Subscribe to our RSS Feed

မြန်မာ့သမိုင်းများကပြောသော ခေါင်းဆောင်၊ခေါင်းဆောင်မှုပညာနှင့်ခေါင်းဆောင်ရာလမ်းတို့အကြောင်း တစ်စေ့တစ်စောင်း

From : https://www.facebook.com/photo.php?fbid=274677926029538&set=a.111179099046089.21550.100004619984171&type=1&theater



တစ်ချို့လူများသည် မွေးရာပါခေါင်းဆောင်အရည်အသွေးပါလာတတ်ကြပြီး သမိုင်း၏တောင်းဆိုမှု/အခြေအနေတစ်ရပ်၏ စေ့ဆော်မှုကြောင့် တစ်ခေတ်မှာ တစ်ယောက်ဟု ဆိုရလောက်အောင် ထက်မြက်စွာ ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့သော ထိပ်တန်းခေါင်းဆောင်များဖြစ်လာကြသကဲ့သို့ တစ်ချို့မှာ သာမန်လူထက် ထူးကဲသော အရည်အချင်းဓာတ်ခံနှင့်အစွမ်းအစတို့ မရှိသော်လည်း ကံဇာတာနှင့် အခါအခွင့်သင့်မှုကြောင့် မရွယ်ဘဲစော်ကဲမင်းဖြစ်ခဲ့သူများလည်း ရှိနိုင်ပေသည်။ 

သို့ရာတွင် ခေါင်းဆောင်(သို့)ဦးဆောင်သူတစ်ယောက်ဖြစ်လာရန် အခြေခံအကြောင်း တရားနှင့် ဖြည့်စည်းပေးဆပ်မှုများကတော့ မလွဲမသွေရှိရပေလိမ့်မည်။ ပန်းရံဆရာတစ်ယောက်ဖြစ်ရန် မဆလာမွှေ၊အုတ်စီအဆင့်မှ စတင်ရပေမည်။ လက်သမားဆရာတစ်ဦးဖြစ်ရန် မြေတူး၊တိုင်စိုက်က စရပေမည်။ အဖျော်ဆရာ တစ်ဦးဖြစ်ရန် မီးမွှေး၊ရေနွေးအိုးတည်အဆင့်မှ အောက်ခြေသိမ်းစရပေမည်။ သို့မှသာ ဆိုင်ရာလုပ်ငန်း၌ အောက်သက်ကြေသော ခေါင်းဆောင်ဖြစ်လာပေမည်။


ထို့ထက်မြင့်မားသော ကဏ္ဍရပ်များနှင့် ထိုထက်ကြီးလေးသော လုပ်ငန်းတာဝန်များကို ဦးဆောင်ဦးရွက်ပြုရာတွင်ကား လုပ်ငန်းကျောနှင့် လူ့သဘောသဘာဝတို့ကို ထို့ထက်အဆများစွာပို၍ သိရှိနားလည်ထားရန် လိုအပ်ပေမည်။ထို့ပြင် ခေါင်းဆောင်အဖြစ်ရောက်ရှိလာသူသည် ခေါင်းဆောင်ဆိုသော ဘွဲ့နာမကို မည်ကာမတ္တ အခန့်သားခံယူထားရုံနှင့် မပြီး။ခေါင်းဆောင်မှုပြုရမည်။ ခေါင်းဆောင်မှုဟူသော ခေါင်းစဉ်အောက်တွင် တိကျခိုင်မြဲသော ရည်ရွယ်ချက်ပါရှိပြီး လုပ်ငန်းစီမံခန့်ခွဲခြင်းနှင့် လူအချင်းချင်း စီမံခန့်ခွဲခြင်းတို့ပါဝင်သည်။ ကွပ်ကဲမှု၊ကြီးကြပ်မှုနှင့်လက်အောက်၏ လိုအပ်ချက်များကိုဖြည့်စည်းပေးမှု၊ လက်အောက်၏ အရည်အသွေးများကို နည်းလမ်းတကျထုတ်ယူသုံးစွဲတတ်မှုတို့လည်း ပါဝင်ပေသည်။ ဆိုရလျှင် နယ်ပယ်အသီးသီး၌ ခေါင်းဆောင်ကောင်းဟူသည် မလွဲမသွေရှိနေရန်လိုအပ်ပြီး ၄င်းတို့၏ မှန်ကန်သောထိန်းကျောင်းမောင်းနှင်မှုကို အခြေပြုမှသာ ရည်မှန်းချက်မှန်သမျှ အထမြောက်အောင်မြင်လာပေမည်။ 

