Subscribe to our RSS Feed

စင်္ကာပူရောက်မြန်မာများရဲ့ ဆီးဂိမ်းမှောင်ခိုလက်မှတ်ကိစ္စ အရှုပ်တော်ပုံ

From : .. စောင့်ကြည့်


အခုရက်ပိုင်းအတွင်း စင်္ကာပူမီဒီယာတွေပေါ်မှာ အထူးသဖြင့် စင်ကာပူက မြန်မာအသိုင်းအ၀ိုင်းကြားမှာ သတင်းကြီးနေတဲ့ “ဒို့မြန်မာ”ဆိုင်နဲ့ ဆီးဂိမ်းဘောလုံးပွဲလက်မှတ် မှောင်ခိုရောင်းချမှုနဲ့ ပတ်သက်လို့ ဖြစ်သမျှအကြောင်း ကုန်စင် (သိသလောက်)ကို တင်ပြသွားမှာဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်းကျင်းပရာ စင်ကာပူနိုင်ငံမှာ မြန်မာလူမျိုး သိန်းနဲ့ချီနေထိုင် လုပ်ကိုင်စားသောက်နေကြပါတယ်။ မြန်မာဘောလုံးအသင်း ဆီမီးဖိုင်နယ်တက်တဲ့အတွက် မြန်မာတွေ ပျော်ရွှင်ခဲ့ရတဲ့အထဲမှာ အထူးသဖြင့် အိမ်ရှင် စင်ကာပူကို အနိုင်ယူခဲ့ပြီးတဲ့အပြင် အိမ်ရှင်အသင်းဟာ အုပ်စုအဆင့်မှာပဲ နောက်ကောက်ကျသွားခဲ့တဲ့အတွက် အဝေးရောက် မြန်မာတွေအတွက် bragging right လို့ခေါ်တဲ့ မော်ကြွားခွင့်ရသွားတာဟာ အချိုမြန်ဆုံးသော အပိုဆုလို ဖြစ်ခဲ့ပါတယ်။ အဲဒီလို မြန်မာအသင်း ဆီးမီးဖိုင်နယ်တက်လို့ ကြည်နူးပျော်ရွှင်နေတဲ့ကြရာက ဘောလုံးရောဂါကူးစက်ပြီး ဘောလုံးပွဲစိတ်ဝင်စားသူရော မ၀င်စားသူတွေပါ ကွင်းထဲအရောက် ချီတက်ဖို့ စိုင်းပြင်ကြပါတော့တယ်။ စင်ကာပူရောက် မြန်မာတို့ စုဝေးတဲ့ Peninsular Plaza မှာ ဖွင့်ထားတဲ့ မြန်မာဆိုင်အချို့က လက်မှတ် အများအပြား ၀ယ်ယူပြီး ဈေးတင်ရောင်းတာတွေ ဖြစ်လာခဲ့ပါတယ်။ တကယ်တမ်းတော့ လက်မှတ်မှောင်ခိုရောင်းချတာဟာ ဒို့မြန်မာဆိုင်တဆိုင်ထဲမဟုတ်ဘဲ အခြား မြန်မာဆိုင်အချို့လည်း တိုးတိုးတိတ်တိတ် ရောင်းချခဲ့ပါတယ်။ ထိုင်း-မြန်မာ ဗိုလ်လုပွဲလက်မှတ် စောင်ရေ ၂ ထောင်ကျော်ဝယ်ယူပြီး ပြန်ရောင်းရာက ဆိုင်မှာလူအုံပြီး ရဲကလာရှင်းပေးရတဲ့အထိ ဖြစ်သွားတဲ့အတွက် ဒို့မြန်မာဆိုင်ကို လူသိများသွားခြင်းသာ ဖြစ်တယ်။

