Subscribe to our RSS Feed

IS နဲ့ ဆင်ဆာ (သရော်စာ)




အမေရိကန် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဖိုလေကို အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့က ခေါင်းဖြတ်သတ်လိုက်ကြောင်း သတင်းထွက်ပေါ်လာ၍ အိုကေတို့ သတင်းထောက်လောက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

တချို့က တောက် ခေါက် ကြသည်။ တချို့က ဖောက်သောက်ကြသည်(ဒေါသထွက်ပြီး စိတ်လှုပ်ရှားလွန်း၍ ရေသန့်ဗူးသောက်ခြင်း)။ အားလုံးက IS အဖွဲ့၏လုပ်ရပ်ကို လက်မခံကြ။ ဟုတ်တယ်လေ။ ဘယ်နိုင်ငံက သတင်းထောက်ဖြစ်ဖြစ် အားလုံးက မီဒီယာသမားများဖြစ်၍ မြန်မာပြည်က သတင်းထောက်များကလည်း ဘ၀တူတွေလို သဘောထားကာ အမေရိကန်သတင်းထောက်ဘက်က နာကြသည်။ ခံပြင်းကြသည်။

ဒါ မီဒီယာဖိနှိပ်မှုတောင် မဟုတ်တော့။မီဒီယာသတ်မှုကြီး ဖြစ်သွားသည်။ ပြီးတော့ ဒီအကြမ်းဖက်မှုက သတင်းထောက်တွေကို နားရွက် တံတွေးစွတ် ရုံမက မျက်နှာပါ ခွေးချေး သုတ်သွားခြင်း ဖြစ်သည်။ တံတွေးက အချိန်တန်ခြောက်ပြီး ပျောက်သွားသည်။ ခွေးချေးက နံပြီး ရေမဆေးသရွေ့မပျောက်။ နားရွက်တံတွေးသာ စွတ်ခံနိုင်ပြီး ခွေးချေးဒဏ်မခံနိုင်သည့် အိုကေတို့ သတင်းထောက်တွေ ဒါကိုလက်ခံလို့ မဖြစ်။ တစ်ခုခုတော့ လုပ်မှ ဖြစ်မည်။ ဒေါသထွက်နေကြသော သတင်းထောက်တွေကို အိုကေ ဆော်သြ လိုက်သည်။

"ကဲကဲ။။။ ဘော်ဘော်တို့ ငါတို့ ဒါကို လက်ခံလို့ မဖြစ်ဘူး။"
အိုကေ က စရုံသာ စလိုက်သေးသည်။ သတင်းထောက်တွေ တစ်ယောက်တစ်ပေါက် ၀ိုင်းပြောကြသည်။

"ဒီတော့ ဘာလုပ်ချင်လို့လဲ။"
"အီရတ်မှာ ဆန္ဒသွားပြမလား။ "
"IS ကို ဆန္ဒပြကြမလား။"
"ကလောင်အစွမ်းနဲ့ IS ကိုဖြိုပစ်ရမလား။"

အားလုံးက ခံပြင်းစိတ်ဖြင့် ၀ိုင်းပြောကြသည်။
"အေးလေ ပြသင့်ရင် ပြရမယ်၊ လုပ်သင့်ရင်လုပ်ရမယ်လေ။ ဒါ မီဒီယာသတ်မှုကြီးကွ။"
အတည်ပေါက်ဖြင့် အိုကေ ပြောလိုက်တော့ အားလုံးငြိမ်သွားသည်။
ဟိုလိုလို ဒီလိုလိုနဲ့ အင်း အဲ ဖြစ်ကုန်သည်။

"အီရတ်ထိတော့ မသွားဘူးလေကွာ။ ဟိုက စစ်ဖြစ်နေတာ။ မတော် ငါလည်း လည်လှီးခံရမှာ ကြောက်တယ်။"
တစ်ယောက်က ပြောသည်။

"အေး..ငါလည်း မလိုက်နိုင်ဘူးနော်။ လေယာဉ်ခ ဘယ်သူပေးမှာလဲ။"

