Subscribe to our RSS Feed

ပြည်သူ့ခေတ်ဂျာနယ် အမေးရှင်းရှင်း အဖြေဗွင်းဗွင်း

From : .. ye htut


ကျွန်တော်ကတော့ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာ အစွန်း တရားနှစ်းပါးကို ရှောင်တယ်။တစ်ကတော့ ကိုယ့်ကိုပြုပြင်ပြောင်းလဲရေးသမားကြီးလို့ ချီးမွှမ်းခံချင်တာကြောင့် ဘာကိုမှမပြောရဲဘဲ မလုပ်ရဲမကိုင်ရဲ ဖြစ်တာမျိုးလည်း ကျွန်တော်မလုပ်ချင်ဘူး။ နှစ်ကတော့ ပြုပြင်ပြောင်းလဲရေးအတွက်လိုအပ်တဲ့ဟာတွေကို မလုပ်ဘဲနဲ့ လက်တွန့်နေတာမျိုးလည်း မဖြစ်ချင်ဘူး။

 အဲဒီနှစ်ခုကြားထဲက ကျွန်တော်လုပ်သင့် လုပ်ထိုက်တာကို လုပ်တယ်။ ကြိုက်ခြင်းမကြိုက်ခြင်း၊ထောက်ခံခြင်း မထောက်ခံခြင်းကတော့ တစ်ဦးခြင်းအမြင်လို့ပဲ မြင်တယ်။

ဒါကြောင့်မို့ ကျွန်တော်ခုချိန်ထိ လုပ်တာသည်တစ်စာနယ်ဇင်းတွေနဲ့ တည့်အောင် မကြိုးစားဘူး။ နှစ်က စာနယ်ဇင်းတွေ နဲ့ ရန်ဖြစ်ဖို့လည်းမကြိုးစားဘူး။

ကျွန်တော်လုပ်နေတာက အပြန်အလှန်လေးစားမှုနဲ့ သူ့စည်းကိုယ်စည်း အခြေခံမယ်။ကျွန်တော်မှားရင် ပြင်ဖို့ဝန်မလေးသလို ခင်ဗျားတို့မှားရင် ထောက်ပြဖို့လည်း ၀န်လေးမှာမဟုတ်ဘူး။

 ကျွန်တော်သိပ် နစ်နာတဲ့အခါမှာ စာနယ်ဇင်းကောင်စီကတစ်ဆင့် ဖြေရှင်းဖို့ ကြိုးစားမယ်။မရဘူးဆိုရင် ကျွန်တော်တရားစွဲဖို့လည်း လက်တွန့်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ကျွန်တော့်ကိုပြုပြင်ပြောင်းလဲရေး မလိုလားဘူးလို့ ပြောရင်လည်း ကျွန်တော်ပြုံးပြုံးလေးနေမှာပဲ၊ ချီးမွမ်းလို့လည်းသာယာစရာအကြောင်းမရှိဘူး


-------------------------------------------------------------------------------------------------------------



ဆရာစည်သူအောင်မြင်နဲ့  အမေးအဖြေ
အမေးရှင်းရှင်း  အဖြေဗွင်းဗွင်း
ပြည်သူ့ခေတ်ဂျာနယ် အတွဲ၊ ၁ ၊ အမှတ် ၂၁၊

နိုင်ငံရေးအရေးပေါ်ကိစ္စရပ်များ၊ အရေးကြီး အကြောင်းအရာများအပေါ် မေးခွန်းများဖြင့် ချဉ်းကပ်အဖြေရှာမည့် အပတ်စဉ်ကဏ္ဍ။

ပြည်သူ့ခေတ်- ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေအရင်မေးပါရစေ။ သမ္မတ ဦးသိန်းစိန် တက်လာတဲ့အချိန်မှာ ဒီမိုကရေစီနိုင်ငံကို သွားမယ်၊သူနဲ့လျော်ညီတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်လည်း ရှိစေ ရမယ်ဆိုပြီး အပြောင်းအလဲတွေ လုပ်တယ်။အခုနောက်ဆုံးလေးနှစ်တာကာလကို ဆန်းစစ်လိုက်ရင် ပုဂ္ဂလိက အနေနဲ့ သတင်းစာ ထုတ်ဝေခွင့်ရလာပြီ။နှစ်ပေါင်းများစွာအတွင်း ဒါဟာ ကြီးမားတဲ့ အပြောင်းအလဲ ပါပဲ။ ပြီး တော့မှ ဘာဆင်ဆာ ဘာစိစစ်ရေးမှမရှိတော့ဘဲ ရေးသား၊ ပုံနှိပ်၊ ဖြန့်ဖြူးခွင့် ရလာပါပြီ။ ဒီအတွက် နိုင်ငံ တကာ ကလည်းအများကြီး ချီးကျူးကြပါတယ်။ အကောင်အထည်ဖော်တဲ့သူတွေကိုလည်း အမှတ်အများကြီး ပေးကြပါတယ်။
ဒါပေမဲ့ မီဒီယာမှာ ရုပ်သံနဲ့ ရေဒီယိုဆိုတာ အရမ်းအစွမ်းထက်တယ်။ ထိရောက်တယ်။ဥပမာ- ရေဒီယိုဆိုရင် တောင်တန်းဒေသက ကျွန်တော်တို့ တိုင်းရင်းသားတွေ ငွေနည်းနည်းသုံးပြီးရေဒီယိုဝယ်လိုက်ရုံနဲ့ နားဆင်နိုင်ပါ တယ်။ ဒါပေမဲ့ ဒီနေ့အချိန်အထိ ရေဒီယို ထုတ်လွှင့်ခွင့်လုပ်ငန်းပုဂ္ဂလိကတွေ လုပ်ခွင့်မရှိသေးဘူး။ အရင် စစ်အစိုးရလက်ထက်က လုပ်ခွင့်ပြုထားတဲ့သူတွေကလည်းအစိုးရနဲ့ နားလည်မှုရှိတဲ့ သူဌေးကြီးတွေ လုပ်ငန်း ရှင်ကြီးတွေပဲ လုပ်ခွင့်ရတယ်။ ရုပ်သံဆိုလည်းအဲဒီအတိုင်းပဲ။ ပုဂ္ဂလိကတွေ လုပ်ခွင့်မရှိသေးဘူး။ လွတ်လပ်ခွင့် လုံးဝမရှိသေးဘူး။ ဆိုတော့ဒီလေးနှစ်အတွင်း မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးလုပ် လာတာ ခရီးရောက်တယ်လို့ပြောနိုင်ပါပြီလား။

