Subscribe to our RSS Feed

ကွင်းပျောက်နေတဲ့ ကြယ်ပွင့်များကို ဘယ် လူထုခေါင်းဆောင် ၊ ဘယ် ကမ္ဘာကျော် ဆုရှင်တွေ၊ ဘယ်ပါတီ ဘယ် Society ၊ ဘယ် NGO ၊ ဘယ်အဖွဲ့ အစည်းတွေက ဘာတွေကူညီဖူးသလဲ

-

၂၀၁၅ ခုနှစ် ဆီးဂိမ်းတွင် မြန်မာအသင်းက ထိုင်းအသင်းကို ရှုံးပြီးနောက်တစ်နေ့မှာပဲ မြန်မာလူငယ် ဘောလုံးအသင်းကိုအပြစ်တင်တာတွေ ကြားရပါတယ်။ တဆက်တည်းမှာဘဲ အစိုးရမကောင်းလို့ဆိုပြီး အမျိုးမျိုး အပြစ်တင်မှုတွေများစွာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံ ဘောလုံးကွင်းနဲ့ မြန်မာဘောလုံးကွင်းတွေကို နှိုင်းယှဉ်ဖော်ပြကြပါတယ်။ မီဒီယာတွေက နှပ်ကြောင်းပေးသမျှ ပြည်သူတွေက တာဝန်ရှိသူတွေကို ဆဲကြ၊ ဆိုကြပါတယ်။ အားလုံး တစ်ညီတစ်ညွတ်တည်း ဦးတည်နေတာကတော့ အစိုးရမကောင်းလို့ ဆိုတဲ့ ရလဒ်ပါဘဲ။ ထိုင်းကို ရှုံးတာ အစိုးရကြောင့်ဆိုရင် ဗီယက်နမ်ကို နိုင်တာကရော အစိုးရကြောင့်ပဲလား? ဒါက ပထမဆုံး မေးခွန်းပါ။ ဒုတိယမေးခွန်းကတော့ ကွင်းပျောက်နေတဲ့ ကြယ်ပွင့်များကို ဘယ်လူထုခေါင်းဆောင် ၊ ဘယ်ကမ္ဘာကျော် ဆုရှင်တွေ၊ ဘယ်ပါတီ ဘယ် Society ၊ ဘယ် NGO ၊ ဘယ်အဖွဲ့အစည်းတွေက ဘာတွေကူညီဖူးသလဲ ? ဆိုတဲ့ မေးခွန်းပါ။
-
ဒီမေးခွန်းကို ကြားချိန်မှာ မလုံသူများက အစိုးရမှာဘဲ တာဝန်ရှိတယ်လို့ မဆိုင်မတွ ဖြေပါလိမ့်မယ်။ ဒါက ခေါင်းရှောင်တာပါ။ တာဝန်ရှိပါတယ်။ အထူးသဖြင့် လူထုခေါင်းဆောင်လို့ မီဒီယာများမှာ ဖော်ပြခံနေရတဲ့ သူမှာ ပိုပြီးတာဝန်ရှိပါတယ်။
-
အနှစ် ၂၀ လုံးလုံး ပြည်ပအခြေဆိုက် မြန်မာမီဒီယာတွေရဲ့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ရှုံ့ချခြင်းကို ခံခဲ့ရပြီး ဒီကနေ့ ဒီအခြေအနေထိရောက်ခဲ့တာ လက်ရှိအစိုးရရဲ့ စီစဉ်မှုကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီကနေ့ ကန်နေတဲ့ ယူ ၂၃ တို့၊ ယူ ၂၀ တို့ဆိုတာ အခုမှ မိုးပေါ်က ကျလာတဲ့ မိုးကျရွှေကိုယ်တွေ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက နွေရာသီ ဘောလုံးသင်တန်းဆိုပြီး ကျောင်းတွေမှာ အစိုးရအစီအစဉ်နဲ့ ဖွင့်ပေးခဲ့တာတွေ၊ အားကစားသိပ္ပံတွေ၊ ဘောလုံးအကယ်ဒမီတွေနဲ့ MNL အပါအဝင် ပြည်နယ်/တိုင်း အားကစားပွဲတွေကြောင့် တဖြည်းဖြည်း တိုးတက်လာတဲ့ ရလဒ်ဖြစ်ပါတယ်။ မနှစ်ကမှ ဘောလုံးကန်သင်ပေးပြီး ဒီနှစ်သွားကန်လို့ ငွေရခဲ့တာ မဟုတ်ပါဘူး။ အထူးသဖြင့် မြန်မာဘောလုံးလောကဟာ အစိုးရရဲ့ စီစဉ်မှုနဲ့ ခရိုနီ ဦးဇော်ဇော်နဲ့ ကောင်းမှုကြောင့် ဒီနေ့ ဒီအဆင့်ကို ရခဲ့တာပါ။ ဦးဇော်ဇော် ဘောလုံးအဖွဲ့ချုပ် တာဝန်စယူချိန်က အတိုက်အခံတွေ ဘယ်လိုတုန့်ပြန်ခဲ့ကြလဲ? ဘယ်ဓာတ်ပုံတွေနဲ့ ဘယ်လို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခဲ့ကြလဲဆိုတာ အားလုံးမှတ်မိမှာပါ။ အခု အဲဒီ ခရိုနီကြီးရဲ့ ဦးဆောင်မှုကြောင့် ကမ္ဘာဖလားကွင်ကြီးအတွင်း မြန်မာအလံလွှင့်နိုင်ခဲ့သလို ဦးသိန်းစိန်ရဲ့ ဦးဆောင်မှုကြောင့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲကြီးကို နေပြည်တော်မှာ အခမ်းနား၊ အအောင်မြင်ဆုံး လုပ်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းက လူထုခေါင်းဆောင်ဆိုသူတွေ၊ ကျောင်းသား ခေါင်းဆောင် ဆိုသူတွေ၊ နိုင့်ငံ့အရေးလှုပ်ရှားသူတွေ အများအပြား အားကစားပွဲကို လုံးဝ အားမပေးကြဘဲ သပိတ်မှောက်ခဲ့ကြတာ အားလုံးအသိဖြစ်ပါတယ်။ ဆီးဂိမ်းကို အာရုံပြောင်းဖို့ကြိုးစားရင်း ၄၃၆ ပြင်ဆင်ရေး စည်းရုံးခဲ့ကြတာ မဟုတ်ပါလား။
-
မြန်မာ-ထိုင်း ဘောလုံးပွဲအပြီး နောက်တစ်နေ့ ချီးကျူးစကားတွေပြောပြီး ဂျာနယ်မျက်နှာဖုံးတွေမှာ ဖော်ပြခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အားကားတိုးတက်ဖို့၊ မြန်မာဘောလုံးလောက တိုးတက်ဖို့ သူမအသက် ၇၀ အတွင်း ဘာများ လုပ်ခဲ့ဖူးပါသလဲ။
-
လုပ်ပိုင်ခွင့် မရှိခဲ့ဘူးလို့ပဲ အကြောင်းပြချက် ပေးပါလိမ့်မယ်။ ဒါပေမယ့် ကျောင်းသားလူငယ်တွေကို လမ်းပေါ်ကိုတောင် ခေါ်ထုတ်စေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘောလုံးကွင်းထဲကို မခေါ်နိုင်စရာ အကြောင်းမရှိပါဘူး။ မခေါ်ခဲ့တာ၊ ခေါ်ဖို့သတိမရတာ၊ သူလိုချင်တဲ့ အာဏာနဲ့ ဘောလုံးကွင်းနဲ့ ဘာမှမဆိုင်တာကြောင့်သာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားက ဘောလုံးကွင်းတော်တော်များများကို ဒေါ်အောင်ဆန်းစုကြည် ရောက်ခဲ့ဖူးပါတယ်။ ဘောလုံးနဲ့ အားကစားကို အားပေးဖို့မဟုတ်ပါဘူး။ ဘောလုံးကွင်းထဲ စတိတ်စင်ဆောက်ပြီး ၎င်းကို မဲထည့်ရေး စည်းရုံးဖို့ ဖြစ်ပါတယ်။ အဲဒီရက်တွေမှာ ကွင်းပျောက်နေခဲ့ရတဲ့ ကြယ်ပွင့်လေးတွေ ဘဝကို ဒေါ်စု လုံးဝ မသိခဲ့ပါဘူး။ ဒီထက်ပိုဆိုးတာက မြန်မာသမ္မတလုပ်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာဘောလုံးပွဲကို အသက် ၇၀ ပြည့်ဖို့ ၄ ရက်အလိုမှ အစအဆုံး ကြည့်ဖူးတာပါတဲ့။ ၉ နာရီမှ အိပ်ရလို့ အိပ်ရေးပျက်တယ်လို့တောင် ပြောသွားပါသေးတယ်။ အရင်ရက်တွေ ဘယ်ချိန်အိပ်နေလဲ စဉ်းစားစရာပါ။ စာရေးသူရဲ့ အမေဟာ အသက် ၅၅ နှစ်အရွယ်ကတည်းက ည ၇ နာရီကနေ ၁၁ / ၁၂ အထိ ဘုရားရှိခိုး၊ တရားထိုင်၊ ပုရိတ်ရွတ် ၊ ပဋ္ဌာန်းရွတ် ၊ အမျှဝေ လုပ်လေ့ရှိပါတယ်။ မြန်မာ အဘိုး၊အဖွား တော်တော်များများ ဒါမျိုးလုပ်လေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နေ့စဉ် ဘုရားမှရှိခိုးရဲ့လားဆိုတာ သံသယဖြစ်မိပါတယ်။
