Subscribe to our RSS Feed

ရွှေရေးထင်ထင်နှင့် စပွန်ဆာကြီးများ - ရွှေရေးထင်ထင်

From : .. Tomorrow

အကျွန်ုပ်သည် ဤရက်ပိုင်း အတွင်း ကြီးစွာ စိတ်အနှောင့်အယှက် ဖြစ်နေလေရ၏။ မည်သို့သော အကြောင်းတရားကြောင့် မှန်းမသိ နာမည်ကြီးလာသော ရွှေရေးထင်ထင်သည် ပြည်သူအပေါင်းအား ရုပ်ရော အသံတို့နှင့်ပါ နှိပ်စက်နေသည်ကို ကျွန်ုပ် တော်တော် အမြင်ကပ်လာလေပြီ။ သူမသည် စာရေးခြင်းသာ ၀ါသနာပါသည်ဆိုငြား သူမ၏ ဓာတ်ပုံတိုင်းတွင် မော်ဒယ်အလား ထင်မှတ် မှားရအောင် ဟန်မူယာပေးလွန်းလှ၏။ ထို့ကြောင့် သူမအား သာသာကလေး ဖိနှိပ်၍ နာနာကလေး တွန်းချရန် အကြံအစည်ဖြင့် ကျွန်ုပ်သည် သူမထံ သွားရလေချေတော့မည်။
"ကျွန်တော် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးပါ"
ဤသို့ဆိုကာ တွေ့ခွင့်တောင်းလိုက်သော် အတွင်းရေးမှူးမလေးက ကျွန်ုပ်အား ရွှေရေးထင်ထင်၏ ရုံးခန်းထဲသို့ ခေါ်ဆောင်ကာ တွေ့ခွင့်ပေးလိုက်လေတော့သည်။ ရုံးခန်းတံခါး ဖွင့်ဝင်လိုက်သည်နှင့် ခန့်ညားလှသော ရုံးစားပွဲကြီး၏ နောက်တွင် ဆုံလည်နောက်မှီ ကုလားထိုင်ထဲ၌ နစ်မြုပ်နေသော ငတိမအား တွေ့လိုက်ရ၏။
အလို...ထင်ထားသည်နှင့် တခြား...ဒီငတိမသည် ပေမမှီ ဒေါက်မမှီရှာပါကလား။
"မမ...ဒါက ပြောရေးဆိုခွင့်ရှိသူပါတဲ့"
"ထိုင်ပါရှင်...ဘယ်သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူပါလဲရှင်"
"ကျုပ်ကိုယ်ပိုင်အခွင့်နဲ့... ပြောချင်တာကို ပြောတယ်... ရေးချင်တာကို ရေးတယ်... ဆိုချင်တာကို ဆိုတယ်...လွယ်တဲ့ အလုပ်လို့တော့ မထင်လေနဲ့ကွဲ့... ကျုပ်အလုပ်က လူ ၃၆ ယောက်ရှိတဲ့ ဘောလုံးအသင်းမှာ တစ်ယောက်တည်း ကန်နေရပြီး ကျန်တဲ့သူတွေက သံပရာရည်သောက်နေသလို ခံစားရတဲ့အလုပ်"
ငတိမ ကြောင်ငေးငေး ဖြစ်သွားလေ၏။ ပြီးမှ...
"ဒါဆိုလူကြီးမင်း တစ်ယောက်တည်း သံပရာရည် ၃၆ခွက် ထိုင်သောက်ပြီး ကျန်သူတွေကို ဘောလုံးကန်ခိုင်းရင်ရော"
အလဲ့...အလာကြီးပါလား... ငတိမက ကျွန်ုပ်အား စတင်နှိပ်ကွပ်လေပြီ။ ကျွန်ုပ်ကလည်း အထက်စီးဖြင့် ပညာပြရန် စကားစချီလိုက်သည်။
"ဒီလိုရှိတယ်..."
"ကလင်...ကလင်"
ထိုစဉ် ဖုန်းမြည်လာ၏။ အတွင်းရေးမှူးမလေးက ဖုန်းကိုင် လိုက်သည်။
"မမရေ... Hollwoodက နာမည်ကျော် ဒါရိုက်တာကြီး တစ်ဦးက စကား ပြောချင်ပါတယ်တဲ့... Haydan Christensenနဲ့ ဇာတ်ကားတစ်ကား တွဲရိုက်ဖို့ ကမ်းလှမ်းချင်လို့ပါတဲ့"
"စိတ်မ၀င်စားသေးဘူးကွယ် ...ငြင်းလိုက်ပါ"
"ဒီလိုပါ"
ကျွန်ုပ် စကားစ ပြန်ကောက်သည်။