ဦးရဲထွဋ်- ကျွန်တော်ကတော့ ခရီးရောက်တယ်လို့ မြင်တယ်။တကယ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ပြန်ကြား ရေး ၀န်ကြီးဌာနအနေနဲ့ မီဒီယာပြုပြင်ပြောင်းလဲရေးလုပ်တာသုံးမျိုးရှိတယ်။ တစ်ကတော့ မီဒီယာလက်ဝါးကြီး အုပ်မှုကို ဆန့်ကျင်တဲ့ ဗဟုမီဒီယာအခြေအနေကိုထိန်းသိမ်းနိုင်ဖို့၊ ဗဟုမီဒီယာအောက်မှာ အများပြည်သူ ၀န်ဆောင်မှုမီဒီယာပါမယ်။ ပုဂ္ဂလိကမီဒီယာတွေပါမယ်။ ပြီးရင် Community Radio လို့ ခေါ်တဲ့ တောင်တန်းဒေသ ရေဒီယိုတွေ ပါမယ်။
ဒုတိယလုပ်တဲ့ လုပ်ငန်းကတော့ အဲ့ဒီဟာတွေကို ဖော်ထုတ်နိုင်ဖို့ လိုအပ်တဲ့ဥပဒေတွေပြဌာန်းတယ်။
တတိယကတော့ လူ့စွမ်းအား အရင်းအမြစ်ပေါ့။ မီဒီယာကို တာဝန်သိသိရေးနိုင်ဖို့လိုအပ်မယ့်လူတွေကို မွေးထုတ်နိုင်မယ့် လုပ်ငန်းတွေကို လုပ်တယ်။ အဲဒီတော့ ခင်ဗျားပြောတဲ့ရုပ်သံကိစ္စကို ဒုတိယတလုပ်ငန်းစဉ် ထဲမှာ ပါတယ်။ရှေ့ပိုင်းပြန်ကြည့်မယ်ဆိုရင် ၂၀၁၂ မှာ မီဒီယာကွန်ဖရင့်လုပ်တော့ ကိုစည်သူအောင်မြင့်လည်းတက်တာပဲ။ အဲဒီမှာကတည်းက ဒီကိစ္စတွေ စဆွေးနွေးတယ်။ ၂၀၁၃ မှာ ဥပဒေကို တင်တယ်။
ဒါပေမယ့် အဲဒီဥပဒေကို အတည်ပြုခြင်း၊ မပြုခြင်းကတော့ လွှတ်တော်နဲ့ပဲ သက်ဆိုင်တယ်။ခုချိန်ထိ ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးတုန်းပဲ ရှိသေးတယ်။ ဒီနေ့ပဲ ကျွန်တော်တို့ဆီကကိုတင့်ဆွေ (အမြဲတမ်း အတွင်းဝန်) သွားပြီး ရှင်းပြရတာတွေ ရှိတယ်။
တချို့ဟာတွေ ပုဂ္ဂလိက လုပ်ခွင့်မရသေးတာတွေ ရှိတယ်။ တစ်ဖက်မှာ ဒီဥပဒေကိုတင်တဲ့အခါ လွှတ်တော်ထဲ မှာ ဘာရင်ဆိုငရလည်းဆိုတော့ တချို့သော မီဒီယာလုပ်ငန်း လုပ်ကိုင်နေတဲ့လူတွေကို ဟန့်တားဖို့ ထည့်သွင်း ထားတဲ့ ပြဌာန်းချက်တွေကို လိုက်ပြီး ငြင်းခုန်နေတာတွေရှိလို့ ရှင်းနေရတာတွေ ရှိတယ်။
အဲဒီတော့ ခြုံပြီးပြောရရင် ကျွန်တော်တို့ကတော့ ဥပဒေတစ်ရပ် အမြန်ဆုံး ပေါ်ချင်တယ်။ဒါကြောင့်မို့ ကျွန်တော်တို့ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် တင်ခဲ့တယ်။ သို့သော် ဒီဥပဒေဖြစ်ခြင်း၊မဖြစ်ချင်းက လွှတ်တော်နဲ့ပဲ ဆိုင်တယ်။ ဥပဒေမရှိသေးပဲနဲ့ကတော့ ကျွန်တော်တို့က ပေးလို့မရဘူး။ဘာဖြစ်လို့လည်းဆိုတော့ အခု ရေဒီယို၊ ရုပ်သံလုပ်နေသူတွေကို နိုင်ငံပိုင်လုပ်ငန်းဆိုင်ရာဥပဒေအနေနဲ့ ကျွန်တော်တို့က ပေးထားတာ။ အခု အဲဒီဥပဒေနဲ့ပဲ ထပ်ပေးရမယ်ဆိုရင်တော့ ကျွန်တော်မလုပ်ချင်တော့ဘူး။ ပြောရရင် ကျွန်တော်တို့ကတော့ မီဒီယာပြုပြင်ပြောင်းလဲရေးလုပ်ငန်းအောင်မြင်တယ်လို့ မြင်တယ်။ သို့သော် ဥပဒေဖြစ်ခြင်း၊ မဖြစ်ခြင်းကတော့ လွှတ်တော်အပေါ်မှာပဲမူတည်တယ်။

ပြည်သူ့ခေတ်- ၀န်ကြီးပြောသလိုဆိုရင် အစိုးရဘက်ကတော့ ဒါကိုအမြန်ဆုံးဖြစ်စေချင်တယ်။ ရုပ်သံ၊ ရေဒီယို ပုဂ္ဂလိကတွေကို တကယ်ပဲ လုပ်စေချင်တယ်။ ဒါပေမယ့်လွှတ်တော်ဘက်က အချိန်ဆွဲထားတယ်ဆိုတဲ့သဘော သွားသက်ရောက်တယ်။

