Subscribe to our RSS Feed

ဇော်ဦး နှင့် ABSDF သမိုင်းမှန်

From : .. သန်းဝင်း (ABSDF အထွေထွေအတွင်းရေးမှူးဟောင်း )

အညိုရောင် ပင်စည်တွင် ကပ်နေသောအခါ ပုတ်သင်ညိုသည် အညိုရောင်အသွင် ပြောင်းသွားသည်။ အစိမ်းရောင်သစ်ရွက်များကြားတွင် ရောက်သွားသည့်အခါ အစိမ်းရောင် ပြောင်းသွားပြန်သည်။ ထိုသို့ အရောင်းပြောင်းလဲတတ်သည့် သတ္တိအစွမ်းပကားကြောင့် ပုတ်သင်ညိုကို အန္တရာယ်ပြုမည့်သူများ မတွေ့မမြင် ဖြစ်ရသည်။ သဘာဝက သူ့ကို အကာအကွယ်ပေးထားသည်ကိုး။

လူလောကတွင်းတွင်လည်း ပုတ်သင်ညိုကဲ့သို့ တနေရာမှ တနေရာကူးပြောင်းသည့်အခါ မူလ ရပ်တည်ချက်၊ ယုံကြည်ချက်တို့ကို စွန့်လွှတ်ခါ အရောင်ပြောင်းလဲသွားသူများလည်းရှိသည်မှာ ဓမ္မတာပင် ဖြစ်သည်။ စဉ်စစ် ထိုသူများသည် ယုံကြည်ချက်ကြောင့်သာ ပြောင်းလဲသွားခြင်းဖြစ်သည်။ ၎င်းတို့ ယုံကြည်သည်မှာ မိမိကောင်းစားရေးအတွက် ဘာမဆို လုပ်မည်ဆိုသည့် ယုံကြည်ချက်ကြောင့်ပင်ဖြစ်သည်။ တနည်းဆိုရလျှင် မိမိကိုယ်ကျိုးအတွက် အရာရာကို အသုံးချမည်ဟု ခံယူချက်ရှိသူများပင် ဖြစ်တော့သည်။

ကျွန်တော်တို့ တော်လှန်ရေး အဝန်းအဝိုင်းတွင် အရောင်ပြောင်းရာတွင် အတော်ဆုံးဟု ဆိုရမည့်သူ့မှာ ကိုဇော်ဦး ဖြစ်ပါသည်။ ပြည်တွင်းသတင်းစာများမှ ကိုဇော်ဦးကို ABSDF ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဟု ရေးသားကြသည်ကို တွေ့ရသည့်အတွက် ဤစာကို ရေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။

ကိုဇော်ဦးသည် ဘုရားသုံးဆူစခန်းသို့ ရောက်လာခဲ့ပြီး ဆေးကျောင်းသားတယောက် ဖြစ်သည့်အတွက် စခန်းမှ ကျောင်းသားများက ပညာတတ်တယောက်အဖြစ် အားကိုး အားထားပြုသူများထည်းတွင် တယောက်အပါအဝင် ဖြစ်ပါသည်။ ကျွန်တော် ကိုဇော်ဦးကို လူပုဂ္ဂိုလ်ရေးအရ မမုန်းပါ။ သူအောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကျွန်တော် စိတ်မဝင်စားပါ။ သို့ရာတွင် ကျွန်တော်တို့ လေးစားတန်ဖိုးထားသော ABSDF ၏ ခေါင်းဆောင်ဟောင်း တဦးဟု ပြည်တွင်းဂျာနယ်များတွင် ဖေါ်ပြခဲ့မှုကြောင့် မြန်မာပြည်သူများ ABSDF ခေါင်းဆောင်တွေဟာ အခုတော့လဲ အစိုးရနဲ့ ပလူးပလဲလုပ်နေကြပြီလားဟု အထင်အမြင်သေးသွားမည်ကို စိုးရိမ်သည့်အတွက် ဤစာ ရေးလိုက်ခြင်းဖြစ်ပါသည်။

ပထမတချက်မှာ ကိုဇော်ဦးသည် ABSDF ၏ ဘုရားသုံးဆူ စခန်းတခု၏ ခေါင်းဆောင်အဖြစ် တခဏတာမျှသာ လုပ်ခဲ့သူ ဖြစ်ပါသည်။ ဘုရားသုံးဆူစခန်းတွင် လုံးဝ မနေဘဲ ဘန်ကောက်တွင် ဝန်ကြီးချုပ်ဟောင်းဦးနုသား ဦးအောင်၏ အကူအညီ ထောက်ပံ့မှုဖြင့် တိုက်ခန်းငှါးနေခဲ့သူဖြစ်ပါသည်။ ဘုရားသုံးဆူ စခန်းသို့ ကားစင်းလုံးငှါး၍ တလတခါ ဆင်းလာတတ်ပြီး စခန်းရောက်သည့်အခါ စခန်း ကော်မီတီသို့ ငွေပေး၊ သူသောက်ရန် သောက်ရေသန့် ပုလင်းကို ဒါဇင်လိုက်ယူလာပြီး ခြင်ထောင် မွေ့ယာနှင့် နေထိုင်သူ ဖြစ်ပါသည်။ စခန်း ရဲဘော်များ ထိုစဉ်က သောက်ရေသန့် ပုလင်းကို သောက်ရန် မပြောနှင့် မြင်တောင်မြင်ဘူးကြသူများ မဟုတ်ပါ။ ထိုစဉ် ၁၉၈၈ ခုနှစ်က မြန်မာပြည်တွင် သောက်ရေသန့်ပုလင်းများ မပေါ်သေးပါ၊ ပြည်သူများ သောက်ရမှန်း မသိသလို၊ တောခိုလာကြသူများဖြစ်သော ကျွန်တော်တို့လည်း မသိကြပါ။

ကိုဇော်ဦးက ခြင်ထောင် မွေ့ယာနှင့် သောက်ရေသန့်သောက် ဇိမ်ကျနေစဉ် ကျနော်တို့က ကြမ်းတွင် အဝတ်ခင်း စမ်းချောင်းရေသောက်၊ ပုဆိုးခြုံ ကွေးနေရသည့် အနေအထားဖြစ်ပါသည်။ စခန်းတွင် ၁ ရက် ၂ ရက်နေပြီး စခန်းကော်မီတီဝင် ကိုတင်စိုးနောင်၊ ဒေါက်တာနိုင်အောင်တို့နှင့် ဘုရားသုံးဆူဈေးတွင် သောက်စားကြပြီးနောက် ဘန်ကောက်သို့ အတက်ချီကေ့ ချီးပုံးကို ဆွဲလိုက်တက်သွားပါတော့သည်။ သူပေးသော ငွေကို စခန်းကော်မီတီဝင်များက သောက်စားမူးရစ်နေစဉ် ရဲဘော်များ ငှက်ဖျားဒဏ်ဖြင့် အလူးအလဲ ဖြစ်သူဖြစ်၊ ဆရာဝန် လုပ်သူများက လူနာကို ဆေးမကုဘဲ တော်လှန်ရေးသမားကြီးများ ဂိုက်ဖမ်း၍ မူးယစ်သောက်စားနေကြသဖြင့် လက်သင် တပည့်များက ဒေါက်တာရမ်းကုလုပ်၍ ဆေးထိုး၊ တချို့ အပ်မသန့်၍ အတွင်း ပြည်လိုက်၍ ခွဲထုတ်ရသော လူနာများကလည်းရှိ၊ ငှက်ဖျားပိုး ခေါင်းထဲဝင်၍ မသေသင့်ဘဲ အသက်ဆုံးရှုံးသည့် သူလည်းဆုံးနှင့် ဘုရားသုံးဆူစခန်းတွင် ပရမ်းပတာ ဖြစ်နေခဲ့သည်မှာ စိတ်ထိခိုက်စရာ ကောင်းလှပါသည်။