မြန်မာ့သမိုင်းတွင်လည်း ပဒေသရာဇ်ကာလမှသည် ယနေ့အထိ သက်ဆိုင်ရာနယ်ပယ် ကဏ္ဍအသီးသီး၌ အောင်မြင်မှုမှတ်တိုင် စိုက်ထုနိုင်ခဲ့ကြသည့် ခေါင်းဆောင်များစွာ ပေါ်ပေါက်လာခဲ့သလို သာမန်ညောင်ည အရည်အချင်းမပြည့်ဝသော ခေါင်းဆောင်များလည်း ပေါ်ထွက်ခဲ့သည်။၎င်းခေါင်းဆောင်များထဲတွင် မိဘအမွေကို ဆက်ခံ၍ အလိုအလျောက် ခေါင်းဆောင်ဖြစ်လာသူများ၊မိဘမျိုးရိုးကို လိုက်၍ ဘမျိုးဘိုးတူ ထူးချွန်သူများ၊မိဘ၏ မျိုးရိုးအစဉ်အလာကောင်းများမှ သွေဖီညံ့ဖျင်းခဲ့သူများ၊ ကိုယ့်ဒူးကိုယ်ချွန်၍ တစ်ထစ်ချင်းကြိုးစားလှမ်းတက်လာသူ ငတစ်ပါးမင်းများ စသည်ဖြင့် အမျိုးအစားစုံလင်လှကြောင်း တွေ့ရပေသည်။ထိုအထဲက နိုင်ငံရေးနှင့်အုပ်ချုပ်ရေးနယ်ပယ်များတွင် ထူးချွန်ထင်ရှား၊ ထင်ပေါ်ကျော်ကြားသူများ၏ ခေါင်းဆောင်မှုအကြောင်းကို ဆွေးနွေးတင်ပြလိုပါသည်။ ထိုခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်နှင့် စီမံခန့်ခွဲမှု အမှား/အမှန်များကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲရလဒ်များကိုလည်း ထောက်ဆဝေဖန်လိုပါသည်။

သမိုင်းဟူသည် မအအောင်သင်ခြင်းဟူသော ဒေါက်တာသန်းထွန်း၏ အဆိုအမိန့်အရ အတိတ်က အတုယူစရာများနှင့် သင်ခန်းစာ ဖော်ထုတ်စရာများကို ရွေးနှုတ်၍ ကျွန်ုပ်တို့ ပစ္စုပ္ပန်နှင့်အနာဂတ်အတွက် မှန်ကန်သော ခေါင်းဆောင်ကောင်းကို မိမိတို့သဘောဆန္ဒအလျှောက် ရွေးချယ်ခွင့်ရသော ဤခေတ်အခြေအနေတစ်ရပ်တွင် လမ်းကြောင်းလွဲချော်မှုမဖြစ်စေရန် ဥာဏ်မီသမျှ သမိုင်း၏တစ်စိတ်တစ်ဒေသကို ဆန်းစစ်ဝေဖန်ပြခြင်းဖြစ်ပါသည်။

