Subscribe to our RSS Feed

မဘသညီလာခံသို့ သီတဂူဆရာတော် တက်ရောက်ဖွယ်ရှိ

From : .. mm times

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး (မဘသ)အဖွဲ့၏ ဒုတိယအကြိမ် နှစ်ပတ်လည်
ညီလာခံအား ဇွန်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ
အောင်ဆန်းတောရကျောင်းတိုက်၌ ကျင်းပသွားမည်ဖြစ်ရာ သီတဂူဆရာတော်ကြီး အပါအ၀င်
ဆရာတော်ကြီးများ ကြွရောက်မည် ဖြစ်သည်ဟု ဆိုသည်။

ညီလာခံတွင် ပထမရက်နှင့် ဒုတိယနေ့များတွင် မြန်မာတစ်နိုင်ငံလုံးမှ ကြွရောက် လာသည့်
မဘသအဖွဲ့ဝင်များ တံခါးပိတ်ဆွေးနွေးမည်ဖြစ်သည်။

ညီလာခံ နောက်ဆုံးနေ့တွင် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော်ကြီး၊
ဟင်္သာတမိုးကောင်း ဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီးနှင့် မြစေတီဆရာတော်တို့
ကြွရောက်ကာ ဩ၀ါဒ မိန့်ကြားမည်ဖြစ်သည်။

မဘသအဖွဲ့၏ ဒုတိယဥက္ကဋ္ဌအဖြစ် မဘသညီလာခံတွင် ရဟန်းတော်များ အားလုံး ရှေ့မှောက်တွင်
လက်မှတ်ရေးထိုးကာ တာဝန်ယူဆောင်ရွက်ခဲ့သည်ဟု ဆိုသော်လည်း သီတဂူအပြည်ပြည်ဆိုင်ရာ
ဗုဒ္ဓသာသနာပြုအဖွဲ့၏ အဓိပတိ၊ မန္တလေးမလွန်ဆန်လှူအသင်းကြီး၏ ဩ၀ါဒါစရိယ၊
ရန်ကုန်အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ ဩ၀ါဒါစရိယမှတစ်ပါး အခြားမည်သည့် ဘာသာရေး
အသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အတွင်းရေးမှူးများအဖြစ်
တာဝန်ထမ်းဆောင်ခြင်း မရှိဟု ဇန်န၀ါရီအတွင်းက ကြေညာခဲ့သည့် သီတဂူဆရာတော်
ဒေါက်တာ အရှင်ဉာဏိဿရ ကြွရောက်ရန် ၉၀ ရာခိုင်နှုန်း သေချာကြောင်း မဘသ(ဗဟို)ဦးဆောင်
အဖွဲ့ဝင် မကွေးကျောင်းဆရာတော် ဦးပါမောက္ခ က မြန်မာတိုင်း(မ်)ကို မိန့်ကြားသည်။

"သီတဂူဆရာတော်ဘုရားကြီးအနေနဲ့ ကြွရောက်ဖို့ သေချာပါတယ်။ အကြောင်းကိစ္စ တစ်စုံတစ်ရာ
ပေါ်ပေါက်ရင်တော့ မပြောတတ်ဘူး။ သူ့အနေနဲ့ ဘယ်လိုကိုယ်စားပြု တက်ရောက်မလဲ
ဆိုတာတော့ ဆရာတော်ကြီးကိုယ်တိုင်သာ သိနိုင်မယ်။ မဘသအနေနဲ့ တက်ရောက်မလား၊
သီတဂူဆရာတော် အနေနဲ့ တက်ရောက်မလားဆိုတာက။ ဘယ်လိုနည်းနဲ့ပဲ တက်ရောက်ပါစေ၊
ဆရာတော်ကြီးကို အမြဲ ကြိုဆိုနေမှာပါ။ အခြား ပြောဆိုချက်တွေကတော့ လူတွေရဲ့ ခန့်မှန်း
သုံးသပ်ချက်တွေပါ။ ဆရာတော်ကြီးကတော့ အမျိုးသားရေးအတွက် ဆောင်ရွက်နေလျက်ပါ"ဟု
ဦးပါမောက္ခက မိန့်ကြားသည်။

သီတဂူဆရာတော်ကြီးအနေဖြင့် ပြန်လည် နုတ်ထွက်မည်ဆိုပါက ယခုအဖွဲ့အစည်းကြီး၏
မည်သည့်မူဝါဒတွေကို မကြိုက်ဟုဆိုကာ မလုပ်ချင်ကြောင်း အားလုံးရှေ့မှောက်တွင်
လက်မှတ်ရေးထိုး၍ ဖြစ်စေ၊ အင်းစိန်ရွာမ ဆရာတော်ကြီး ဦးတိလောကာဘိဝံသထံတွင်
ကိုယ်တိုင်နှုတ်ဖြင့် လျှောက်ထား၍ ဖြစ်စေ ပြုလုပ်မည်ဆိုပါက ပိုမိုတရားဝင်လိမ့်မည်ဖြစ်ကြောင်း၊
ထိုအတွက် ယခုအကြိမ် မဘသညီလာခံတွင် ဆရာတော်ကြီး၏ မဘသအဖွဲ့အပေါ်
စိတ်သဘောထား ဆန္ဒအမှန်ကို မြင်တွေ့ရဖွယ်ရှိကြောင်း ဆရာတော်က မိန့်ကြားသည်။

"ဒီနှစ်ညီလာခံက မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေလေးရပ်ကို လွတ်တော်ပိုင်းဆိုင်ရာက
ဖော်ဆောင်နေပြီဖြစ်လို့ အခြားနည်းဥပဒေနဲ့ အကောင်အထည်ဖော်မှု အပိုင်းကိုပဲ
စောင့်ကြည့်ရတော့မယ်။ အဓိကအားဖြင့် မြန်မာနိုင်ငံမှာ မတူညီတဲ့ အသိုင်းအ၀ိုင်းကြားမှာ
သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေကို
ငြိမ်းချမ်းသောနည်းနဲ့ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် အဓိကထား ဆွေးနွေးဖြစ်မယ်။
လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ လှေစီးဒုက္ခသည်အရေးကလည်း အကြောင်းတစ်ရပ်အဖြစ်
ပါဝင်လာနိုင်ပါတယ်"ဟု ဆရာတော်က မိန့်သည်။


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်