Subscribe to our RSS Feed

မီဒီယာဖိနိပ်မှု ရပ်ဟု ဆန္ဒပြကာ မြန်မာမီဒီယာများ ဖုန်းလုနေကြစဉ် အမေရိကန် သတင်းထောက် တစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုကို IS အဖွဲ့က အွန်လိုင်းတွင်လွှင့်တင်

From : .. 7day

ဖမ်းဆီးထားသည့် အမေရိကန် သတင်းထောက် တစ်ဦးကို အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့က ခေါင်းဖြတ်သတ်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုကို အွန်လိုင်းတွင် လွှင့်တင်ခဲ့သည်။

အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေသည် (၂၀၁၂)ခုနှစ် ကတည်းက ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများက အီရတ်မြောက်ပိုင်းတွင် ၎င်းတို့ကို အမေရိကန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေမှုကို လက်တုံ့ပြန်သည့် အနေဖြင့် ဖိုလေကို ယခုလို သတ်ဖြတ်ခဲ့ခြင်းဟု ကြေညာခဲ့သည်။

အိမ်ဖြူတော်က အဆိုပါ ဗီဒီယိုသည် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ရန် ကြိုးစားနေပြီး အမှန်တကယ် ဖြစ်ပါက အလွန်ဆိုးယုတ်သော အခြေအနေ တစ်ရပ်ကို အမေရိကန် ရင်ဆိုင်နေရခြင်း ဖြစ်မည်ဟု ဆိုသည်။

ဖိုလေသည် အမေရိကန်၏ Global Post နှင့် ပြင်သစ်သတင်း အေဂျင်စီ AFP တို့အတွက် အလုပ်လုပ်နေသူ ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသ တနံတလျားတွင် သတင်းယူ သွားလာနေခဲ့သည်။

ဖိုလေ၏ မိခင်ဖြစ်သူ ဒိုင်ယာနာက သားဖြစ်သူအတွက် ဂုဏ်ယူကြောင်း ဖွင့်ဟခဲ့ပြီး Facebook ပေါ်တွင် “ကျွန်မရဲ့သားဟာ ဆီးရီးယား ပြည်သူတွေ ဘယ်လို ဒုက္ခမျိုး ခံစားနေရတယ် ဆိုတာကို အသက်ပေးပြီး တစ်ကမ္ဘာလုံးသိအောင် ပြသွားတာပဲ”ဟု ရေးသားခဲ့သည်။

အမေရိကန်သို့ သတင်းစကားတစ်ခု ဆိုသော အမည်ဖြင့် အင်တာနက်ပေါ် ရောက်လာသည့် ဗီဒီယိုထဲတွင် ဖိုလေဟု ယူဆရသူသည် လိမ္မော်ရောင် အဝတ်အစားဖြင့် ရှိနေပြီး သဲကန္တာရဆန်ဆန် မြေပြင်ပေါ်တွင် ဒူးထောက်နေသည်။ ၎င်း၏ နံဘေးတွင် အနက်ရောင် ဝတ်ဆင်ထားသည့် လက်နက်ကိုင် တစ်ဦး ရှိနေသည်။ အဆိုပါ စစ်သွေးကြွက ဗြိတိသျှ လေယူလေသိမ်းဖြင့် မိမိသည် IS အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အီရတ်တွင် IS ၏ စစ်ရေးပစ်မှတ်များကို ဗုံးကြဲခဲ့သည့် အမေရိကန်၏ လုပ်ရပ်သည် သတင်းထောက် သေဆုံးမှုအတွက် တိုက်ရိုက် တာဝန်ရှိကြောင်း စွပ်စွဲထားသည်။

IS တို့သည် အီရတ်နှင့် ဆီးရီးယားတို့တွင် နယ်မြေများ သိမ်းယူပြီး အစ္စလာမ်မစ် နိုင်ငံတော် အနေဖြင့် ကြေညာ ထူထောင်ထားသည်။ မျက်မြင်များက ဖိုလေသည် (၂၀၁၂)ခုနှစ်၊ နိုဝင်ဘာ (၂၂)ရက်တွင် ဆီးရီးယားနိုင်ငံ၊ အိုင်ဒီလစ်ဘ်၌ အဖမ်းခံရကြောင်း ပြောကြားခဲ့ကြသည်။ ဖိုလေ ခေါင်းဖြတ်သတ်ခံရသည့် သတင်းသည် အမေရိကန်အတွက် တုန်လှုပ်စရာ ဖြစ်လာခဲ့ပြီး အမေရိကန် သမ္မတ ဘာရတ်အိုဘားမားထံ ချက်ချင်း အကြောင်းကြား သတိပေးခဲ့သည်။

IS တို့သည် နောက်ထပ် အကျဉ်းသား တစ်ဦးကိုလည်း ထိန်းသိမ်းထားကြောင်း ဗီဒီယို မှတ်တမ်းတွင် ဖော်ပြထားပြီး ၎င်းသည်လည်း အမေရိကန် သတင်းထောက် တစ်ဦးဟု ဆိုသည်။ အဆိုပါ သတင်းထောက်၏ ကံကြမ္မာသည် အမေရိကန်၏ ရှေ့ဆက် လုပ်ဆောင်မှုများအပေါ် မူတည်နေသည်ဟုလည်း IS တို့က ခြိမ်းခြောက်ခဲ့သည်။

(၅)မိနစ်ကြာ ဗီဒီယိုတွင် ပါရှိသည့် နောက်ခံနေရာသည် ခြောက်သွေ့သည့် သဲကန္တာရ ဒေသတစ်ခုအဖြစ်သာ တွေ့ရှိရပြီး ဆီးရီးယားနှင့် အီရတ်တို့အနက် မည်သည့်နိုင်ငံတွင် ဖြစ်သည်ကို ခွဲခြား၍ မသိရသေးချေ။ ISIS အဖြစ်မှ အမည်ပြောင်းလဲခဲ့သည့် IS စစ်သွေးကြွတို့သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် လူပေါင်းရာနှင့်ချီ အစုလိုက် အပြုံလိုက် သတ်ဖြတ်နေကြောင်း စွပ်စွဲခံထားရသည်။

IS တို့ အားကောင်းလာသည့်နောက် အီရတ်တွင်ပင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သူ (၁.၂)သန်းမျှထိ ရှိခဲ့ကြောင်း သိရသည်။ ဆွန်နီအစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သည့် IS သည် ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသအတွင်း အစ္စလာမ် ဘာသာဝင် မဟုတ်သည့် ယာဇီဒီ တိုင်းရင်းသားများနှင့် ခရစ်ယာန်ဘာသာဝင်များကို ဖိနှိပ် သတ်ဖြတ်နေသည့်အပြင် ရှီးဟိုက်မွတ်ဆလင်များကိုပါ ပစ်မှတ်ထားလျက် ရှိသည်။


.. www.MyanmarExpress.net
 

1 comments:

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ကိုယ်စီရှိတယ်တဲ့။ အမေရိကန်တွေအတွက်တော့ ဒါဟာ တန်ပြန်သက်ရောက်မှုတစ်ခုပါပဲ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်