ပုဂံခေတ်၌ အနုရုဒ္ဓ ဘွဲ့မည်ရသော အနော်ရထာမင်းစောသည် ကျယ်ဝန်းပြန့်ပြောလှသော ပထမမြန်မာအင်ပါယာကြီးကို ထူထောင်နိုင်ခဲ့သည်။၎င်း၏သား စောလူမင်းကား အရည်အချင်းညံ့ဖျင်းသူဖြစ်၍ ဖခင်ထူထောင်ခဲ့သော နိုင်ငံတော်ကြီးကို ဆထက်ပို၍ သာယာဝပြောအောင် စွမ်းဆောင်မှု မပြုနိုင်ရုံမျှမက ပုန်ကန်ထကြွမှုများ ပေါ်ပေါက်ကာ ဧကရာဇ်မင်းဘ၀မှ သုံ့ပန်းဖြစ်ခဲ့ရသည်အထိ လျော့ရဲသောခေါင်းဆောင်မှုနှင့် ဦးဆောင်နိုင်သည့် အရည်အချင်းချွတ်ယွင်းခဲ့သူဖြစ်သည်။ကျန်စစ်သားမင်း၏ ထက်မြက်သော ခေါင်းဆောင်ခြင်းကြောင့်သာ မင်းတစ်ဆက်တည်းနှင့် ပုဂံအင်ပါယာကြီး ပျက်သုဉ်းရမည့်အခြေအနေမှ ဤမျှ အဓွန့်ရှည်ကြာခဲ့ခြင်းဖြစ်သည်။ ပုဂံခေတ် နရသီဟပတေ့မင်းသည် အမျက်စောင်မာန်ကြီး၍ ရက်စက်ကြမ်းကြုတ်သူဖြစ်သည်။တရုတ်သံကို ဆင်ခြင်တုံတရားမဲ့စွာ သတ်ဖြတ်ခြင်းကြောင့် မြန်မာပြည်တွင်းသို့ တရုတ်တပ်များအလုံးအရင်နှင့် ပြိုဆင်းလာသည်။ပုဂံနေပြည်တော် ပျက်သုန်းလုဆဲဆဲ အခြေအနေသို့အရောက် ရဟန်းတော်ရှင်ဒိသာပါမောက်၏ နှုတ်ရေးပရိယာယ်ကြွယ်ဝမှုကြောင့်သာ ထိုအခါကသမိုင်းအမည်းစက် မစွန်းထင်းခဲ့ရခြင်းဖြစ်သည်။ 

အင်းဝခေတ်တွင်လည်း ခေါင်းဆောင် မင်းနှစ်ပါး၏ နယ်ပယ်ချဲ့ထွင်လိုခြင်း၊ဘုန်းလက်ရုံးပြသလိုခြင်းတို့ကြောင့် မွန်မြန်မာ အနှစ်လေးဆယ်စစ်ပွဲဖြစ်ပွားကာ ရဟန်းရှင်လူအများ အတိဒုက္ခခံစားခဲ့ရသည်။ သူမနိုင် ကိုယ်မနိုင်သော အချည်းနှီးယှဉ်ပြိုင်ပွဲတွင် အင်အားလျော့နည်းလာပြီး ကဗျာ၊စာပေ၊ယဉ်ကျေးမှု အလွန်ထွန်းကားလှသော အင်းဝခေတ်ကြီး တစ်စတစ်စပျက်စီးကာ အမျိုး၊ဘာသာ၊သာသနာကို ဖျက်ဆီးခဲ့သည့် သိုဟန်ဘွားလက်အောက်ကျရောက်ခဲ့ရသည်။ 