ကိုဇော်ဦးသည် ဘန်ကောက်နှင့် စခန်းကို တလတခါ ကူးလာခေါက်ပြန် သွားသည့်အပြင် တဖက်မှလည်း ဦးအောင်၏ ဒညတ အတွင်းရေးမှူးနေရာကို လျှို့ဝှက်စွာ ယူထားလိုက်ပြန်ပါသည်။ ထိုစဉ်က ဗဟိုဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်က ကျနော်တို့ကို ပြောခဲ့ဘူးပါသည်။ ကိုထွန်းနှင့် ဦးရဲထွန်း (ကွယ်လွန်) တို့ အင်းစိန်ထောင်ထဲတွင် တခန်းတည်းနေပြီး အလွန်ရင်းနှီးကြသည်။ ဦးရဲထွန်းယောက်ဖ ဦးဇာလီမော်သည် ကိုအောင်တို့ ဒညတ၏ ခေါင်းဆောင်တဦးဖြစ်သည်။ ဦးရဲထွန်း၏ ပြောပြချက်အရ ဦးဇာလီမော်က ကိုထွန်းအောင်ကျော်အား သူ့ယောက်ဖ လူဟုထင်ပြီး စံခရဘူရီတွင် ဦးဇာလီမော်နှင့် ဇော်ဦးတို့ အတူရှိနေစဉ် ဦးဇာလီက ကိုထွန်းအောင်ကျော်အား “ကိုထွန်းအောင်ကျော်ရေ မောင်ဇော်ဦးက အန်ကယ်တို့လူဘဲ၊ သူလည်း အတွင်းရေးမှူးတယောက်ဘဲ” ဟု ပြောလိုက်သည့်အခါ ဇော်ဦး အတော်မျက်နှာပျက်သွားပြီး စကားမပြော နိုင်အောင် ဖြစ်သွားသည်ဟု ဆိုခဲ့ဘူးပါသည်။ ကိုထွန်းအောင်ကျော်ကို ဟုတ်မဟုတ် မေးကြည့်နိုင်ပါသည်။

ထိုအခါမှ ကိုထွန်းအောင်ကျော်က ဇော်ဦးဟာ နှစ်ဖက်နင်းထားသူဖြစ်ကြောင်း ရိပ်မိသိရှိခဲ့သည်ဟု ပြောခဲ့ပါသည်။ ထို့အပြင် စခန်းရဲဘော်များ မျှစ်ချိုး၊ မီးသွေးဖုတ်နှင့် စားဝတ်နေရေး ဖြေရှင်းရင်း တနေ့ စစ်သင်တန်းတက်ရနိုး တနေ့ သေနတ်ရနိုး စောင့်စားလျက် ရှိစဉ်၊ ဦးဇာလီမော်နှင့် ဦးအောင်နုတို့က ၎င်းတို့ ဒညတစခန်းတွင် ဖောက်ခွဲရေးသင်တန်းပေးမည် တက်လိုသူများ လာရောက်တက်နိုင်သည်ဟု ပြောသည့်အခါ ကိုဇော်ဦးမှ စခန်းမှ ရဲဘော်များကို မေးမြန်း၍ ၅ ယောက်တဖွဲ့ ဒညတ စခန်းသို့ လွှတ်ပေးခဲ့ပါသည်။ ထို့သို့ လွှတ်ပေးသည့်အတွက် ဒညတစခန်းတွင် လူများရောက်ရှိလာပါသည်။ ရောက်ရှိလာသော ရဲဘော်များကို ငါးသေတ္တာဗူးများနှင့် ကျွေးမွေးသည့်အတွက် ထိုသူများ သင်တန်းတက်ပြီးသော်လည်း စခန်းသို့ ပြန်မလာကြတော့ပါ။ ဒညတမှ ထိုကဲ့သို့ သင်တန်းအကြောင်းပြ၍ ABSDF ရဲဘော်များကို ဖဲ့ထုတ်ပြီး အစာနှင့်တမျိုး အနေအထိုင်ကောင်းမှုနှင့်တမျိုး စည်းရုံးခဲ့ခြင်းကို သိသိကြီးနှင့် ကိုဇော်ဦးမှ အားပေးကူညီ၍ လူများ ပေးပို့ခဲ့သည်။ ထိုအတွက် ဦးအောင်မှ ဇော်ဦးအား လူတသုတ်ပို့တိုင်း ဘတ်ငွေ ၅ သောင်း ထုတ်ပေး၍ ဆုချသည်ဟု ကြားသိရပါသည်။

ABSDF ရဲဘော်အများစုမှာ ငတ်ပြတ်နေသော်လည်း ယုံကြည်ချက်ဖြင့် ဒညတကိုလည်းကောင်း၊ မွန်ပြည်သစ်ကိုလည်းကောင်း၊ ကေအင်ယူကိုလည်းကောင်း မပြောင်းလဲဘဲ ကြံ့ကြံ့ခံနေခဲ့ကြသည်မှာ ယနေ့အထိ ဂုဏ်ယူလို့ မဆုံးပါ။ ဇော်ဦး၏ နှစ်ခွ လုပ်စားနေမှုကို သိမြင်လာကြသဖြင့် နောက်ဆုံး ဇော်ဦးကို ခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်၍ ဆေးကျောင်းသား အောင်သူငြိမ်းကိုသာ စခန်းဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ကြပါသည်။ သို့ရာတွင် ဇော်ဦးနှင့် ကျေးဇူးမကင်းသည့် ဒေါက်တာနိုင်အောင်က ABSDF အရေးပေါ် ညီလာခံအပြီးတွင် ဒုဥက္ကဋ္ဌနေရာ အရွေးခံရပြီးနောက် ဗဟိုတွင် မနေဘဲ စခန်းသို့ ပြန်လာ၍ နှပ်နေစဉ်၊ ဗဟိုဒုဥက္ကဋ္ဌရာထူး အရှိန်အဝါကိုယူ၍ မွန်ပြည်နယ် ABSDF ကော်မီတီကို ဖွဲ့စည်းခဲ့ပြန်ပါသည်။ ၁၀၁ ဥက္ကဋ္ဌ ပြုတ်သွားသည့် ဇော်ဦးကို ၁၀၁ နှင့် ၁၀၂ စခန်းနှစ်ခုပေါင်း မွန်ပြည်နယ် ABSDF ဥက္ကဋ္ဌအဖြစ် ဒေါက်တာနိုင်အောင်က တင်ပေးလိုက်သဖြင့် ရဲဘော်များအားလုံး ဒေါသူပုန်ထသည်အထိ ဖြစ်ခဲ့ရပြန်သည်။

