေကြမ်းဟာ ''ပါလီမန်သည် သာ အခရာ'' Parliament is the King ဆိုတဲ့ ပုံစံမျိုးကို ဦးတည်ပြီး ပြင်ဆင် ထားတယ်လို့ပဲ ပွင့်ပွင့်လင်းလင်းအားမနာတမ်း ဝေဖန်ချင်ပါတယ်။ ဒါကြောင့် တစ်ကျော့ပြန်ပါလီမန်အကွဲအပြဲ အဆိုး သံသရာဇာတ်လမ်းအတိုင်း တိုင်းပြည်ကို အန္တရာယ်ကြားထဲ ဆွဲမသွင်းကြဖို့၊ မဲဆန္ဒရှင်ပြည်သူတွေရဲ့ မူလအခွင့်အရေးဆိုတာ ပိတ်ပင်ကောင်းတဲ့ အရာမဟုတ်တဲ့အတွက် အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်တွေကို လေးစားကြဖို့ အလေးအနက်ထား မေတ္တာရပ်ခံတင်ပြလိုက်ရပါတယ်။


.. https://www.facebook.com/MyanmarExpress
 

1 comments:

ငြိမ်းချမ်းရေးစင်တာက ဒေါက်တာ မင်းဇော်ဦး၊ ညိုအုန်းမြင့်၊ ဧရာဝတီသတင်းဌာနက အောင်ဇော်၊ ရဲနည်၊ အေဘီက ကိုလွမ်းဏီ။ ခင်ဗျားတို့ မယုံရင် သူတို့ သမိုင်းကြောင်းကို စုံစမ်းကြည့်။

အချောင်သမားတွေချည်းပဲ။ ဒေါ်လာရဖို့ နိုင်ငံရေးလုပ်တာ။ ဒီထဲမှာ ကိုအောင်သူငြိမ်းမပါဘူး။

ပါတဲ့လူက ကိုအောင်မျိုးမင်းပါတယ်။

အင်းး ..... ဒေါက်တာနိုင်အောင်လည်း မလွတ်ဘူး။

ကျနော်တို့ ပါတီက ဥက္ကဌ ကိုအောင်မိုးဇော်လည်း ဟိုလိုလိုဒီလိုလိုပဲ။ ဘယ်သူမှ ရှင်းရှင်းလင်းလင်းမရှိဘူး။ အားလုံးကိုခြုံကြည့်ရင်တော့ သူတို့ တွေနဲ့ မြန်မာ့နိုင်ငံရေး လားလားမှမဆိုင်ဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်