လိုက်ဘူး၊ ပြဘူး ဖြင့် အကုန်တွင်တွင် ငြင်းကုန်သည်။ စောဏက တောက်တခေါက်ခေါက်နှင့် ချက်ချင်းပဲ အီရတ်ထိသွားပြီး IS ကို ဆန္ဒပြတော့ မလိုလို၊ သတင်းပဲ ယူတော့မလိုလို။ ကလောင်စွမ်းနဲ့ တိုက်ကြတော့မလိုလို။ ကိုယ့်မီဒီယာလောကသားချင်း မခံချင်စိတ်ဖြင့်
ဒေါသ ထွက်နေသော သတင်းထောက်တချို့ လေပြေလေး ဖြင့် ညောင်နာနာလေး အသံထွက်လာကြ
သည်။

အိုကေလည်း သူတို့လိုပင်။အီရတ်ထိတော့ မသွားရဲ။ သူတို့ကို နည်းနည်းချွန်တွန်းလုပ်ကြည့်ခြင်းသာ ဖြစ်သည်။ အိုကေတို့က ပါးစပ်ကို တိတ်ကပ်ပြီး သမ္မတကိုသာ အသံတိတ် ဆန္ဒပြရဲသည်။ IS ကိုသွားပြရင်တော့ အမေရိကန်သတင်းထောက်လို တစ်သက်လုံး အသံတိတ်ဘ၀ ရောက်သွားနိုင်သည်။
ကိုယ့်နိုင်ငံမှာက ဆန္ဒပြရင် သူရဲကောင်း ဖြစ်သည့်ခေတ်။ ဟို အီရတ်စစ်မြေပြင်မှာက သူရဲကောင်းတော့ မဖြစ်နိုင်၊ သူရဲခေါင်းပြတ်ကြီး ဖြစ်သွားနိုင်သည်။ ဘုရား...ဘုရား...တွေးရင် ကျောတောင်ချမ်းမိသည်။

ဒါကြောင့် ဆန္ဒသွားပြလို့တော့မဖြစ်။ အဲ.. ဆူးလေမှာ သွားပြရင်တော့ အန္တရာယ်ကင်းနိုင်သည်။ အိုကေတို့ဆီက ရဲတွေက IS လို မဆိုး။ တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒပြရင် ဘာမှမလုပ်။ ဒီအကြံကောင်းသည်။


"အီရတ်တော့ မသွားဘူးလေ။ ဆူးလေမှာ ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒသွားပြရင်ရော ဘယ်လိုလဲ..IS အဖွဲ့ မီဒီယာမျက်နှာ ခွေးချေးသုတ်မှုရပ်...အဲ....IS အဖွဲ့အကြမ်းဖက်မှု ရပ်.. ဆိုပြီး ပြကြည့်မယ်လေ။ ဒါဆို
နိုင်ငံတကာက မီဒီယာတွေကလည်း မြန်မာမီဒီယာသမားတွေတော့ ပြကုန်ပြီဟ ဆိုပြီး သိသွားနိုင်တယ်။ တစ်ခုခုတော့ အကျိုးရှိမှာပေါ့။"

သတင်းထောက်အားလုံး အီရတ်မသွားဘူးဟု ကြား၍ နည်းနည်း တော့ စိတ်သက်သာရာ ရသွားဟန်တူသည်။ ဆူးလေ လောက်ဆို မဆိုးဘူးဟု တွေးမိကြဟန်တူသည်။
ဆူးလေမှာ ဆို အန္တရာယ်လည်း ကင်းသည်။ လူလည်းစုံသည်။ ဆန္ဒပြတာကို သဘောကျပြီး သူရဲကောင်းများဟုဆိုကာ သဒ္ဓါတရားထက်သန်သူများရှိလာလျှင်
မုန့်လေး ရေဘူးလေး လည်းအလကားစားရသောက်ရနိုင်သည်။ လူလည်း အထင်ကြီးခံရနိုင်သည်။ အိုကေ ပြောတာမဆိုးဘူးဟု တွေးမိပုံရသည်။

"ဟိုလေ... ကြက်ကြော်ကျွေးမှာလားဟင်.." ဟု ဟိုတခါဆန္ဒပြတုန်းက
ကြက်ကြော်လာကျွေးသည် ကို ကြိုက်လွန်းလို့ဟု ဆိုကာ ၂ ထုပ်တောင်းကာ စားသူက မေးသည်။

"ငင်....ဒါတော့ပါဘူးလေ"

"ဒါဆို ဆင်းမ်ကတ်ပေးမှာလား။ ဟန်းဆက် ပေးမှာလား"
အရေးထဲ အော်ရီဒူး သတင်းစာ ရှင်းလင်းပွဲမှာ နောက်ကျသွား၍ ဆင်းမ်ကတ်မရလိုက်သူက
မေးသည်။ မီဒီယာ ဖုန်းလုမှု ရပ် ဆိုပြီး အွန်လိုင်းမှာ အရှက်ကွဲခဲ့တာ မေ့နေပြီလားမသိ။


