Subscribe to our RSS Feed

ပေးစာ - ၁

ကျွန်မဟာ မြန်မာနိုင်ငံကိုသိပ်ချစ်တဲ့၊ မြန်မာနိုင်ငံသားဖြစ်ရတာကို အရမ်းဂုဏ်ယူတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်ပါ။ ကျွန်မ မြန်မာနိုင်ငံကို မရောက်တာ ၁၀ နှစ်ကျော်ပါပြီ၊ ဒါပေမယ့် မြန်မာတီဗွီလိုင်းတွေကိုအမြဲလိုလိုကြည့်နေပြီး ဘီဘီစီ၊ ဗွီအိုအေ တို့ကိုလည်း အခါအားလျှော်စွာ နားထောင်ဖြစ်၊ ဖတ်ဖြစ်ပါတယ်။ ဘယ်သူတွေက ဘာတွေလုပ်နေသည်ဖြစ်စေ ကျွန်မတို့နိုင်ငံအတွက် အလုပ်လုပ်နေသူအားလုံးကို ကျွန်မ လေးစားပါတယ်။ ကျွန်မတို့ ဘာတွေ မှားခဲ့ကြလို့ ကျွန်မတို့နိုင်ငံနဲ့ ပက်သက်တဲ့သတင်းတွေက အင်တာနက်ပေါ်မှာ မကောင်းတာတွေ များနေလဲဆိုတာ ကျွန်မနားမလည်နိုင်သေးပါဘူး။ နိုင်ငံရေးကို ကျွန်မနားမလည် စိတ်မဝင်စားပေမယ့် နိုင်ငံအတွက် တစ်ဖက်တလှမ်းက တက်နိုင်သလောက်လုပ်ပေးဖို့ ကျွန်မ အစဉ်ကြိုးစားနေပါတယ်။ မြန်မာအချင်းချင်း ကူညီဖို့ ကျွန်မ အမြဲတံခါးဖွင့်ထားသလို ပြည်တွင်းက အလှူခံမှုတွေသာမက ပြည်ပက မြန်မာအဖွဲ့ဆီက အလှူခံတွေကိုလည်း ကျွန်မ အမြဲ သူများထက် သာအောင် လှူခဲ့၊ ပေးခဲ့ ပါတယ်။ အခွင့်အရေးပေးတာနဲ့ မြန်မာနိုင်ငံကို အပြီးပြန်ဖို့ ရည်မှန်းချက်ထားပြီး အလုပ်လုပ်နေတာပါ။ မြန်မာမြေမှာပဲ ကျွန်မ သေချင်တယ်။


