Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လေးလပတ် မိန့်ခွန်း (အပြည့်အစုံ)

From : .. PO

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ် အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။



အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ အစိုးရအဖွဲ့သစ် တာဝန်ယူစဉ်ကစပြီး စီမံကိန်းကော်မရှင်အစည်းအဝေး၊ ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးစသည့် အစည်းအဝေးများကို အခါအားလျော်စွာ ခေါ်ယူကျင်းပ ခဲ့သော်လည်း ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၊ ကိုယ်ပိုင် ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့၏ လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် အပြန်အလှန် ညှိနှိုင်းပေါင်းစပ်ပေးနိုင်ရေးအတွက် ယနေ့ ပြုလုပ်သည့် လေးလပတ် အစည်းအဝေးကို ယခုကဲ့သို့  ပထမဆုံး ခေါ်ယူကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရတာဝန်ယူသည့် အချိန်မှစ၍ ပထမ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဒုတိယ စီးပွားရေးနှင့် လူမှုစီးပွားဘ၀ ပြုပြင်ပြောင်းလဲမှု၊ တတိယ အစိုးရ၏ အုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှု၊ စတုတ္ထအနေဖြင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ပြုပြင်ပြောင်းလဲမှုများကို မဟာဗျူဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အဖြစ်ချမှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

ထိုသို့ ဆောင်ရွက်သည့်နေရာတွင် တိုးတက်မှု ရလဒ်များ ရရှိနေပြီး တစ်ချို့အကျိုးရလဒ် အသီးအပွင့်များကို စတင်ခံစားနေရပြီ ဖြစ်ပါကြောင်း၊ သို့သော်လည်း တိုးတက်မှုရလဒ်များ ရရှိသလို တစ်ဖက်ကလည်း အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများနှင့် ရင်ဆိုင် ရသည်များ ရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့ရရှိပြီးသည့် အရှိန်အဟုန်ကို ထပ်ပြီး မြှင့်တင်နိုင်ရန် လိုအပ်ပါကြောင်း၊ သို့ရာတွင် အရှိန်အဟုန်မြင့်မားအောင် ဆောင်ရွက်နိုင်မည့် အချိန်သည် အချိန်အားဖြင့် တစ်နှစ်ကျော်ကျော်ခန့်သာ ကျန်ရှိတော့သည်ကို သတိပြုရန် လိုအပ်ပါကြောင်း။

ပြီးခဲ့သည့် သုံးနှစ်တာကာလကို ပြန်ကြည့်လျှင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အနေဖြင့် ငြိမ်းချမ်းရေး အကောင် အထည်ဖော် ဆောင်ရွက်မှုတွင် ယခုအခါ ပစ်ခတ်တိုက်ခိုက်မှုများ မရှိသလောက် ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ တစ်ပြည်လုံး အတိုင်းအတာနှင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသည့်အဆင့်များ တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာပါကြောင်း၊ သမိုင်းနှင့်ချီ၍ ဒေသစွဲ၊ ဝါဒစွဲ၊ အတွေးအခေါ် အယူအဆများ ကွဲလွဲမှု ရှိနေသည့် အဖွဲ့အစည်းများကို အချိန်တိုအတွင်း တစ်သားတည်းဖြစ်အောင် လုပ်ရန်ဆိုသည်မှာ မလွယ်ကူသည့် ကိစ္စဖြစ်သော်လည်း ပစ်ခတ်တိုက်ခိုက်နေမည့်အစား စားပွဲထိုင် ညှိနှိုင်း ဆွေးနွေး၍ တူညီသည့်အချက်များကို သဘောတူမှတ်သားပြီး မတူညီ သည်များကို ဆက်လက် ဆွေးနွေး အတည်ပြုကြရမှာ ဖြစ်ပါကြောင်း။

စီးပွားရေးပြုပြင် ပြောင်းလဲမှုကိုကြည့်လျှင် (၂၀၁၀ -၂၀၁၁) စာရင်းဇယားအရ ကုန်သွယ်မှု ပမာဏ (၁၅ ဒသမ ၂၇၃) ဘီလီယံမှ (၂၀၁၃ -၂၀၁၄) ဘဏ္ဍာရေးနှစ်တွင် (၂၄ ဒသမ ၉၆၃) ဘီလီယံအထိ တိုးတက်လာပြီး ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် (၂၀၁၀-၂၀၁၁) စာရင်းအရ လျှပ်စစ်၊ စွမ်းအင်၊ သတ္တုကဏ္ဍတို့မပါဘဲ တွက်ချက်ကြည့်သည့်အခါ အမေရိကန် ဒေါ်လာ (၂၀၅ ဒသမ ၀၇) သန်း ရင်းနှီးမြှုပ်နှံမှုရှိခဲ့ပြီး ယခုအခါ အမေရိကန်ဒေါ်လာ (၄၁၀၇ ဒသမ ၀၅၅) သန်းအထိ တိုးတက်လာသည်ကို တွေ့ရမှာ ဖြစ်ပါကြောင်း။

အုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်ရေးအတွက် ပြည်သူဗဟိုပြုသော ပြည်သူများ ပူးပေါင်းပါဝင်သည့် စီမံခန့်ခွဲ အုပ်ချုပ်မှု ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်ခဲ့ပါကြောင်း၊ ပြည်သူ တို့၏ လိုအပ်ချက်၊ ပြည်သူတို့၏ ဆန္ဒ၊ တင်ပြချက်များကို ကွင်းဆင်းပြီး ပြည်သူတို့နှင့် တိုက်ရိုက် ထိတွေ့ ဆောင်ရွက်နိုင်ရန် Delivery Unit များကို ဖွဲ့စည်း ဆောင်ရွက် ခဲ့ပါကြောင်း။

ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး အစိုးရဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များကို ဖြေလျှော့ပေးနိုင်ခဲ့ပါကြောင်း၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဗဟိုကချုပ်ကိုင်သည့်စနစ်ကို အတတ်နိုင်ဆုံး လျော့နည်း စေရေးအတွက် Decentralize စနစ်ကို ကြိုးပမ်းဆောင်ရွက်နေပါကြောင်း။

လာဘ်ပေးလာဘ်ယူမှုများနှင့် စပ်လျဉ်းပြီး ဝန်ထမ်းများအတွင်း လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများ ရှိနေဆဲဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရန် ဝန်ထမ်း များ၏ စိတ်ဓာတ်ကအစ ပြောင်းလဲပစ်ရန် လိုအပ်ပါကြောင်း၊ ကျန်ရှိသည့် ကာလအတွင်း လာဘ်ပေးလာဘ်ယူမှု လျော့နည်းပပျောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက် သွားကြရန် ပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်သူများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရန် ဆိုပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးတို့သည် အရေးကြီးပါကြောင်း၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေးသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ သိသိသာသာ ပြောင်းလဲ တိုးတက်လာအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း ပညာရှင်များနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ပြီး ပြုပြင် ပြောင်းလဲသင့်သည်များကို လုပ်ဆောင်လာခဲ့ရာ တိုးတက်မှုများကို တွေ့မြင်လာရ ပါကြောင်း၊ ယခင်က မူလတန်းအဆင့်ကိုသာ အခမဲ့ပညာသင်ကြားခွင့်ရရှိခဲ့ရာမှ ယခုအခါ အလယ်တန်းအဆင့် အခမဲ့ ပညာသင်ကြားရေးစနစ်ကိုပါ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်ပြီး ပြုပြင်စရာများ ရှိနေပါကြောင်း၊ ငါးနှစ်အောက် ကလေး သေဆုံးမှုနှင့် ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနကို ရည်မှန်းချက်တစ်ရပ် အနေဖြင့် ဆောင်ရွက်ရန် ချမှတ်ပေးထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့၏ ပြည်သူများကို ကျန်းမာသန်စွမ်းသည့် လူမျိုးများဖြစ်စေချင်သည့် အတွက် ကျန်းမာရေးအဆင့်အတန်း မြင့်တက်လာအောင် အထူး အလေးပေး ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ ပညာရေးနှင့်  ကျန်းမာရေးကဏ္ဍသည် ပြည်သူအများ ခံစားစံစားရသည့် ကိစ္စရပ်များဖြစ်သည့်အတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ သိသိသာသာ ပြောင်းလဲတိုးတက်လာစေရန် မိမိတို့အစိုးရ၏ ကျန်ရှိသည့် သက်တမ်း ကာလအတွင်းနှင့် နောင်အနာဂတ်အတွက်ပါ ရည်မှန်းပြီး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် ကြရမှာ ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်ကိစ္စတွင် ဘာသာမတူ၊ လူမျိုးမတူသည့် လူအုပ်စုနှစ်စုအကြား ဖြစ်ပေါ် နေသည့် ပြဿနာများသည် ကမ္ဘာကနေပြီး မိမိတို့မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အပိုင်းကို အားနည်းချက် တစ်ရပ်အနေဖြင့် မျက်လုံး ဒေါက်ထောက် ကြည့်နေသည့် အနေအထား ရှိနေပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုကို အားပေးထောက်ခံသည့် နိုင်ငံများက ရခိုင်ပြည်နယ် ကိစ္စတွင် ဝိုင်းဝန်းကူညီဖြေရှင်းပေးလိုသည့် စစ်မှန်သော စေတနာ ကောင်းများ ရှိနေသည်ကိုလည်း မြင်တွေ့ရပါကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စကို ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာန အားလုံးတို့က ညှိညှိနှိုင်းနှိုင်း ပူးပေါင်းပြီး သိသိသာသာ အောင်မြင် တိုးတက်အောင် လုပ်ဆောင် ကြစေလိုပါကြောင်း။