တောင်ငူခေတ်တွင်လည်း တပင်ရွှေထီးမင်းသည် ဘုန်းလက်ရုံး ရဲစွမ်းသတ္တိနှင့်ပြည့်စုံသူဖြစ်သည်။ ကြံရည်ဖန်ရည် ကောင်းသူဖြစ်သည်။သို့ရာတွင် ဓားကိုဖျက် ၀ါးမျက်၊ရှင်ကိုဖျက် ဓဇက်၊လူကိုဖျက် အရက်ဖြစ်ခဲ့ရသည်။ကျော်ထင်အနော်ရထာဘွဲ့ခံ ဘုရင့်နောင်သည် ယောက်ဖတော်၏ အမှားအယွင်းကို ချေဖျက်ကာ တရားမင်းအဖြစ်ရပ်တည်၍ ဒုတိယမြန်မာအင်ပါယာကြီးကို တည်ထောင်ပေါင်းစည်းနိုင်ခဲ့သည်။ ဘုရင့်နောင်လက်ထက် မြန်မာ့တပ်မတော်ကို တိုင်းတစ်ပါးကပင် လေးစားဦးညွတ်ခဲ့ရသည်။ တိုင်းပြည်သာယာဝပြောခဲ့သည်။သို့ရာတွင် ဘုရင့်နောင်၏သားတော် နရဘုရင်လက်ထက်တွင် စည်းရုံးမှုယိုယွင်းခဲ့သည်။ဖခင်အမွေကို ဆက်ခံထိန်းသိမ်းနိုင်စွမ်းမရှိ။အင်ပါယာအဖြစ်မှ နိုင်ငံငယ်ဘ၀သို့ တမဟုတ်ချင်း သက်ဆင်းခဲ့ရသည်။တောင်ငူသမိုင်းကို ဆိုရလျှင် နတ်ရှင်နောင်နှင့် ဖိလစ်ဒီဗရစ်တို( ခေါ်)ငဇင်ကာကိုလည်း ချန်ရစ်ထား၍မရ။ကဗျာရေးစပ်မှု၌ ယနေ့တိုင် တံခွန်စိုကထူနိုင်ခဲ့သော နတ်ရှင်တောင်သည် မျိုးခြားငဇင်ကာနှင့်ပေါင်း၍ ဂျွန်ဒန်းအမည်ခံကာ ဘာသာအယူကူးပြောင်းခဲ့သည်။ သာသနိက အဆောက်အဦးများကို လုယက်ဖျက်ဆီးသည့်သံလျင်စားကို မြန်မာများက လက်စားချေတုန့်ပြန်ရာတွင် ၄င်းတို့အပေါင်းအပါ၂ဦးကျရှုံးခဲ့ရသည်။တံကျင်လျှိုကာ အသတ်ခံရသည်အထိ ရာဇ၀င်အမည်းစက်ရှိခဲ့သည်။တိုင်းပြည်နှင့်လူမျိုးမျက်နှာမထောက်ဘဲ သစ္စာဖောက်သူတို့၏ သွားရာလမ်းကား သံဝေပွားစရာ။ 

ကုန်းပေါင်းမင်းဆက်ကို စတင်တည်ထောင်သူ ဦးအောင်ဇေယျ (ခေါ်)အလောင်းဘုရားသည် မင်းဆွေမင်းမျိုးမဟုတ်။သာမန်အရပ်သားဘ၀မှ တတိယမြန်မာနိုင်ငံတော်ကြီးကို နယ်ပယ်ဧရိယာကျယ်ပြန့်စွာ ပေါင်းစည်းနိုင်ခဲ့သူ ငတစ်ပါးမင်းဖြစ်သည်။အလောင်းဘုရား၏ သားတော်၂ပါးတွင် ဖခင်ဗီဇကို အမွေရ၍ ဘမျိုးဘိုးတူခဲ့သူကား ဆင်ဖြူရှင်မင်းတရားသာရှိသည်။ဘုရင့်နောင်နောက်ပိုင်း အယုဒ္ဓယကို အောင်နိုင်ခဲ့သည့် တစ်ပါးတည်းသောမင်းဖြစ်သည်။၎င်းနောက်ပိုင်း မင်းဆက်တို့သည် ဥမ္မတကမင်းဆက်ဟု ဆိုစမှတ်ပြုရလောက်အောင် အရည်အချင်းနှင့် ဦးဆောင်စီမံခန့်ခွဲမှုများ တဖြည်းဖြည်းညံ့ဖျင်းလာကာ မြန်မာအင်ပါယာကြီး ပျက်ဆီးရသည်အထိ ကျဆင်းခဲ့ရသည်။အထက်ပါအချက်များကိုထောက်ဆ၍ ခေါင်းဆောင်မှုဟူသည် မျိုးရိုးဗီဇနှင့်မဆိုင်။ပင်ကိုအရည်အသွေးနှင့်သာဆိုင်ကြောင်း တွေ့နိုင်သည်။ 

