Subscribe to our RSS Feed

အာရ်ဘီအီး တွဲဆိုင်းသစ် မြို့ပတ်ရထား စတင်ပြေးဆွဲ ခရီးစဉ်တစ်ခု အထူးနှုန်း ငွေကျပ် ၃၀၀ သတ်မှတ်

From : ..မြန်မာ့အလင်း

ရန်ကုန်မြို့တွင်း မြို့ပတ်ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်ပြီး မြန်မာ့မီးရထားမှ ဒုတိယမြောက် အာရ်ဘီအီး မြို့ပတ်ရထားတွဲဆိုင်းသစ်ကို ယနေ့နံနက်ပိုင်းမှစတင်ကာ ယခင်မြို့ပတ်ရထား အာရ်ဘီအီး (ဂ)အဆင့်မြင့် တွဲဆိုင်းပြေးဆွဲသည့် လမ်းကြောင်းတွင် စတင်ပြေးဆွဲပြီဖြစ်သည်။

ယခုစတင်ပြေးဆွဲပေးသည့် အာရ်ဘီအီးမြို့ပတ်ရထားတွဲဆိုင်းသစ်သည် မကြာမီက ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာခြင်းဖြစ်ပြီး တွဲဆိုင်းတစ်ဆိုင်းလျှင် အမေရိကန်ဒေါ်လာ ကိုးသောင်းကျော်နှင့် တစ်သိန်းနှစ်သောင်းဝန်းကျင် ကုန်ကျခဲ့ကြောင်း သိရသည်။ အဆိုပါ အာရ်ဘီအီးမြို့ပတ်ရထားတွဲဆိုင်းသစ်ကို ယခင်ပြေးဆွဲပေးလျက်ရှိသည့် အာရ်ဘီအီးမြို့ပတ်ရထား (ဂ)အဆင့်မြင့် ပြေးဆွဲပေးလျက်ရှိသည့် လမ်းကြောင်းတွင် အစားထိုးပြေးဆွဲပေးမည်ဖြစ်ပြီး ခရီးစဉ်တစ်ကြောင်း ယခင်ဈေးနှုန်း ငွေကျပ် ၄ဝဝ မှ ပြည်သူ့ဝန်ဆောင်မှု အထူးဈေးနှုန်းအနေဖြင့် ငွေကျပ် ၃ဝဝ သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။

''ဒီအာရ်ဘီအီး မြို့ပတ်ရထား တွဲဆိုင်း ၁ဝတွဲကို ဂျပန်နိုင်ငံက ဝယ်ယူခဲ့တာပါ။ ရန်ကုန်မြို့ပတ်ရထားစီး ခရီးသွားပြည်သူတွေအတွက် အထူးဈေးနှုန်းအနေနဲ့ အရင်ခရီးစဉ်တစ်ကြောင်းကို ငွေကျပ် ၄ဝဝ ကနေ ဒီနေ့ကစပြီး ဝန်ဆောင်မှုတစ်ခုအနေနဲ့ ငွေကျပ် ၃ဝဝ ပဲ လျှော့ပေါ့ကောက်ခံသွားမှာ ဖြစ်ပါတယ်''ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ယနေ့စတင်ပြေးဆွဲသည့် အာရ်ဘီအီး မြို့ပတ်ရထား တွဲဆိုင်းသစ် ပြေးဆွဲမှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

ယနေ့ စတင်ပြေးဆွဲသည့် အာရ်ဘီအီးမြို့ပတ်ရထားမှာ တွဲဆိုင်းငါးဆိုင်းပါဝင်ပြီး အဆိုပါတွဲဆိုင်းအားလုံးတွင် ထိုင်ခုံ ၂၇၈ ခုံ နှင့် ခရီးသည်များ မတ်တတ်ရပ်ကိုင်တွဲနိုင်မည့် လက်ကိုင်ကွင်း ၃၄ဝ ပါရှိ၍ စုစုပေါင်းခရီးသည် ၆ဝဝ ကျော် လိုက်ပါစီးနင်းနိုင်မည်ဖြစ်သည်။

ခရီးစဉ်ကိုလည်း တစ်နေ့ ခုနစ်ခေါက်နှုန်းဖြင့် နံနက် ၆နာရီ ၄၅ မိနစ်မှစတင်ကာ ပထမခေါက်အနေဖြင့် အင်းစိန်မှ လှော်ကား၊ ဒုတိယခေါက်တွင် လှော်ကားမှ အင်းစိန်၊ တတိယခေါက်တွင် အင်းစိန်မှ ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းနောက် ရန်ကုန်မြို့မှ လက်ယာရစ်သုံးပတ် ပြေးဆွဲပေးမည်ဖြစ်ပြီး နောက်ဆုံးလက်ဝဲရစ်အနေဖြင့် ရန်ကုန်-အင်းစိန် - မင်္ဂလာဒုံခရီးစဉ်လမ်းကြောင်းများကို ည ၈နာရီ၂၅ မိနစ်တွင် နေ့စဉ်ပြေးဆွဲပေးသွားဖြစ်ကြောင်း သိရသည်။

''ကျွန်မက အလုပ်စလုပ်ကတည်းက မြို့ပတ်ရထားကိုပဲ စောင့်ပြီးစီးဖြစ်ခဲ့တာပါ။ အရင်တုန်းကတော့ ကျပ်ပြီးတိုးစီးရတာတို့၊ အချိန်မမှန်တာတို့ ရှိခဲ့တယ်။ ခုနောက်ပိုင်းတော့ အခုလို အာရ်ဘီအီး အဆင့်မြင့် မြို့ပတ်ရထားတွေ အဆင့်မြှင့်ပြေးဆွဲပေးတော့ စီးရတာပိုပြီးတော့အဆင်ပြေလာတယ်။ အခုလိုဈေးနှုန်းချပေးလိုက်တော့ မြို့ပတ်ရထားစီးမယ့်လူ ပိုများလာမယ်လို့ ထင်ပါတယ်'' ဟု မြို့ပတ်ရထားကို မြို့တွင်းအလုပ်ခွင်သို့ သွားရာတွင် နေ့စဉ်စီးနင်းလိုက်ပါနေသည့် မင်္ဂလာဒုံမှ မဖြိုးလင်းသူက မြန်မာ့အလင်းသို့ ပြောကြားခဲ့သည်။

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့တွင်း မြို့ပတ်ရထားပြေးဆွဲပေးမှုကို နေ့စဉ်အခေါက် ရေ ၂၁၅ ခေါက်အထိ တိုးချဲ့ပြေးဆွဲပေးလျက်ရှိပြီး လိုက်ပါစီးနင်းသည့် ခရီးသည်မှာ နေ့စဉ်စုစုပေါင်း ရှစ်သောင်းကျော်၊ ကိုးသောင်းနီးပါးသာ ရှိနေသောကြောင့် မြန်မာ့ မီးရထားအနေဖြင့် နေ့စဉ် ငွေကျပ် ၈ ဒသမ ၈ သိန်းကျော် အရှုံးခံပြီး ပြည်သူ့ဝန်ဆောင်မှုတစ်ရပ်အနေဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

.. www.MyanmarExpress.net



1 comments:

GOOD..TRY ,,BEST FOR BUBLIC

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်