ဇွန် ၂၂ ရက်နေ့မှာ စင်ကာပူသတင်းဝက်ဘ်ဆိုဒ် (All Singapore Stuff) က မြန်မာဆိုင်တွေမှာ ဆီးဂိမ်းဘောလုံးပွဲလက်မှတ် မှောင်ခိုရောင်းချခဲ့ကြောင်း သတင်းစတင်ပါလာပြီးနောက် အဲဒီနေ့ ညပိုင်းမှာပဲ Channel News Asia (CNA) သတင်းဌာနက လက်မှတ်မှောင်ခိုကိစ္စကို စင်ကာပူဆီးဂိမ်းပွဲကျင်းပရေး ကော်မတီက စုံစမ်းမှုပြုလုပ်နေကြောင်း၊ ဒီလိုကိစ္စကို ကော်မတီက အလေးအနက်ထားကြောင်း သတင်းဖော်ပြခဲ့ပြီး ယနေ့ (ဇွန် ၂၃) မနက်ပိုင်းမှာ TODAY သတင်းစာက အလားတူသတင်းတပုဒ် အသီးသီးဖော်ပြခဲ့ကြတယ်။ မြန်မာတွေနဲ့ပတ်သက်တဲ့သတင်းဖြစ်လို့ စင်ကာပူရောက် မြန်မာအသိုင်းအ၀ိုင်းက ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာ စိတ်ဝင်စားနေကြတယ်။

ဒို့မြန်မာဆိုင်က ဘယ်ပုံဘယ်နည်းနဲ့ လက်မှတ်စောင်ရေ ထောင်ချီပြီး ၀ယ်ယူသွားသလဲဆိုတာ စင်ကာပူမီဒီယာတွေမှာပါလာပြီးတဲ့နောက် သိရသလောက် ပြောပါ့မယ်။ ဒို့မြန်မာဆိုင်က မြန်မာ ယူ ၂၃ ဘောလုံးအသင်းကို စင်္ကာပူဒေါ်လာ ၈၅၀၀ လှူဒါန်းတဲ့သတင်း News Watch က ရေးတုန်းက ဒို့မြန်မာ ဒါရိုက်တာ ကိုရဲဝင်းပိုင်ကို ဒီမေးခွန်း မေးခဲ့ပါသေးတယ်။ ဒါကို မဖြေပေးလိုကြောင်း၊ တရားဝင်နည်းနဲ့ ရယူခဲ့တာသာ ဖြစ်ကြောင်းသာ ကိုရဲဝင်းပိုင်က ဖြေကြားခဲ့ပါတယ်။ သူတို့လက်မှတ်ဝယ်ယူရရှိခဲ့ပုံက ဒီလိုပါ။ ပထမဆုံး လက်မှတ်စောင်ရေ ထောင်ချီဝယ်ယူနိုင်ဖို့အတွက် ဒို့မြန်မာဘက်က Golden Myanmar Group ဆိုတဲ့အမည်နဲ့ မြန်မာပရိသတ်အသင်းအဖွဲ့ (Fans Group) တခုကို ဖန်တီးလိုက်ပါတယ်။ ပြီးမှ အဖွဲ့ဝင်တွေအတွက် လက်မှတ် တစုတစည်းတည်း ၀ယ်ယူလိုကြောင်း စင်ကာပူဆီးဂိမ်းပွဲကျင်းပရေးကော်မတီ (SingSOC) က လက်မှတ်ရောင်းချခွင့်ပေးထားတဲ့ Apactix ထံ တင်ပြပြီး ၀ယ်ယူခဲ့တာဖြစ်ပါတယ်။

