Subscribe to our RSS Feed

ရန်ကုန်ဘူတာကြီးတွင် အင်တာနက် အခမဲ့သုံးခွင့် ယခုလကုန် ပေးမည်

From : ..popular

ရထားစောင့်ရင်း အခမဲ့ အင်တာနက် သုံးနိုင်မည့် အစီအစဉ်ကို ရန်ကုန်ဘူတာကြီးတွင် ယခုလကုန်မှစ၍ လုပ်ဆောင်မည်ဟု Red Link ကုမ္ပဏီမှ သိရသည်။ “ဆွေးနွေးမှုတွေ လုပ်ပြီးသွားပါပြီ။ ခွင့်ပြုချက်လည်း ရထားပါတယ်။ ဆာဗေးလည်း လုပ်နေပါတယ်။ ဒီလကုန် ဒါမှမဟုတ် နောက်လဆန်းထဲမှာ သုံးခွင့်ပေးမှာပါ။ အဓိကကတော့ ရထားစောင့်နေတဲ့ ခရီးသည်တွေ အချိန်တွေ ပိုနေတဲ့အချိန်မှာ အင်တာနက်သုံးပြီး စိတ်ပြေစေဖို့ ရည်ရွယ်ပါတယ်” ဟု Red Link ကုမ္ပဏီ ဈေးကွက်မန်နေဂျာ ကိုမျိုးမြင့်ညွှန့်က ပြောသည်။ အဆိုပါ သုံးစွဲခွင့် စတင်ပါက ၁၅ မိနစ် (သို့မဟုတ်) မိနစ် ၃၀ Password ပြန်ဝင်သုံးသည့် စနစ်ကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အင်တာနက်မြန်နှုန်း အနေဖြင့် လက်ရှိ ဝိုင်ဖိုင်ဇုန်များတွင် ပေးထားသည့် မြန်နှုန်းအတိုင်းသာ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။ “အင်တာနက် သုံးစွဲခွင့် ပေးတဲ့အပိုင်းမှာ Waiting ဧရိယာပဲ ပေးမှာပါ။ မီးရထားလမ်းဘေးက ပလက်ဖောင်းနေရာတွေကိုတော့ မပေးပါဘူး။ အင်တာနက်သုံးနေရင်း ရထားလာတဲ့အခါ မလိုအားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးတဲ့အတွက် မပေးတာပါ” ဟု ၎င်းက ဆက်ပြောသည်။ လက်ရှိတွင် ရန်ကုန်ဘူတာကြီး တစ်ခုကိုသာ ဝိုင်ဖိုင်စနစ်ဖြင့် အခမဲ့ အင်တာနက် အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး ဆက်လက်၍ မန္တလေးဘူတာကြီးကို ညှိနှိုင်းမှု အဆင်ပြေပါက ဆောင်ရွက်သွားရန် ရှိကြောင်း၊ အခြားဘူတာများကို လုပ်ဆောင်ရန် မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။ Wimax အင်တာနက်စနစ်ကို ဝန်ဆောင်မှုပေးသည့် Red Link ကုမ္ပဏီမှ အခမဲ့သုံးစွဲခွင့် ပေးထားသည့် ဝိုင်ဖိုင်ဇုန်များကို ၂၀၀၈ ခုနှစ်မှ စတင်ခဲ့ပြီး လက်ရှိတွင် ပုဂံဘုရားများ၊ ပုဂံလေဆိပ်၊ ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် (YUFL)၊ ကန်တော်ကြီး အပန်းဖြေဥယျာဉ်၊ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးနှင့် ဆေးတက္ကသိုလ်(၁)တို့ကို သုံးစွဲခွင့် ပေးထားပါသည်။ 


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်