Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြို့ပြ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် မြေအရင်းအမြစ် စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

From : .. PO

မြို့ပြ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် မြေအရင်းအမြစ် စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ စာတမ်းရှင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတက မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တော သယံဇာတ၊ သတ္တုသယံဇာတ စသည့် သဘာဝသယံဇာတ အရင်းအမြစ်များကို နောင် သားစဉ်မြေးဆက်အထိ စနစ်တကျ သုံးစွဲနိုင်မည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး အတွက် ဒေသအလိုက်၊ မြို့နယ်အလိုက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတို့ကို စနစ်တကျ စီမံတွက်ချက် ရေးဆွဲ အကောင်အထည်ဖော် အသုံးပြုသွားမှသာ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ရေအရင်းအမြစ် ထိန်းသိမ်းမှုနှင့်အတူ လူဦးရေ တိုးပွားလာမှုကြောင့် လူမှု စီးပွားလိုအပ်ချက်များ ဖြည့်ဆည်းမှု တို့ကို စနစ်တကျ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်ရာတွင်လည်း မြေအသုံးချမှု မူဝါဒနှင့် မြေအသုံးချမှု စီမံခန့်ခွဲရေး တို့ကို စနစ်တကျ စီမံ ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် မြေယာခွဲဝေ အသုံးချမှု စိစစ် ဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းပြီး ပြည်တွင်း ပြည်ပ ပညာရှင်များ၊ Stake-holder များ၊ Development Partner များနှင့် အချိန်ယူ ညှိနှိုင်း ဆွေးနွေးကာ ချမှတ်သင့်သည့် မူဝါဒ (မူကြမ်း) များကို ဖော်ထုတ်၍ ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲတွင် ကျယ်ကျယ်ပြန့်ပြန့် ထပ်မံ ဆွေးနွေးညှိနှိုင်း ကြမည် ဖြစ်ပါကြောင်း။

တိုးတက်လာသော လူဦးရေနှင့် မြေမဲ့ယာမဲ့ ပြည်သူများအတွက် သစ်တောမြေ၊ မြေလွတ် မြေရိုင်းနှင့် ရွာမြေအခင်းအကျင်းများ ပြင်ဆင်စီမံ ချထားရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် သောက်သုံးရေ ရှားပါးလာမှုအပေါ် သဘာဝ ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေး အတွက် သစ်တော ပြုစု ပျိုးထောင်မှု အစီအမံများကို ဥပဒေနှင့်အညီ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ သစ်တောမြေ အဖြစ်မှ စွန့်လွှတ်လျက် ကျေးရွာပေါင်း (၁၂၁၃) ရွာကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြု ချထားပေးခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါကြောင်း။

အမှန်တကယ် မြေမဲ့ ယာမဲ့ ဖြစ်နေသည့် ပြည်သူများကို မြေယာချထားပေးခြင်းသည် ပြည်သူတို့၏ လူမှု စီးပွား တိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်တွင် အရေးပါသည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ ပြည်သူ ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှု စီးပွားတိုးတက်ရေး ဦးစားပေး ဆောင်ရွက်နေသည့် မိမိတို့ အစိုးရအနေဖြင့် ဤလုပ်ငန်းကို အလေးထား ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။

သို့ရာတွင် အမှန်တကယ် မြေမဲ့ယာမဲ့ ဖြစ်နေသူများ မဟုတ်ဘဲ သစ်တောမြေ မြေလွတ် မြေရိုင်းနှင့် မြို့ပြများတွင် သွားရောက် ကျူးကျော်နေထိုင်ကြသူများ ရောနှောနေသည့် အတွက် သန်းခေါင်စာရင်း စစ်ဆေးမှုနှင့်အတူ ပြန်လည် စိစစ်ရမည့် လုပ်ငန်းကို ဥပဒေနှင့်အညီ စိစစ်ပြီးမှ သာလျှင် စစ်မှန်သော မြေမဲ့ယာမဲ့များကို မြို့ပြ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းနှင့် အညီ နေရာချထားပေးရမည် ဖြစ်ပါကြောင်း။