ဦးရဲထွဋ်- အချိန်ဆွဲတယ်ဆိုတာထက် လွှတ်တော်ထဲမှာ ဒါနဲ့ပတ်သက်ပြီး အငြင်းအခုန်တွေ ရှိနေသေးတယ်။ မပြတ်သေးဘူးပေါ့ဗျာ။ ဆိုတော့ အမျိုးသားလွှတ်တော်ကိုတင်တာနဲ့ အမျိုးသားလွှတ်တော်မှာ စဆွေးနွေးတာနဲ့ အချိန်တော်တော်ကြာတယ်။ အခု ပြည်သူ့လွှတ်တော်ရောက်တဲ့အခါမှာလည်းပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြန်အဆိုပြုတာနဲ့ တချို့ကော်မတီတွေက ပြန်ဆွေးနွေးတာနဲ့ကျွန်တော်တို့က ခုချိန်ထိ မပြီးနိုင်သေး ဘူး။
ကျွန်တော်ကတော့ အချိန်ဆွဲတယ်ဆိုတာထက် ဒီဥပဒေရဲ့ သဘောသဘာဝကို လွှတ်တော်ထဲမှာပြောဆိုမှု ငြင်းခုန်မှုတွေက များနေတဲ့အတွက်ကြောင့် မဖြစ်သေးဘူးလို့ ပြောချင်တယ်။

ပြည်သူ့ခေတ်- ဆိုတော့ နိုင်ငံမှာ ရေဒီယိုနဲ့ ရုပ်သံလွတ်လပ်ခွင့်လုံးဝမရှိသေးဘူး။ ဒါပေမယ့်လည်း အခြေအနေ အကြောင်းအမျိုးမျိုးကြောင့်၊ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ကာလလည်း ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဆီမှာ ၈ ပေ ဂြိုလ်တုစလောင်း ဖမ်းစက်တွေရှိတယ်။ လိမ္မော်ရောင်၊ အနက်ရောင် ၂ ပေ ဂြိုလ်တု စလောင်းနဲ့ ဖမ်းစက်တွေ သုံးကြေတယ်။အဲဒီကနေတစ်ဆင့် ပြည်သူလူထုဟာ လွတ်လပ်တဲ့မီဒီယာလို့ ခေါ်နိုင် တဲ့ DVB, RFA, VOA အစရှိတဲ့ရုပ်သံလိုင်းတွေကို ကြည့်နေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေနဲ့အညီ ပေးတာမဟုတ်ပေမယ့် ပြည်သူလူထုကကြည့်ခွင့်ရှိနေတယ်။ ဒါကိုပဲ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ တုန်းကဆိုရင် သင်္ကန်းကျွန်းအမတ်ဦးသိန်းညွှန့်က ဒါတွေဟာ ဥပဒေနဲ့ မညီပါဘူး ဆိုပြီးတင်တယ်။ ဒါဟာ စကိုင်းနက်ကုမ္ပဏီရဲ့အကျိုးစီးပွားကို ထိခိုက်စေပါတယ်။ ကာကွယ်ပေးပါဆိုပြီးတင်တယ်။ လွှတ်တော်ထဲ ၀န်ကြီးကိုယ်တိုင်အဖြေပေးခဲ့တာလည်း ရှိတယ်။ ၀န်ကြီးက ဟုတ်ပြီ ဒါတွေကို လွှတ်တော်ဘက်က ဥပဒေ ပြုရင် ထည့်သွင်းစဉ်းစားပေးပါ။ကျွန်တော်တို့ ကိုယ်တိုင်လည်း ပြန်ကြားရေး၊ ဆက်သွယ်ရေး၊ ပြည်ထဲရေး သုံးဖွဲ့ ပေါင်းပြီးတော့အရေးယူမယ်ဆိုပြီး ပြောခဲ့တယ်။ တကယ်လို့ အဲဒီလို အရေးယူမှုတွေသာ လုပ် လာရင် တစ်ဖက်က ပြည်သူတွေအနေနဲ့ရုပ်သံ၊ ရေဒီယိုလုပ်ငန်းကိုလည်း လွတ်လပ်စွာ လုပ်ကိုင်ခွင့် မရှိသေး ဘူး။ အခြားတစ်ဖက်မှာဂြိုလ်တုစလောင်းတွေကို ဖမ်းဆီးအရေးယူမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ရုပ်သံလွှတ် လပ်ခွင့်နဲ့ပတ်သက်ပြီး လုံးဝအမှောင်ကျသွားတာမျိုး ဖြစ်မလာနိုင်ဘူးလား။

ဦးရဲထွဋ်- မဖြစ်နိုင်ဘူးဗျ။ ကျွန်တော့်အယူအဆရတော့ ဦးသိန်းညွှန့်ရဲ့မေးခွန်းသည် ရုပ်သံလိုင်းတစ်လိုင်းကို ပြောတာမဟုတ်ဘူး။ ဒီလိုဂြိုလ်တု စလာင်းဗန်းတွေဝင်လာတဲ့အတွက်ကြောင့် ပြဿနာတွေအများကြီး ရှိ တယ်။ တစ်က ကျွန်တော်တို့ရဲ့ နှစ်ပေစလောင်းကို အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းနိုင်ငံပဲဖြစ်ဖြစ်၊စင်ကာပူပဲဖြစ် ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် ခင်ဗျားယူသွားကြည့်၊ လိုင်စင်မရှိဘဲနဲ့ အလွယ်တကူယူသွားလို့မရဘူး။
ကျွန်တော်က အဲဒီကိစ္စကို ပြောနေတာ။ နှစ်က အဲဒီဗန်းတွေထဲမှာ ကြည့်ရှုဖို့မသင့်တော်တဲ့ လိုင်းတွေရှိနေ တယ်။ DVB နဲ့ ပတ်သက်ပြီး ပြောရင် သူတို့ကို ပိတ်ဆို့ဖို့နေနေသာသာDVB ကို မြန်မာနိုင်ငံထဲကို ပြန်ခေါ်ခဲ့ တာ ကျွန်တော်ပါပဲ။ ကျွန်တော်ညွှန်ချုပ်ဘ၀မှာသွားပြီး ဆွေးနွေးတာတွေ လုပ်တယ်။ သူတို့ကို ပြန်လုပ်ခိုင်း တယ်။ နောက်ပြီး Foreverနဲ့ Fortune မှာ DVB ရဲ့ သတင်းအစီအစဉ်ကို အချိန်ပိုင်းနဲ့ လွှင့်လို့ရအောင် ကျွန် တော်ပဲချိတ်ပေးခဲ့တယ်။ ကျန်တဲ့အစီအစဉ်တွေတော့ မပါဘူး။ ဒါကြောင့် ဦးသိန်းညွှန့်ရဲ့ ဗန်းကိစ္စသည်ရုပ်သံ လိုင်းတစ်လိုင်းကို မူတည်ပြီး လုပ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ Broadcastindustry လို့ ခေါ်တဲ့ ရုပ်သံလွှင့် လုပ်ငန်း တစ်ခုလုံးရဲ့ကိစ္စကြီးလို့ ကျွန်တော်မြင်တယ်။ဒါက အခုလည်းလုပ်ရမှာပဲ။ အခုမလုပ်ရင်လည်း နောင်ရုပ်သံဥပဒေပေါ်လာ၊ ပုဂ္ဂလိက လုပ်ခွင့်ပေးပြီဆိုရင်လည်းကျွန်တော်တို့က လုပ်ရမှာပဲ။ ဒါကြောင့် ဒီကိစ္စ နှစ်ခုက သီးခြားစီလို့ ကျွန်တော်မြင်တယ်။အဲဒီ ရုပ်သံလိုင်းတွေကို ဂြိုလ်တုစလောင်းကနေ ကြည့်ခွင့်မရရင် တောင် ရေဒီယိုအနေနဲ့ရောအင်တာနက်ပေါ်မှာရော ဒီဟာတွေအကုန်လုံးကို လွတ်လပ်စွာ ကြည့်ခွင့်ရှိနေတာ ပဲ။