ဟိုဟာ ပေးမှာလား၊ ဒီဟာရမှာလား တစ်ယောက် တစ်ပေါက် မေးကုန်သည်။


"တော်ပြီ...တော်ပြီ... ဘယ်မှာမှ မပြတော့ဘူး..ဘာမှလည်း မပေးနိုင်ဘူး"

ဟုတ်သည်လေ။ အိုကေက စပွန်ဆာလည်းမဟုတ်။ စောဏကပဲ သတင်းထောက်လည်လှီးခံရလို့ဟု
ဆိုကာ တစ်ယောက်တစ်ပေါက်နဲ့ မကျေမနပ် ဒေါသထွက်နေတာတွေ့၍ အိုကေက တစ်ခုခုပြန်လုပ်ရ
အောင်လို့ အကြံပေးခြင်း ဖြစ်သည်။ ဟိုဟာတောင်း ဒီဟာတောင်းနဲ့တော့ အိုကေလည်း မတတ်နိုင်ပြန်။

"ဆန္ဒတော့ မပြတော့ဘူး။ ဒီပုံလေး ဂျာနယ်မှာထည့်ပြီး ဘာသာပြန်သတင်းရေးပေး"

"ငင်...ငါက နိုင်ငံတကာသတင်းရေးဘူး။ ပြည်တွင်းရေးပဲ ရေးတာ။"
"ငါက အင်္ဂလိပ်လို မကျွမ်းဘူး ရော်။"
"ငါက အနုပညာအကြောင်းပဲ ရတာ။"
"ငါက အစိုးရမကောင်းကြောင်း။"
"ငါက အင်တာပဲလိုက်ဗျူးတာ။"

အိုကေ ပြလိုက်တဲ့ ပုံကိုကြည့်ပြီး ဆင်ခြေဆင်လက် ဆင်နားရွက်ဖြင့် သတင်းရေးဖို့ လက်ရှောင်ကုန်ကြသည်။ အိုကေပြလိုက်သည့် ပုံက နိုင်ငံခြားသတင်းဌာနတစ်ခုက အမေရိကန်သတင်းထောက်ကို လည်လှီးနေသည့်ပုံ ဖော်ပြပြီး သတင်းရေးထားခြင်းဖြစ်သည်။

ထိုစဉ် ဘယ်အချိန်ထဲက အမြင်ကတ်ပြီး တွန်းချင်နေမှန်းမသိသော သူတစ်ဦးက
"ဟေ့ကောင်..မင်းကဘာသာပြန်တာဝန်ယူထားတာမဟုတ်လား။ မင်းပဲ...ရေး"

"ငင်......"

အိုကေ ကျောနည်းနည်းတွန့်ပြီး မရှိတဲ့ ဖင်နည်းနည်းရှုံ့သွားသည်။
ဟုတ်သည်။ ဒီပုံကြီးနဲ့တော့ ဂျာနယ်မှာ သတင်းထည့်လို့မဖြစ်။ မရေးရဲ။
IS အဖွဲ့က တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အစ္စလာမ်တွေကို သူတို့နဲ့ ပူးပေါင်းပြီး နိုင်ငံထောင်ဖို့
ဖိတ်ခေါ်ထားသည်။ မတော် အခန့်မသင့်လို့ IS ကို ထောက်ခံပြီး စစ်သွေးကြွနေသူ တစ်ဦးဦးက အိုကေ ကို တစ်ခုခု လာလုပ်ရင် အိုကေ ဘီယာသောက်စရာ ခေါင်းမရှိ ဖြစ်သွားနိုင်သည်။ ခေါင်းမဖြတ်ဘဲ အ၀ှာဖြတ်လို့
ရှူးမပေါက်ဘဲတော့ နေနိုင်သည်။ ဘီယာမသောက်ဘဲတော့ မနေနိုင်။

အိုကေ နည်းနည်း အခက်တွေ့သွားသည်။ အားလုံးက ၀ိုင်းကြည့်နေကြသည်။
အိုကေကို ချောက်တွန်းသူက မလုပ်ရဲမကိုင်ရဲ ဖြစ်နေကြသည့် အားလုံးရဲ့ အခက်အခဲကို
ကယ်တင်လိုက်နိုင်သူကြီး ပမာ ပြုံးပြုံးကြီး အိုကေ ကို ကြည့်နေသည်။ မင်း..ဘာတတ်နိုင်သေးလဲပေါ့။

