Subscribe to our RSS Feed

ဒေါ်စုရဲ့ တရုတ်ခရီးစဉ် ဆိုးကျိုး ဘာတွေ ဖြစ်လာမလဲ


From : .. Ye Naing Soe

ဒေါ်စုရဲ့ တရုတ်ခရီးစဉ်ကို ကောင်းကျိုးတွေ ရေးနေကြတာ များနေပါတယ်။ တကယ်တော့ ဒီခရီးစဉ် ဟာ တရုတ် အစိုးရနဲ့ ဒေါ်စု နှစ်ဘက်စလုံးအတွက် ကြီးမားတဲ့ အန္တရာယ်တွေ ရှိနေပါတယ်။
တရုတ်အစိုးရဟာ ဒလိုင်းလားမားကို ကန့်သတ်ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တိဗက်ဟာ တရုတ်လက်အောက်ခံအဖြစ် ထိန်းချုပ်ထားပါတယ်။ ဒလိုင်းလားမားဟာ တရုတ်အစိုးရအတွက် အခက်ဖြစ်စေပြီး ဒေါ်စုလိုမျိုး နိုင်ငံတကာထောက်ခံမှုတွေ ရနေပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးတွေအတွက် တောင်းဆို တိုက်ပွဲဝင်နေတဲ့ ဒလိုင်းလားမား ဘယ်ကို သွားသွား အစဉ်တစိုက် ကန့်ကွက်ခဲ့တဲ့ တရုတ်အစိုးရဟာ ဒလိုင်းလားမားနဲ့ တန်းတူ သတ်မှတ်ထားကြတဲ့ ဒေါ်စုကို တကူးတက ဖိတ်ကြားပြီး အလေးထား ဧည့်ခံတဲ့ လုပ်ဆောင်ချက်ဟာ တန်ပြန်ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်။
နောက်တစ်ခါ တရုတ်အစိုးရဟာ လူ့အခွင့်အရေးလှုပ်ရှားလို့ ဆိုပြီး လူရှောင်ဘိုကို ထောင်ထဲ ထည့်ထားပါတယ်။ လူရှောင်ဘိုကို ငြိမ်းချမ်းရေး နိုဘယ်ဆု ပေးတော့ တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ လူရှောင်ဘိုဟာ ခုချိန်ထိ ထောင်ထဲမှာပဲ ရှိပါတယ်။ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဆန့်ကျင်တော်လှန်သူတွေကို ခုလိုမျိုး ထောင်ထဲထည့်ပြီး နှုတ်ပိတ်ထားခဲ့တဲ့ တရုတ်အစိုးရဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စုကိုတော့ ဧည့်ကောင်းစောင်ကောင်းအဖြစ် ဧည့်ခံလာပါတယ်။
ဒီအတွက် တရုတ် ဗဟိုအစိုးရဟာ ပြင်းထန်တဲ့ သက်ရောက်မှုတွေ ကြုံတွေ့လာရနိုင်ပါတယ်။ တရုတ်ပြည်သူတွေထဲမှာ ဆင်းရဲသူတွေ လိုအင်မပြည့်သူတွေ အများကြီး ရှိနေပါသေးတယ်။ လွတ်လပ်ခွင့်တွေကို လမ်းကြောင်းလွှဲနိုင်ပေးဖို့ အမျိုးသားရေးဝါဒီအဖြစ် ပုံဖော်နေတဲ့ ရှီကျင်ပင်း ဟာ နိုင်ငံရေးလွတ်လပ်ခွင့်တွေအတွက် ချိန်ထိုးခံရတော့မှာ ဖြစ်ပါတယ်။
လူရှောင်ဘိုကို ထောင်ထဲ ထည့်ထားပြီး ဒေါ်စုကို ဧည့်သည်တော်အဖြစ် လက်ခံနေတဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်ဟာ တရုတ်ပြည်သူတွေကို ဒေါသထွက်လာစေပါလိမ့်မယ်။ လူရှောင်ဘို အသေးစားလေးတွေဟာလည်း ဒီကိစ္စအတွက် ရှီကျင်ပင်းကို ဆန့်ကျင်လာကြပါလိမ့်မယ်။
ဒလိုင်းလားမားကို ဆန့်ကျင် ပိတ်ပင်နေတဲ့ တရုတ်အစိုးရဟာ ဒေါ်စုကို ဒီလို ဧည့်ခံတဲ့အတွက် တရုတ်နိုင်ငံကို ဒလိုင်းလားမား လာခွင့် မရှိဘူးလား မေးစရာ ဖြစ်လာပါတယ်။ ဒလိုင်းလားမား သာ ပြည်မကြီးထဲ ရောက်လာခဲ့ရင် တရုတ်အစိုးရ မျောက်မီးခဲကိုင်သလိုမျိုး ဖြစ်လာမှာ ကျိန်းသေတယ်။