ပြည်သူ့ခေတ်- ဘယ်လိုပဲဖြစ်ဖြစ် ဒီ ၄ နှစ် ပြန်ချုပ်လိုက်ရင်စွမ်းအားထက်တဲ့ ရေဒီယို၊ ရုပ်သံချယ်နယ်တွေဟာ အစိုးရ၊ တပ်မတော်နဲ့ အစိုးရနဲ့ ပြေလည်တဲ့လုပ်ငန်းရှင်ကြီးတွေရဲ့ လက်ထဲမှာပဲရှိနေတယ်။ ပုဂ္ဂလိကတွေ လက်ထဲရှိတာက ပုံနှိပ်မီဒီယာသတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ။ ပြည်သူလူထုဟာ အဲဒါတွေ ဖတ်ချင်တယ် ဆိုရင် ငွေကလည်းကုန်ရဦးမယ်။
သိပ်မကြာခင်ဘဲ အထွေထွေရွေးကောက်ပွဲက လာတော့မယ်။ ရွေးကောက်ပွဲကို သွားတဲ့အခါမှာမီဒီယာကဏ္ဍ အရေးကြီးတယ်ဆိုတာ အားလုံးက သိနေကြတယ်။ အဲဒီလို စွမ်းအားထက်တဲ့ ရုပ်သံနဲ့ ရေဒီယိုလုပ်ငန်းတွေဟာအစိုးရ၊ သူနဲ့နီးစပ်တဲ့လုပ်ငန်းရှင်တစ်စု လက်ထဲမှာပဲ ရှိနေပြီး ပုဂ္ဂလိက ပြည်သူတွေလက်ထဲရှိမနေတဲ့ကိစ္စ၊ ရွေးကောက်ပွဲမှာ တရားမျှတမှုကို ဖြစ်စေမယ်လို့ ထင်ပါသလား။

ဦးရဲထွဋ်- ကျွန်တော်ကတော့ ပိုတောင်မှ ထင်သေးတယ်။ စဉ်းစားကြည့်လေ၊ခင်ဗျားတို့ ပုဂ္ဂလိက ပုံနှိပ်မီဒီယာ တွေပဲကြည့်၊ ပုံနှိပ်မီဒီယာတော်တော်များများမှာဘယ်ပါတီ၊ ဘယ်ဘက်ကို ဇောင်းပေးပြီးရေးနေ တယ်ဆိုတာ ကို ခင်ဗျားတို့တွေ့နိုင်တာပဲ။ ဘယ်ပါတီတွေအသံပျောက်နေလဲ။ ပါတီငယ်တွေ တိုင်းရင်းသားပါတီတွေ ဆိုရင် လုံးဝကို ပျောက်နေတာ။ အခုကျွန်ောတ်တို့ရပ်တည်ချက်က ရှင်းတယ်။ ဘယ်ပါတီအတွက်မှ ကျွန်တ်ာတို့ကမဲဆွယ်ပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာ့အသံဆိုရင် ရေဒီယိုပဲဖြစ်ဖြစ်၊ ရုပ်သံပဲဖြစ်ဖြစ်ပါတီအားလုံးကို ညီမျှတဲ့ အသံလွှင့်ချိန်ပေးမယ်။ အစိုးရပိုင်သတင်းစာတွေအားလုံးမှာ ညီမျှတဲ့နေရာတွေပေးမယ်။ဘယ်သူ့ကိုမှ ပိုပြီးတော့ မပေးဘူး။

နှစ်ကရွေးကောက်ပွဲ အသိပညာပေးခြင်းနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ထုတ်ပြန်ခြင်းကိုပဲ လုပ်မယ်။ ပါတီတစ်ခုကို ဦးစားပေးတာမျိုး လုံးဝမလုပ်ဘူး။ ရွေးကောက်ပွဲကြေညာပြီးနောက် ၀န်ကြီး တစ်ယောက်က မဲဆန္ဒနယ်တစ်ခုမှာ ၀င်ပြိုင်မယ်ဆိုပြီး အမည်စာရင်းတင်သွင်းမယ်ဆိုပါစို့။ အဲဒီဝန်ကြီးသည် ဌာနရဲ့ လုပ်ငန်းတာဝန်အရ အဲဒီနယ်ကို သွားမယ်ဆိုရင်ကျွန်တော်တို့ အဲဒီသတင်း လုံးဝထည့်မှာ မဟုတ်ဘူး။ သူ့ကို တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်ပြီးတော့မဲဆွယ်ပေးတယ် ဖြစ်မှာစိုးလို့။ ဒါကြောင့်မို ကျွန်တော်ထင် တယ်၊ ခုချိန်မှာ အများပြည်သူဝန်ဆောင်မှုဆန်ဆန် သတင်းပေးနေခြင်းသည် ပိုပြီးတော့မှ တရားမျှတခြင်းကို ရောက်စေတယ်လို့ကျွန်တော် ယုံကြည်တယ်။
ခင်ဗျား အခု စဉ်းစားကြည့်ပေါ့။ တချို့မီဒီယာအုပ်စု တစ်ခုသာ တီဗွီနဲ့ ရုပ်သံကိုရနေမယ်ဆိုရင် ဘက်မလိုက် ဘဲနေမလား။ တစ်ခုခုကို မောင်းတင်ပြီး ပြောမလားဆိုတာ ကျွန်တော်တို့မေးခွန်းထုတ်စရာတွေ အများကြီး ရှိတယ်။

