Subscribe to our RSS Feed

ဖိနပ်နဲ့ တော်အောင် ဖနောင့်ကို ဒါးဖြင့်လှီးခြင်း

From : .. Oo Yetun


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ထဲက နောက်ထပ် အရေးကြီးတဲ့ အချက်တချက် ကိုဝေဖန်ထောက်ပြလိုပါသေးတယ်။ အဲဒါကတော့ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားလွှတ်တော် ချုပ်တရားသူကြီးများခန့်အပ်ခြင်း၊ တာဝန်ပေးခြင်းနဲ့ ဆိုင်တဲ့ မူလပြဌာန်းချက်တွေကို ပြင်ဆင်မှုတွေပါ….။
မူလပြဌာန်းချက်မှာက ပြည်ထောင်စုတရားသူကြီးချုပ်ကို သမ္မတက ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူ ညီချက်နဲ့ ခန့်အပ်ရတာဖြစ်ပါတယ်။ နောက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး (၇) ဦးကနေ (၁၁) ဦး အထိကိုလည်း ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တိုင်ပင်ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့်အပ်ရတာဖြစ်ပါတယ်။ တရားသူကြီးချုပ်ကို သမ္မတက လွှတ်တော်ရဲ့အတည်ပြုချက်နဲ့ ခန့်အပ်တာဟာ အမေရိကန် ပြည်ထောင်စုကို အတုယူထားတာဖြစ်ပါတယ်။ သူတို့ဆီမှာ ဒီလိုဆိုထားပါတယ်။

Nine judges sit on the Court: the chief justice of the United States and eight associate justices. The president of the United States appoints them to the Court for life terms, but the U.S. Senate must approve each appointment with a majority vote.

တရားလွှတ်တော်ချုပ်မှာ တရားသူကြီးချုပ်တဦးနဲ့ တရားသူကြီး(၈) ဦးစုစုပေါင်း (၉) ဦးရှိပြီး အထက်လွှတ်တော် ဆီးနိတ်ရဲ့ အများစုမဲဆန္ဒနဲ့ တစ်ဦးချင်းစီကို အတည်ပြုပါတယ်။ အဲဒီတရားသူကြီးများဟာ တသက်တာပတ်လုံး တာဝန် ထမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ကျ နော်တို့ လွှတ်တော်မှာတင်တဲ့ အခုပြင်ဆင်ချက်မှာက အဲဒီလို သမ္မတတယောက်ထဲက ရွေးချယ်လို့မရတော့ပါဘူး။ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ် တော်ဥက္ကဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဌတို့က ဒုတိယပြည်ထောင်စုတရားသူကြီးချုပ် တစ်ဦးစီကိုရွေးချယ်ပြီး ပြည် ထောင်စုလွှတ်တော်ကို တင်သွင်းရပါမယ်။ အဲဒီမှာ..သတ်မှတ်ထားတဲ့ အရည်အချင်းတွေပြည့်မှီခြင်းရှိ-မရှိဆိုတာကို ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ ဒုတိယအကြီးအမှုးများ ပါဝင်တဲ့ စိစစ်ရေး အဖွဲ့က စိစစ်ပါလိမ့်မယ်။ ဒီ ၃ ဦးအနက်က ဘယ်သူ့ကို ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်မလဲ ဆိုတာကို ပြည်ထောင်စုလွှတ်တော်က ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ရမှာဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်ဟာ မူလပြဌာန်း ချက်ထက် ပိုမိုဒီမိုကရေစီကျပြီး ပွင့်လင်းမြင်သာမှုရှိကာ အရည်အချင်းပိုရှိတဲ့သူများကို ခွင်ကျယ်ကျယ်နဲ့ ရွေးချယ်နိုင်မဲ့ ပုံရှိပါတယ်။ သို့သော်လည်းဘဲ သမ္မတရဲ့လုပ်ပိုင်ခွင့် အာဏာကိုတော့ လျှော့ချလိုက်ရာရောက်သွားမှာပါ။