အစိုးရအနေဖြင့် မိမိတို့၏ ဝန်ကြီးဌာနအလိုက် လုပ်ဆောင်ရမည့် မူလလုပ်ငန်းတာဝန် များအပြင် အစိုးရတစ်ဖွဲ့လုံးအပေါ် ပြည်သူများ၏ နားလည်မှု၊ ယုံကြည်မှု၊ အားကိုးမှုများကို ရရှိလာအောင် Team Work ဖြင့် လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အတွင်း စည်းလုံးညီညွတ်မှုကို တစ်ဖက်က တည်ဆောက်ရမှာဖြစ်သလို ဝန်ကြီးဌာန တစ်ခုနှင့် တစ်ခုအတွင်း၌ လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် လည်းကောင်း ပူးပေါင်း ဆောင်ရွက် ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းတို့ဖြင့် ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှုများ မရှိရအောင် လက်အောက်ကို မူဝါဒများ ချမှတ်ပေးပြီး လုပ်ပိုင်ခွင့်များ၊ ဆုံးဖြတ်ပိုင်ခွင့်များ ပေးရန်လည်း လိုအပ်ပါကြောင်း၊ ထိုသို့ လုပ်ပိုင်ခွင့်များ၊ ဆုံးဖြတ်ခွင့်များ ပေးထားပါလျက် လက်အောက်မှ မမှန်မကန် လုပ်ကိုင်လာသည်ကို တွေ့ရှိရပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုပါကြောင်း။

လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ အလုပ်အကိုင်ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေး လုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်နေ ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါတွင် Quick Win ရရှိအောင် ရေတို ပြုပြင် ပြောင်းလဲသင့်သည်များ၊ ရေရှည်စီမံကိန်းများအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် အုတ်မြစ်ချပေးသင့်သည် များကို ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လက်တန်း ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ စီမံချက်များ၊ မူဝါဒများ ချမှတ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ပုဂ္ဂလိကဏ္ဍအဆင့်နှင့် လူမှုရေး အဖွဲ့အစည်းများ အပါအဝင် အားလုံးသိုင်းဝိုင်းပြီး လက်တွေ့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက် သွားကြရန် တိုက်တွန်း ပြောကြား လိုကြောင်း။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး၊ အသေးစားငွေချေး လုပ်ငန်းနှင့် သ/မ အစုအဖွဲ့လုပ်ငန်း၊ ကျေးရွာ မီး၊ ရေ၊ ပညာရေး၊ ကျန်းမာရေး၊ လက်ရှိ စက်မှုဇုန်များနှင့် အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများကိုလည်း ကဏ္ဍအလိုက် အားပေးမြှင့်တင်ပြီး လိုအပ်ချက်များကို မိမိတို့အစိုးရအနေဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးရမှာ ဖြစ်ပါကြောင်း။

အလုပ်အကိုင် ရရှိရေးအတွက် စက်ရုံ၊ အလုပ်ရုံများ ဖန်တီးပေးနိုင်ရန် စီးပွားရေး လုပ်ငန်းရှင် များကိုလည်း ချပြရန်လိုကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံသားများကို အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်မည့် အလုပ်ရုံ၊ စက်ရုံ၊ ကုန်ထုတ်လုပ်ငန်း၊ Manufacturing လုပ်ငန်းများကို စိတ်ပါဝင်စားလာစေရန် စက်ရုံ၊ အလုပ်ရုံများကို တည်ဆောက် လုပ်ကိုင်နိုင်ရေး တွန်းအားပေးရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့၏ Third Wave တွင် အလုပ်အကိုင် ရရှိရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် အလေးထား လုပ်ကိုင်ပေးသွားရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