-
တစ်လောက တကသ ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ခေါ်ပြီး ဆွေးနွေးတာတွေ၊ နိုင်ငံခြားကျောင်းတွေက သမဂ္ဂတွေကို လေ့လာခိုင်းတာတွေ လုပ်ခဲ့ပါတယ်။  ကျောင်းသားတွေကို စာကြိုးစားဖို့နဲ့ အားကစား ထူးချွန်ဖို့ကိုတော့ မမှာလိုက်ဖူးလို့ ပြန်ကြားရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ ၃ နှစ်တာအတွင်း ကွင်းပျောက်နေတဲ့ ကြယ်ပွင့်တွေအတွက် ကွင်းအသစ်တွေ ဖန်တီးဖို့ လွှတ်တော်မှာ ဆွေးနွေးဖို့ သတိမရခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာမက တခြား NLD ခေါင်းဆောင်တွေလည်း အတူတူပါပဲ။ ၈၈ မျိုးဆက်ကျောင်းသားဆိုသူတွေ၊ ကျောင်းသားအရေးလှုပ်ရှားသူတွေ၊ နိုင်ငံအရေးလှုပ်ရှားသူတွေ အားလုံး မြန်မာအားကစား တိုးတက်ဖို့ စိတ်မဝင်စားခဲ့ကြပါဘူး။
-
မြန်မာအသင်းက လူငယ်အများစုဟာ ဆင်းရဲတဲ့ မိသားစုများက ပေါက်ဖွားလာသူတွေဖြစ်ကြပါတယ်။ နိုင်ငံရေးလုပ်သူတွေလို ကားအကောင်းစားတွေ မစီးနိုင်ကြပါဘူး။ အိမ်ကောင်းကောင်းမှာ မနေနိုင်ကြပါဘူး။ ဒါပေမယ့် အဲဒီ နိုင်ငံရေးသမားတွေလို အလှူမခံတတ်ကြပါဘူး။ ကိုယ့်ကောင်းကြောင်းပြောတာတွေ၊ ပြိုင်ဖက်မကောင်းကြောင်းပြောတာတွေ မလုပ်တတ်ပါဘူး။
-
လူထုခေါင်းဆောင် ဆိုသူတွေ၊ ကျောင်းသားခေါင်းဆောင်ဆိုသူတွေနဲ့ ဒီမိုကရေစီ နာမည်ခံ အဖွဲ့အစည်းတွေဟာ မြန်မာ့အားကစား ရှေ့တန်းရောက်ဖို့ မလုပ်ခဲ့ကြတဲ့အပြင် ကျောင်းသားတွေကို ရှေ့တန်းပို့ပြီး ဆန္ဒပြအောင်ပဲ လုပ်ခဲ့ကြတာပါ။ ကျောင်းသားတွေကို အားကစားကွင်းထဲ ခေါ်ရမယ့်အစား လမ်းပေါ်ကိုပဲ အကြောင်းအမျိုးမျိုးပြပြီး ခေါ်ထုတ်ခဲ့ပါတယ်။ သူတို့တွေ ရနေတဲ့ အထောက်အပံ့တွေ၊ ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေကို မြန်မာ့ဂုဏ်ဆောင် အားကစားသမားတွေအတွက် ခွဲပေးခဲ့တာမျိုး လုံးဝမရှိခဲ့ပါဘူး။ ကိုယ်တိုင်က အားကစား တိုးတက်ဖို့ မလုပ်သလို အစိုးရဘက်က လုပ်နေတာတွေကိုလည်း အပြစ်တင်၊ သပိတ်မှောက်ပြန်ပါတယ်။ ဒီလောက်ဆိုရင်  မြန်မာ့အားကစားနဲ့ မြန်မာဘောလုံးလောက မတိုးတက်စေရခြင်းရဲ့ အဓိက တရားခံတွေထဲမှာ လူထုခေါင်ဆောင်ဆိုတဲ့သူတွေ၊ ကျောင်းသားခေါင်းဆောင်ဆိုတဲ့သူတွေနဲ့ ဒီမိုကရေစီနာမည်ခံ အာဏာရရေး လှုပ်ရှားသူတွေလည်းပါတယ်ဆိုတာ စာဖတ်သူတို့ သုံးသပ်နိုင်လောက်ပါပြီ။
-
                                    ဒေါက်တာမျိုးချစ်


.. https://www.facebook.com/MyanmarExpress
 

1 comments:

ရေးထားတာတွေ အားလုံးမှန်တယ် ထောက်ခံတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်