ပြည်သူ့ခေတ်- နောက်တစ်ခုက သတင်းမီဒီယာသမားတွေရဲ့ လုံခြုံရေးဆိုင်ရာကိစ္စ၊အာမခံချက်ရှိဖို့ ကိစ္စပေါ့။
သိပ်မကြာသေးခင်က ရန်ကုန်နဲ့ လက်ပံတန်းမှာ ကျောင်းသားဆန္ဒပြပွဲ၊ ဆန္ဒပြသူတွေကိုထောက်ခံတဲ့ပွဲတွေ ဖြစ်ခဲ့တယ်။ ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲတွေ ဖြစ်ခဲ့တယ်။
အဲဒီ အရေးအခင်းတွေမှာ အာဏာပိုင်တွေဟာ သတင်းထောက်တွေမှန်း သိသိကြီးနဲ့ ဖမ်းဆီးခဲ့တယ်။ရိုက်နှက် တာတွေလည်းရှိခဲ့တယ်။
နောက်ပိုင်း ပြန်ပြီးတောင်းဆိုမှသာ ပြန်လွှတ်ပေးခဲ့တယ်။ ကျွန်တော်တို့ လိုချင်တာကဖြစ်ခဲ့ပြီးတာတွေ ဖြစ်ပါစေ။ ဒါပေမယ့် နောင်အဲဒီလို ထပ်မဖြစ်စေရပါဘူး ဆိုတဲ့ ကတိမျိုးအာဏာပိုင်တွေဆီကနေ လိုချင်တယ်။ ဒါပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနဘက်ကရော ပြန်ကြားရေးဝန်ကြီးဌာနဘက်ပါ။ဒါနဲ့ပတ်သက်ပြီး အာမခံချက် တစ်ခုခုပေးတာ လုံးဝမတွေ့ရဘူး။ သတင်းထောက်တွေကြားမှာ အခုချိန်ထိပြောဆိုနေတာတွေက အခါအခွင့် ကြုံရင် ခုလိုပဲ သတင်းထောက်မှန်းသိသိကြီးနဲ့ အရိုက်ခံရ၊အဖမ်းခံရတာမျိုး ဖြစ်လာနိုင်သေးတယ် ဆိုပြီး စိုးရိမ် ပူပန်နေကြတယ်။
ဝန်ကြီးဘာများ ပြောချင်ပါသလဲ။

ဦးရဲထွဋ်- နှစ်ပိုင်းပေါ့ဗျာ။ ခုနကပြောတဲ့ ကျွန်တော်တို့ဘက်က လုပ်ရမယ့်အပိုင်းပေါ့။ သတင်းမီဒီယာဥပဒေမှာ ပုဒ်မတစ်ခုရှိတယ်။ ဆန္ဒပြပွဲတွေ ပဋိပက္ခဖြစ်တဲ့ နေရာတွေမှာသတ်မှတ်ထားတဲ့ စည်းကမ်းနဲ့အညီ သတင်းယူတဲ့ မီဒီယာသမားတွေကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအကူအညီပေးရမယ်ဆိုတဲ့ အချက်တစ်ချက်ပါတယ်။
အဲဒီမှာသော့ချက်စကားလုံးက ‘သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းနဲ့အညီ’လို့ပါတယ်။ ပြဿနာက အဲဒီစည်းမျဉ်း စည်းကမ်း အခုထိမရှိသေးဘူး။အဲဒါက သတင်းမီဒီယာဥပဒေရဲ့ ‘ နည်းဥပဒေ ’ ထွက်လာမှဖြစ်မှာ။ နည်းဥပဒေနဲ့ ပတ်သက်လို့ ကျွန်တော်ဝန်ကြီးဖြစ်ပြီးမှစာနယ်ဇင်းကောင်စီနဲ့ ပြန်ဆွဲတယ်။အခုအတည်ဖြစ်သွားပြီးပေါ့။ ပြီးတော့တင်လိုက်တော့ အစိုးရလုပ်ထုံးလုပ်နည်းအရရှေ့နေချုပ်ရုံးတွေဘာတွေ အဆင့်ဆင့်ဖြတ်သွားပြီးတော့မှ အစိုးရအဖွဲ့ရဲ့အစည်းအဝေးကို တင်ဖို့အခွင့်အရေးရထားပြီး။ အဲဒါက ရှေ့အပတ်ထဲမှာ အတည်ပြုနိုင်လိမ့်မယ်။

အဲဒါပြီးသွားရင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ပြောထားတာရှိတယ်။ ကျွန်တော်တို့ရယ်၊ စာနယ်ဇင်း ကောင်စီရယ်၊ မီဒီယာအဖွဲ့အစည်းတွေရယ်လုံခြုံရေးနဲ့ဆိုင်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ ရှေ့နေချုပ်ရုံးတို့ပေါင်းပြီးတော့မှအဲဒီစည်းမျဉ်းစည်းကမ်းကို ဆွဲရတော့မယ်။ ဆိုလိုတာကဗျာ သတင်းထောက်တွေ ကကော သတင်းထောက်တွေမှန်းသိအောင် ဘယ်လိုအမှတ်အသားတွေနဲ့ ဖော်ပြကြမလဲ။ ဖြစ်ခဲ့တဲ့ပြဿနာတွေထဲမှာ လက်ပံတန်းမှာဆို ပိုဆိုးတာပေါ့။ ကင်မရာကိုင်ထားတဲ့ သူတွေကသုံးမျိုးရှိတယ်။တစ်က သတင်းထောက်တွေ၊ နှစ်က ဘေးကနေရပ်ကြည့်တဲ့ ၀င်ရိုက်တဲ့သူတွေ။ သုံးကအဲဒီဆန္ဒပြတဲ့အဖွဲ့ကကျောင်းသားတွေရဲ့ ပြန်ကြားရေးတာဝန်ယူတဲ့ သူ၊ ဓာတ်ပုံရိုက်တဲ့သူတွေရှိတယ်။ အားလုံးကကင်မရာကိုင်ထားတယ်။ ဆိုတော့အမှတ်အသားလိုတယ်။ အခု စာနယ်ဇင်းကောင်စီက Waist Coat လိုဟာမျိုပေါ့။ဆိုတော့ အဲဒါမျိုးတွေပြဿနာရှိတယ်။