ကိုအောင်သူငြိမ်း၊ ကိုဝင်းမင်းတို့မှာ ဆေးကျောင်းသားများဖြစ်ပြီး ဇော်ဦးတို့ အုပ်စုကို အပြတ်ဆန့်ကျင်ရဲသူများ ဖြစ်ကြပါသည်။ ထိုကြောင့် ကိုအောင်သူငြိမ်းကို စခန်းရဲဘော်များက ဥက္ကဋ္ဌအဖြစ် ရွေးခဲ့ကြပြီး ကိုဝင်းမင်းကိုမူ မင်းသမီးစခန်းတွင် ဆေးကုသနိုင်သူမရှိသဖြင့် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နှင့် မင်းသမီးစခန်းဥက္ကဋ္ဌ ကိုအောင်သန်းဝင်းတို့က မင်းသမီးစခန်းသို့ အမိန့်ဖြင့် ပို့ပေးခဲ့ပါသည်။ ကိုဝင်းမင်းတယောက် မလိုက်ချင်ဘဲလျက် အမိန့်ကို နာခံပြီး လိုက်သွားခဲ့ရပါသည်။ ထို့ကြောင့် တချိန်တွင် မင်းသမီးစခန်းမှ ရှားရှားပါးပါးး ရလာသည့် ဆေးကျောင်းသား ကိုဝင်းမင်းကို နေ့ချင်းညချင်း ဒေါက်တာဘွဲ့ပေး၍ ဒေါက်တာဝင်းမင်းအဖြစ် တလေးတစား နေရာပေးခြင်း ခံရပြီး ဆရာဝန်ကြီး ဖြစ်သွားခဲ့ပါတော့သည်။

ဇော်ဦးသည် ငွေထွက်သည့် နေရာကို သိသည်။ ထိုနေရာသို့ ဘယ်လိုသွားရမည်ကို နားလည်သည်။ သူ့တွင် ထိုအရည်အချင်း ရှိသည်မှာ သူ့လုပ်ရပ်များက သက်သေပြလျက် ရှိသည်။ ပထမ ABSDF တွင်ရှိစဉ် စခန်းဥက္ကဋ္ဌနေရာကို ယူ၍ ဘန်ကောက်တွင်ရှိသော ဦးအောင်၊ ဦးတင်မြင့်ဦး၊ ဒေါ်မင်းမင်းတို့နှင့် တွေ့ပြီး စခန်းအတွက် အကူအညီတောင်းသည်။ ရလာသည်ကို စခန်းကိုပြန်ပေး၍ မျက်နှာလုပ်သလို သူ့အိတ်ထဲလည်း ထည့်သည်။ ဘယ်လောက်ရလာသည်ဟု သူ့ပါးစပ်ပြောဘဲ သိရသည်။ စာရင်းအင်းမရှိ။ ရဲဘော်များက ငွေရှာပေးလာသည်ကိုဘဲ ကျေးဇူးတင်နေရသည်။ တဖက်မှလည်း ငွေရွှင်နေသော ဒညတကို ခြေစုံပစ်ဝင်လိုက်ပြီး ဖေါဖေါသီသီ သုံးစွဲနိုင်ခဲ့သည်။

စခန်းမှ မိန်းကလေးများကို တယောက်ပြီးတယောက်ဘန်ကောက်တွင် ဆေးကုပေးမယ်ဟု ပြောပြီး ခေါ်သည်။ ဘန်ကောက်မရောက်ခင် လမ်းတွင် KNU မှ ဖွင့်ထားသော တပ်မ (၄) ပိုင် တည်းခိုခန်းတွင် ဝင်၍ တယောက်ခန်းငှါးပြီး ၃ ရက် ထိုခေါ်လာသောမိန်းကလေးနှင့် အတူနေသည်။ ထို့နောက် ဘန်ကောက်တက်လာပြီး အဝတ်အစား ဝယ်ပေးသည်။ ပြီးလျှင် ပြန်လာပြီး ထိုတည်းခိုခန်းတွင် ထပ်တည်းပြန်သည်။ ဇော်ဦးခေါ်သွားသည့် မိန်းခလေးများအမည်ကို သိရှိသော်လည်း ယခုအခါ အိမ်ထောင်သည်များ ဖြစ်နေပြီဖြစ်၍ ထုတ်ဖေါ်မပြောလိုတော့ပါ။ KNU ကန်ချနဘူရီ တည်းခိုခန်းတွင်ရှိသည့် KNU ဗိုလ်ကြီး Leonal (လိုင်နယ်) ယခု အမေရိကန်တွင် အီလီနွိုင်းပြည်နယ်၌ (ကွယ်လွန်) က ကျွန်တော့်ကို ခရစေ့တွင်းကျ ပြောပြဘူးသည်။ ဥက္ကဋ္ဌကိုထွန်းအောင်ကျော်ကလည်း သူ့အား ဖဒိုလိုင်နယ်က ဧည့်စာရင်းစာအုပ်ကို ဖွင့်ပြ၍ “ခင်ဗျားတို့ စခန်းခေါင်းဆောင်တွေ လုပ်နေကြတာ ကြည့်ပါအုံးဗျာ” ဟု ဆိုပြီး ပြခဲ့သဖြင့် အံ့သြစွာ အကျင့်ပျက်နေမှုတို့ကို သိခဲ့ရသည်ဟု အတည်ပြုခဲ့ပါသည်။

ABSDF မွန်နယ်မြေ ဥက္ကဋ္ဌ အဖြစ်ကို ဇော်ဦးအား ဒေါက်တာနိုင်အောင်မှ သူ၏ ဗဟိုဥက္ကဋ္ဌ အရှိန်အဝါ သုံး၍ တင်ပေးသော်လည်း စခန်းရဲဘော်များက လက်မခံသဖြင့် နောက်ဆုံးကိုဇော်ဦးတယောက် ပြောင်ပြောင်တင်းတင်း ဒညတသို့ ပြောင်းသွားခဲ့သည်။ ဒညတ ငွေခန်းလာသည့်အခါ ဒညတကို ကျောခိုင်း၍ အမေရိကသို့ ထွက်သည်။ ထိုနောက် ကျောင်းတက်ပြီး ကျောင်းပြီးချိန်တွင် ဒေါက်တာသောင်းထွန်းကို ချဉ်းကပ်၍ ၎င်း၏ ထောက်ခံမှုဖြင့် ညွန့်ပေါင်းအစိုးရထံတွင် Burma Fund ၏ အလုပ်အမှုဆောင်ဒါရိုက်တာ နေရာကို ယူပြီး ကောင်းစားနေပြန်သည်။ ဇော်ဦး တယောက် ငွေတွင်းပေါ်တွင် ထိုင်ပြီး လခကောင်းကောင်း တဖက်မှ ယူရင်း (တနှစ် ဒေါ်လာ ၆ သောင်း) တဖက်မှလည်း NCGUB ကို ထောက်ပံ့နေသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုကို ရယူသည်။ ကိုဇော်ဦး အနေနှင့် ငွေရနိုင်မှုကို လုပ်ရင်း ကိုင်ရင်း မြင်လာသည်။ အဆက်အသွယ်တွေ ရသလောက် ရလာသည်။ ထို့အပြင် သူ့ဦးလေးတော်စပ်သည့် ယခင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်သူ ဦးလင်းမြိုင်နှင့်လည်း ပူးကပ်ထားခဲ့သည်။

