Subscribe to our RSS Feed

၂၀၁၅ ရွေးကောက်ပွဲ ကြံ့ခိုင်ရေးပါတီ မဲဆန္ဒနယ် တစ်ထောင်ကျော်တွင် ပြိုင်မည်

From : .. the voice

ယခုနှစ်အတွင်း ကျင်းပမည့် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနည်းဆုံး မဲဆန္ဒနယ် တစ်ထောင်ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီဗဟိုကော်မတီဝင် ဦးတင့်ဇော်က ပြောကြားသည်။

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း အပြီးမသတ်နိုင်သေးသော်လည်း မဲဆန္ဒနယ်ပေါင်း တစ်ထောင်ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ ၂၀၁၀ တုန်းက မဲဆန္ဒနယ်တွေအတိုင်း ယှဉ်ပြိုင်မှာပါ။ အနည်းဆုံး တစ်ထောင်ကျော်မယ်လို့ ခန့်မှန်းထားတယ်။ နယ်မြေအခြေအနေအရ ရွေးကောက်ပွဲမလုပ်ဖြစ်တဲ့ မဲဆန္ဒနယ်မှာတော့ ပြိုင်လို့မရဘူးပေါ့” ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို ပထမအဆင့် ရွေးချယ်ထားပြီး ဖြစ်သော်လည်း မေလ နောက်ဆုံးပတ်အတွင်း ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထပ်မံစိစစ်ရွေးချယ်မည် ဖြစ်သောကြောင့် မထုတ်ပြန်နိုင်သေးကြောင်း ၎င်းကဆိုသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေးကို အဓိက လုပ်ဆောင်နေခြင်းကြောင့် ပါတီအတွင်း ဒုတိယသမ္မတနှင့် သမ္မတလောင်းများ ရွေးချယ်မှုကိုလည်း မဆုံးဖြတ်ရသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ ပြည်သူများက အားကိုး ယုံကြည်စိတ်ချမှု ရှိရေးနှင့် ပါတီ၏ ဦးဆောင်မှုကို ခံယူရမည့်အချက်များ အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက် ၁၄ ချက်နှင့် ညီညွတ်သော ကိုယ်စားလှယ်လောင်းများကို စိစစ်ရွေးချယ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း တစ်ထောင်ကျော် ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် ၈၈၂ နေရာ အနိုင်ရရှိကာ သမ္မတ တင်မြှောက်နိုင်ခဲ့သည်။

The Voice

.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်