Subscribe to our RSS Feed

ဓမ္မစေတီခေါင်းလောင်းကိစ္စ အငြင်းပွားဖွယ်များ ရှိနေ

From : .. MYANMAR TIMES

ရန်ကုန်မြို့အနီး ဒေါပုံမြစ်ထဲတွင် နစ်မြုပ်ခဲ့သည်ဟုဆိုသော မွန်ဘုရင် ဓမ္မစေတီမင်း၏ ဓမ္မစေတီ
ခေါင်းလောင်းဆယ်ယူခြင်းနှင့် ပတ်သက်သည့် တိကျသေချာသော အထောက်အထားနှင့်
သတင်းအချက်အလက်များအား လက်ရှိအချိန်အထိ မည်သူမျှ မပေးနိုင်သေးသော်လည်း ၎င်းနှင့်
ပတ်သက်သည့် သမိုင်းအထောက်အထားများနှင့် သိပ္ပံနည်းကျ ယူဆချက်များအကြား အငြင်းပွား
ဖွယ်များ ဖြစ်ပေါ်လျက်ရှိသည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က ရွှေတိဂုံစေတီတော်သို့ ဓမ္မစေတီမင်းကြီး လှူဒါန်းခဲ့ပြီး
အလေးချိန် တစ်သိန်းရှစ်သောင်း ပိဿာရှိသည် ဟုဆိုသော ခေါင်းလောင်းကြီးနှင့် ပတ်သက်သည့်
သမိုင်းအထောက်အထားများသည် သိပံ္ပနည်းကျတွက်ချက်မှုများနှင့် လက်တွေ့သဘော တရားများ
ကြောင့် ယနေ့အချိန်တွင် စဉ်းစားဖွယ်ကိစ္စများ ဖြစ်နေကြောင်း စာတမ်းရှင် ဦးမြင့်သူ (တမ္ပ၀တီ)က
ယခုလ ၉ ရက်နေ့က ကျင်းပခဲ့သည့် ဓမ္မစေတီခေါင်းလောင်းစာတမ်း ဖတ်ပွဲတွင် တင်ပြဆွေးနွေးခဲ့
သည်။

စာတမ်းဖတ်ပွဲတွင် ခေါင်းလောင်းကြီးနှင့် ပတ်သက်သော စာပေအထောက်အထား၊ ခေတ်ပြိုင်သမိုင်း
အထောက်အထား၊ သိပ္ပံနည်းကျ အထောက်အထား၊ လက်တွေ့လုပ်ဆောင်မှု ကိုးကားချက်များ၊
ဖြစ်ပျက်တည်ရှိသော အခြေအနေများကိုအခြေခံသော အထောက်အထားများဖြင့် တင်ပြဆွေးနွေး
ခဲ့သည်။

"ဓမ္မစေတီ ခေါင်းလောင်းကြီးကို သွန်းလုပ်ခဲ့ပြီး ရွှေတိဂုံစေတီတော်ပေါ်မှာ လှူဒါန်းခဲ့တယ်လို့ သမိုင်း
အယူအဆတွေက ဆိုတယ်။ အမှန်တကယ် လှူဒါန်းခဲ့ရင်လည်း ကြေးပိဿာချိန် တစ်သိန်း
ရှစ်သောင်း ရှိတယ်ဆိုတာကော ဟုတ်သလား။ ဘယ်နည်းနဲ့ တွက်ချက်ထားတဲ့ ပမာဏ ဖြစ်မလဲ။
ခေါင်းလောင်းကြီးကို ပေါ်တူဂီ လူမျိုး ငဇင်ကာ ဖြုတ်ယူသွားတယ်၊ ဒေါပုံမြစ်ထဲ နစ်မြုပ်ခဲ့တယ်ဆိုတဲ့
အချက် တကယ်ပဲ မှန်ကန်မှု ရှိနိုင်မလား။ ဒါမှမဟုတ် ဒီသမိုင်းကြောင်းတွေဟာ အင်္ဂလိပ်အစိုးရရဲ့
လှည့်ကွက် တစ်ခုများ ဖြစ်နေမလားဆိုတာ စဉ်းစားလေ့လာဖို့ ကောင်းတယ်။ သူများတွေက
'ဆင်ကြီး မြင်နေရတာတောင် ဆင်ခြေရာ ရှာစရာလိုလား' လို့ ကျွန်တော့်ကိုပြောကြပေမယ့်
ကျွန်တော် တစ်ဦးတည်းရဲ့အမြင်ကတော့ အဲဒီဆင်ကြီးကို အခု တွေ့ပြီလားဆိုတာ စဉ်းစားဖို့ကောင်း
တယ်" ဟု ဦးမြင့်သူ(တမ္ပ၀တီ)က ပြောသည်။