တစ်ခါက ကျွန်မ သူငယ်ချင်းတွေ မြန်မာနိုင်ငံ ကို အလည်သွားကြပါတယ်။ ကျွန်မ သူငယ်ချင်းဆိုတာ အမေရိကန်နိုင်ငံသားတွေပါ။ သူတို့တွေ ပြန်လာတော့ ကျွန်မကို ပြန်ပြောပြတယ်။ ငါတို့ထင်သလို လုံးဝ မဟုတ်ဘူး တဲ့။ ငါတို့ထင်ထားတာက မင်းတို့ဆီမှာ လုံးဝ တည်ငြိမ်အေးချမ်းမှုမရှိဘူး၊ ဘာမှပြည့်စုံမှုမရှိဘူး... စတဲ့ စတဲ့ မကောင်းတဲ့ အကြောင်းတွေပဲ ငါတို့ အရင်က ကြားနေတာ။ လေဆိပ်ကိုရောက်ပြီး လေယာဉ်ပေါ်က စင်းတာနဲ့ တစ်ခုခုတော့ လွဲနေပြီဆိုတာ ငါသတိထားမိတယ် တဲ့။ အဲ့ဒီနောက် ဟိုတယ်ကို တန်းမသွားပဲ မြို့ထဲက လမ်းတချို့ပေါ်ကို မောင်းခိုင်းပြီး လိုက်ကြည့်လိုက်တယ် တဲ့..။ ငါတို့ ထင်ထားသလိုလဲ မဟုတ်ပါလား ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ပြောဖြစ်ကြတယ် တဲ့..။ ကျွန်မ ကို ပြန်ပြောပြကြပါတယ်။ သူတို့ ပြောလည်း ပြောစရာပါပဲ။ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ သတင်းမှန်သမျှ ကို အဆိုးတွေချည်းပဲ ကမ္ဘာက သိနေပါတယ်။ ဘယ်နေရာမှာကြည့်ကြည့် ဆိုးတဲ့ သတင်းတွေပဲရှိသလို၊ ဘယ်သူ့ကို သွားမေးမေး ဆိုးတဲ့ အကြောင်းနဲ့ သနားစရာကောင်းတဲ့ အကြောင်းပဲ ပြောကြပါတယ်။ ကျွန်မတို့ ဘာတွေ မှားခဲ့ကြလို့လဲ??? ဒါပေမယ့် တကယ့်တကယ် မြန်မာမြေပေါ်ကို သွားကြည့်ရင်တော့ အားလုံးက ကိုယ့်အလုပ်ကိုလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နေထိုင် စားသောက်နေကြတာပါ။ ကျွန်မတို့လို နိုင်ငံခြားရောက်နေတဲ့ မြန်မာတချို့တွေက သိပ်ကို သနားစရာကောင်းပါတယ်။ မြန်မာနိုင်ငံအကြောင်းဖတ်လိုက်၊ ကြားလိုက်ရရင် ခုပဲ ပေါက်ကွဲတော့မလိုလို၊ မနက်ဖြန်ပဲ စစ်ဖြစ်တော့မလို၊ တိုင်းပြည်တစ်ခုလုံးပဲ ပျာကျတော့မလိုလို၊ တစ်နိုင်ငံလုံးပဲ စားစရာ တစ်ခုမှမရှိ သောက်စရာ ရေတစ်စက်မှမရှိတော့သလိုလို အမြဲ ကြားနေရပြီး စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ပြည့်နေကြရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက အွန်လိုင်းတက်လာတဲ့ တစ်ချို့တွေဆို ဘာမှမသိ၊ မေးရင်လည်း မဟုတ်တဲ့အကြောင်းနဲ့ အားလုံး အေးအေးဆေးဆေးဖြစ်ကြောင့် ပေါ့ပေါ့ပါးပါးပဲ ပြောသွားကြပါတယ်။


တစ်နေ့က ကျွန်မသူငယ်ချင်းမြန်မာ တစ်ယောက်က အကူညီတောင်းလို့ သူတို့ရုံးနဲ့ အတူ မြန်မာဒုက္ခသည် တွေနေတဲ့ နေရာကို ကျွန်မ ရောက်ခဲ့တယ်။ ကိုယ့်လူမျိုးဆိုတော့ တွေ့ချင်တာလဲပါတာပေါ့။ စကားတွေလည်း အများကြီးပြောကြမယ်ဆိုပြီး တစ်လမ်းလုံးအားတင်းလာခဲ့တယ်။ ဟို ရောက်တော့ အိမ်ရှေ့မှာ မြန်မာတစ်ချို့ထွက်ကြိုနေကြတော့ သူငယ်ချင်းနဲ့အတူ ဆင်းပြီး နှုတ်ဆက်ခဲ့တယ်၊ သူတို့ရံက အမေရိကန်နိုင်ငံသား ၇ ယောက်လောက်ကလည်း သိချင်တာတွေ မေးကြတယ်။ ပြောကြပြီး အိမ်ပေါ်တက်ခဲ့ကြတယ်။ အဲ့ဒီချိန်မှာ ကျွန်မ စ ပြီး စိတ်ပျက်သွားတာပါပဲ။ အိမ်ထဲကို ဝင်လိုက်တာနဲ့ ကျွန်မ အနံ့တစ်ခုရတယ်၊ အိမ်ရဲ့ နံရံတစ်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံ အကြီးကြီး ကပ်ထားတယ်။ ထိုင်ခုံတွေ၊ အဝတ်တွေ ပစ္စည်းတွေက လုံးဝ မသပ်မရပ်ဖြစ်နေတယ်။ ကျွန်မ ဘာပြောရမှန်းမသိ။ ကျွန်မ ပြောချင်တာ ပြောလို့ရမယ်ဆိုရင် ဒီလိုအဆောက်အုံ၊ ဒီလိုနိုင်ငံမှာ ဘာလို့ ဒီလောက် စုတ်စုတ်ပျက်ပျက်နေ နေရတာလဲ လို့ ကျွန်မ ပြောလိုက်ချင်တယ်။ တကယ် အဆင့်အတန်းမရှိဘူး။ လျှပ်စစ်ပစ္စည်းတွေက ကြိုးတန်းလန်းတွေ ရှုပ်နေတယ်။ အဝတ်တွေကလည်း ခုံပေါ် ကြမ်းပြင်ပေါ်မှာ။ အပေါ်မှာ ဝိုင်ယာကြိုးနဲ့ အဝတ်လှန်းဖို့ ကြိုးတန်းတောင်လုပ်ထားသေးတယ်။ အဝတ်တွေက အများကြီးတင်ထားလို့ ကြိုးတန်းက တော်တော်အိနေပြီ။ ကျွန်မ လိုက်လာမိတာ မှားပြီလို့တောင် ကျွန်မ ထင်လိုက်တယ်။ သူငယ်ချင်းနဲ့ အိမ်ရှင်နဲ့ သူ့လူတွေနဲ့တော့ စကားတွေ ပြောနေကြတယ်။ နိုင်ငံခြားသားတစ်ယောက်က မင်းတို့မြန်မာတွေက ဒီလိုနေတာလားလို့ လာမမေးပါစေနဲ့ဆိုပြီး ကျွန်မ ကျိုတ် စုတောင်းရင်း သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ ကျွန်မတို့အားလုံးကို ကြည့်နေတဲ့ မြန်မာ ခလေးလေး တစ်ယောက်ဆီ ကျွန်မ ကပ်ခဲ့တယ်။ ပြီးတော့ သူငယ်ချင်းနဲ့ အိမ်ပိုင်ရှင်တို့ ပြောသံတစ်ချို့ နားစွန့်ပြီး အသာလေး နေခဲ့တယ်။ ကျွန်မ ကြားရသလောက်တော့ အိမ်ပိုင်ရှင်က မျိုးချစ်နိုင်ငံရေး အတိုက်အခံ တစ်ယောက်တဲ့။ နိုင်ငံခြားသားတွေက သူတို့သိချင်တာတွေ ဆက်မေးနေလေရဲ့။