ထို့ပြင် သစ်တောမြေ၊ မြေလွတ်မြေရိုင်း၊ လယ်ယာမြေ၊ အစိုးရစီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေ၊ မြို့ပြ ကျေးရွာ မြေများနှင့် စပ်လျဉ်းပြီး မြေအသုံးချရေး စီမံခန့်ခွဲမည်ဆိုလျှင် ဌာနဆိုင်ရာ အသီးသီးက သူ့ကဏ္ဍနှင့်သူ ရှိပြီး ဖြစ်သည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် လုပ်ငန်း အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ရာတွင် နှောင့်နှေး ကြန့်ကြာနေသည်ကို တွေ့ရှိရ ပါကြောင်း၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ လွယ်ကူရှင်းလင်းအောင်နှင့် လုပ်ငန်းအဆင့်များ လျှော့ချနိုင်မည့် နည်းလမ်း အကြံပြုချက်များကိုလည်း ယခု အလုပ်ရုံ ဆွေးနွေးပွဲတွင် ဆွေးနွေး ညှိနှိုင်းဖော်ထုတ်ပေးကြစေ လိုပါကြောင်း၊ သို့မှသာ လက်ရှိ မြေယာ ပြဿနာများ ဖြေရှင်း ဆောင်ရွက်ရာတွင်လည်းကောင်း၊ မြေမဲ့ယာမဲ့များ အတွက် မြို့ကွက်ရွာကွက် ချဲ့ထွင်ခြင်းနှင့် မြေယာ အခင်းအကျင်းများ ပြင်ဆင်စီမံချထားရာတွင် လည်းကောင်း လွယ်ကူ လျင်မြန်ချောမွေ့မည် ဖြစ်ပါကြောင်း။

ရှေးယခင်နှစ်များစွာက ထူထောင်ခဲ့ကြသည့် လက်ရှိ မြို့ပြ ကျေးရွာများသည် ယခုအခါ လူဦးရေ တိုးတက်များပြားလာမှု၊ အိမ်ခြေ တိုးပွားလာမှုတို့ကြောင့် သောက်သုံးရေ ရှားပါးလာခြင်း၊ လမ်းများ ကျပ်တည်းလာခြင်း၊ ရေစီးရေလာ ကောင်းမွန်ရန် လိုအပ်လာခြင်း၊ အလုပ်အကိုင် ရှာဖွေရန် မြို့တက်လာသူများ၊ ပျံကျဈေးရောင်းသူများ၊ ရထားလမ်း၊ ကားလမ်းဘေး ကျူးကျော်နေထိုင်သူများ တိုးပွားလာခြင်းတို့ကို ဥပဒေနှင့်အညီ မြို့ပြ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ရေးဆွဲပြီး စနစ်တကျ အကောင် အထည် ဖော်မှသာ လက်ရှိ ဖြစ်ပေါ်နေသော လူမှု စီးပွား ပြဿနာများနှင့် သဘာဝ ပတ်ဝန်းကျင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ရင်ဆိုင် ဖြေရှင်းနိုင်မည် ဖြစ်ပါကြောင်း၊ အခြားနိုင်ငံများ တွင်လည်း အလားတူ ပြဿနာ များကို ဖြေရှင်းရာတွင် မြို့ပြဥပဒေ (Urban Act) ကဲ့သို့ ဥပဒေနှင့် မြို့ပြစီမံကိန်း များ ရေးဆွဲ ဆောင်ရွက်ကြသည့် နည်းတူ မိမိနိုင်ငံတွင်လည်း လိုအပ်သည့် ဥပဒေနှင့် စီမံကိန်းများကို မည်ကဲ့သို့ ရေးဆွဲသင့်သည်ကို ယခုအလုပ်ရုံဆွေးနွေးပွဲ တွင် ဆွေးနွေးညှိနှိုင်း အကြံပြုကြ စေလိုပါကြောင်း။