လက်မှတ် ၀ယ်ယူရရှိခဲ့တဲ့ဈေးနဲ့ ပြန်ရောင်းတဲ့ ဈေးနူန်းနဲ့ပတ်သက်ပြီးတော့လည်း ဒို့မြန်မာ ဒါရိုက်တာ ကိုရဲဝင်းပိုင်က News Watch ကို ဇွန် ၁၈ ရက်နေ့က ၂၁ ဒေါ်လာနဲ့ ၀ယ်ယူခဲ့ရကြောင်း ပြောပါတယ်။ လက်မှတ် အစောင်ရေ ၅၀ နဲ့အထက် ၀ယ်ယူသူတိုင်း ၁၃ ဒေါ်လာနဲ့ရောင်းချပေးခဲ့တဲ့အတွက် စောင်ရေထောင်ချီဝယ်ယူတဲ့လူက ၁ စောင်ကို ၂၁ ဒေါ်လာနဲ့ဝယ်ယူရတယ်ဆိုတော့ လိမ်လ်ာပြောဆိုတာပဲဆိုပြီး စင်ကာပူရောက် မြန်မာတွေအကြား ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် ဒီနေ့ စင်ကာပူမီဒီယာတွေကို SingSOC ရဲ့ဖြေကြားချက်အရ ဇွန် ၁၈ ရက်နေ့က ဒို့မြန်မာဒါရိုက်တာ ကိုရဲဝင်အောင် ပြောပြခဲ့တဲ့ ၁ စောင်ကို ၂၁ ဒေါ်လာနဲ့ ၀ယ်ယူခဲ့ရတယ်ဆိုတာ တကယ်အမှန် ဖြစ်ပါတယ်။ ကိုရဲဝင်းပိုင်အမည်နဲ့ လက်မှတ်ဝယ်ယူခဲ့တဲ့ စုစုပေါင်း ဒေါ်လာ ၄၃၀၅၀ ပေးချေထားတဲ့ ပြေစာကိုလည်း ဇွန် ၁၉ ရက်နေ့မှာ News Watch ဆီကို ပို့ပေးခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ SingSOC က ၁ စောင်ကို ဒေါ်လာ ၂၀၊ ကြိုတင်မှာယူခ ၁ ဒေါ်လာ စုစုပေါင်း ၂၁ ဒေါ်လာကို သတ်မှတ်လျော့ဈေး ၂၀ ရာခိုင်းနူန်းနဲ့ ဒို့မြန်မာဆိုင်ကို ရောင်းချပေးဖို့ ကနဦးက လက်ခံခဲ့ပါတယ်။ မြန်မာပရိသတ်တွေအကြား လက်မှတ်ဝယ်ယူရခက်ခဲနေတာကြောင့် ထိုင်း-မြန်မာ ဖိုင်နယ်ကစားမယ့် ဇွန် ၁၅ ရက်မတိုင်မီ တရက်အလိုမှာ ဒို့မြန်မာဆိုင်ကတဆင့် လက်မှတ်ဝယ်ဖို့ တန်းစီနေတဲ့လူတန်းကြီးဟာ Peninsular Plaza လေးထပ်မှာ ပြည့်နှက်နေခဲ့ပါတယ်။ ဒီလို လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တာကြောင့် စင်ကာပူရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းပေးခဲ့ပြီး ဆိုင်ကတာဝန်ရှိသူတွေနဲ့ ၀ယ်ယူဖို့စောင့်ဆိုင်းနေသူတွေကိုပါ မေးတာမြန်းတာတွေ လုပ်ခဲ့တယ်။ လက်မှတ်တွေကို တစောင် ၂၅ ဒေါ်လာ ပြန်ရောင်းနေတဲ့ကြောင်း ရဲတပ်ဖွဲ့က ပွဲကျင်းပရေးကော်မတီကို အကြောင်းကြားခဲ့တာကြောင့် ကော်မတီက ဒဏ်ခတ်တဲ့အနေနဲ့ ကနဦးကပေးထားတဲ့ ၂၀ % လျော့ဈေးကို ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီအခြေအနေရောက်မှ လက်မှတ်ရောင်းချလို့ရရှိတဲ့အမြတ်ငွေတွေကို မြန်မာဘောလုံးအသင်းကို လှူဒါန်းသွားမယ်လို့ ဒို့မြန်မာဆိုင်ဘက်က စတင်ပြောဆိုခဲ့တာပါ။

ပြန်လည် ခြုံငုံကြည့်ရမယ်ဆိုရင်တော့ ဒို့မြန်မာဆိုင်က လက်မှတ်စောင်ရေ ၂၀၅၀ ကို အများထင်သလို ၁ စောင်ကို ၁၃ ဒေါ်လာနဲ့မဟုတ်ဘဲ ၂၁ ဒေါ်လာနဲ့ ၀ယ်ယူခဲ့ရတာ အမှန်ဖြစ်တယ်။ မူလက ရည်ရွယ်ချက်မရှိခဲ့ပေမယ့် ယူ ၂၃ မြန်မာဘောလုံးအသင်းကို ဒေါ်လာ ၈၅၀၀ လှူဒါန်းခဲ့တာလည်း ဟုတ်တယ်။