သမိုင်းအထောက်အထား ကောက်နုတ်ချက်များနှင့် သိပံ္ပနည်းကျတွက်ချက်မှုများအကြားတွင်
ခေါင်းလောင်း၏ပုံသဏ္ဌာန်၊ အလေးချိန်ပမာဏနှင့် တွက်ချက်ပုံများသည် မတူညီချက်များရှိနေ
ကြောင်း လေ့လာတွေ့ရှိရသည်။

အဆိုပါ ကွာဟချက်များသည် ခေါင်းလောင်း နှင့်ပတ်သက်သည့် အခြားခိုင်မာသော အချက်အလက်
များကို ရှာဖွေရန်၊ စနစ်တကျ သုတေသနပြုလုပ်ရန်၊ လိုအပ်နေသေးကြောင်း မီးမောင်းထိုးပြနေခြင်း
ဖြစ်သည်ဟု ဦးမြင့်သူက ပြောသည်။

"လိုရာကို ကောက်ချက်ဆွဲထားတာတွေနဲ့ ရောထွေးနေတယ်။ နိုင်ငံခြားသားတွေက ပြောသမျှ
လက်ခံပြီး ကိုးကားထားတာတွေက များနေတယ်။ တချို့အချက်တွေက မည်မည်ရရ လက်တွေ့ပြနိုင်
ခြင်းမရှိဘဲ မှန်းဆပြောပြချက်တွေလို့ ပြောလို့ရတယ်။ အမှန်တရားတစ်ခုကို အခြေခံပြီး ကြားထဲက
အမြတ်ထုတ်သွားဖို့ အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချခံရမှာ စိုးရိမ်မိပါတယ်။ အရင်ကလည်း
အမေရိကန်လူမျိုး ဂျင်းဘလန့်ကတော့ ခေါင်းလောင်းနဲ့ အတော်လေး မြတ်သွားခဲ့ပြီးပါပြီ။ ဒီလိုမျိုး
နောက်မကြုံရလေအောင် ခေါင်းလောင်းနဲ့ပတ်သက်တဲ့ စနစ်တကျသုတေသနလုပ်ငန်းတွေကို
စနစ်တကျ ဆက်လုပ်သင့်ပါတယ်" ဟု ဦးမြင့်သူ က ပြောသည်။

သို့သော် မွန်အမျိုးသားတို့အနေဖြင့် မွန်သမိုင်းအထောက်အထားများကို အခြေခံ၍ ဓမ္မစေတီ
ခေါင်းလောင်းသည် အမှန်တကယ် တည်ရှိခဲ့သည်၊ နစ်မြုပ်ခဲ့သည်ဟူသော အချက်များကို ယုံကြည်
နေကြသည်။

ခေါင်းလောင်း ဆယ်ယူရေးသည် မွန်လူမျိုးတို့၏ အမျိုးသားရေး အမှတ်လက္ခဏာတစ်ရပ်ဖြစ်သော
ကြောင့် ခေါင်းလောင်းနှင့်ပတ်သက်သော ကိစ္စရပ်များတွင် မွန်အမျိုးသားများသဘောထားကို
လက်ခံ နားထောင်သင့်ပြီး ပါဝင်ဆောင်ရွက်ခွင့် ရရှိရန် လိုအပ်ကြောင်း မွန်အမျိုသားတို့ဘက်မှ
ဦးနိုင်ရဲဇော်က ပြောသည်။