မိမိတို့နိုင်ငံ စီးပွားရေးတံခါးဖွင့်ပြီးသည့် အချိန်မှစပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးတက်လာ သကဲ့သို့ မြေကစားမှုနှင့် အတူ မြေဈေးနှုန်းများ အဆမတန် တက်လာသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ငွေကြေး ကြွယ်ဝသူများ အနေဖြင့် နိုင်ငံ ကုန်ထုတ်လုပ်မှု တိုးတက်အောင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြရမည့် အစား ကားအရောင်း အဝယ်၊ မြေအရောင်းအဝယ်၊ ဘဏ်လုပ်ငန်း၊ အဆောက်အဦ ဆောက်လုပ်ရောင်းချသည့် လုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံ လာကြသည့်အတွက် မြေဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခက်ခဲ တုံ့ဆိုင်းလာခြင်း၊ ငွေကြေးဖောင်းပွမှု အန္တရယ်ရှိလာခြင်းတို့ ကြုံတွေ့လာနိုင်သည့်အတွက် ကိုယ်ကျိုးနှင့် အမျိုးသား အကျိုးစီးပွားကို ချိန်ဆလုပ်ကိုင်ကြရန် ပြောကြား လိုပါကြောင်း။

အချို့သည် မြို့စွန်၊ မြို့ပြင်များတွင် လယ်မြေယာမြေများ ဝယ်ယူပြီး ကိုယ်တိုင် စက်ရုံ အလုပ်ရုံထူထောင်ရန်၊ စိုက်ခင်း ထူထောင်ရန်၊ ဟိုတယ်နှင့် စားသောက်ဆိုင်၊ စက်သုံးဆီ ဆိုင်ထူထောင်ရန် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကြိုတင်ရင်းနှီးမြှုပ်နှံကြပြီး လယ်မြေ ယာမြေကို အခြားနည်းဖြင့် ပြောင်းလဲသုံးစွဲခွင့်ရအောင် နည်းမျိုးစုံ ကြိုးပမ်း ဆောင်ရွက် ကြရာ လာဘ်ပေးလာဘ်ယူနှင့် ဥပဒေနှင့် မညီသော လုပ်ရပ်များ ပါဝင်လာသည်ကို တွေ့ရှိရပါကြောင်း၊ အရေးအကြီးဆုံးမှာ မြို့ပြစီမံကိန်းနှင့် မညီညွတ်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များက ဥပဒေနှင့်အညီ ကြပ်ကြပ်မတ်မတ် စိစစ်ပြီး မြို့ပြစီမံကိန်းနှင့်အညီ ဖြစ်စေရေး တည့်မတ်သွားကြရန် မှာကြားလိုပါကြောင်း။

မြို့ပြများကို နိုင်ငံတကာနည်းတူ ဖွံဖြိုးတိုးတက်စေချင်လျှင် လူနေထိုင်ရာ Residential Area၊ စီးပွားရေးလုပ်ကိုင်ရန် Commercial Area၊ စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်ရန် Industrial Area၊ စိုက်ခင်းများ ထူထောင်ရန် Zone စသဖြင့် စနစ်တကျ ခင်းကျင်းစီမံမှသာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပြီး တစ်ယောက်တစ်မျိုး ဆောက်ချင်သည့်နေရာတွင် ဆောက်နေ ကြလျှင် နောင်တစ်ချိန်တွင် ပြန်ဖျက်ပြန်ပြင်ရသည့် အခြေအနေမျိုး ဆိုက်ရောက်နိုင်သည်ကို ဂရုပြုကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် Land Law, Urban Act ဥပဒေများနှင့်အညီ စီမံကိန်းရေးဆွဲ ဆောင်ရွက်ရေး ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် အရေးကြီးသော မြေအသုံးချမှု မူဝါဒနှင့် မြေအသုံးချမှု စီမံခန့်ခွဲရေးတို့ကို ချမှတ်နိုင်အောင် ဆွေးနွေးဖော်ထုတ် အကြံပြုကြစေ လိုပါကြောင်း။