သို့သော် သူတို့ လက်မှတ်ဝယ်ယူခဲ့စဉ်က ခေါင်းစဉ်တပ်ခဲ့တဲ့ Golden Myanmar Fans Group ဆိုတာဟာ တကယ်အမှန် ရှိတာမဟုတ်ဘဲ ဖန်တီးယူမှုသာ ဖြစ်တယ်။ နောက်တခါ လက်မှတ်တွေကို ဆတူဈေးနဲ့သော်လည်းကောင်း၊ ဈေးတင်ပြီးတော့သော်လည်းကောင်း ပြန်လည်ရောင်းချခွင့်မရှိလို့ လက်မှတ်နောက်ကျောမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် လှူဒါန်းလိုလို့ပဲဖြစ်ဖြစ်၊ ပြန်လည်ရောင်းချတာနဲ့တင် ဥပဒေနဲ့ ညိစွန်းနေပါပြီ။

ဒို့မြန်မာဆိုင်ဟာ အုတ်အော်သောင်းတင်းဖြစ်ခဲ့ရတာကြောင့် နာမည်ကြီး ထမင်းငတ်ဖြစ်ခဲ့ရတာလည်း မှန်ပါတယ်။ Peninsular Plaza မှာ လက်မှတ်တွေကို သူတို့ထက်အမြတ်ကြီးစား ဈေးတင်ရောင်းချပြီး အဆီအသား ကိုက်သွားတဲ့ဆိုင်တွေရှိပါတယ်။

“တချို့ကိစ္စလေးတွေကို ကျနော်ပြန်တိုင်လို့ရတာတွေ ရှိပါတယ်။ တစောင်ကို ဒေါ်လာ ၆၀/၇၀/၈၀/၁၀၀ လောက်အထိ ပြန်ရောင်းတဲ့လူတွေကို ကျနော်တိုင်လို့ရပါတယ်။ သို့သော် ကျနော်တို့ ဗမာအချင်းချင်း၊ ကိုယ့်ကိုမနာလိုလို့လုပ်တဲ့လူတွေ လုပ်ပါစေဆိုပြီးတော့မှ အမုန်းမပွားချင်တော့လို့ပါ”လို့ ကိုရဲမင်းပိုင်က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တနွယ်ငင် တစင်ပါလည်း ဖြစ်လာနိုင်ပါတယ်။

ရေခြားမြေခြားမှာ လာကစားတဲ့ ကိုယ့်နိုင်ငံကအားကစားသမားတွေကို အားပေးလိုတဲ့ မျိုးချစ်စိတ်တွေအပေါ်မှာ အခွင့်ကောင်းယူပြီး ကိုယ့်မြန်မာအချင်းချင်း ခေါင်းပုံဖြတ်အမြတ်ကြီးစားလိုသူတွေအပေါ် စက်ဆုတ်မုန်းတီးနေသူတွေ ရှိသလို၊ credit/debit ကတ်မကိုင်နိုင်တဲ့ မြန်မာလုပ်သားတွေအနေနဲ့ ဒီမြန်မာဆိုင်တွေမှာ ၀ယ်ယူခွင့်ရခဲ့တာပဲဆိုတဲ့ အကောင်းဘက်က ရှုမြင်ပေးတဲ့လူတွေဆိုပြီး လက်မှတ်မှောင်ခို ဈေးကွက်အပေါ်မှာ အမြင် ၂ မျိုး ကွဲပြားနေပါတယ်။

အခုတင်ပဲ SingSOC က စုံစမ်းတာတွေ လုပ်နေပြီ။ စင်ကာပူဟာ စည်းကမ်းဥပဒေ တင်းကျပ်တဲ့နိုင်ငံဖြစ်တဲ့အတွက် နောင်လာမယ့်ရက်တွေမှာ အာဏာပိုင်အဖွဲ့အစည်းတွေက ဒီကိစ္စအပေါ် ဘယ်လိုအရေးယူမှုမျိုးတွေ လုပ်လာမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်