"ဓမ္မစေတီခေါင်းလောင်းကြီးက မွန်မင်းတည်ခဲ့တဲ့ မွန်လက်ရာ ခေါင်းလောင်းကြီးဖြစ်ပေမယ့် မွန်တို့ရဲ့
အနုပညာအမွေအနှစ်ကို ဂုဏ်ပြုဖော်ပြခြင်း အရမ်းနည်းတယ်။ မွန်တွေရဲ့ ယဉ်ကျေးမှုသမိုင်းတန်ဖိုး
ဖြစ်တဲ့ ခေါင်းလောင်း ဆယ်ယူရေးကိစ္စမှာ မွန်တွေရဲ့ သမိုင်း အထောက်အထား၊ အတတ်ပညာ၊
နည်းပညာတွေကို လက်ခံစဉ်းစားပေးဖို့ ကောင်းပါတယ်။ ဘယ်သူပဲ ဆယ်ယူသည်ဖြစ်စေ
မွန်အမျိုးသားတို့ ပါဝင်ခွင့် မရရင်တော့ မွန်တို့ရဲ့သင်္ကေတ အမှတ်အသားတစ်ခု ပျောက်သွားမလား
ဆိုတာ စိုးရိမ်မိတယ်။ ဥပမာပြရရင် မွန်ပြည်နယ် ကျိုက်ထီးရိုးဘုရားမှာ ရေးထိုးခဲ့တဲ့ မွန်အက္ခရာ
တွေဟာ အခုဆို အင်္ဂတွေအထပ်ထပ်အောက်မှာ ပျောက်ဆုံးခဲ့ပြီးပါပြီ။ ခေါင်းလောင်းကြီးကို
ဆယ်စရာရှိရင် မွန်တို့ပဲဆယ်မယ်၊ သယ်စရာရှိရင် မွန်တို့ပဲ သယ်မယ်ဆိုတဲ့ ခံယူချက်နဲ့
ကျွန်တော်တို့ မွန်တစ်မျိုးသားလုံးက ဆောင်ရွက်သွားမှာပါ" ဟု ၎င်းက ပြောသည်။

ခေါင်းလောင်းရှာဖွေရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မွန်လူမျိုးများ အပါအ၀င်
အများပြည်သူအား ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်း ဦးနိုင်ရဲဇော်က ပြောသည်။

မွန်လူမျိုးများအနေဖြင့် ဓမ္မစေတီခေါင်း လောင်းဆယ်ယူရေးကို အမျိုးသားရေးကိစ္စအဖြစ် သတ်မှတ်
စဉ်းစားတဲ့အတွက် ကော်မတီဖွဲ့စည်းကာ ဆယ်ယူမည့် ကျိုက်ထီးဆောင်း ဆရာတော်၊ အဖွဲ့အစည်း
များ၊ အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်သင့်သည့် အချိန်သို့ ရောက်နေပြီဟု သုံးသပ်
ကြောင်း ၎င်းက ဆိုသည်။

စာတမ်းဖတ်ပွဲသည် ခေါင်းလောင်းနှင့် ပတ်သက်သည့် သမိုင်းအယူအဆအသစ်တစ်ခုကို ဖော်ထုတ်
လိုက်ခြင်းဖြစ်သည်ဟု သုံးသပ်မိကြောင်းနှင့် ၎င်းအကြောင်းအရာအပေါ် ပုဂ္ဂိုလ်ရေးအမြင်ဖြင့်
မကြည့်ကြဘဲ အမှန်တရားတစ်ခု ပေါ်ထွက်လာစေရန် ၀ိုင်းဝန်း ကြိုးပမ်းသင့်ကြောင်းကို လာရောက်
လေ့လာသော အငြိမ်းစားအရာရှိ တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ခေါင်းလောင်းက ရေထဲမြုပ်ခဲ့သလား၊ မမြုပ်ခဲ့သလားဆိုတာ စဉ်းစားသင့်တဲ့ အချက်ပါ။
ဒါပေမဲ့လည်း ကျွန်တော်တို့ ရင်းနှီးခဲ့တဲ့ သမိုင်းအရ ခေါင်းလောင်းက တကယ်မြုပ်ခဲ့တယ်။
ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် မဆယ်နိုင်ဘူးထားပါ။ ရေထဲမှာ သူတို့ ညွှန်းခဲ့တဲ့
နေရာမှာ ခေါင်းလောင်းက တကယ်ရှိသေးလား။ မြစ်ရေကြောင့်ပဲ နေရာရွေ့သွား သလားဆိုတာ
စဉ်းစားစရာပဲ။ နောက် ပင်လယ်ထဲက တိုက်တန်းနစ်တောင် ရှာလို့တွေ့သေးတာပဲ။ ခေါင်းလောင်းကို
အခုခေတ်မှာ တွေ့ပါပြီဆိုတာလေး ချပြနိုင်ရင်ပဲကို ငြင်းခုန်ချက်တွေ ရှင်းနိုင်ပါတယ်"ဟု ၎င်းအရာရှိ
က ဆိုသည်။

ခေါင်းလောင်းပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းနှစ်မျိုး ရှိကြောင်း မွန်သမိုင်းကြောင်း လေ့လာချက်များ
အရ သိရသည်။