နှစ်ကသတင်းထောက် အသိအမှတ်ပြုကတ်ပြားပေါ့။စာနယ်ဇင်းကောင်စီကို အားလုံးအသိအမှတ်ပြု ကတ်ပြားတစ်ခု လုပ်ပေးပါလို့ ကျွန်တော်တို့အကြိမ်ကြိမ်ပြောတယ်။ သူများနိုင်ငံတွေ အားလုံးမှာ အဖွဲ့အစည်းတစ်ခုခုက ၊ NGO တစ်ခုခုကထုတ်ပေးတာရှိတယ်။ အဲဒါဆိုရင်လည်း လူတွေအားလုံးက လက်ခံလိုက်ရတယ်။ ဌာနဆိုင်ရာဘက်ကိုပြောတော့သူတို့က ဘာပြောလဲဆို ကျွန်တော်တို့ကို ပေးတာတိုက်က ထုတ်ပေးတဲ့ ကတ်ပြားကို ပြတာရှိတယ်။တစ်ခါတလေမှာ Visiting Card ကိုပြတာရှိတယ်။ တချို့တိုက်တွေဆို ဒေသအာဏာပိုင်တွေကြားတောင်မကြားဖူးဘူး။အရင်အစိုးရတုန်း က စာပေနဲ့စာနယ်ဇင်းအဖွဲ့က ထုတ်ပေးတာရှိတယ်။ အဲဒါမျိုးအားလုံးလက်ခံနိုင်တဲ့ကတ်မျိုးထုတ်ပေးပါလို့။ အခုဖြစ်ခဲ့ ရတာတွေက မလိုလားအပ်တဲ့ အဖြစ်တွေ။ ဒါပေမယ့်ဖြေရှင်းဖို့ဆိုရင်တော့အစိုးရတစ်ခုတည်းတော့ မရဘူး။ အခုပေါ် လာ တဲ့ နည်းဥပဒေထဲကမှ အားလုံးလက်ခံနိုင်တဲ့ စည်းမျဉ်းတစ်ခုပေါ်ဖို့လိုတယ်။ တစ်ခါတလေ စာနယ်ဇင်းသမားတွေ ကလည်း ခုနတုန်းက စာနယ်ဇင်းကောင်စီက ထုတ်ပေးမယ့်သတင်းထောက်အသိအမှတ်ပြု ကတ်ပြားကို ထုတ်ပါလို့ ပြောတဲ့အခါမှာ လက်မခံဘဲ ကန့်ကွက်သူတွေရှိတယ်။ဆိုတော့ ဒါတွေအားလုံး လုပ်နိုင်မှ ကျွန်တော်တို့က ဖြေရှင်းလို့ရမယ်။
သို့သော် ဘာပဲပြောပြော ဒီအဖြစ်အပျက်ကြီးကနေပြီးတော့သက်ဆိုင်ရာ ၀န်ကြီးဌာနတွေရော စာနယ်ဇင်းအဖွဲ့ဝင်တွေ ပါ သင်ခန်းစာတွေ ဖော်ထုတ်နိုငပြီလို့တော့ထင်တယ်။ အဲဒီကနေ ကျွန်တော်တို့ ရှေ့ဆက်သွားရမှာပေါ့။

ပြည်သူ့ခေတ်- သိပ်မကြာခင်တုန်းက ပြန်ကြားရေးဝန်ကြီးဌာနဟာ ရေကူးအသံလွှင်ရုံရွှေ့ပြောင်းရေး၊ မြေနေရာပေါ်မှာ ရုပ်သံနဲ့မီဒီယာလုပ်ငန်းဆိုင်ရာ အဆောက်အဦ တည်ဆောက်ရေးဆိုင်ရာတင်ဒါခေါ်ယူခဲ့ပါတယ်။ အဲဒီတင်ဒါစည်းကမ်းချက်တွေကို လေ့လာကြည့်တော့ လက်ရှိအစိုးရက ရုပ်သံမီဒီယာလုပ်ငန်းကိုလုပ်ကိုင်ခွင့်ပေးထား တဲ့ရွှေသံလွင်အုပ်စုနဲ့ ဖော်အဲဗားအုပ်စု နှစ်စုအတွက် သီးသန့်ဆွဲထားသလားထင်မှတ်ရပါတယ်။ တင်ဒါခေါ်တာမျိုးနဲ့ မတူပါဘူး။ ဘာကြောင့်အဲဒီလို လုပ်ရသလဲ ရှင်းပြနိုင်ပါ့မလား။

ဦးရဲထွဋ်- ပထမအချက်ကတော့ ကျွန်တော့်တို့တင်ဒါက ဘယ်သူ့အတွက်မှ ရည်ရွယ်ပြီး ခေါ်တာမဟုတ်ပါဘူး။ မလေးရှားနိုင်ငံရဲ့ မီဒီယာမြို့တော်စီမံကိန်းကိုနမူနာယူပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ တင်ဒါမှာညွှန်းထားတဲ့ ရုပ်သံမီဒီယာဆိုတာBroadcasting ကိုညွှန်းပါတယ်။ ဒါ့ကြောင့် ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းကို ဆိုလိုပါတယ်။လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ ဒီလိုဒွိဟဖြစ်နိုင်တဲ့ စကားလုံးတွေကို ပြန်ပြင်ပေးမယ်လို့ပြောခဲ့ပေမယ့်လည်း လက်မခံခဲ့ပါဘူး။
ဘာ့ကြောင့်ဒီစီမံကိန်းကို လုပ်ရသလဲဆိုရင်အခြေအနေနှစ်ခုကြောင့်ပါ။ ပထမအခြေအနေကတော့ ရေကူးစက်ရုံမှာရှိတဲ့ ရေဒီယိုအသံလွှင့်စက်တွေကသက်တမ်းနှစ်ပေါင်းငါးဆယ်ကျော်နေပြီး စက်ရုံနေရာကလည်း စတည်ဆောက်တုန်းက မြို့ပြင်ဖြစ်ပေမယ့်အခုမြို့အလယ်လို ဖြစ်လာတဲ့အတွက် ထုတ်လွှင့်မှုကို အနှောင့်အယှက်တွေ များလာပါတယ်။ အသေးစိတ်ကိုလွှတ်တော်မှာ ဦးပိုက်ထွေးရှင်းလင်းချက်ကို ဖတ်ရင် တွေ့နိုင်ပါတယ်။