ထိုနောက် အခြေအနေပေးလာသည်နှင့် (Burma Fund) မှ ထွက်လိုက်သည်။ ထို့နောက် ချိတ်ဆက်ထားသည့် ထောက်ပံ့ရေးအဖွဲ့များနှင့် ဆင့်ပွါး သိလာသည့်အဖွဲ့များ၏ ထောက်ပံ့မှုဖြင့် ဗဟုဆိုသော အဖွဲ့ကို ဦးစီးပြီး ဖွဲ့စည်းလိုက်သည်။ ABSDF ကို နင်း၍ ငွေတွင်းနောက်သို့ လိုက်စဉ် ပထမ ဒညတ၊ ဒုတိယ NCGUB နှင့် Burma Fund ၊ တတိယ ဗဟု (ကိုယ်ပိုင်) ဖြစ်သွားသည်။

ဗဟုအဖွဲ့ကို ဟားဗတ်တက္ကသိုလ်သို့ တော်လှန်ရေးသမားခေါင်းဆောင်များအဖြစ် ဖိတ်ကြားသဖြင့် သွားရောက် တက်ခဲ့ပြီး ၈ လ သင်တန်းအပြီးတွင် ဂုဏ်ထူးဆောင်ဘွဲ့ကို ယူလျက် မိမိတို့သည် ဟားဗတ်ကျောင်းဆင်းများ ဖြစ်သည်ဟု ကြွေးကျော်လာသူ သုံးယောက်ကို အလွယ်တကူ စည်းရုံးပြီး လခစားများအဖြစ် သိမ်းသွင်းလိုက်နိုင်ခဲ့သည်။ ၎င်း ဂုဏ်ထူးဆောင် မာစတာဘွဲ့ (တကယ်ရသော ဘွဲ့မဟုတ်) ရများသည် အောင်နိုင်ဦး၊ ဝင်းမင်းနှင့် အောင်သူငြိမ်းတို့ ဖြစ်ကြသည်။ တချိန် ဇော်ဦး အကျင့်ပျက်ချစားမှုကို ခါးခါးသီးသီး တိုက်ခဲ့ကြသော သူများက ယနေ့ ဇော်ဦး စီမံခန့်ခွဲမှုအောက်တွင်နေပြီး အပိုးကျိုးနေကြသည်မှာ ရယ်စရာတော့ ကောင်းသည်။ ဇော်ဦးက ဒီနေရာတွင် အလွန်တော်သည်။ ပိုင်သည်။ သူ့ကို ဥက္ကဋ္ဌရာထူးမှ ဖြုတ်ချပြီး ဥက္ကဋ္ဌနေရာ တက်ယူခဲ့သည့် အောင်သူငြိမ်း ယနေ့ သူ့အုပ်ချုပ်မှုအေက်တွင် သူ့လခစား ဖြစ်နေသည်။ တုတ်တုတ်မလှုပ်ရဲ။ ဇော်ဦးပြောချင်သည်တို့ကို သူရော၊ ဝင်းမင်းရော အသံထွက်ပေးနေရသည်။ စီးပွားရေး ပိတ်ဆို့မှု မလုပ်သင့်တော့ဘူး၊ ပူးပေါင်းဆောင်ရွက်ရမည်၊ ရွေးကောက်ပွဲဝင်ရမည်ဆိုသည်ကို သူတို့ ပါးစပ်ဖျားမှ မချ။ ထို့အပြင် ပြည်တွင်းမှ လူငယ်၊ ရဟန်းပျို၊ လူကြီး လူလတ်မရွေး ခေါ်ထုတ်ပြီး ချင်းမိုင်တွင် ရွေးကောက်ပွဲ အကြိုသင်တန်းပေးခြင်းများကိုလုပ်သည်။ သန်းရွှေတို့ကပြည်တွင်းမှထွက်လာ၍သင်တန်းတက်သူများကိုမျက်စိ မှိတ်ထား ပေးသည်။ ဖမ်းဆီးခြင်းမပြု ရွေးကောက်ပွဲကိုအားပေးသည်လုပ်ရပ်ဖြစ်တာကြောင့်ကြိုက်သည်။့

နေဝင်းမောင်အုပ်စု၊ ဟန်းညောင်ရွှေအုပ်စုတို့နှင့် ချိတ်ဆက်သည်။ ဒေါ်စု ခေါင်းမာသည်ဟု ပြောကြသည်။ အောင်နိုင်ဦးက အဆိုးဆုံးဖြစ်သည်။ သူ့မိန်းမ ရှိုနာက ပရောဂျက် ကိုင်သည်။ သူက ပရိုပိုဆယ်Proposal ရေးပြီး လျှောက်သည်။ ဒေါ်စုကို အပြင်းအထန်ဆုံး ဝေဖန်သည်။ မိမိကိုယ်ကို မြန်မာ့အရေးကျွမ်းကျင်သူဟု ဆိုသည်။ ဝင်းမင်းကလည်း တမှောင့် စစ်ရေးလေ့လာသူ ဆိုပြီး လုပ်လာပြန်သည်။ အော်... ခက်ပါလား။ သတင်းသမားတွေကလည်း မြှောက်ပေးသည်။ ဘယ်လိုဘွဲ့မျိုးနှင့် ဟားဗတ်က ပေးလိုက်သည်ကို မသိ၊ ဟားဗတ်ဆိုတာနှင့် ကျွမ်းကျင်ပညာရှင်ကြီးများဘဲဟု ယုံလိုက်သည်။ ဖြစ်မှဖြစ်ရပလေ။ ဟားဗတ်သည် ဟားစရာ ဘတ်တံဆိပ်ကြီးနဲ့ ပါလားကရို့ဟု ဘုရားစူးပါရစေရဲ့ ဟားဗတ်ဖြစ်သည်။

သြော်... ဒီမိုး ဒီလေ၊ ဒီလူတွေ၊ ဒီမီဒီယာတွေနဲ့ ဘယ်လို လုပ်ကြမတုံး။

ဟော...၊ အခုကြည့်၊ ဇော်ဦးကဦးသိန်းစိန်မခေါ်ခင်ကတည်းက ပြည်တွင်းကို ဥဒဟို ဝင်စို့ထွက်စို့ လုပ်နေခဲ့တာ။ ဦးသိန်းစိန်ခေါ်မှ မဟုတ်၊ သူ့ဦးလေး လင်းမြိုင်က လမ်းဖွင့်ပေးပြီးသား။ ကျနော့်အမြင်တော့ အခု ဦးသိန်းစိန်က ပြည်ပက လူတွေ ပြန်လာကြပါလို့ဆိုတာ သူတို့ အုပ်စုကို ရည်ညွန်းနေသလိုဘဲ။ ဒီလိုဆိုရင် အောင်သူငြိမ်းတို့၊ အောင်နိုင်ဦးတို့ ဟားဗတ်ပုဂ္ဂိုလ်များလိုလို ပညာရှင်လိုလို ကဝိလိုလိုများ…. ပြန်ကြအုံးတော့မယ် ထင်ပါရဲ့လို့ ပြောရင်း နိဂုံးချုပ်လိုက်ပါသည်။