မိမိတို့အစိုးရသည် ဒီမိုကရေစီစနစ်ကို စတင်ပြောင်းလဲခဲ့သည့် ပထမဦးဆုံး အစိုးရ ဖြစ်သည့်အပြင် အောင်မြင်သည့် အစိုးရ၊ ပြည်သူများ အားကိုးယုံကြည်သည့် အစိုးရအဖြစ် သမိုင်းတွင်ကျန်ရစ်စေရန် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရမှာ ဖြစ်ပါကြောင်း၊ Third Wave တွင် အစိုးရက မည်သည့်လုပ်ငန်းများ လုပ်မည်ဆိုသည်ကို ပြည်သူများက နေ့စဉ် မျှော်လင့် တကြီး စောင့်ကြည့်နေမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အမြင်တွင် သိသိသာသာဖြစ်အောင် အရှိန်မြှင့်တင်သွားရန် လိုပါကြောင်း။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် GDP တွက်ချက်ရာတွင် GDP Happiness လည်း ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်သည် ကို တွေ့ရပါကြောင်း၊ မိမိတို့ အနေဖြင့် အများပြည်သူ အပန်းဖြေ အနားယူသည့် နေရာများကို မြို့ရွာများတွင် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးရန် နှင့် သင့်တင့်သည့် ပျော်ပွဲရွှင်ပွဲများ၊ ပွဲလမ်းသဘင်များ ဖန်တီးပေးရန်လည်း လိုအပ်ပါကြောင်း၊ ထိုသို့ ဖန်တီးပေးသည့် နည်းတူ တစ်ဖက်ကလည်း သဘင်၊ ဂီတ၊ ရုပ်ရှင် အစရှိသော အနုပညာရှင်များကို တတ်နိုင်သမျှ အားပေး ကူညီပေးသွားကြရန် ပြောကြား လိုပါကြောင်း။

ထို့ပြင် မိမိတို့အစိုးရ တာဝန်ယူချိန်အစတွင် မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး Least Development Country (LDC) နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်ကို ရုန်းထွက်နိုင်ရန် ကြိုးစားမည်ဟု အများပြည်သူကို အသိပေးပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် LDC အဖြစ် သတ်မှတ်ခံရသည့် နိုင်ငံပေါင်း ၄၉ နိုင်ငံတွင် အာဆီယံ ဒေသအတွင်း LDC သတ်မှတ်ခံရသည့် မိမိတို့နိုင်ငံ အပါအဝင် လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံသာ ရှိပါကြောင်း၊ LDC စာရင်းက လွတ်မြောက်ရန်အတွက် နိုင်ငံတစ်နိုင်ငံသည် ညွန်းကိန်း (၃) ရပ်အနက် ညွန်းကိန်း (၂) ရပ်ဖြင့် ပြည့်စုံရန်လိုအပ်သည့်အတွက် လက်ရှိ အနေအထားအရ မိမိတို့အတွက် အခွင့်အလမ်းများ ရှိနေပါကြောင်း၊ LDC အဆင့်က လွတ်မြောက်အောင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များက ဝိုင်းဝန်းကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

အိုးမဲ့အိမ်မဲ့၊ ကျူးကျော်ကိစ္စရပ်များသည်လည်း နိုင်ငံက ဖြေရှင်းရမည့်ကိစ္စရပ် တစ်ရပ် ဖြစ်ပါကြောင်း၊ တစ်ဖက်ကလည်း ဥပဒေအရ ထိန်းသိမ်းသွားရမှာဖြစ်ပြီး တစ်ဖက်ကလည်း အရေးယူသွားရုံနှင့် မပြီးဘဲ ပြဿနာများကို ဖြေရှင်းပေးရမှာ ဖြစ်ပါကြောင်း၊ ယခု ဆောင်ရွက်နေသည့် Affordable Housing Project ကို လုပ်ဆောင်ပေးနေရာတွင် ရန်ကုန်၊ မန္တလေးကိုသာ ဦးစားပေးမနေဘဲ အခြားမြို့ကြီးများဖြစ်သည့် တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေ စသည့် မြို့များကိုပါ ဆင်းရဲနွမ်းပါးသူများ၊ အိုးမဲ့ အိမ်မဲ့များ နေထိုင်နိုင်အောင် သက်သာသော ဈေးနှုန်းများနှင့် Public Housing Project များကို ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း။