လွတ်လပ်ရေးကြိုးပမ်းမှုခေတ်ကာလတွင်လည်း ထူးချွန်ထင်ရှားသည့် ခေါင်းဆောင်များ အများအပြားပေါ်ပေါက်ခဲ့သည်။မျိုးချစ်စိတ်ထက်သန်ပြင်းပြ၍ လူထုကိုဦးဆောင်သိမ်းသွင်းနိုင်ခဲ့သည့် သခင်/သခင်မများလည်း ပေါ်ပေါက်ခဲ့သည်။ထိုအထဲက ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့သူဖြစ်ကာ ကိုယ်ကျိုးစွန့်နိုင်ငံရေးသမား စစ်စစ်ဖြစ်၍ လွတ်လပ်ရေးသမိုင်းစဉ်၌ မနှိုင်းယှဉ်နိုင်လောက်အောင် ကြီးမြတ်သူဖြစ်သည်။၎င်း၏ဦးဆောင်မှုနောက်တွင် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးပါဝင်မှုရသည်အထိ နိုင်ငံရေးသြဇာရှိသူဖြစ်သည်။ နိုင်ငံရေးခြေပုန်းခုတ်သူ ဂဠုန်ဦးစောနှင့် အပေါင်းအပါများ၏ လုပ်ကြံမှုကိုခံခဲ့ရ၍ လူသေသော်လည်း နာမည်မသေသည့် ယနေ့တိုင်မမေ့နိုင်သော သမိုင်းဝင်အာဇာနည်ပုဂ္ဂိုလ်ကြီးဖြစ်သည်။ 

လွတ်လပ်ရေးရပြီးစ ပူပူနွေးနွေးကာလတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစမစ်ဒွန်းနှင့် စောဘဦးကြီးတို့၏ စင်ပြိုင်နိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်းရေး ခေါင်းစဉ်အောက် ရောင်စုံသူပုန်များပေါက်ဖွားခဲ့သည်။ အစပိုင်းတွင် မြန်မာပြည်တစ်နံတစ်လျား သိမ်းယူထားနိုင်ပြီး ရန်ကုန်အစိုးရဟု သမုတ်ခံရသည်အထိ ရောက်ရှိခဲ့သည်။ထိုအချိန်တွင် ၀န်ကြီးချုပ်ဦးနုအစိုးရက ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကြီးနေ၀င်းအား ဒုဝန်ကြီးချုပ်၊ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီးတာဝန်များပေးအပ်ကာ တိုင်းပြည်ပြိုကွဲရန် တစ်ထွာတစ်မိုက်သာလိုသည့်အချိန်၌ အကူအညီတောင်းခံခဲ့သည်။ဗိုလ်ချုပ်ကြီးနေ၀င်းက ကာကွယ်ရေးတာဝန်များကို တပ်မတော်က ယူပေးမည်။ဖဆပလအဖွဲ့ကြီးက နိုင်ငံရေးဦးဆောင်မှု ပေးပါဟူသော သမိုင်းဝင်စကားနှင့် ထိုတာဝန်ကို လက်ခံခဲ့ပြီး ၄င်းဦးဆောင်သည့် တပ်မတော်သည် အသက်သွေးချွေးများစွာပေးကာ စတေးတွန်းလှန်ခဲ့ရသည်။ထို့ပြင် ၁၉၅၁ခုနှစ်၌ တရုတ်ဖြူကူမင်တန်တို့၏ ကျူးကျော်အခြေစိုက်မှုကို ၄င်းဦးဆောင်သော တပ်မတော်က ခါကျဉ်ကောင်မာန်တင်းကာ တောင်ကြီးဖြိုခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်ယောက်ဖတော်စပ်သူ သခင်သန်းထွန်းသည် ဗားကရာချောက်ထဲကို ဆိုရှယ်လစ်တွေရဲ့ အရိုးနဲ့ဖို့ပစ်မယ်ဟုကျုံးဝါးကာ ကွန်မြူနစ်ပါတီကို ထူထောင်၍ ပဲခူးရိုးမ၌ တောခိုခဲ့သူဖြစ်သည်။နိုင်ငံရေးကို ဆွေးနွေးညှိနှိုင်းမှုနှင့် အဖြေရှာခြင်းမပြုဘဲ လက်နက်ကိုင်၍ ဖြေရှင်းခြင်းပြုခဲ့သူဖြစ်သည်။ ၄င်း၏ခေါင်းဆောင်မှုအောက် ဗကပ၏ မြေပေါ်၊မြေအောက်ကေဒါနှင့် လက်နက်ကိုင်များ အများအပြားရှိလာခဲ့သည်။ဗကပတို့သည် မော်စီတုံး၏ အာဏာဆိုတာ သေနတ်ပြောင်းဝက လာတယ်ဟူသော အယူအဆကို လက်ကိုင်ပြုကာ ပြည်သူလူထုကို ရက်စက်ကြမ်းကြုတ်သောနည်းအမျိုးမျိုးဖြင့် ချုပ်ကိုင်ခဲ့သူများ ဖြစ်သည်။ဗကပတို့၏ လက်ချက်နှင့် အတိဒုက္ခရောက်ကြရသည့် အပြစ်မဲ့ပြည်သူများ ဒုနှင့်ဒေးရှိခဲ့ပြီး ပြည်တွင်းစစ်မီးအဟုန်ကြီးခဲ့သည်။ထိုအချိန်က ပြည်သူလူထု၏ထောက်ခံမှုကို အပြည့်အ၀ရရှိသည့် တပ်မတော်၏ထိုးစစ်နှင့် ဖြတ်လေးဖြတ်ဗျူဟာကြောင့် ၄င်းကိုယ်တိုင် ပဲခူးရိုးမ၌ တစ်ဇာတ်သိမ်းခဲ့ရသည်။ 