နေသည် အနောက်မှဝင်၍ အရှေ့မှ ပြန်ထွက်လာသကဲ့သို့ အမှန်တရားပျောက်ကွယ်မှုသည် တခဏ တာသာ ဖြစ်သည်။ ဤစာသည် ပုတ်သင်ညိုများ အရောင်ပြောင်းနေမှုကို မီးမောင်းထိုးပြနိုင်လျှင် ရေးရကျိုး နပ်ပါသည်။

အားလုံးကိုလေးစားလျက်

သန်းဝင်း (ABSDF အထွေထွေအတွင်းရေးမှူးဟောင်း )

Tel: 727-656-8922

.. www.MyanmarExpress.net
 

8 comments:

ဇော်​ဦး ကိုသတိထားကြပါဗျို့
အခုလိုရှင်းပြတာ​ကျေးဇူးပါ

အဲ့ဒီ ဒီမိုသူခိုးစာရင်းထဲက ကောင်တွေက
အစိုး၇ကလူ့အခွင့်အေ၇းချိုးဖေါက်နေပါတယ်လို့ပြောပီး တောင်းစား၇င်း ချမ်းသာသွားတာပေါ့
ဒီတော့ နိုင်ငံတော်အေးချမ်းသာယာတိုးတက်သွား၇င်
သူတို့ဆက်ပီးတောင်းစားလို့မ၇မှာကိုစိုး၇ိမ်ပီး
နိုင်ငံတော်အေးချမ်းသာယာတိုးတက်မသွားအောင်အမျိုးမျိုးဖျက်ဆီးနှောက်၇ှက်နေကြတာ
နိုင်ငံတော်ကိုနာမည်ဖျက်နေကြတာ စော်ကားနေကြတာ

အဲ့ကောင်တွေကို မြန်မာပြည်ကိုဝင်ခွင့်မပေးသင့်ပါဘူး


၈၈၈၈ ရုံးခန်းမှာ ညစာစားခဲ့သော ကြောင်စုန်းကြီးများ (သို့) နောက်ဖေး အိမ်မလွယ်ပေါက်မှ လာသောဧည့်သည်များ

ရထားဝန်ကြီး၏ အထူးဧည့်သည်များ

မြန်မာတွေ လိုက်လျှောသည်းခံ အားနာတတ်တဲ့စိတ်က ကမ္ဘာကျော်သည်။ နိုင်ငံများစွာကို သွားနိုင်အောင် ချိတ်ဆက် ထားသော ခရီးရှည် ရထားများကို အစုန်အဆန်စီးပြီး ခရီးသွား ရထားဆောင်းပါးများဖြင့် ကမ္ဘာကျော်ခဲ့သော ပေါလ် သရိုးက သူရောက်ဖူးသမျှ နိုင်ငံတွေအားလုံးထဲမှာ မြန်မာပြည်က လူတွေလောက် ဒုက္ခကို ခါးစည်းခံနိုင်တဲ့လူမျိုး မတွေ့ ဖူးသေးဟု ပြောဖူးသည်။ ဤဆောင်းပါးသည် ရထားအကြောင်းမဟုတ်။ ရထားတွေစီးရင်း ဘ၀တက္ကသိုလ်ခရီးသွားတဦး ဖြစ်လေသည့် ပေါလ်သရိုး အကြောင်းမဟုတ်။ မြန်မာပြည်က ရထားဝန်ကြီးနှင့် အခါခါလက်ဝါးရိုက်ပြီး ပြည်တွင်းပြန် ရောက်နေသော ကြောင်စုန်းကြီးအချို့က၊ သူတို့နှင့် လားလားမဆိုင်သော ၈၈၈၈ ရုံးခန်းကို အိမ်နောက်ပေါက်က၀င်ကာ တိုင်းပြည်နှင့် အတိုက်အခံ လောကကို ရည်ရွယ်ချက်ကြီးတွေဖြင့် အကွက်ချ ဆက်ဖျက်ဆီးမည့် လူ့ကပ်ပါး ဖေါက်ပြန် ရေးသမားများတို့အကြောင်း ဖြစ်သည်။


ကိုမိုးသီး၏ ဆန်ဇေးရှင်းနယ်အချိန် ဆိုက်ရောက်ခြင်း Sensational Week

သူကတော့အများသိပြီးဖြစ်တဲ့အတိုင်းပွဲဆူစေသည်။ ဆန်ဇေးရှင်းနယ်ဖြစ်စေအောင် နေတတ်ထိုင်တတ် ပြောတတ်ပါ သည်။ သူအနေအထိုင်မတတ်၍ ၈၈၈၈ သမိုင်းနှင့်ဝေးသောသူများကပင် သတင်းစောင်ရေများအောင်၊ သူ လက်လှုပ် ခြေလှုပ်လေးတွေကအစ တခုတ်တရ ဆောင်းပါးရေးကြသည်။ (တခါမှ ကြမ်းကြမ်းတမ်းတမ်း မဝေဖန်ဖူးသော သူုတွေ ကပါ ဆွမ်းကြီးဝင်လောင်းကြသည်) လေသာပြူတင်းမှာ ရပ်၍ မိန့်ခွန်းလည်း ချွေတတ်သည်။ လူတွေက သူ့အကြောင်း လိုက်ကြရေးကြသည်။ ဒီိတော့ နိုင်အောင်၊ သောင်းထွန်း၊ ဇော်ဦး အညစ်ပတ်ဆုံး ခြေကြီးလက်ကြီးများက ပျောက်နေ သည်။

ပိုပြီးညစ်ပတ်လေသည့် လေဘာ ပြည်သစ်ညွန့်ဝေ (၀ါ) မောင်မောင်ကြီးကလည်း ခပ်ကုတ်ကုတ်နဲ့ ဒီနေ့ ရောက်လာ သည်။ မိချောင်းမျက်ရည်လား ဘာလား တစ နှစ်စ သောမျက်ရေ သူ့မျက်ဝန်းမှာတွေ့လိုက်ပါသေးရဲ့။ အို.. ၀ိုင်းတော် သားတို့ စုံကြပြီ။ သူတို့ကလဲ ခေသူတွေမဟုတ်။ ၀ူးဝူးဝါးဝါး အော်ဆဲချင်သူတွေ၊ ဉာဏ်နိမ့်သော သူတွေကို မိုးသီးနှင့် လွှတ်ပေးထားပြီး သူတို့က သီးသန့် ကြံနေကြသည်။ မီဒီယာကလည်း နိုင်အောင်ကို သက်သာစေသည်မို့ နဲနဲတော့ အံ့သြမိသည်။ သတင်းထောက်ဆိုတာ လူတကာသိပြီးသားတွေကို စာစီပေဖွဲ့နေမဲ့အစား၊ အဖုံးအုပ်ထားတဲ့ အိုးထဲက အရာတွေကိုသာ လူတွေတွေးမိအောင် စဉ်းစားမိအောင်ရေးပြသင့်သည်ဟု ယူဆထားပါသည်။ ပြည်တွင်းမှာ ဘယ်တုန်း ကမှ ပရိတ်သတ်မရှိသူတို့က သူတို့ ခြေရွှေ့ကွက်တွေကို အထူးညက်ညောစွာ ဆင်ထားနိုင်ကြသည်။ အချောင်သမား တစုက ၈၈၈၈ အားလုံးကို တလွှာစီ တစစီ ဖျက်စီးဖို့ အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်လေမည့် အကြံကြီးဖြစ်သည်။ အန္တရာယ်အစစ်ကို ပြည်သူတွေကို ပြောမှဖြစ်မည်ဟု ယူဆသောကြောင့် ဒီစာရေးဖြစ်သည်။


အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်၊ ကြောင်စုန်းကြီး (၂) ကောင်ဖြစ်သော လူသတ်သမား နိုင်အောင်၊ သောင်းထွန်းတို့ ခြေဖျောက်ဝင်၊

အေဘီ မြောက်ပိုင်းစခန်း လူသတ်မှု များအကြောင်း စုံလင်စွာထွက်လာသည့် အချိန်ကစလျှင် ခု ၉လ နီးပါးရှိပြီ။ လူသတ်သမားတွေ၏ လက်တွေခြေတွေကို ခိုင်ခိုင်တုပ်နိုင်သော အခြေအနေသည် ရာသီရောက်၍ ပေါ်လာသည့် အခွင့်အ ရေးမဟုတ်။ ရာဇ၀တ်မှုကြီးများကို စိမ်ပြေနပြေ ကျူးလွန်ထားပြီးလျှင်၊ ရာဇ၀တ်မှုမြောက်ပြီးသား ဖြစ်နေပြီး၊ ရင်မဆိုင် လိုသော ရာဇ၀တ်သားက တွန့်ဆုတ် ရှောင်ပြေး၊ ပတ်လည်ပြေး တပြေးထဲပြေးနေရသရွေ့ မှန်ကန်သောသူတွေဖက်က စိတ်ဓါတ်အရနိုင်ပြီးသားဖြစ်သည်ဟု တွက်လို့ရသည်။ သို့သော် ရာဖ၀တ်သားက သူဆက်ပြေးလို့မရတော့ဘူးလို့ သိသွား လျှင် လိုက်သောသူတွေဖက်ကလည်း မြေခွေးလိုက်ပွဲကို မရပ်သေးဘူးဆိုလျင်၊ မျက်နှာချင်းဆိုင်ဆုံရမဲ့အချိန် တခုမကြာ ခင်ကြုံရတော့မည်ဟု ထင်မိသည်။ ဤအချိန်နေရာကိုရောက်လျှင် သစ္စာသမားတွေကို တနည်းနည်းဖြင့် တရားစောင့် သော နတ်က ကူညီလိမ့်မည် ယုံဆဲဖြစ်သည်။

သူတို့ကို မရသေးတာက အချိန်မသင့်သေးတဲ့ အပိုင်း ကတပိုင်း၊ သူတို့မှာအကာအကွယ်တခုခု ရထားလေသလားဆိုတဲ့ အပိုင်းကတပိုင်း ဖြစ်နိုင်သည်။ ပြောင်းမရတဲ့ ခိုင်မြဲနေမဲ့ အမှန်တရားကို အခွင့်အရေး အခွင့်အလန်းလို့ မြင်လို့မဖြစ်။ ခု အခွင့် ရှိရှိ မရှိရှိ အမှန်က အမှန်အတိုင်းပဲ သမိုင်းမှာတည်နေမှာ ဖြစ်သည်။ ဒါကြောင့်ပဲ လူ့ကပ်ပါး။ လူသတ်သမားတို့ သည် ၈၈၈၈ ရုံခန်းအတွင်းကို နောက်ဖေးပေါက်က ၀င်သွားခြင်း ဖြစ်သည်။ မည်သည့်သတင်းထောက်က ဒီအိမ်နောက် ဖေးမှာ ဈေးဆိုင်တည်မည့် သူတွေအကြောင်း ရီရအာင် ဖွဲ့ဖွဲနွဲ့နွဲ့ မပြော၍ နဲနဲအံ့အားသင့်မိသည်။

လူတွေအများကြီးသတ်ခဲ့သော အေဘီ ဥက္ကဋ္ဌဟောင်း နိုင်အောင်က က ၈၈၈၈ ရုံးခန်းကို နောက်ဖေးပေါက်က တက်သည်။ အကြံပေး သောင်းထွန်းက ကိုမင်းကိုနိုင် အတွက် ဆုတခုယူလာပြီး ပီအာ လုပ်ပြသွားသည်။ ဦးကိုကိုကြီး၊ ကိုမင်းကိုနိုင် တို့က သောင်းထွန်း၊ နိုင်အောင်နဲ့အတူ မနေ့က ၈၈၈၈ ရုံးခန်းမှာ ညစာတူတူစားကြသည်ဟုကြားလိုက်ရသည်။ သူတို့ထိုင်သွားတဲ့နေရာကို နို့နဲ့ တောင်ဆေးချင်တယ်လို့ လူငယ်လေးတယောက်က သူ့ခံစားချက်တွေကို သူ့အီးမေးထဲမှာ ပြောသည်။ ၈၈၈၈ ရုံုးခန်းနောက်မှာ ခိုးချောင်ခိုးဝှက် ဈေးဆိုင်တည်မဲ့ သူတွေမို့ သူတို့က အကြိမ်ကြိမ်လာမှာ။ဒီတော့ ခဏခဏ နို့တွေနဲ့ဆေးနေရမှာပေါ့လို့ ခပ်ပေါ့ပေါ့ပဲ ပြန်ပြောလိုက်သည်။

ဤသို့ဖြင့် ကြောင်စုန်းကြီးများ သည် ၈၈၈၈ အိမ်နောက်ဖေးက ၀င်ခဲ့သည်။ ပြီးတော့ ခြေဖျားထောက်ပြီး သားကောင်ရှာ သကဲ့သို့ ညင်ညင်သာသာလေး ၀ပ်ဝပ်လေး ဂုတ်လျို မျက်လုံးဒေါင့်ကပ်ကြည့်ပြီး ၀င်သွားကြတော့သည်။ (ကြောင်စုန်း ကြီးတွေ အ၀င်ကျွမ်းလေ၍ ဟိုတယောက် ကိုမိုးသီး လိုလည်း အဆဲမခံရ။) ကံက ကောင်းလေတော့ ကြောင်စုန်း နိုင်အောင် သောင်းထွန်း တို့က မီဒီယာစက်ကွင်းမှာ လုံးဝ အဆဲမခံရဘဲ၊ ၈၈၈၈ ထိပ်သီးတွေနဲ့ ညစာတောင်တူတူ စား လိုက်ရသေးသည်။ အမေရိက က လာတာချင်းအတူတူ ဟိုအုပ်စုနဲ့ တမူထူးကာ သူတို့က ရောင်းစရာအိုင်ဒီယာတွေကို လူမမြင်ရတဲ့ အိတ်မဲကြီးထဲ ထည့်ယူလာပုံရသည်။ အမြတ်ထွက် နိုင်ငံရေးဈေးကွက် အစီအစဉ်တွေကို ဒီိကြောင်စုန်း ၂ ကောင်က အကွက်တွေ ဇယားတွေနဲ့ ချပြရန်ရှိသည်။ ကိုမင်းကိုနိုင်တို့ သဘောကောင်းပုံကတော့ စာဖွဲ့လောက်ပါသည်။ လူသတ်သမားတွေနဲ့ တွဲထိုင်ရသည်။ သူတို့က နိုင်ငံခြားပြန်ဆရာကြီးတွေဆိုတော့ ပွင့်လင်းအဖွဲ့အစည်းတွေအတွက် နိုင်ငံခြားက ငွေရမဲ့နေရာတွေကို သောင်းထွန်းနဲ့ လူသတ်သမားနိုင်အောင်က ကြိုးကိုင်ပြီး ၈၈၈၈ ကို အကူအညီိပေးမယ် ဆိုပဲ။ ဤသို့ကြားနာလိုက်ရပါသည်။