တစ်မျိုးမှာ ဓမ္မစေတီမင်း၏ အမတ်လေးပါးသည် အမြို့မြို့ တွင်ရှိသော အိမ်စာရင်းများကို ကောက်ယူ
သည့် အခါ ကြေးများပါယူလာကြောင်း မင်းကြီး သိသောအခါ တိုင်းသူပြည်သားများအား ပြန်ပေး
ခိုင်းသော်လည်း လက်မခံတော့ဘဲ လှူဒါန်းလိုက်သည့်အတွက် ရွှေတိဂုံစေတီတော်တွင် လှူဒါန်းရန်
ခေါင်းလောင်းသွန်းလုပ်ခဲ့သည်ဆိုသည်။

နောက်တစ်မျိုးမှာ ဓမ္မစေတီမင်းသည် ရှင်စောပုဘုရင်မကြီး၏ လှူရင်းမြေနေရာဖြစ်သော ရွှေတိဂုံ
စေတီတော်ရင်ပြင်တွင် လှူဒါန်းရန် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားများ ပါဝင်သော ခေါင်းလောင်းသွန်း
လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ငဇင်ကာမှ လက်နက်ပြုလုပ်ရန် သင်္ဘောနှစ်စီးဖြင့်ယူဆောင်သွားစဉ်
ဒေါပုံမြစ်ထဲသို ပြုတ်ကျ နစ်မြုပ်ခဲ့ကြောင်း သမိုင်းအရ သိရသည်။

၎င်းနောက်တွင် ခေါင်းလောင်းကို ဆယ်ယူရန် ကြိုးစားခဲ့သည်ဟူသော သမိုင်းအချက်အလက်များ
ထိကျစွာ မတွေ့ခဲ့ရပေ။

ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် ၁၉၈၇ ခုနှစ်တွင် ဦးကျော်ဦးဆောင်သော အဖွဲ့မှ
လည်းကောင်း၊ ၁၉၈၉ တွင် ဦးသိန်းထွန်းနှင့် အဖွဲ့ကလည်းကောင်း ကြိုးစားခဲ့သည်ဟု သိရသည်။

၁၉၉၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသား ဂျင်းဘလန့်က သုံးလအတွင်း ခေါင်းလောင်းရှာဖွေရန်
၁၁၅ ကြိမ် ရေငုပ်ခဲ့ဖူးသည်။

ခေါင်းလောင်းကြီးကို လက်ဖြင့် ထိတွေ့ခဲ့ပြီး ခေါင်းလောင်းအနီးတွင် သင်္ဘောပျက်ရှိကြောင်း
၁၆ ဒီဂရီ ၄၆ ဒသမ ၀၀၀ မိနစ်မြောက်နှင့် ၉၆ ဒီဂရီ ၁၂ ဒသမ ၁၃၀ အရှေ့တွင် တည်ရှိသည်ဟု
အခိုင်အမာ ပြောကြားခဲ့သည်။

အလားတူ ၁၉၉၇၊ ၉၈၊ ၉၉ ခုနှစ်များ ဦးစံလင်းမှလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီမှ လည်းကောင်း၊ ၁၉၉၈ တွင် ဒေါ်အေးသိန်းနှင့် အဖွဲ့မှလည်းကောင်း
ခေါင်းလောင်းကို ရှာဖွေဆယ်ယူရန် ကြိုးပမ်းခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ဩစတြေးလျနိုင်ငံ မှတ်တမ်းသတင်းရိုက်ကူးသူနှင့် စူးစမ်းရှာဖွေသူ မစ္စတာ
ဒါမီယန်လေးနှင့်အဖွဲ့ အသံလှိုင်း ပြန်ကိရိယာဖြင့် မြစ်ကြောင်းတစ်လျှောက် စကန်လုပ်ကြည့်သည့်
အခါ ခေါင်းလောင်းပုံ နှင့်အလွန်တူသော ပုံရိပ်တစ်ခုကို ဖမ်းရသည့်တိုင် ခေါင်းလောင်း ဟုတ်မဟုတ်
ကို မပြောနိုင်သေးကြောင်း ဆက်လက်ရှာဖွေရန် လိုအပ်ကြောင်းသာ ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ကျင်းပခဲ့သော ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင်
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထွန်းအံ့က
ရှေးခေတ်မွန်လူမျိုးတို့၏ လက်ရာတစ်ခုဖြစ်သော ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် အစီအစဉ် ရှိ၊
မရှိ မေးမြန်းခဲ့သည်။

ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန်အတွက်
စင်ကာပူနိုင်ငံ အက်စီမက်စ် အင်တာနေရှင်နယ်မှ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် အကုန်အကျခံ၍
သင်္ဘောများ ငှားရမ်းရှာဖွေရန် ကမ်းလှမ်းထားကြောင်းနှင့် နည်းပညာ၊ အတတ်ပညာ၊ ပညာရှင်အား၊
ငွေအင်အား လိုအပ်သော ပစ္စည်းကိရိယာများ ပြည့်စုံမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ရာ အဆိုပါ
ကုမ္ပဏီများနှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက် ရန်ရှိကြောင်း ဖြေကြားခဲ့သည်။

အလားတူပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော်
သတ္တမအစည်းအဝေးတွင်လည်း ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူရန် အကြောင်းနှင့်
ပတ်သက်၍ ထပ်မံမေးမြန်းခဲ့ရာ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းဆွေက ခေါင်းလောင်း
ဆယ်ယူရန် ကမ်းလှမ်းသည့် ကုမ္ပဏီ အနေဖြင့်လည်း ငွေကြေး၊ အတတ်ပညာပြည့်စုံပြီး အဆင်သင့်
ဖြစ်သော ကုမ္ပဏီ မဖြစ်သည့်အပြင် ပွဲစားသဘောမျိုးသာ ကမ်းလှမ်းသည့်အတွက် ပျက်ပြယ်သွား
ခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆယ်ယူရန် ကျိုက်ထီးဆောင်း
ဆရာတော်နှင့် စင်ကာပူမှ ကုမ္ပဏီတို့က ကြိုးပမ်းလျက်ရှိကြောင်း ကြားသိရသည်။

အခြားနိုင်ငံများမှ ခေါင်းလောင်းများနှင့် မြန်မာခေါင်းလောင်း၏ မတူသော ထူးခြားချက်တစ်ရပ်မှာ
ခေါင်းလောင်းထိုးသည့်အခါ အသံကွဲပြားခြင်း ဖြစ်သည်။

မြန်မာခေါင်းလောင်းများကို ထိုးသည့်အခါ ပဲ့တင်လှိုင်းသံ (တုန်ခါသံ)များကို ကြားရမည်ဖြစ်ပြီး
အခြားသော ခေါင်းလောင်းများတွင်မူ အသံပြတ် တစ်သံသာ ကြားရသည်ဟု တမ္ပ၀တီ ဦးဝင်းမောင်
က ရှင်းပြသည်။

မြန်မာခေါင်းလောင်းများမှာမူ သွန်းလုပ်စဉ်ကပင် လိုချင်သောအသံအယူအဆအတိုင်း ခေါင်းလောင်း
အထူအပါးကို ကြေးသွန်းပညာဖြင့် ညှိယူကြရသည်။

အလားတူ ကြေးမောင်းများကိုလည်း အဆိုပါနည်းပညာများဖြင့် အသံသာစေရန် ပြုလုပ်ရသည်။

မြန်မာ့ယဉ်ကျေးမှု အရ ခေါင်းလောင်းစာများကိုလည်း ထည့်သွင်း တတ်ကြသည်။

ရှေးခေတ်ခေါင်းလောင်းများတွင် ဖယောင်းနှင့် ခေါင်းလောင်းပုံသွင်းသည့် အချိန်တွင် ခေါင်းလောင်း
စာ ရေးထိုးခြင်းနှင့် ခေါင်းလောင်းသွန်းလုပ်ပြီးချိန်မှ စာပြန်လည် ရေးထိုးခြင်း နှစ်မျိုးရှိကြောင်း
လေ့လာတွေ့ရှိချက်များအရ သိရကြောင်း ဦးဝင်းမောင်က ပြောသည်။

မြန်မာ့ကြေးသွန်းပညာသည် ဆရာမှ တပည့် အမြင်၊ အကြားနှင့်သာ လက်ဆင့်ကမ်းနိုင်ခဲ့သည်။

ယနေ့ခေတ်တွင် ပညာရှင်အနည်းငယ်သာ ကျန်ရှိနေသော်လည်း အများက စိတ်ဝင်တစား
ထိန်းသိမ်းမှု နည်းပါးလျက်ရှိနေပြီး မကြာမီနှစ်များတွင် ပျောက်ကွယ်သွားနိုင်ကြောင်း ၎င်းက
ပြောသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်