ထို့အပြင် မြေသယံဇာတအရင်းအမြစ် အကန့်အသတ်ရှိလာသည့်အတွက် အချို့ နေရာ များတွင် မြေကို အကျိုးရှိစွာ အသုံးချသည့်အနေဖြင့် Horizontal Extension အစား Vertical Extension ပြုလုပ်ရန် စဉ်းစားရမည် ဖြစ်ပါကြောင်း၊ အိုးပိုင်အိမ်ပိုင် မရှိသေးသည့် ဝင်ငွေနည်းပြည်သူများအတွက် တန်းဖိုးနည်း အိမ်ယာစီမံကိန်းများ ထည့်သွင်းစီမံ သွားရမည် ဖြစ်ပါကြောင်း၊ အစိုးရပိုင်မြေများ၊ အသုံးပြုရာမှာ စုပေါင်းရုံးများအဖြစ် ဖွဲ့စည်းတည်ဆောက် ပြောင်းလဲခြင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ရဲစခန်း၊ မီးသတ်နှင့် ဈေးနေရာများ တိုးချဲ့ရန် လိုအပ်လာသည့် အတွက် အထပ်မြင့် အဆောက်အအုံများကို စဉ်းစားရတော့မည် ဖြစ်ပါကြောင်း၊ သို့မဟုတ်ပါက မြေနေရာ ခက်ခဲမှုကြောင့် မြို့ပြင်ပသို့ ပြောင်းရွှေ့ဆောက်လုပ်ပါက ပြည်သူများအတွက် သွားလာရေး အခက်အခဲ ပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း၊ လမ်းဖောက်လုပ်ခြင်း၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး လိုင်းများ သွယ်တန်းခြင်း၊ ရေနုတ်မြောင်းနှင့် အညစ်အကြေး စွန့်ထုတ်မှု လုပ်ငန်းများ ကိုလည်း ဌာနအလိုက် ကိုယ့်ဌာနအလုပ် ကိုယ်ဆင်းလုပ်သည့် ပုံစံဖြင့် မလုပ်သင့်တော့ဘဲ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး Integrated Plan ရေးဆွဲပူးပေါင်း အကောင်အထည်ဖော်သွားကြရန် မှာကြားလိုပါကြောင်း။

ယနေ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေရေးဆွဲပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတ်မှတ်ရက်အတွင်း ပြီးစီးအောင် One-stop Service ဆောင်ရွက်ပေးရန် မူဝါဒချမှတ်ပြီး ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ နှောင့်နှေးရခြင်း၏ အကြောင်းအရင်း သည် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား မည်သည့် ရင်းနှီးမြှုပ်နှံမှု အမျိုးအစားကို မည့်သည့်မြို့နယ်၊ မည်သည့်နေရာတွင် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ မြို့ပြစီမံကိန်းတို့နှင့်အညီ ခွင့်ပြုနိုင်သည်ကို ကြိုတင် ညှိနှိုင်း လျာထားသတ်မှတ်မှုနှင့် Investment Plan ရေးဆွဲထားရှိရန် လိုအပ်မှုတို့ကြောင့် ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် Investment Plan ကို မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၊ မြို့ပြစီမံကိန်းတို့နှင့် အညီ ရေးဆွဲဆောင်ရွက်သွားကြ စေလိုပါကြောင်း။

ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် ရင်နှီးမြှုပ်နှံမှု ခွင့်ပြုမည့် နေရာသည် မြို့ပြစီမံကိန်းနှင့် ညီညွတ်မှုရှိ/ မရှိ မြို့နယ်ဒေသ အလုပ်အကိုင် အခွင့်အလမ်း နှင့် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်/ မဖြစ်၊ ပြည်သူတို့၏ လူမှုစီးပွားရေးကို ထိခိုက်နိုင်မှုရှိ/ မရှိ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုရှိ/ မရှိ စိစစ်ပြီး မြေအသုံးချမှု အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်သွားရန် ဖြည့်စွက်ပြောကြားလိုပါကြောင်း။