အိုကေ သွား ၃၂ ချောင်းလုံးပေါ်အောင် အားလုံးကို မချိပြုံး ပြုံးပြလိုက်သည်။ အားလုံး နောက်နည်းနည်း ဆုတ်သွားသည်။ အိုကေ သွားမတိုက်ဖြစ်တာ တစ်ပတ်လောက်ရှိ၍ နံလို့ထင်သည်။

"အဟီး.... ဟွာလေ..ဟွာ...ရေးလို့တော့ ရပါတယ်။ ဒါမဲ့ ဆင်ဆာနဲ့ ငြိနေမယ်လေ။
ဒါမျိုးက အများထိတ်လန့်စရာပုံကြီး ဆိုတော့ ဂျာနယ်ပေါ် ပြသင့်ဘူးလေ။ နော်..နော်..ကျင့်ဝတ်လေးတော့ ထိန်းရမယ်ဟုတ်"

အိုကေ ပြောလိုက်တာကြောင့် သတင်းထောက်အားလုံး နည်းနည်းစဉ်းစားသွားကြဟန်တူသည်။
နောက်တော့ အားလုံးတညီတညွတ်တည်း "အေး...ဒါလဲဟုတ်တာပဲ" ဟုဆိုကာ
အိုကေ့ ကိုရေးခိုင်းပြီး ဂျာနယ်မှာ မထည့်ဖို့ သဘောတူလိုက်ကြသည်။

အိုကေ တော်တော်ပျော်သွားသည်။ ဟုတ်သည်လေ။ IS ကလူတွေနဲ့ အဝေးကြီးဆိုပေမဲ့ မတော်ကိုယ်ရေးလိုက်လို့ တစ်ခုခုကိုယ့်ကို လာလုပ်မယ်ဆို။ အိုကေ ဆက်မတွေးရဲ။ အိုကေလည်း ဘီယာသောက်ဖို့ ပါးစပ်လေးတော့ ရှိချင်တာပေါ့။

ဘာပဲဖြစ်ဖြစ် ခုလို မရေးရတော့ အိုကေ အရမ်းပျော်သည်။ အိုကေ အပါအ၀င် တစ်သက်လုံး မီဒီယာ ဖိနှိပ်မှုရပ်၊ မီဒီယာဆင်ဆာဖြတ်မှု ရပ် အော်လာခဲ့သော ဘော်ဒါ သတင်းထောက်တို့က ဆင်ဆာမိမှာစိုးလို့ဟုဆိုကာ မရေးကြဖို့ ကန့်ကွက်မဲမရှိ အားလုံးက သဘောတူလိုက်ကြတော့
နည်းနည်းတော့ ရီချင်မိသည်။ မတတ်နိုင် ဒီတစ်ခါတော့ ဆင်ဆာ ဆိုတာကြီးကို ကျေကျေနပ်နပ်ကြီးလက်ခံမိသည်။

ပီတိတွေဖြာကာ တွေးနေရင်း လည်ပင်းယားလာသလိုလို ဖြစ်၍ ကယောင်ကတမ်းပွတ်မိရင်း

"ငှဲ..ငှဲ နာ့လည်ပင်းလေး ရှိသေးတယ်ဟ။ ဘော်ဘော်တို့ကို ညကြရင် ဘီယာ တိုက်မယ်။"

ဟေးးးးးးးးးးးးးးးးးးးးး အားလုံးဝမ်းသာအားရ တခဲနက် အော်သံကြားတွင် စောဏက အိုကေထုတ်ပြလိုက်သော နိုင်ငံခြားဂျာနယ်တစ်စောင်မှာပါသည့် အမေရိကန် သတင်းထောက်ကို IS က ခေါင်းဖြတ်တဲ့ပုံလေးကို မသိမသာ လုံးချေရင်း အမှိုက်ပုံး ထဲ ပစ်ထည့်လိုက်ရသည်။

"ဟူးးးးးးးးးးးးးးးး တော်ပါသေးတယ်...ကိုယ့်ရှူးကိုယ်ပတ်တော့မလို့"

အိုကေ(ဖယောင်းပါတီ)

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်