ဒုတိယအချက်ကတော့ ပိုအရေးကြီးပါတယ်။အရင်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာနပိုင်မြေ၊အဆောက်အဦ တွေကို လူကြီးသားသမီးတွေကမတန်တဆဈေးနဲ့ ပြိုင်သူမရှိ ၀ယ်သွားတာတွေရှိပါတယ်။ဥပမာပုဇွန်တောင်မြို့နယ်မှာ ရှိတဲ့ပြန်ကြားရေးပိုင် ဧက၀က်လောက်ရှိမယ့် မြေနဲ့ အဆောက်အဦကို သိန်း ၇ ထောင်လောက်နဲ့ ရောင်းပေးလိုက်ရတာရှိတယ်။

အခုအစိုးရလက်ထက်မှာလည်း အဲဒီလိုရောင်းပေးဖို့လာရောက်ချဉ်းကပ်တာတွေရှိတယ်။ ဒါကြောင့်ကျွန်တော့်အနေနဲ့ ရေကူးစက်ရုံမြေနေရာကို မီဒီယာလုပ်ငန်းပဲ လုပ်ဖို့၊မြေ၊ အဆောက်အဦများကို လက်လွှဲရောင်းချခြင်း၊ ငှားရမ်းခြင်းမလုပ် ဘဲ မီဒီယာဇုန်အဖြစ်ဖွံ့ဖြိုးအောင်လုပ်ဖို့ ၊ရေကူးကန်ကို အစားထိုးမယ့် စက်ရုံသစ်ကိုလည်း နိုင်ငံတော်က ငွေကြေး ကုန်ကျစရာမလိုဘဲ ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့တင်ဒါခေါ်ခဲ့တာ ဖြစ်တယ်။

တင်ဒါရည်ရွယ်ချက်ကို အလဲဗင်းက သူလိုချင်တဲ့အချက်ပဲကောက်နူတ်ရေးခဲ့ပြီး ဦးအောင်သိန်းလင်းကလည်း အလဲဗင်း ဆောင်းပါးကိုပဲ အဓိက အခြေခံဆွေးနွေးခဲ့တယ်။တကယ့်အဖြစ်အပျက်အပြည့်အစုံကတော့ ဦးပိုက်ထွေးတင်ပြချက်ကို ဖတ်ရင်တွေ့နိုင်ပါတယ်။

ကျွန်တော့်မိသားစုဝင်တွေဟာ မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူမဟုတ်ဘူး။ ကျွန်တော့်မိသားစုဝင်တွေက ပြန်ကြားရေး ၀န်ကြီးဌာန အပါအ၀င် ဘယ်ဝန်ကြီးဌာနမှာမှတင်ဒါပြိုင်တာမရှိဘူး။ ကျွန်တော်ရော၊ ကျွန်တော့်မိသားစုရော ဖော်အဲဗား မှာဖြစ်ဖြစ်၊စကိုင်းနက်မှာဖြစ်ဖြစ်၊ တခြားမီဒီယာတစ်ခုခုမှာဖြစ်ဖြစ် ငွေကြေးပါဝင်တာ မရှိဘူး။ ဒါကြောင့်ရေကူးစီမံကိန်းကို ဝေဖန်နေသူတွေနဲ့ ကျွန်တော် ကိုယ်ကျင့်တရားချင်းယှဉ်ရဲပါတယ်။ ဒါကိုလိပ်ပြာသန့်သန့်နဲ့လုပ်ခဲ့တာပါ။

ကျွန်တော်က လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကာလတုန်းကလိုပန်းခြံတွေ၊ အားကစားကွင်းတွေ နေရာမှာအိမ်ယာစီမံကိန်းတွေ ဖြစ်လာအောင် ရောင်းစားနေတာမဟုတ်ဘူး။မီဒီယာနဲ့ ပတ်သက်တဲ့နေရာမှာ မီဒီယာနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ ၊ အများပြည်သူနဲ့ဆိုင်တဲ့Theme Park တွေပေါ်ပေါက်လာအောင်ကြိုးစားကြည့်တာ။
တကယ်တော့ ရေကူးတင်ဒါခေါ်တဲ့အခါမှာ စပြီးတင်ဒါဝယ်တာကမီဒီယာလုပ်ငန်းလုပ်နေတဲ့ လူကြီးသားသမီးတစ်ဦးက အစောဆုံးပါ။ အလဲဗင်းက ဆောင်းပါးရေးတဲ့အချိန်ထိေ
ရွှေသံလွင်နဲ့ဖော်အဲဗားက တင်ဒါတောင်မ၀ယ်သေးပါဘူး။

ဒါကြောင့်ပြန်ချုပ်ပြောရရင် ရေကူးစီမံကိန်းကိုတင်ဒါခေါ်တာဟာ တချိန်ကျရင် ရေကူးစက်ရုံကို နိုင်ငံတော်ငွေနဲ့ ရွှေ့ပြောင်း၊ ရေကူးမြေနေရာကိုသူတို့သားသမီးတွေကို ထိုးအပ်ပြီးရောင်းစားချင်တဲ့ သူတွေရဲ့အကြံအစည်ကို တားဆီး ချင်လို့လုပ်တယ်လို့ပဲပြောချင်ပါတယ်။ ဒါကိုမလုပ်ဖြစ်တော့ဘူးဆိုရင်တောင် ရေကူးနေရာကို မီဒီယာဖွံ့ဖြိုးရေးအတွက် လုပ်ဖို့လျာထားတယ်ဆိုတဲ့ စီမံချက်ကိုတော့ ပြည်သူတွေသိအောင် ကျွန်တော်တို့ချပြထားနိုင်ပါပြီ။ဒါကအမြတ်ပါပဲ။