မြို့ပြကျေးရွာ စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရာတွင် ကျေးရွာများ၏ အခန်း ကဏ္ဍကို ဒေသအခြေအနေ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို မထိခိုက်စေဘဲ ခေတ်နှင့်အညီ လူမှုစီးပွားတိုးတက်ရေး၊ လူနေမှု အဆင့်အတန်း မြင့်မား လာရေးအတွက် ဦးစားပေး ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ လက်ရှိ ကျေးရွာ အိမ်ထောင်စုစာရင်း သာမက တစ်အိမ်ထောင်ချင်း၏ မြေယာပိုင်ဆိုင်မှု တိုင်းတာပေးပြီး ပိုင်ဆိုင်မှု အသိအမှတ်ပြု မှတ်ပုံတင်ပေးရမည် ဖြစ်ပါကြောင်။

မြို့ပြတွင်ဖြစ်စေ၊ ကျေးလက်တွင် ဖြစ်စေ မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ရေးဆွဲပါက ယာယီတာဝန်ကျသော ဌာနဆိုင်ရာများကသာ ရေးဆွဲခြင်းမျိုး မဖြစ်စေဘဲ မြို့မိမြို့ဖ၊ မြို့လူထုနှင့် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပူးပါင်းညှိနှိုင်း ရေးဆွဲမှုမျိုး ဖြစ်ရန် လိုအပ်ပါကြောင်း၊ ကျေးရွာတွင်လည်း အလားတူ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ညှိနှိုင်းရေးဆွဲကြရမည် ဖြစ်ပါကြောင်း။

မြို့ပြကျေးရွာ စီမံကိန်းများကို ပွင့်လင်းမြင်သာမှုရှိအောင် မြို့လူထုအား ချပြအသိပေးခြင်း၊ ဆိုင်းဘုတ်ကြီးများ စိုက်ထူကြေညာ ထားခြင်း ပြုလုပ်ရမည် ဖြစ်သည့်အပြင် လက်တွေ့ မြို့ကွက် ရွာကွက် ချဲ့ထွင်ပါကလည်း ပြည်သူလူထု ပူးပေါင်းညှိနှိုင်းပြီး အများဆန္ဒဖြင့် မြေယာပြဿနာများ မရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတို့ နေထိုင် လုပ်ကိုင်စားသောက် သွားလာမှု အဆင်ပြေစေရန် မြို့ပြ၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရာတွင်  ပြည်သူလူထု ပူးပေါင်း ပါဝင်မှုဖြင့် ဆောင်ရွက်ရေး၊ မြေအသုံးချမှုအား မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ စီမံခန့်ခွဲနိုင်မည့် အစီအမံများကို ချမှတ်နိုင်ရေးတို့အတွက် ဆွေးနွေးညှိနှိုင်း ဖော်ထုတ် သွားကြစေလိုကြောင်းနှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်း ကော်မတီ၊ ကြီးကြပ်ရေးကော်မတီ၊ ဆပ်ကော်မတီများကို ပညာရှင်များ၊ Stakeholder များ၊ Development Partner  များနှင့် အမြန်ဆုံးဖွဲ့စည်း အကောင်အထည်ဖော်ဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယနေ့ ကျင်းပသည့် မြို့ပြ၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် မြေအရင်းအမြစ် စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သည် ပြည်သူတို့၏ လူမှုစီးပွားရေး ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြေသယံဇာတ အရင်းအမြစ် အသုံးချရာတွင် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို အခြေခံအုတ်မြစ်အဖြစ် ချမှတ်နိုင်စေရန်နှင့် ပြည်သူတို့၏  နေမှုထိုင်မှု လိုအပ်ချက်၊ သောက်သုံးရေ လိုအပ်ချက်နှင့် အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်၊ သွားလာရေး လိုအပ်ချက်၊ လျှစ်စစ်၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေး စသည့် လူမှုစီးပွား လိုအပ်ချက် ကိစ္စအဝဝတို့ကို မြို့ပြ၊  ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ရေးဆွဲပြီး အကောင်အထည်ဖော်ဖြည့်ဆည်းရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။


.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်