မြေယာကိစ္စများနှင့် ပတ်သက်၍ မိမိတို့အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများ နည်းမျိုးစုံဖြင့် ဝေဖန်ပြစ်တင်နေကြသည် ကို တွေ့မြင်နေရ ပါကြောင်း၊ ယခုကိစ္စရပ်များသည် မိမိတို့ အစိုးရ လက်ထက်တွင် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ယခင်အဆက်ဆက်က ဖြစ်လာသည့် ကိစ္စများ ဖြစ်သော်လည်း မိမိတို့အစိုးရအနေဖြင့် နည်းလမ်းများ ရှာဖွေပြီး ဖြေရှင်းဆောင်ရွက် ပေးနေ ပါကြောင်း၊ မြေယာကိစ္စများကို ဒုတိယသမ္မတဦးစီးပြီး ဖြေရှင်းဆောင်ရွက် ပေးနေ ပါကြောင်း၊ မြေယာကိစ္စများနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ကြန့်ကြာမှုများ၊ နှောင့်နှေးမှုများ မရှိအောင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထား ကြပ်မတ် ဆောင်ရွက် သွားကြရန် ပြောကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ယေဘုယျအားဖြင့် ကြည့်လျှင် ကဏ္ဍတစ်ခုစီ၊ သီးခြားစီဆောင်ရွက်နေသော လုပ်ငန်းများဟု ထင်ရသော်လည်း ယင်းတို့ အားလုံးသည် တစ်ခုနှင့် တစ်ခု တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း၊ ချိတ်ဆက်ထားသည့် ကဏ္ဍကြီးတစ်ခု၏ လုပ်ငန်းစဉ်များသာ ဖြစ်ပါကြောင်း။

နိုင်ငံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင် လူတိုင်းပါဝင်ခွင့်ရှိသည့် ဒီမိုကရေစီနိုင်ငံရေး ဖြစ်စေရန် ရွေးကောက်ပွဲ ဆိုင်ရာ၊ နိုင်ငံရေးပါတီ ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေများ ပြင်ဆင်ခြင်း၊ ဥပဒေနှင့်အညီ သတင်းများရေးသား ထုတ်ဝေသော မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ စုဝေးဆန္ဒပြခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စသည်တို့သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးကပါ ချီးကျူးဂုဏ်ပြု ရသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၏ လုပ်ငန်းစဉ် သာဓကတချို့ ဖြစ်ပါကြောင်း။

ထို့ပြင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူ အုပ်ချုပ်ရေး၊ ပုဂ္ဂလိက ကဏ္ဍ ပြုပြင် ပြောင်းလဲရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍပါ လိုက်ပါပြီး တိုးတက်ပြောင်းလဲလာသည်ကို မြင်ရပြီး ဖြစ်ပါကြောင်း။


မိမိတို့ နိုင်ငံ၏ စီးပွားရေးအဆင့်သည့် အာဆီယံ (၁၀) နိုင်ငံထဲတွင် အဆင့် (၇) ရှိနေ သည်ကို ကြည့်ခြင်းအားဖြင့် ကြိုးစားကြရန် များစွာလိုနေသည်ကို တွေ့ရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ နိုင်ငံ၏ စီးပွားရေး (GDP) ဖွံ့ဖြိုးမှု အားနည်း နေသေးသည့် အချိန်တွင် ဝန်ကြီးဌာနအသီးသီးတွင် ခွဲဝေပေးသည့် ဘဏ္ဍာရန်ပုံငွေ သည်လည်း နည်းနေဦးမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် ပြည်ထောင်စုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသည့် ကဏ္ဍအသီးသီးက လုပ်ငန်းများတိုးတက်မှု၊ ကျဆင်းမှုတို့သည် သီးခြားစီ ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ၊ ကဏ္ဍတစ်ခုနှင့် တစ်ခု နက်ရှိုင်းစွာ ချိတ်ဆက်နေသည့် ဖြစ်စဉ်များသာဖြစ်သည့် အတွက် ကျန်ရှိနေသည့် သက်တမ်းကာလအတွင်း Third Wave အစီအစဉ်တွင် ထိရောက်သည့် ပူးပေါင်းဆောင်ရွက် ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် အတူတကွ စုစည်း ဆောင်ရွက်ခြင်းများဖြင့် ဆောင်ရွက်သွားသင့် ပါကြောင်းဖြင့် ပြောကြားသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်