အပြောနဲ့ အလုပ် မညီတဲ့ တရုတ်အစိုးရ၊ လူရှောင်ဘိုကို ထောင်ထဲထည့်ထားပြီး ဒေါ်စုကို ဖိတ်ခေါ်တဲ့ တရုတ်အစိုးရ၊ ဒလိုင်းလားမားကို လက်မခံဖို့ နိုင်ငံတကာကို တောင်းဆိုပြီး ဒေါ်စုကိုတော့ တရုတ်ပြည်ထဲ ဖိတ်ခေါ်တဲ့ တရုတ်အစိုးရဟာ ပြည်တွင်းဆန့်ကျင်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ ဒီနေ့အထိ တရုတ်ပြည်ကို စီးပွားရေးနဲ့ ထောက်ထားတယ်၊ အမျိုးသားရေးနဲ့ ထိန်းထားတယ်။ တောင်တရုတ်မှာ သွားစွာလိုက်၊ အိမ်နီးချင်းတွေနဲ့ ပတ်ရန်ဖြစ်လိုက် လုပ်နေရတဲ့ တရုတ်အစိုးရဟာ စီးပွားရေးကောင်းလာတာနဲ့အမျှ လွတ်လပ်ခွင့်တွေ လိုချင်လာတဲ့ တရုတ် ပြည်သူတွေကို အမျိုးသားရေးတစ်ခုတည်းနဲ့ စုစည်းထားရတာပါ။ ဒေါ်စုကို ဖိတ်ကြားလိုက်ခြင်းအားဖြင့် ဒေါ်စုက ဘာလဲ ဆိုတာတွေ စူးစမ်းလာကြပြီးတဲ့နောက် လူရှောင်ဘိုနဲ့ ဒလိုင်းလားမားတို့ တရုတ်ပြည်သူတွေ အတွေးထဲ ၀င်လာမှာ သေချာတယ်။ ဒါက သေးသေးလေး မဟုတ်ဘူး။ တရုတ်ပြည်ကြီးတစ်ခုလုံး တော်လှန်ရေး ဖြစ်သွားနိုင်တယ်။
ဒေါ်စု အနေနဲ့လည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တို့ ၀တ္တရားရှိတဲ့အတိုင်း တရုတ်ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ဖိအားပေးရမှာပဲ။ လူရှောင်ဘိုကို ထောင်ထဲထည့်ထားတဲ့ နိုင်ငံကို သွားပြီး ရွှေလမ်းငွေလမ်းဖောက်နေတာကို နော်ဝေက နိုဗယ်ဆု ရွေးချယ်ရေးအဖွဲ့ ဘယ်လို စိတ်ထားနဲ့ စောင့်ကြည့်နေကြမလဲ။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်အားလုံးကလည်း လူရှောင်ဘိုအတွက် ဘယ်လို ရပ်တည်ကြမလဲ။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ဒေါ်စုဟာ လူရှောင်ဘိုအတွက် ဘာလုပ်ပေးမှာလဲ။ သူကိုယ်တိုင် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရပြီးတော့ နိုင်ငံတကာ ထောက်ခံမှုတွေနဲ့ ရပ်တည်လာတဲ့ သူတစ်ယောက်က တရုတ်ခေါင်းဆောင်တွေနဲ့ ဖက်လှဲတကင်း ပျှော်ရွှင်ခြင်းတွေ ရနေတဲ့အချိန်မှာ ထောင်ထဲက လူရှောင်ဘို အတွက် ၀မ်းနည်းစရာ ဖြစ်နေမှာပါ။
တရုတ်ပြည်သူတွေထဲမှာလည်း လူရှောင်ဘိုရဲ့ လုပ်ရပ်တွေကို အားကျအတုယူနေသူ လူငယ်တွေ ရှိနေပြီး ဒီလူငယ်တွေဟာ တရုတ်ကွန်မြူနစ် ခေါင်းဆောင်တွေနဲ့ ရွှေလမ်းခင်းနေတဲ့ ဒေါ်စုကို ဘယ်လို သဘောထားကြမလဲ။
နိုင်ငံတကာက ခေါင်းဆောင်တွေအနေနဲ့လည်း ဒေါ်စု၊ ဒလိုင်းလားမားနဲ့ လူရှောင်ဘိုတို့ ဆက်စပ်မှုကို ဘယ်လို မှတ်ချက်ပေးကြမလဲ။ ဒေါ်စုဟာ ရရှိထားတဲ့ နိုဗယ်ဆုကို စောင့်သိဖို့ တာဝန်ရှိတယ်။ လေးစားရမယ်။ နိုဗယ်ဆုရှင်တို့ထုံးစံအတိုင်း လူရှောင်ဘိုဘက်က ရပ်တည်ရမယ့် အစား ကိုယ့်အကျိုးအတွက် လူရှောင်ဘိုလို ဒီမိုကရေစီသူရဲကောင်းကို လျစ်လျူရှုခဲ့တယ် ဆိုရင် ထောက်ပြဝေဖန်စရာတွေ များလာပါလိမ့်မယ်။
ဒေါ်စုရဲ့ တရုတ် ခရီးစဉ်ဟာ နှစ်ဘက်စလုံး win-win ဆိုပြီး ပြောကြတယ်။
ကဲ
နှစ်ဘက်စလုံး lose-lose ဖြစ်လာနိုင်တယ် ဆိုရင်ကော။
နှစ်ဘက်လုံး ပြင်လို့ မရတော့ဘူး။ ဒီ lose-lose က ချက်ချင်း ၀ုန်းကနဲ ဖြစ်မှာ မဟုတ်ဘဲ ဖြည်းဖြည်းချင်း ဖြစ်လာမှာလို့ပဲ ပြောချင်တယ်။

.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်