 ပြည်သူ့ခေတ်- အရင်ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နေရာမှာ ၀န်ကြီးကို အစားထိုးတာဝန်ပေးတဲ့အခါကျွန်တော် တို့မီဒီယာလောကထဲမှာ မေးခွန်းတွေရှိလာတယ်။ဝန်ကြီးတစ်ယောက်ပြောင်းတယ်။ တို့မီဒီယာလောက ဘယ်လိုများ ဖြစ်မလဲ ။အထူးသဖြင့် သတင်းလွတ်လပ်ခွင်တွေတိုးတက်လာမှာလား၊ဆုတ်ယုတ်သွားမလား ဒါမျိုးတွေကြည့်ကြတယ်။ ၀န်ကြီးတက်လာပြီး နောက်ပိုင်းဖြစ်ထွန်းလာတဲ့ကိစ္စတွေမှာခုနကပြောသလိုပဲ ရုပ်သံနဲ့ရေဒီယိုဥပဒေတွေဆိုရင်လည်း လွှတ်တော်က ဘာမှလုပ်ပေးထားတာ မရှိသေးဘူး။နောက်တစ်ခုကလက်ရှိရှိနေတဲ့ အစိုးရပိုင်ရုပ်သံ၊ရေဒီယို၊သတင်းစာ တွေကို ‘အများပြည်သူဝန်ဆောင်မှု’ပြောင်းမယ်ဆိုပြီးလွှတ်တော်ကို PSN ဥပဒေတင်ထားတဲ့ ကိစ္စ။ ဒီဥပဒေလွှတ်တော် ထဲတင်သွင်းထားပြီးသားကို ၀န်ကြီးကပြန်ပြီးတော့ထုတ်သွားတာတွေ တွေ့ရတယ်။ ဒါ့ပြင်ဆိုရင်လည်း သတင်းထောက်တွေ အရိုက်ခံရ၊ အဖမ်းခံရဒီလိုဖြစ်ပျက်တဲ့ ကိစ္စတွေကြုံရတယ်။ ဒါတင်မက ၀န်ကြီးလက်ထက်မှာ မီဒီယာတွေကို စပြီးတရားစွဲတယ်။သံတော်ဆင့်ကို ဆို အစဉ်အလာမရှိဘဲ အင်တာဗျူးတစ်ပုဒ်အတွက် လူ(၁၀)ယောက် ကျော်လောက်ကိုတရားစွဲတယ်။ အဲဒါတွေအားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် ၀န်ကြီးအနေနဲ့ ကျွန်တော်တို့သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် စွမ်းဆောင်ပေးခဲ့သလား။ သို့မဟုတ် သတင်းမီဒီယာလွတ်လပ်ခွင့် ဆုတ်ယုတ်သွားအောင်လပ်ကိုင်မိလေသလား။ ဘယ်လိုများသုံးသပ်ပါသလဲ။

ဦ်းရဲထွဋ်- ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ။ ကျွန်တော့်လက်ထက်မှာသူ့စည်း၊ ကိုယ့်စည်းပိုနားလည်အောင် လုပ်တယ်လို့ပဲမြင်တယ်။ ကျွန်တော်တို့မှားရင် ဝေဖန်တာခံမယ်။ဒါပေမယ့်ကျွန်တော်တို့ကို စော်ကားတာဆိုရင် ကျွန်တော်တို့တုန့်ပြန်မယ်ပဲ။ ခင်ဗျားတို့ရေးတဲ့အချက်အလက်မှားရင် ကျွန်တော်ထောက်ပြမှာပဲ။

တကယ်ကမီဒီယာ ပြုပြင်ပြောင်းလဲရေးကို အစအဆုံးပါခဲ့တာ ကျွန်တော်ပဲလို့ ပြောလို့ရပါတယ်။၂၀၀၈ ကနေစပြီး မလေးရှားနိုင်ငံမှာ အလုပ်ရုံဆွေးနွေးပွဲတွေကို ကျွန်တော်ပဲဦးဆောင်ခဲ့တာ။

ကျွန်တောကတော့ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာ အစွန်း တရားနှစ်းပါးကို ရှောင်တယ်။တစ်ကတော့ ကိုယ့်ကိုပြုပြင်ပြောင်းလဲရေးသမားကြီးလို့ ချီးမွှမ်းခံချင်တာကြောင့် ဘာကိုမှမပြောရဲဘဲ မလုပ်ရဲမကိုင်ရဲ ဖြစ်တာမျိုးလည်း ကျွန်တော်မလုပ်ချင်ဘူး။ နှစ်ကတော့ ပြုပြင်ပြောင်းလဲရေးအတွက်လိုအပ်တဲ့ဟာတွေကို မလုပ်ဘဲနဲ့ လက်တွန့်နေတာမျိုးလည်း မဖြစ်ချင်ဘူး။ အဲဒီနှစ်ခုကြားထဲက ကျွန်တော်လုပ်သင့် လုပ်ထိုက်တာကို လုပ်တယ်။ ကြိုက်ခြင်းမကြိုက်ခြင်း၊ထောက်ခံခြင်း မထောက်ခံခြင်းကတော့ တစ်ဦးခြင်းအမြင်လို့ပဲ မြင်တယ်။

ဒါကြောင့်မို့ ကျွန်တော်ခုချိန်ထိ လုပ်တာသည်တစ်စာနယ်ဇင်းတွေနဲ့ တည့်အောင် မကြိုးစားဘူး။ နှစ်က စာနယ်ဇင်းတွေ နဲ့ ရန်ဖြစ်ဖို့လည်းမကြိုးစားဘူး။ ကျွန်တော်လုပ်နေတာက အပြန်အလှန်လေးစားမှုနဲ့ သူ့စည်းကိုယ်စည်း အခြေခံမယ်။ကျွန်တော်မှားရင် ပြင်ဖို့ဝန်မလေးသလို ခင်ဗျားတို့မှားရင် ထောက်ပြဖို့လည်း ၀န်လေးမှာမဟုတ်ဘူး။

ကျွန်တော်သိပ် နစ်နာတဲ့အခါမှာ စာနယ်ဇင်းကောင်စီကတစ်ဆင့် ဖြေရှင်းဖို့ ကြိုးစားမယ်။မရဘူးဆိုရင် ကျွန်တော်တရားစွဲဖို့လည်း လက်တွန့်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ကျွန်တော့်ကိုပြုပြင်ပြောင်းလဲရေး မလိုလားဘူးလို့ ပြောရင်လည်း ကျွန်တော်ပြုံးပြုံးလေးနေမှာပဲ၊ ချီးမွမ်းလို့လည်းသာယာစရာအကြောင်းမရှိဘူး


.. https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်