ကျွန်မလည်း စိတ်ပြေလက်ပျောက် ခလေးကို နှုတ်ဆက်စကားပြောဖို့ ကြိုးစားရင်း ပြုံးပြပြီး အနားကပ်ခဲ့တယ်။ ခလေးက တော်တော် အေးပုံပါပဲ အသက်က ၆ နှစ်တဲ့ နောက်မှ သူပြောမှသိရတာ။ သားနာမည် ဘယ်လိုခေါ်လဲဆိုတော့ ရယ်ပြီးကြည့်နေတယ်။ နောက် ကျွန်မထပ်မေးတော့မှ ခလေးက သူမြန်မာလို မတတ်ဘူး တဲ့ ပြောတယ်။ ဘုရား ဘုရား ..။ ကျွန်မ အံ့သြောတုန်လှုပ်လွန်းလို့ အသက်ရှူတောင် ရပ်သွားတယ်။ အိမ်မှာရော ဖေဖေ၊ မေမေတို့က မသင်ပေးဘူးလား လို့ မေးတော့။ မသိဘူးတဲ့။ တစ်ခါတစ်လေမှာ သူတို့ချင်း မြန်မာလို ပြောတယ်တဲ့၊ သားကိုတော့ အင်္ဂလိပ်လိုပဲ ပြောခိုင်းတယ်၊ သင်ပေးတယ်တဲ့..။ မြန်မာ့ မျိုးချစ်နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ရဲ့ သားက မြန်မာ စကား မတတ်ဘူးတာ ကျွန်မ ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ပါဘူး။ အရမ်းလဲ စက်စုပ်ရွံရှာမိတယ်။ မြန်မာနိုင်ငံအတွက်ဆိုပြီး မျိုးချစ် နာမည်ခံအလုပ်လုပ်နေတဲ့ သူက သူ့ခလေးကို မြန်မာလို မပြောခိုင်းဘူး၊ မသင်ပေးဘူး။ ကျွန်မ ဒုတိယ အကြိမ် စိတ်ပျက်ရပြန်ပြီ။ အိမ်ရှင်မျိုးချစ် နိုင်ငံရေး ခေါင်းဆောင်ကတော့ ကျွန်မသူငယ်ချင်းနဲ့ အဖွဲ့သားတွေကို သံရုံးရှေ့မှာ သူတို့ ဆန္ဒပြခဲ့တဲ့ ဓာတ်ပုံတွေကို ထုတ်ပြနေလေရဲ့..


အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းအားလုံးက တကယ့် သူဌေးတွေမှ ဝယ်နိုင်တဲ့ ဈေးကြီး နောက်ဆုံးပေါ် ပစ္စည်းတွေချည်းပါပဲ။ ဘယ်က ဘယ်လိုရတဲ့ ပိုက်ဆံနဲ့ ဝယ်ထားလဲတော့ ကျွန်မ မသိပါဘူး။ ဆေးလိပ်ပြာခွက်ထဲက ဆေးလိပ်တစ်ဝက်ကို ကျွန်မ သတိထားမိတယ်။ ကျွန်မ သူဌေး သောက်တဲ့ စီးကရက်မျိုး။ အရမ်းဈေးကြီးတဲ့ စီးကရက်။ ကျွန်မနဲ့ အတူအလုပ်လုပ်နေတဲ့ ဒီနိုင်ငံက နိုင်ငံသားတွေတောင် မသောက်နိုင်တဲ့စီကရက်မျိုး။ ကျွန်မ စိတ်ထဲမှာ စဉ်းစားမိတယ်။ မတန်လိုက်တာ... လို့။ ဟုတ်ပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက ကြားဖူးတဲ့ မတန်ဘူး ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကျွန်မ ခုမှ ကွင်းကွင်းကွက်ကွက်မြင်လိုက်ရတာပါ။



နိုင်ငံကို တကယ်ချစ်ပြီး နိုင်ငံအတွက် တကယ်အလုပ်လုပ်တဲ့သူတွေကို ကျွန်မတို့ အလိုရှိပါတယ်၊ အစစအရာရာလည်း တက်နိုင်သလောက်ကူညီဖို့ အသင့်ရှိပါတယ်။ နိုင်ငံအတွက် ကိုယ့်အကျိုးကို မစွန့်လွတ်ချင်နေကြပါ၊ ကိုယ့်ကျိုးအတွက် နိုင်ငံ့အရေးကို ခုတုံးမလုပ်ကြဖို့ ကျွန်မ တိုက်တွန်းလိုပါတယ်။ ထောက်ခံတဲ့လူတွေကလည်း သေချာစုံစမ်းပြီးမှ ထောက်ခံ ပံ့ပိုးကြပါ။ နိုင်ငံအတွင်းမှာရော အပြင်မှာပါ ကျွန်မတို့လို ဘာမှမသိတဲ့ သိုးငယ်လေးတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့လို သိုးငယ်တွေကြားမှာ ဝံပလွေတွေ ရှိနေတာကို အားလုံး သတိထားဖို့လိုပါတယ်။ အဲ့ဒီ ဝံပလွေတွေက တစ်နေ့တစ်ချိန်ကျရင် ဒီသိုးငယ်တွေကိုပဲ ကိုက်ဖျက်စားသောက်ပါလိမ့်မယ်။ ကျွန်မ ပြောတာတွေကို မယုံရင် သူတို့နေအိမ်တွေကို ကိုယ်တိုင် သွားကြည့်ကြပါ။ အားလုံးပဲ ဘာလုပ်သင့်တယ်ဆိုတာ စဉ်းစားပြီး လုပ်သင့်တာကို ဆက်လုပ်ကြပါ။


ချယ်ရီ





2 comments:

တကယ်ကောင်းတဲ့ ပေးစာလေးပါ....ဗျာ....အရမ်းလည်းကျေးဇူးတင်ပါတယ်....ခုလိုဖတ်ခွင့် ရတဲ့ အတွက်ပါ......မချယ်ရီရဲံ.....မြန်မာနိုင်ငံသားစိတ်ဓာတ်ကိုလေးစားတယ်ဗျာ....

ဒါမျိုးကျရင်..ဒီမိုတွေ...ရေငုံနှုတ်ပိတ်နေတယ်...ဘာမှမပြောကြဘူး...ပြောလိုက်ရင်တော့...ဦးသန်းရွှေက..ဘာဖြစ်တယ်..ဘာမကောင်းဘူး...ဒီလိုလူမျိုးတွေကျတော့ကောင်းတယ်နော်...ထောက်ခံတယ်...အားပေးတယ်...ဆက်သာလုပ်..ပေါ့...တိုးတက်ပါစေ...မြန်မာပြည်ကြီး...ဒီလိုလူမျိုးတွေနဲ့ ....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်