အစိုးရထက်တောင် ကွက်ကျော်ရိုက်နိုင်၍ ဗူးတလုံးဆောင် အိုအောင်မဆင်းရဲ၊ အပြစ်မရှိချင်ယောင်ဆောင်နေသော လူသတ်သမားနိုင်အောင်၊ အခါပေး ဦးပုည သောင်းထွန်း၊ ကပ်ပါး ဇော်ဦးတို့ ရောင်းဝယ်မည့်ပစ္စည်းက အထူးအဆန်းမဟုတ်။ ပွဲဦးထွက် မားကက်တင်းန် marketing လုပ်သွားသော နေရာ၊နှင့် အချိန်ကိုက်မှုကိုသာ နဲနဲ အံ့သြမိသည်။


ပြတ်သားသော ကိုကိုကြီး ABSDFလူသတ်သမား နိုင်အောင် ဆီက ပိုက်ဆံစားထားလို့ နိုင်အောင်အပေါ် မပြတ်သား၇ုံမက လူသတ်သမား နိုင်အောင် နဲ့ ညစာတူတူစား

ရခိုင်ကိစ္စ ဦးကိုကိုကြီး ဘယ်လို ပြောခဲ့တယ်ဆိုတာ မှတ်မိနေပါသေးသည်။ ရခိုင်အရေးမှာ ပြည်သူလူထု နှလုံးသည်းပွတ် ထိအောင် စိတ်ဆင်းရဲခဲ့ရသည်။ ထိုအချိန်မျိုးတွင် ဦးကိုကိုကြီးက ပြည်သူလူထုအတွက် အားကြီးသော အသံတခုပေးခဲ့ သည်။

ကိုမိုးသီး လာမဲ့နေမှာ စီနီယာ ၈၈၈၈ များက ကြိုသင့် မကြိုသင့် အလွတ်ပြောပြောကြရင်း အချင်းချင်း ဆွေးနွေး ကြ သောအခါ ဦးကိုကိုကြီး၏ စကားသံက အလွန်ပြတ်သားလှပါသည်။ ဦးမင်းဇေယျာကြီးက ကိုမိုးသီးကို ပုဂ္ဂိုလ်ရေး သံယောဇဉ်ဖြင့်သွား ကြိုရင်ကောင်းမလားဆိုပြီး အလွတ်ပြော၊ ပြောခဲ့ဖူးသည်။ ဦးကိုကိုကြီး ၏ ပြတ်သားသောစကားတခွန်း ကြောင့် ဘယ်သူမှ သွားမကြိုရဲကြ။

(နိုင်အောင့်မှာ ပြည်တွင်းပရိသတ်မရှိ။ နိုင်အောင်ကို ကြိုသင့်မကြိုသင့် ဘယ်သူမှ စကားထဲ ထည့်ပြောစရာမလို။) ဒါပေမဲ့ ဦးကိုကိုကြီး ပြတ်သားလိုက်ပုံများ၊ ကိုမိုးသီး သူငယ်ချင်းတောင် မချန်ထား၊ ဤ သို့ဆိုခဲ့သည်။ မိုးသီး ထွက်သွားတုန်းက သူ့သဘောနဲ့သူ ငါတို့ အားလုံးက ၀မ်းနည်းပေးခဲ့ရတယ်။ ခု ပြန်လာပြန်တော့ လည်း သူသဘောနဲ့ သူ။ ဒီတော့ သူ့အတွက် ငါတို့တွေ ၀ိုင်းပြီး ၀မ်းသာပေးဖို့ အချိန်မရှိဘူးလို့ ဆိုခဲ့သည်။ ဒီိလို ပြတ်သားခဲ့တဲ့ ကိုကိုကြီး က serial killer စီရီရယ်ကေးလာ လူသတ်သမား နိုင်အောင်၊ သူ့ အကြံပေးသောင်းထွန်း တို့နဲ့ ညစာတူတူစားတာ ကြားရတော့ နဲနဲတော့အံ့သြမိပါသည်။



နိုင်အောင့် မိန်းမ ပို့ထားသော သိန်း ၆၀၀

ပွင့်လင်း ရုံးထူထောင်ရေးအစမှာ နိုင်အောင်က သူ့မိန်းမကတဆင့် သိန်း ၆၀၀ ကို ၈၈၈၈ တွေအား လှူသတဲ့။ ထိုပမာဏ အတွက်တော့ ပြည်တွင်းက ၈၈၈၈ စီနီယာအုပ်စုသည် သူတို့မူကို တော်ရုံနဲ့ပြောင်းရန် အကြောင်းမရှိ။ ပွင့်လင်းကာလ ဆိုတော့ ပွင့်လင်းရပေမဲ့၊ သူတို့ရပ်တည်နေရသော အနေအထားအရ ဘယ်လိုနည်းနဲ့မှ ၈၈၈၈ စိနီယာအုပ်စုသည် လာ တွေ့သောသူတွေကို နှင်ချလို့မရ။ ထူးဆန်းတာက ကြောင်စုန်းကြီး ၂ ကောင်က သူတို့ ကြောင်စုန်းဆိုတာကို မေ့မေ့ လျော့လျော့ ဖြစ်နေသောသူတွေကြားမှာ They were having a good time ဆိုတာပဲ ဖြစ်သည်။

ပရိတ်သတ်က နဲနဲ စိတ်ရှုတ်ထွေးနားမလည်နေတဲ့အချိန်မှာ ကြောင်စုန်းကြီး၂ကောင်က ပြုံးနေသည်။ ဥရောပနှင့် အမေ ရိကန် အစိုးရစီက တရားဝင် ထောက်ပံ့ကူညီငွေတွေအတွက် ဦးသောင်းထွန်း က တာဝန်ယူမည်။ နိုင်ငံတကာက လာမဲ့ အန်ဂျီအိုတွေ ဒေါက်တာ နိုင်အောင်က ဦးစီးမည်။ ဗဟု က တဆင့် နေပြည်တော်ကို ဇော်ဦး ပဉ္စမံ ခံတပ်ဖြင့် ၀င်စီးထားပီး သား။ ရန်ကုန်က ၈၈၈၈ စီနီယာကြီးတွေကိုရလျှင် ပွဲပြတ်ပြီလို့ အချင်းချင်း အီးမေးပို့ ကြွားနေကြသည်။ ၈၈၈၈ အချင်း ချင်းကြားမှာတောင် ကိုမိုးသီးကို အရူးဆိုပြီး ဇော်ဦးလို ကီးမာစတာက ဖြုတ်ထားပြီးသားဆိုပြီး၊ ၀င့်ဝါနေကြသည်။ အလွန် ညစ်ပတ်သော ခြေထိုးပွဲတွေ မစခင်မှာကို ဇော်ဦးက အချိန်မစိသေးဘဲ ကြိုအောင်ပွဲခံချင်နေတဲ့အသွင်ဆောင်တဲ့ အီးမေး တွေက ၀င်နေသည်။ ကိုမင်းကိုနိုင် ကတော့ အသံတိတ်နေလေတော့၏။