၁၉၆၂ခုနှစ်၌ ရှမ်းပဒေသရာဇ်စော်ဘွားများ၏ ဖက်ဒရယ်မူအကြောင်းပြကာ တိုင်းပြည်မှ ခွဲထွက်ရန်စီမံမှုနှင့် ဆီးတိုးအုပ်စုဝင်ကာ သူခိုးဓားရိုးကမ်းမည့်အကြံကြောင့် နောက်ဆက်တွဲဂယက်များရိုက်ခတ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော တော်လှန်ရေးကောင်ရေးကောင်စီက နိုင်ငံတော်အာဏာသိမ်းယူခဲ့ပြီး ၁၉၆၃တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စတင်အသက်သွင်းခဲ့သည်။ ထိုအချိန်တွင် အထိန်းသိမ်းခံရရာမှ ပြန်လည်လွတ်မြောက်လာသော ၀န်ကြီးချုပ်ဟောင်းဦးနုနှင့်အဖွဲ့သည် ယိုးဒယားနယ်စပ်ကို အခြေပြု၍ ပြည်ချစ်ပါတီ(ppp)ကို ထူထောင်ကာ လက်နက်ကိုင်တိုက်ပွဲဆင်နွှဲခဲ့သည်။နိုင်ငံခြားတိုင်းပြည်ကြီးများမှ အထောက်အပံ့ လက်နက်ကောင်းများစွာရရှိခဲ့သော်လည်း စစ်ရေးအောင်မြင်မှုမရှိဘဲ နောက်ဆုံးတွင် လုံးပါးပါးခဲ့ရသည်။

၁၉၈၈ခုနှစ်၌ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားများနှင့်အရပ်သားများ ကြို့ကုန်း လက်ဖက်ရည်ဆိုင်ထဲတွင် ပဋိပက္ခ စတင် ဖြစ်ပွားမှုမှ အစပြုကာ အရေးအခင်းကြီးတစ်ရပ် ပေါ်ပေါက်ခဲ့သည်။ကနဦးအစက ကျောင်းသားများ၏ လိုလားချက်များကိုသာ တောင်းဆိုမှုပြုနေရာက ဗကပတို့၏ သပိတ်စုံ သူပုန်ထလမ်းစဉ်နှင့် ယမ်းအိုးကို စနက်ထိုးအသက်သွင်းမှုကြောင့် ထိန်းမနိုင်သိမ်းမရသောအကြမ်းဖက်ဖြစ်ရပ်များ တရစပ်ပေါ်ပေါက်ခဲ့ပြီး ပြည်သူအများ ကျီးလန့်စာစားဖြစ်ခဲ့ရသည်။ထိုအချိန်နှင့်တိုက်၍ နယ်စပ်အခြေပြု သောင်းကျန်းသူများကလည်း တောမီးလောင် တောကြောင်လက်ခမောင်းခတ်ကာ စစ်ရေးစစ်ရာဖြင့် ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်လာသည်။ တိုင်းပြည် ချောက်ထဲထိုးကျရန် လက်တစ်လုံးသာခြားတော့သည့် အခြေနေဖြစ်လာ၍ တပ်မတော်က နိုင်ငံတော်အာဏာကို မလွှဲမရှောင်သာ ၀င်ရောက်ထိန်းသိမ်းခဲ့ရသည်။ 