"ကလင်...ကလင်"
"မမရေ... Playboy မဂ္ဂဇင်းကပါတဲ့...မမကို မျက်နှာဖုံးတင်ချင်လို့ ကမ်းလှမ်းနေပါတယ်"|
"အင်း...ငြင်းလိုက်ပါဦးကွယ်...စိတ်မ၀င်စားသေးပါဘူး..."
"ဒီလိုဗျ..."
ကျွန်ုပ် စကားစ ချီလိုက်ပြန်၏။
"ကလင်...ကလင်"
"မမရေ...ထိုင်းနိုင်ငံက နာမည်ကျော် သူဌေးကြီးတဲ့... မမကို မြေကွက်တွေ...အိမ်တွေ...ကားတွေ လက်ဆောင် ပေးချင်လို့ပါတဲ့...သူ့ကိုသာ လက်ခံရင် လိုချင်တာ..."
"အို... ငြင်းလိုက်... ငြင်းလိုက်... တယ်ခက်တာပဲ... ဒီလူက ခေတ်ကို မလေ့လာဘူးကိုး။ အခု မြန်မာပြည်မှာ ဆန်ကြမ်း ဈေးနှုန်းက ဆယ်စုနှစ်အတွင်း အမြင့်ဆုံးကို ရောက်နေပြီ။ ဒီလောက်တောင် ပြောင်းလဲနေတဲ့ ခေတ်မှာ သူက အရင်နည်းဟောင်းကြီးသုံးပြီး အိမ်တွေ... တိုက်တွေ... ကားတွေလောက်နဲ့ လာချဉ်းကပ်နေသေးတယ်...လူက ဟောင်းနေတာတောင် သုံးတဲ့စနစ်တော့ ပြောင်းသင့်ပါပြီ"
"ကလင်...ကလင်"
"မမရေ... Americaက နာမည်ကျော် သူဌေးကြီး တစ်ဦးတဲ့... မမက ဘဲရီးဘူးသီးဖြိုးလို့တဲ့ ...မမအတွက် ဘာမဆို ပံ့ပိုးပေးချင်တယ်တဲ့...ဘူးသီးဖြိုးဆိုတာ ဘာကိုပြောတာလဲဟင် မမ"
"သြော်... Native Speaker သံထွက်လို့ပါကွယ်..Very Beautifulလို့ ပြောတာနေမှာပါ"
"သူက သူ့တိုင်းပြည်ကိုတောင် မမအတွက် ၀ယ်ပေးနိုင်တယ်တဲ့"
"မမက စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကိုယ့်တိုင်းပြည်ကိုပဲ ချစ်တယ်လို့ ပြောလိုက်ပါကွယ်..."
အကျွန်ုပ် မနေသာတော့။
"ဒီနိုင်ငံက စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ခင်ဗျား ဘာကြောင့်ယူဆတာလဲ"
ပြောနေစဉ်တွင် ရုတ်တရက် မီးပြတ်သွား၏။
"ကျွန်မတို့နိုင်ငံက အခုလိုပဲ ကြာသပတေးနံနှစ်ခုဟာ အချိုးကျကျ အ၀င်အထွက်ရှိတယ်... မိုးရွာရင် မီးမလာတော့ဘူး... ပြီးတော့ မိုးရွာရင် မြောင်းတွေပိတ်တယ်... ရေလျှံတယ်... ကဲ... ဘယ်လောက် စိတ်လှုပ်ရှားစရာ ကောင်းလဲရှင်"
"ကလင်...ကလင်"
"ကလင်...ကလင်"
မီးပျက်နေသော မှောင်မည်းမည်းထဲတွင် ဖုန်းများက ဆက်တိုက်လာနေ၏။ ရွှေရေးထင်ထင် ဆိုသော ငတိမအား ကျွန်ုပ်သည် နှိပ်ကွပ်ချင်... ပညာပေးချင်သည်များကို ဆက်ပြောလိုပါသော်လည်း စကားပြောခွင်က မရနိုင်ချေတော့။ ရွှေရေးထင်ထင်ဆိုသော ငတိမနှင့် သူမထံ ဆက်သွယ်နေသော စပွန်ဆာကြီးများ၏ စကားများကို လွန်စွာ နားကြားမြင်းကပ်လေရကား အသာနှုတ်ဆိတ်၍ အမှောင်ထုထဲတွင် စမ်းတ၀ါးဝါးနှင့် ပြန်ထွက်လာလိုက်ရလေတော့သတည်း။


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်