(စိတ်ပူရန် စောလွန်းပါသေးသည်။ ဦးကိုကိုကြီး၊ ကိုမင်းကိုနိုင် ၂ ယောက်လုံး ဒီလောက် စိတ်ဓါတ်မပျော့လောက်တန်ရာ။ သောင်းထွန်း နဲ့ နိုင်အောင် ပြောချင်တဲ့သူက အတင်းကြီးပြောလေတော့ နိုင်ငံတကာက အန်ဂျီအိုတွေ ခေါ်လာပေးမယ် ဆိုတဲ့စကားနဲ့ ဘယ်လောက်ပဲ ဝေေ၀ဆာဆောတွေ မက်လောက်အောင်ပြောနေသည့်တိုင်၊ ထိုင်နားထောင်နေရေးသည် အစားအစာပါသော ညစာ စကားဝိုင်းတွင် သိပ်ခက်ခဲလှတာမဟုတ်၊ ဒေါက်တာနိုင်အောင် ၏ တို့ဆေးမှာ ၈၈၈၈ စီနီနိယာ ကြီးတွေက မတိုးနိုင်လောက်အောင် ဆေးပြီးပြီးသားဟု စာရေးသူက တွက်ထားပြီးသား ဖြစ်ပါသည်။)


တွေးသင့်သည့် အတွေး

ကိုမိုးသီးကို စောလူးမင်း ဟု ပြောခဲ့ဖူးသည်။ သို့သော် သူသည် သူများသတ်လို့သေမဲ့သူတော့ မဟုတ်။

အေဘီ မြောက်ပိုင်း စခန်းပြန်တွေကို အပါယ်ခံ အနှိမ်ခံ မျက်နှာမွဲတွေလို့ အများက သိထားကြသည်။ ရေများရာ မိုးမရွာရ ဆိုတာလည်း ကျင့်ဝတ် တခုဖြစ်သည်ဟု ဆက်စဉ်းစားသည်။

ကိုမင်းကိုနိုင်နှင့် ဦးကိုကိုကြီး တို့သည်လည်း ကြောင်စုန်းကြီး (၂)ကောင် ဖြစ်သော လူသတ်သမား နိုင်အောင်၊ သောင်းထွန်း တို့၏ အစားခံမည့် မွေးကင်းစ လှုပ်လိလှုပ်လှည့် ကြောင်ပေါက်သားငယ်လေးများ မဟုတ်ကြ။ အဖြူနဲ့အမဲက တွဲလို့မဖြစ်နိုင်တဲ့အကြောင်း၊ စဉ်း စားသည်။

အိမ်နောက်ဖေးမှာဈေးဆိုင်တည်မည့် သူများဖြစ်သည့် ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဇော်ဦး သူတို့စိတ်မှာတော့ ငါတို့က လမ်းဖေါက် ပြီးသားပဲလို့ တလွဲယုံကြည်နေပုံရှိသည်။

ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ဇော်ဦး တို့ခမြာ အမှောင်မှာ ထိုင်နေကြသူများပေမို့ လက်ဖျောက်ခြေဖျောက် လိပ်ပြာမရှိ မာန်မာနမရှိ ဂုဏ်သိက္ခာမရှိ၊ ဒါတွေအပေါ်မှာသာ ထိုင်ကျေနပ်နေသူများ ဖြစ်ခဲ့လျှင်ဆိုတဲ့ အတွေးတွေ ဆက်ပေါ်လာတော့သည်။ ဒန်တေ၏ အင်ဖာနို ကို နဲနဲ ပြန်မှတ်မိနေသေးသည်။

ဤလို လူစားတွေ၏ ယုံကြည်မှု အကြောင်းကိုသာ (စိတ်မသက်မသာမဖြစ်ဘဲ) အကြောင်းအကျိုးသဘောကို အနည်းငယ် စဉ်းစားဖြစ်သည်။ သူတို့ လျောက်သောလမ်းကျဉ်း၏ လွတ်လပ်မှုပမာဏကိုသာ အလွတ်တွေး တွေးနေတော့သည်။

သစ္စာသမားတွေကို တနည်းနည်းဖြင့် တရားစောင့်သောနတ်တွေက ကူညီလိမ့်မည်ဟု သေချာပေါက် ယုံ၏။

MPC က မျောက်ငါးကောင် အကြီးဆုံးမျောက်ဖြစ်တဲ့ ဇော်ဦးကတော့ အခုန်အကူး အကောင်းဆုံး မျောက်ပါးဝကြီးပါ။

ဇော်ဦး ဒီမိုကရေစီတိုက်ပွဲကို ဘန်းပြပြီး စားဝါးသွားတာတွေ ၊ အခုနောက်ဆုံး အစိုးရဖက်ကို ပြောင်ပြောင်တင်းတင်း ခုန်ကူးပြီး စားဝါးနေတာတွေဟာ ယိုသူမရှက် မြင်သူရှက်ပါ။

အချောင်သမား ဇော်ဦးနဲ့ အချောင်သမား နိုင်အောင်က အခုမှသာ ၈၈ကျောင်းသားခေါင်းဆောင်လိုလို အယောင်ဆောင်နေတာပါ။ တကယ်က
၈၈ အရေးအခင်း ဖြစ်နေတဲ့ကာလတလျှောက်လုံးမှာ ဇော်ဦးဟာ လူသတ်သမား နိုင်အောင်လိုပဲ ဘာမှ မလုပ်ခဲ့ပါ။ ၈၈ အာဏာသိမ်းပွဲအပြီး ကျောင်းသားအများအပြား တောခိုရာမှာ ဇော်ဦးတို့ လူသတ်သမား နိုင်အောင်တို့ ရောပါလာတာပါ။

မျောက်ကြီးဇော်ဦး ရောပါလာပြီး ရောကျော် တော်လှန်ရေးလုပ်တာလဲ လူသတ်သမား နိုင်အောင် နည်းတူပါပဲ။ မျောက်ကြီးဇော်ဦး ဒီမိုကရေစီတိုက်ပွဲကို ဘန်းပြပြီး စားဝါးသွားတာတွေလဲ လူသတ်သမား နိုင်အောင် နည်းတူပါပဲ။

(၈၈)ကိုကိုကြီးတို့ ဇာဂနာ တို့ဆိုလဲ ညဘက်ဆို MPC ကကောင်တွေနဲ့ သောက်လိုက်စားလိုက် ပျော်လိုက်ပါးလိုက်နဲ့ တရုန်းရုန်းပဲ။

ကိုကိုကြီးက နေ့ခင်းမှာ သူ့ကိုသူ နိုင်ငံရေးသမားဂိုက်ဖမ်းပြီး ပြောဆိုပေမဲ့ သောက်တဲ့နေရာမှာတော့ သောက်လိုက်သမှ ကြွက်တွင်းပဲ

(၈၈)ကျောင်းသားခေါင်းဆောင်အမည်ခံ အကောင်ကြီးတွေအားလုံး အခွင့်ထူးခံတွေပဲ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်