ဒီအထိတော့ ပြဿနာမရှိဘူးလို့ထင်ပါတယ်။ သို့သော်လည်း ဒီတရားသူကြီးတွေရဲ့ ရာထူးသက်တမ်းကို တော့ မူလက အသက်(၇၀) ထိထမ်းဆောင်ခွင့်ပြုထားရာက အခုပြင်ဆင်ချက်ထဲမှာတော့ ရွေးကောက်ပွဲသက်တမ်းနဲ့ အညီ (၅) နှစ်ဘဲသတ်မှတ်ပေးထားပါတယ်။
အမေရိကန် တရားလွှတ်တော်ချုပ်တရားသူကြီးတွေကို အသက်သေသည်အထိ တာဝန်ထမ်းဆောင်ခွင့်ပြုထားတာ က ကိုယ့်တာဝန်ကို ဖြောင့်မတ်မှန်ကန်စွာ အဂတိတရားကင်းကင်းနဲ့ ထမ်းဆောင်စေခြင်လို့ဖြစ်ပါတယ်။ သူတို့ဟာ ခန့်အပ်ခံရပြီးတဲ့နေ့ကစလို့ သူတို့ကိုခန့်အပ်လိုက်တဲ့ သမ္မတရဲ့ အကြိုက်ကိုမလိုက်လျောလို့လည်း တာဝန်ကဖယ်ရှားခံရ မှာကို ကြောက်စရာမလိုတော့အောင် အာမခံချက်ပေးထားတာဖြစ်ပါတယ်။ ပထမဆုံးသူတို့ တာဝန်ထမ်းဆောင်ရ တဲ့အချိန်မှာ သူ့ကိုရွေးချယ်လိုက်တဲ့ သမ္မတတစ်ဦးနဲ့ကလွဲပြီး နောက်တက်လာမဲ့ သမ္မတများနဲ့ မည်သည့် ကျေးဇူးခံ ကျေးဇူးစားမျှ ရှိမနေနှိုင်အောင်၊ နောက်သမ္မတတွေရဲ့ မျက်နှာကိုဘာမျှထောက်စရာ မလိုအောင် စီစဉ်ထားတာလို့လည်း တွေးယူနိုင်ပါတယ်။

ဥပဒေနဲ့ အညီဖြောင့်မတ်မှန်ကန်စွာ အဂတိ တရားကင်းကင်း တာဝန် ထမ်းဆောင်နိုင်ရေးဟာ တရားစီရင်ရေးမှာ သိပ်ကိုအရေးကြီးပါတယ်။ အုပ်ချုပ်ရေးပိုင်း(သမ္မတ တို့၊ အစိုးရတို့) လည်းကြောက်ရ…ဥပဒေပြုရေး ( လွှတ်တော်ဥက္ကဌ တို့) ကိုလည်းကြောက်နေရတယ်ဆိုရင် အဂတိတရား မကင်းနိုင်တော့ပါဘူး။ အဂတိတရားမကင်းရင်၊ ဝင်ရောက်စွက် ဖက်မှုတွေ ခံရရင် တရားစီရင်ရေးဟာ ညစ်ထေးနေတော့မှာ အသေအချာဘဲဖြစ်ပါတယ်။

တရားစီရင်ရေးမဏ္ဍိုင်ဟာ အရည်အသွေးမြင့်မားပြီး သန့်ရှင်းနေဘို့ဆိုရင် တရားသူကြီးများကိုယ်တိုင် ပင်ကိုက အရည်အချင်းရှိပြီး သန့်ရှင်းဘို့လိုပါတယ်။ အဲဒီလို ပင်ကိုယ်အရည်အချင်းရှိပြီး အဂတိကင်းနေတဲ့ တရားသူကြီးများကို ရာထူးတာဝန်က ပြုတ်သွားမဲ့အရေးတွေးပြီး အကြောက်အလန့် မရှိအောင် အာမခံချက်ပေးတဲ့အနေနဲ့ တသက်ပတ်လုံး တာဝန်ထမ်းဆောင်ခွင့်ပြုတာဟာ တရားစီရင်ရေးကြံ့ခိုင်သန့်ရှင်းဘို့ ကောင်းမွန်တဲ့အစီအစဉ်ဖြစ်ပါတယ်။

