Subscribe to our RSS Feed

မြန်မာတစ်နိုင်ငံလုံးတွင် တစ်နေ့လျှင် မူးယစ်အမှု သုံးဆယ်ကျော် အရေးယူနေရ

From : .. popular


မြန်မာတစ်နိုင်ငံလုံးတွင် နေ့စဉ် မူးယစ်အမှုပေါင်း သုံးဆယ်ကျော် အရေးယူနေရကြောင်း မူးယစ်ဗဟို ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ကျော်ဝင်းက ပြောသည်။ မြန်မာပြည်၏ ဘိန်းစိုက်ဧကတွင် ရှမ်းပြည်နယ်မှာ ကိုးဆယ့်နှစ် ရာခိုင်နှုန်းဖြင့် အများဆုံး ပါဝင်နေပြီး ရှမ်းနှင့် ကချင်ဒေသတွင် မူးယစ်ထုတ်လုပ် ရောင်းဝယ်ခြင်း တစ်လပုံမှန် ဆယ့်ငါးမှုအထိ ရှိနေခဲ့ရာ သုံးစွဲမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများ အပါအဝင် နယ်မြို့များတွင် လည်း စိတ်ကြွဆေးနှင့် ဆေးခြောက်များ မကြာခဏ ဖမ်းဆီးရရှိကြောင်း ၎င်းက ဆိုသည်။ “ကမ္ဘာ့မှုခင်းနှင့် မူးယစ်တိုက်ဖျက်ရေးရုံး (UNODC) ရဲ့ တိုင်းတာမှုအရ ဘိန်းစိုက်ဧရိယာ ဆယ့်သုံးရာခိုင်နှုန်းလောက် တိုးမြင့်လာတယ်။ မူးယစ်သုံးစွဲခြင်း ကျယ်ပြန့်လာတဲ့သဘော ရှိတယ်” ဟု ၎င်းက ဆိုသည်။ ထို့အပြင် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မှု၌ ဘိန်းခင်း စိုက်ပျိုးစရာမလိုဘဲ ပရီကာဆာဟုခေါ်သော ဓါတုဆေးဝါးများ ပေါင်းစပ်လိုက်ရုံဖြင့် ၎င်းဆေးပြားများကို အလွယ်တကူ ထုတ်လာနိုင်ခြင်းကြောင့် တားဆီးနှိမ်နင်းရန် ပို၍ခက်ခဲလာကြောင်း ၎င်းက ပြောသည်။ “သာမန်မီးဖိုချောင် တစ်ခုမှာတောင် ဆေးပြားရိုက်စက်နဲ့ ပိပိရိရိ အလွယ်တကူ လုပ်လို့ရတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အခုဌာနကို သမ္မတနဲ့ လွှတ်တော်ကပါ ဖိအားပေးလာပြီ” ဟု အထက်ပါ ရဲမှူးချုပ်က ပြောသည်။ မူးယစ်ဆေးဝါး ပြဿနာနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် မူးယစ်အထူးအဖွဲ့ ၃၀ မှ အရာရှိတစ်ဦးက “ဒီက နယ်စပ်လမ်းကြောင်းဆိုတော့ တစ်ရက်ခြား တစ်ခါလောက် မိနေတယ်။ ကျွန်တော်တို့ အဖွဲ့နဲ့မရရင် စစ်တပ်နဲ့ ပူးပေါင်းလုပ်ရတယ်” ဟု ဆိုသည်။ လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း ပြည်ပက စီမံကိန်းသုံးမျိုးဖြင့် စောင့်ကြည့်နေပြီး UNODC က ရှမ်းတောင်ပိုင်း၊ တရုတ်နိုင်ငံက ရှမ်းမြောက်ဧရိယာ ခြောက်ခုနှင့် ထိုင်းတော်ဝင်မိသားစု ဖောင်ဒေးရှင်းက ဘိန်းခင်းဖျက်ဆီးမှု အပိုင်းတွင် ဝင်ရောက်ကူညီ ဆောင်ရွက်ပေးခြင်းများ ပြုလုပ်လာကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧက အများဆုံးဖြစ်သော ရှမ်းပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဘိန်းစိုက်ဧက ငါးသောင်းတစ်ထောင်ကျော် တိုင်းတာရရှိပြီး ၂၀၁၃ ခုနှစ်တွင် ဧကငါးသောင်း ခုနစ်ထောင့်ရှစ်ရာအထိ ရှိကြောင်း UNODC တိုင်းတာမှုအရ သိရသည်။


.. www.MyanmarExpress.net
 

1 comments:

1-ALL INSURGENT LEADERS BETTER STOP
MAKING MONEY ON DRUGS.
2-CENTRAL GOVERNMENT,STATES GOVERNMENTS AND DIVISION GOVERNMENTS
NEED MORE EFFECTIVE LAW ENFORCEMENT
AND LEGAL ACTIONS.
AND EDUCATE THE PEOPLE BY ALL MEANS.
3-ALL RELIGIOUS LEADERS,ALL TEACHERS,ALL
SCHOOLS,ALL PARENTS,HEALTH OFFICIALS AND SOCIAL NETWORK SHOULD EDUCATE THE
STUDENTS AND THE PUBLIC.
4-MUST SAVE THE COUNTRY AND NATION.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်