ထိုအချိန်တွင် မိုးသီးဇွန်၊နိုင်အောင်အစရှိသောသူများ ဦးဆောင်ကာ ကျောင်းသားတော်တော်များများကို ၄င်းတို့နှင့်တစ်ပါတည်း တောထဲသို့ အပါဆွဲခေါ်သွားခဲ့သည်။မခိုင်မာသော ရည်ရွယ်ချက်၊မထက်မြက်သော ဦးဆောင်မှု၊ မပီပြင်သောစစ်ရေး၊မမှန်ကန်သော အတွေးအခေါ်၊မမျှတသော ဝေပုံခွဲမှုများကြောင့် လမ်းခုလတ်တွင် ဘေးချော်ဒုက္ခရောက်ခဲ့ရသူ မြေဇာပင်များမှာ တောခိုကျောင်းသားတစ်စုသာဖြစ်သည်ကို မြောက်ပိုင်း(ပါဂျောင်)ရက်စက်မှုများက သက်သေပြနေပေသည်။ 

၁၉၈၈ခုနှစ် အရေးအခင်းကာလမတိုင်မီတွင် ဗိုလ်ချုပ်အောင်းဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် မမာမကျန်းဖြစ်၍ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သို့ပြန်လာသည်။ထိုအချိန်တွင် လေယာဉ်ကွင်း၌ ၄င်းကိုသွားရောက်ကြိုဆိုခဲ့ကြသူများကား စာရေးဆရာသော်က၊ဟံသာဝတီဦးဝင်းတင်နှင့် ရုပ်ရှင်သရုပ်ဆောင်မြတ်လေးတို့ဖြစ်ပြီး ၄င်းတို့မှာ ဗကပယူဂျီများဖြစ်ကြသည်။မူလက ဗကပဗဟိုမှ သခင်ဗသိန်းတင်၊ဗိုလ်ကျော်ဇောတို့၏ ညွှန်ကြားချက်အရ ဒေါ်ခင်ကြည်ကို ရုပ်ပြခေါင်းဆောင်တင်မြှောက်ကာ ၄င်းတို့ကနောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားရန်ရည်ရွယ်ခဲ့သော်လည်း ဒေါ်ခင်ကြည်အသဲအသန်ဖြစ်နေ၍ ၄င်းအစား ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချရန် ထပ်မံကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ မိခင်ကိုပြုစုရန်ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာသောသူမကို ဦးတည်လမ်းကြောင်းပြောင်းအောင် ဆွဲဆောင်သိမ်းသွင်း၍ နိုင်ငံရေးခတ်ကွင်းအတွင်း မောင်သွင်းခဲ့သူများမှာ ၄င်းဗကပများသာဖြစ်သည်။ 

ဗကပတို့သည် နဂိုကကြိုတင်ကြံရွယ်ထားသည့်အတိုင်း မြန်မာလူထု၏ သူရဲကောင်းမျှော်ဝါဒနှင့် ရုပ်ပြကောင်းသည့် ဒေါ်အောင်ဆန်းစုကြည်၏ ထင်ပေါ်ကျော်ကြားမှုတို့ကို အသုံးချကာ ပြည်သူကိုလှုံ့ဆော် ၀န်းရံ၍ အာဏာဖီဆန်ရေး၊ထိပ်တိုက်တွေ့ဆုံရေး၊အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းပေါ်သို့ ဇွတ်အတင်းဆွဲတင်ခဲ့သည်။ ဒေါ်အောင်းစုကြည်အနေဖြင့် ဗကပတို့၏ ပရိယာယ်ကို နားလည်နိုင်စွမ်းမရှိသော အချိန်ကာလဖြစ်၍ ၄င်းတို့အသုံးချသမျှ ခံခဲ့ရသည်။ထိုလမ်းစဉ်များကြောင့် ၄င်းနှင့်လက်ရှိအာဏာ ထိန်းသိမ်း ထားသည့် တပ်မတော်အစိုးရကြား ပွတ်တိုက်မှုများဖြစ်ကာ သပွတ်အူအရှုပ်နှင့် အမယ်ဘုတ်ရဲ့ သူ့ချည်ခင်များ ဖြစ်ခဲ့ရသည်။ 