သို့သော်လည်း ပင်ကိုယ်အရည်အချင်းအသင့်အတင့်သာရှိပြီး အာဏာပိုင်အဆင့်ဆင့်ကို ဟိုကြောက်- ဒီကြောက် ကြောက်နေရတဲ့ဘဝမှာ သူတို့အလိုကျ မဟုတ်တာအကုန်လုပ်တတ်ခဲ့လို့ အဂတိတရားထူပြောနေတဲ့ တရားစီရင်ရေးလောကကို အဲဒီလို တသက်တာပတ်လုံး(သို့မဟုတ်) အသက် (၇၀) ထိတာဝန်ထမ်းဆောင်ခွင့်ပြုလိုက် တဲ့အခါ ဘာလုပ်လုပ် ဒို့မပြုတ်တော့ဘူးဆိုပြီး ပိုများဆိုးရွားလာလေသလားလို့ စဉ်းစားထားချက်ကနေ ဒီလိုသက်တမ်း (၅) နှစ်ဘဲလို့ သတ်မှတ်လိုက်တာဖြစ်ပုံရပါတယ်။

ကျနော့်အမြင်မှာတော့ ဒါက “ဖိနပ်နဲ့တော်အောင် ဖနောင့်ကိုဒါးနဲ့လှီးတာနဲ့တူနေပါတယ်။”

မူလပြဌာန်းချက်မှာကိုဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများကို ဥပဒေအရပေးအပ်တဲ့တာဝန် ကျေပြွန်အောင်မထမ်း ဆောင်နိုင်ခဲ့ရင် သမ္မတကသော်၎င်း၊ လွှတ်တော်ကိုယ်စားလှယ်များက သော်၎င်း စွပ်စွဲပစ်တင်လို့ ရပါတယ်။ တာဝန်မကျေပြွန်တာ ထင်ရှားလို့ လွှတ်တော်က ဆက်လက်တာဝန်ထမ်းဆောင်ဘို့မသင့်ကြောင်း ဆုံးဖြတ်ပီး တာဝန်က ဖြုတ်ချနိုင်ပါတယ်။

အခုလို (၅) နှစ်သာတာဝန်ထမ်းဆောင်ရမယ်လို့သတ်မှတ်လိုက်တဲ့အခါ၊ “ မိုးဆိုတာတသက်လုံးကောင်းနိုင် တာမဟုတ်ဘူး၊ မိုးကောင်းတုံးရေခံထားမှ” ဆိုတဲ့စိတ်နဲ့ အဂတိတွေ ပိုလုပ်လာလေမလား ဆိုတာလည်း စဉ်းစားစရာပါ။ ကျနော့်အမြင်မှာတော့ တရားစီရင်ရေးလောကရဲ့ အမြင့်ဆုံးသောသူများ.. မိမိအတွက် သတ်မှတ်ပေး ထားတဲ့ အချိန် ကာလစေ့ရင် နှုတ်ထွက်ရတော့မှာလား? စတဲ့ ပူပန်သောကတွေမရှိစေဘဲ မိမိပညာရပ်အပေါ်သစ္စာရှိရှိနဲ့ သန့်သန့်ရှင်း ရှင်း အဂတိကင်းကင်း တာဝန်ထမ်းဆောင်နေကြတာကို ဘဲမြင်လိုပါတယ်။

ဒါကြောင့် အခုလို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများရဲ့ သက်တမ်းကို (၅) နှစ်သတ်မှတ် မဲ့ အခြေခံဥပဒေပြင်ဆင်ချက်ကို သဘောမတူပါ။

.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်