ယနေ့အချိန်တွင် မတူညီသည်များကို ချန်ထား၍ တူညီသည်များနှင့် ရှေ့ဆက်သွားမည်ဟူသော သမ္မကြီး၏ သဘောထားထုတ်ပြန်ချက်အတိုင်း ယခင်က ပဋိပက္ခ၊အာဃာတများနှင့်ကွဲလွဲမှုများကို ချန်ထားကာ အတူရှေ့ဆက်သွားနေချိန်ဖြစ်သည်။မြန်မာပြည်၏ အကြီးမားဆုံးသောအတိုက်အခံပါတီ ဥက္ကဌ၊ကမ္ဘာက အသိအမှတ်ပြုရသော နိုဘယ်လ်ဆုရှင်တစ်ဦး၏ ခြေလှမ်းတိုင်းသည် သမိုင်းဖြစ်၍ ဆင်သွားလျှင် လမ်းဖြစ်ကြောင်း ယုံကြည်ပါသည်။သူမ၏နောက်ပါးမှ ဖ၀ါးထပ်မျှလိုက်ပါကြမည့် လူထုပရိသတ်ရှိကြောင်း လည်း တွေးမြင်ပါသည်။ 

ယခင်ပုံစံလမ်းရိုးဟောင်းအတိုင်း မပြောင်းမလဲ တစ်ကြောင်းထဲ ချီတက်မည်လား။ဘီလူးစားခံရမည့်ဘေးမှ ကင်းဝေးအောင် လှည်းကုန်သည်ခေါင်းဆောင်သို့ လိမ္မာပါးနပ်စွာဦးဆောင်မည်လားဆိုသည့် အတွေးများက မကြာမီသိခွင့်ရတော့မည်ဖြစ်ပါသည်။ 

အားလုံးအေးချမ်းစေချင်ပါသည်။ပြည်သူသည်သာ အခရာဆိုပါက ပြည်သူ့ဆန္ဒကို အလေးထားသင့်လှပါသည်။ ပြည်သူသည် ဆူပူအကြမ်းဖက်မှုကိုမလိုလား။တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်ရှာဖွေခွင့်ကိုသာလိုလားသည်။ မည်သူ သမ္မတဖြစ်ရမည်ဆိုသည်ကို မတောင်းဆို။အမျိုး၊ဘာသာ၊သာသနာကို မားမားမတ်မတ်ကာကွယ် စောင့်ရှောက်မည့် အမြော်မြင်ရှိ ခေါင်းဆောင်ကိုသာ တောင်းဆိုသည်။နိုင်ငံ့ရုပ်ပြကို မနှစ်သက်။နိုင်ငံ့ပြယုဂ်ကို သာ ချစ်မက်သည်။ထို့အတွက်……..။ 

2 comments:

Nothing on this page to read! Only the photo is visible.

ဒေါ်စုသည် အခြေအနေအရ ခေါ်င်းဆောင်ဖြစ် လာသူသာ။ လုပ်ရပ်ကြည့်က သိနိုင်ပါသည်။ သူမသည် ရည်ရွယ်ချက်ရှိပါက ထိုသို့လည်း အမျိုးပျက်ခြင်း စသည် မဖြစ်အောင်နေမည်။ ယခုလိုလည်း ဦးဆောင်သင့်သည့် နေရာ၌ ရှောင်မည်မဟုတ်။ နားမလည်သူတို့သည်သာ ဖခင်ကြောင့် အထင်ကြီးနေကြသည်။ ကိုယ်ကျင့်သီလရှိသော ခေါ်င်းဆောင်ကိုသာ မျော်လင့်မိတော့သည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်